သဏ္ဌန်မဲ့သတ်ဖြတ်ခြင်း
Vol. 50 Ch. 707
အခန်း (၇၀၇) သဏ္ဌန်မဲ့သတ်ဖြတ်ခြင်း
အလင်းတန်းများပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲက သူ့အရှေ့မှမြင်ကွင်းကို သတိထားအကဲခတ်လိုက်သည်။
ယခု သူတို့ရောက်နေသောနေရာက အတော်လေး ထူးဆန်းသည်။ အဝေးတစ်နေရာ အကန့်အသတ်မရှိသော အနက်ရောင်နှင့်အဖြူရောင် ထင်ရှားစွာပိုင်းခြားထားသည့် မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်ရှိနေသည့်အလား ထင်မှတ်ရသည်။
သူတို့ခြေထောက်အောက်မှ မြေပြင်က အလင်းရောင်များဖြင့် သိပ်သည်းတောက်ပနေပြီး အထဲတွင်ဘာရှိနေသည်ကို ရှင်းလင်းစွာသိရှိရန် မဖြစ်နိုင်ပေ။ သူတို့ဦးခေါင်းထက်မှ ကောင်းကင်ယံကတော့ အမှောင်ထုအတိ ဖြစ်၏။
မြေပြင်ထက်မှအလင်းရောင်က အထက်သို့တိုင်လင်းလက်နေသော်လည်း ကောင်းကင်အောက်ဘက်ကတော့ အမှောင်ထု လွှမ်းခြုံနေဆဲပင်။
ဝိညာဉ်သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် အစီအရင်အလင်းတန်းများ မိုးမြေတစ်ခွင် ကွင်းဆက်ကြိုးများပမာ အထက်နှင့်အောက် ထူးဆန်းစွာချိတ်ဆက်ထားသဖြင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
မှေးမှိန်အုံ့ဆိုင်းနေသော ရောင်ဝါအချို့က ရစ်ခွေနေပြီး များပြားလှသော အလင်းကွင်းဆက်ကြိုးများအောက်တွင် အလွှာလိုက် စုပေါင်းနေကြသည်။
ထိုအရာများက ယိုးမင်ဂူဗိမာန်အတွင်းသို့ အပြင်လူများ ဝင်ရောက်ခြင်းမှ တားဆီးပေးသော ကန့်သတ်အလွှာများဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။ ထိုအလွှာများနောက်ကွယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထီးတည်းတည်ရှိနေသော ဧကရာမဂူဗိမာန်ကြီးတစ်ခု ရှိနေသည်။
ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့ အုပ်စုကတော့ သူတို့ပိုင်ဆိုင်ထားသည့် ရတနာပစ္စည်းများကြောင့် ပြင်ပအလွှာ ကန့်သတ်မှုများကို ကျော်ဖြတ်ပြီး အတွင်းသို့ ဝင်ရောက်နိုင်ကြသည်။
အပြင်ဘက်မှကြည့်လျှင် ယိုးမင်ဧကရာဇ် ယင်ထျန်းရှ၏ ဂူဗိမာန်သည် ဧရာမပလ္လင်ကြီးတစ်ခုနှင့် ဆင်တူသည်။
ပလ္လင်မျက်နှာပြင်ထက်တွင် အလင်းရောင်ထွက်ပေါ်နေသော်လည်း တောက်ပခြင်းမရှိဘဲ မှိန်ဖျော့အုံ့မှိုင်းသောခံစားချက်ကိုသာ ပေးစွမ်းသည်။
မှောင်မိုက်သောကောင်းကင်နှင့် တောက်ပသောမြေပြင်တို့က ခမ်းနားထည်ဝါသော ဗိသုကာလက်ရာတစ်ခုကို တည်ဆောက်ရန်အတွက် ၎င်းတို့၏စွမ်းအားများ ပေါင်းစပ်ထားဟန်တူသည်။
