ယိုးမင်ဧကရာဇ်၏ပျောက်ဆုံးသွားသောရုပ်အလောင်း
Vol. 50 Ch. 708
အခန်း (၇၀၈) ယိုးမင်ဧကရာဇ်၏ပျောက်ဆုံးသွားသောရုပ်အလောင်း
ရန်ကျောက်ကဲ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူက ချက်ချင်းပင် အသင်္ချေနဂါးနန်းတော်ကို ဆင့်ခေါ်လိုက်ပြီး အားဟူကို နန်းတော်အတွင်းသို့ ပို့လိုက်သည်။ ဖန်းယွင်ရှန်းသည်လည်း နေရိပ်နတ်ဓားကို အတင်းအကျပ် ပြန်ဆွဲယူလုက်ပြီး နဂါးနန်းတော်အတွင်းသို့ ခုန်ဝင်လိုက်၏။ သူမ မျက်ဝန်းဆီမှ အပြာနုရောင်အလင်းတန်းများသည်လည်း ပြန်လည်ပျောက်ကွယ်သွားသည်။
“မင်း ဘာ အာရုံခံမိလဲ”
ရန်ကျောက်ကဲက အားဟူကို အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။
အသင်္ချေနဂါးနန်းတော်ထဲတွင် အားဟူ အလွန်တရာ စိတ်ကြည်လင်နေပုံရပြီး သူ၏မျက်ဝန်းများက တောက်ပနေသည်။
သို့သော် စောစောက သူခံစားရသည်နှင့်ပတ်သက်ပြီး ဘာဖြစ်သွားမှန်းတော့ ရေရေရာရာ မသိခဲ့ပေ။
“ဘာထူးခြားတာမှ မခံစားရပါဘူး ၊ ဒါပေမဲ့ တစ်ခုခုကို အာရုံစူးစိုက်မိသလိုမျိုး ၊ ပင်ပန်းပြီး သမ်းဝေချင်သလိုမျိုး ခံစားရတယ်”
ဖန်းယွင်ရှန်းကလည်း ခေါင်းခါယမ်းရင်း...
“ထူးထူးခြားခြား ပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုးတော့ မရှိဘူး ၊ ဒါပေမဲ့ နေရိပ်နတ်ဓားက မတုံ့ပြန်ခင် နည်းနည်းတော့ ထူးခြားသလို ခံစားလိုက်ရတယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ပြဿနာတစ်ခုခုရှိတာတော့ သေချာတယ် ၊ မဟုတ်ရင် နေရိပ်နတ်ဓားက သူ့ရဲ့ပိုင်ရှင်ကိုကာကွယ်ဖို့ အလိုအလျောက် ဓားအိမ်ထဲကထွက်လာမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးလျှက် အသင်္ချေနဂါးနန်းတော်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လိုက်၏။
မှောင်မှိုင်းနေသော ဂူဗိမာန်လမ်းထက်တွင် သာမန်ထက်ထူးခြားသောအရာ မတွေ့ရပေ။ သို့သော် အားဟူနှင့် ဖန်းယွင်ရှန်းတို့အပေါ် ထူးခြားချက်ရှိလာသည်ဖြစ်ရာ အခြေအနေကို စောင့်ကြည့်ရပေမည်။
ရန်ကျောက်ကဲဘေးနားမှ ယိုးမင်ဂိုဏ်းအကြီးအကဲများသည်လည်း ထိုအချက်ကို အာရုံခံမိကြသည်။
အထူးသဖြင့် ယိုးမင်ဂိုဏ်းချုပ် ‘ကျိုးဟောက်ရှန်း’ မျက်နှာက တည်ကြည်လေးနက်နေပြီး...
“တစ်ခုခုမှားနေပြီ ၊ အားလုံးပဲ သတိထားကြပါ”
ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ ထုတ်လွှတ်လိုက်ပြီး အနက်ရောင်ချီစွမ်းအားအလွှာတစ်ခု ဖြစ်တည်လာကာ ပတ်ဝန်းကျင်မှ အလင်းရောင်ကို ကာကွယ်ထားလိုက်သည်။
သူတို့ ခဏမျှ ရှေ့ဆက်လျှောက်လာပြီးနောက် ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အာရုံစိုက်လေ့လာလိုက်သည်။
ထိုအခါ ပတ်ဝန်းကျင်မှိန်ဖျော့ဖျော့အလင်းတန်းများကြားသို့ သူ့စိတ်လွင့်မျောသွားသလို ခံစားလိုက်ရပြီး အတွင်းထဲမှ အလိုလိုနေရင်း ရုန်းထွက်နိုင်စွမ်း မရှိတော့ပေ။ နိုးနိုးကြားကြားဖြင့် အာရုံစူးစိုက်ရန်ကြိုးစားလေ သူ့စိတ်အစဉ် လွင့်မျောထွက်ခွာသွားစေရန် ပိုမိုလွယ်ကူလေဖြစ်ကြောင်း သတိပြုလိုက်မိ၏။
အမှန်တော့ ဤသည်က ဂူဗိမာန်အတွင်းမှ လူအများသတိမထားမိသော သဏ္ဌန်မဲ့ အတားအဆီးတစ်ခု ဖြစ်