ကြီးမားသောပလ္လင်နှင့်နီးကပ်လာသည့်အခါ ပလ္လင်မျက်နှာပြင်တွင် ရေးထွင်းထားသော ကမ္ပည်းစာများကို တွေ့မြင်ရသည်။
ကျိုးဟောက်ရှန်းတို့အုပ်စုက ချက်ချင်းပင် ဒူးထောက်ပြီး စိတ်ရင်းအမှန်ဖြင့် လေးစားကြည်ညိုစွာ အဆက်မပြတ် ဦးချကန်တော့ကြသည်။
သိုင်းသူတော်စင်အဆင့် တန်ခိုးစွမ်းအားရှင်များမှာ အသံများတုန်ယင်နေကြပြီး သူတို့၏စိတ်ခံစားချက်များက ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။
ဤသည်ကို ရန်ကျောက်ကဲ စာနာနားလည်နိုင်ခဲ့ပေ၏။
ဤနေရာတွင် အနားယူအိပ်စက်နေသူမှာ ယိုးမင်ဂိုဏ်းသမိုင်းတစ်လျှောက် အရေးကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။ ‘အရေးကြီးဆုံး ပုဂ္ဂိုလ်များထဲမှတစ်ယောက်’ ဆိုသည့်စကားထက်ပင် ပိုမို၍ မြင့်မြတ်ကြီးမားပေသည်။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ တည်ထောင်သူဆရာသခင်ပြီးလျှင် ယိုးမင်ဧကရာဇ် ယင်ထျန်းရှနှင့် ဂုဏ်ရည်အဆင့်အတန်းတူသူ တစ်ယောက်မှ မရှိခဲ့ပေ။
ယင်ထျန်းရှ၏ ကိုယ်ပိုင်အစွမ်းသတ္တိ ၊ တန်ခိုးစွမ်းအားများသာမက ၊ သက်ရှိထင်ရှားရှိစဉ်က ယိုးမင်ဂမ္ဘီရဂိုဏ်းတစ်ခုလုံးကို ဘုန်းအသရေ ဖြာလင်းစေခဲ့သူ ဖြစ်လေရာ သမိုင်းတစ်လျှောက် ယခင်မျိုးဆက်များအားလုံးထက်ပင်သာလွန်သည့် နံပါတ် (၁) ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
မဟာကပ်ဘေးကြီးက မရေမတွက်နိုင်သော သိုင်းပညာအမွေအနှစ်များကို ပျက်ဆီးစေခဲ့သည်။ သို့တိုင် ယင်ထျန်းရှလက်အောက်တွင် ယိုးမင်ဂမ္ဘီရဂိုဏ်းသည် မကြုံစဖူး အထွတ်ထိပ်သို့ ရောက်ရှိခဲ့သည်။ လက်ရှိတွင် အခြေအနေ ဆိုးဆိုးရွားရွား ကျဆင်းနေသော ယိုးမင်ဂိုဏ်းအနေဖြင့် အလွန်တရာ ဘုန်းတန်ခိုးကြီးမားခဲ့သော ထိုခေတ် ထိုအခါကို ပိုမိုတမ်းတမိကြမည်မှာ သဘာဝပင် ဖြစ်၏။
ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့သည်လည်း ယိုးမင်ဧကရာဇ်ဂူဗိမာန်အား အလေးအနက် ဦးညွှတ်ဂါရဝပြုကြသည်။ ဂူဗိမာန်အတွင်းဝင်ရောက်ပြီး ရတနာပစ္စည်းများနှင့် ကံကောင်းခြင်းများကို ရယူလိုသည်ဖြစ်ရာ ဤသို့ အလေးအမြတ်ပြုရသည်က သဘာဝပင်။
ကျိုးဟောက်ရှန်းတို့အုပ်စုက နက်နဲသောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲတို့အုပ်စုကို လှည့်ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရဂိုဏ်းမှ မျိုးဆက်တစ်ယောက်မဟုတ်လေရာ ယိုးမင်ဂူဗိမာန်အတွင်း ဝင်ရောက်ခြင်းအတွက် သူတို့အားလုံး သဘောမကျနိုင်သည်မှာ သေချာသည်။
သူတို့ ဂူဗိမာန်အနား ချဉ်းကပ်လာသည်နှင့် အတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထိုအသံကြားတော့ ကျိုးဟောက်ရှန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အတွင်းသို့ဝင်ရာလမ်းကြောင်းကို ကမန်းကတန်းလှမ်းကြည့်ရင်း ရန်ကျောက်ကဲတို့အဖွဲ့ကို အာရုံမစိုက်နိုင်တော့ပေ။
ပလ္လင်သဏ္ဌန်ရှိသော ဂူဗိမာန်ထက်မှ လူရိပ်များစွာထွက်ပေါ်လာသည်ကို တွေ့ရသည်။
ထိုလူရိပ်များက လူသားသဏ္ဌန်များအဖြစ် တဖြည်းဖြည်းပုံပေါ်လာသည်။ သူတို့ခန္ဓာကိုယ်များက အနက်တစ်ဝက် အဖြူတစ်ဝက် အလင်းအမှောင်ဖြစ်နေသည့်အတွက် ထူးဆန်းသောခံစားချက်ကို ပေးစွမ်းသည်။
သေသေချာချာကြည့်လိုက်တော့ ထိုသူများ၏မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေပြီး အရုပ်များပမာ လှုပ်ရှားခြင်း မရှိပေ။ သို့သော် ရှင်သန်နေသောချီစွမ်းအားနှင့် သွေးစွမ်းအားများက ထူးဆန်းစွာပင် ထိုရုပ်အလောင်းများထံမှ ထွက်ပေါ်နေကြသည်။
အမှန်တော့ ထိုသူများမှာ သိုင်းကျင့်ကြံသူများဖြစ်ကြပြီး အသက်ရှင်လျှက် သေဆံးနေသူများအလား သိစိတ်ပျောက်ဆုံးနေကြခြင်း ဖြစ်သည်။
“ဂူဗိမာန်ကိုစောင့်ရှောက်နေတဲ့ တစ္ဆေတွေလား ၊ ဒါပေမဲ့ ယိုးမင်ဧကရာဇ် သေဆုံးသွားတုန်းက သူ့နောက်လိုက်သွားတဲ့သူ တစ်ယောက်မှမရှိပါဘူး”
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းလာသည်။
“ဒီလူတွေက ရတနာပစ္စည်းတွေရှာဖွေဖို့ ဂူဗိမာန်ထဲဝင်ရောက်ခဲ့ပြီးမှ အစီအရင်ရဲ့ဒဏ်ကိုမခံနိုင်ဘဲ သေဆုံးသွားပြီး ဂူဗိမာန်စောင့်အဖြစ် တစ္ဆေဖြစ်နေတာလား ၊ ဒါပေမဲ့...”
ဒါပေမဲ့ ဂူဗိမာန်အားကာကွယ်ရန်အတွက် သူတို့၏ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးလွန်းသည်။
ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ လူ (၁၀)ယောက်ကျော်ခန့်ရှိကြောင်း တွေ့ရသည်။ သူတို့ထဲမှတစ်ယောက်က သိုင်းသူတော်စင်အဆင့်ဖြစ်ပြီး ကျန်လူများကတော့ သိုင်းဆရာသခင်များ ဖြစ်ကြ၏။
ယေဘူယျဆိုလျှင်တော့ စွမ်းအားနည်းပါးသည်ဟု မဆိုနိုင်ပေ။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် နယ်မြေတစ်ခုရယူပြီး ဂိုဏ်းငယ်တစ်ခုထူထောင်ရန် လုံလောက်သည်ဟု ဆိုနိုင်သည်။ အောက်ဘုံကမ္ဘာများဆိုလျှင်တော့ အလွန်တရာ မြင့်မားသောစွမ်းအားပိုင်ဆိုင်သည်ဟုပင် ဆိုနိုင်ပေသည်။
သို့ပေသိ ဤနေရာက မည်သို့သောနေရာ ဖြစ်ပါသနည်း။
ဤနေရာက ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ၏ ဂူသင်္ချိုင်းဖြစ်သည်။
ယင်ထျန်းရှ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် သူ၏တန်ခိုးစွမ်းအားက ထိပ်တန်းအရှင်သခင် (၂)ပါးကိုပင် အလွယ်တကူ ဖယ်ရှားနိုင်စွမ်းရှိခဲ့၏။
သို့ဖြစ်ရာ ဤမျှကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများက ယင်ထျန်းရှ၏ ဂူဗိမာန်ကိုစောင့်ရှောက်ပေးနေသည်ဟုဆိုလျှင် တကယ့်ရယ်စရာဟာသတစ်ခု ဖြစ်နေပေလိမ့်မည်။
သို့ဆိုလျှင် ပြဿနာရှိလာသည်မှာ ထိပ်တန်းအရှင်သခင် (၂)ယောက် ကျူးကျော်ဝင်ရောက်လာသည်ကိုပင် တားဆီးထားခဲ့သော ဤဂူဗိမာန်ထဲသို့ ဤမျှ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများက မည်သို့ ဝင်ရောက်ခဲ့ပါသနည်း။
ကျိုးဟောက်ရှန်းမျက်နှာက နီရဲနေပြီး စကားတစ်ခွန်းမှမဆိုဘဲ ဂူဗိမာန်အတွင်း ဝင်ရောက်သွားသည်။ ယိုးမင်ဂိုဏ်းမှအကြီးအကဲများကလည်း သူ့နောက်သို့လိုက်ပါသွားကြ၏။
လက်ရှိအခြေအနေအရဆိုလျှင် သူတို့အရင် တစ်စုံတစ်ယောက်က ဂူဗိမာန်ဆီသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ရုပ်သေးရုပ်အဖြစ်ပြောင်းလဲသွားသော ကျင့်ကြံသူများက အရေးမကြီးပေ။ အရေးကြီးသည်က ဤနေရာသို့ အောင်မြင်စွာဝင်ရောက်လာသော တန်ခိုးစွမ်းအားရှင်များ ဖြစ်သည်။ ထိုသူများက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော တပည့်များကို ခေါ်လာသဖြင့် အတားအဆီးဒဏ်ကိုမခံနိုင်ဘဲ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။
နောက်ပိုင်းမှာတော့ ထို ရုပ်သေးရုပ်ဖြစ်သွားသူများကို ပြန်လည်မကယ်တင်နိုင်ဘဲ ဤအတိုင်းထားရစ်ခဲ့ကာ တန်ခိုးစွမ်းအားရှင်များကတော့ ဂူဗိမာန်အတွင်းမှ အကျိုးအမြတ်များကို ရယူသွားကြပေမည်။
ကျိုးဟောက်ရှန်းတို့အုပ်စု၏ ကျောပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်၏။
အခြားသူများ ဂူဗိမာန်အတွင်းရောက်လာသည်မှာ ဘယ်လောက်ကြာပြီလဲ မသိနိုင်ပေ။ သူတို့ခရီးစဉ်က အလွန်တရာ အကျိုးရှိပြီး ရတနာပစ္စည်းများစွာနှင့်အတူ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်နိုင်သည်။
စကားပြောစရာပင်မလိုဘဲ ကျိုးဟောက်ရှန်းတို့အုပ်စု ဆိုးဆိုးရွားရွားခံစားနေကြရပြီး တုန်လှုပ်ချောက်ချားနေသလို စိတ်ဓာတ်လည်းကျနေကြသည်။
အားဟူက အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“သခင်လေး... ကျွန်တော်တို့ထက်အရင် ရောက်လာတဲ့သူ ရှိနေတာလား ၊ ဒါဆို ရတနာတွေ မရှိတော့ဘူးပေါ့ ၊ ဒါဖြင့် ကျွန်တော်တို့ စွန့်စားပြီး အထဲဆက်ဝင်ဖို့ လိုသေးလို့လား”
ရန်ကျောက်ကဲက...
“ဝင်ရမှာပေါ့...”
ပြောပြီးသည်နှင့် သူက ကျိုးဟောက်ရှန်းတို့အဖွဲ့နောက်သို့ လိုက်ပါသွားသည်။
အဝေးတစ်နေရာ မှိန်ပျပျအလင်းရောင်အောက်မှ ယိုးမင်ဂူဗိမာန်ကို ရန်ကျောက်ကဲ စူးစိုက်ကြည့်နေသည်။ တစ်စုံတစ်ခုက သူ့ကို ခေါ်နေသည့်အလား ခံစားရ၏။
ကြီးမားသောပလ္လင်တစ်ခုသဏ္ဌန်တည်ဆောက်ထားသော ဂူဗိမာန်အနားသို့ ချဉ်းကပ်လာသည်နှင့် ရုပ်သေးရုပ်များက သူတို့ထံ ဝင်ရောက်တိုက်ခိုက်ကြသည်။
ထိုရုပ်သေးရုပ်များကို အာရုံစိုက်လိုက်ပြီးနောက် ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်မိသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသော်လည်း သူတို့ထုတ်ဖော်အသုံးပြုသည့် သိုင်းပညာက အလွန်တရာ နက်နဲကြောင်း ရှင်းလင်းစွာသိလိုက်ရ၏။ ထိုသိုင်းပညာက တာ့ရွှမ်တိုင်းပြည် ၊ ယိုးမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမတို့မှ သိုင်းပညာအမွေအနှစ်များထက် သာလွန်ပြီး ရှန်လင်ကျီအဆက်အနွယ်မှ အချိန်ရေစီးကြောင်းဓားသိုင်းနှင့် တန်းတူအဆင့်ရှိသည်။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ရုပ်သေးရုပ်နှင့် ရင်ဆိုင်ပြီးနောက် ထိုသူသင်ယူခဲ့သော သိုင်းပညာမှာ “ယင်ယန်ကောင်းကင်ကျမ်းစာ” ဖြစ်နေကြောင်း သိလိုက်ရသည်။
ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...
“ဒီလူတွေမှာ ထူးခြားထင်ရှားတဲ့နောက်ခံရှိမှာ သေချာတယ်”
ထို ရုပ်သေးရုပ်များကိုကြည့်ရင်း ကျိုးဟောက်ရှန်းမျက်နှာတစ်ချက်ပျက်သွားပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
“ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဧကရာဇ်မင်းခင်ဗျာ ၊ ဒီတပည့်ရဲ့ မဆင်မခြင်ပြုလုပ်မှုအတွက် ခွင့်လွှတ်တော်မူပါ”
ပြောပြီးသည်နှင့် သူက လက်ဖဝါးနှစ်ဖက်ကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်ရာ ထိုရုပ်သေးများအားလုံး အက်ကွဲကြေမွသွားကြသည်။ သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့်က အလွန်တရာ ကွာခြားသည် မဟုတ်ပါလား။
ထို့နောက် ကျိုးဟောက်ရှန်းက ရှေ့ဆုံးမှနေပြီး ဂူဗိမာန်အတွင်း ဝင်ရောက်သွားသည်။ ရန်ကျောက်ကဲနှင့် ယိုးမင်ဂိုဏ်းမှအကြီးအကဲများသည်လည်း လိုက်ပါဝင်ရောက်ကြ၏။
သူတို့ဝင်ရောက်သွားသည့်အခါ မည်သည့်အတားအဆီးမှ မခံစားရသလို အစီရင်များပြုလုပ်ထားသည်ကိုလည်း မတွေ့ရပေ။
သို့သော် ရန်ကျောက်ကဲစိတ်ထဲ အလွန်အန္တရယ်များသည်ဟု ခံစားနေရသည်။
ဂူဗိမာန်အတွင်းပိုင်းတွင် မှေးမှိန်သောအလင်းတန်းများ တောက်ပနေပြီး လမ်းကလည်း အဆုံးရှိဟန် မတူပေ။ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ဖန်းယွင်ရှန်းနှင့် အားဟူတို့က ပထမဦးစွာ ထိခိုက်ခံခဲ့ရသည်။
အားဟူမျက်လုံးများမှာ တဖြည်းဖြည်းပုံမှန်မဟုတ်တော့ဘဲ သိစိတ်လွတ်သူတစ်ယောက်ပမာ ဖြစ်နေပြီး ရနကျောက်ကဲကိုပင် သတိထားမိခြင်း မရှိတော့ပေ။
ထိုစဉ် ဖန်းယွင်ရှန်းကျောတွင်လွယ်ထားသည့် နေရိပ်နတ်ဓားက ဓားအိမ်ထဲမှအလိုလိုထွက်လာပြီး ဖန်းယွင်ရှန်းကို ကာကွယ်ပေးလိုက်သည်။
ဖန်းယွင်ရှန်းသည်ပင် ရုတ်တရက် အံ့အားသင့်သွားပြီး မှိန်ဖျော့သော အပြာရောင်အလင်းများက သူမမျက်ဝန်းများဆီမှ အေးစက်သောနေနှစ်စင်းပမာ ရုတ်တရက် တောက်ပလာလေသည်။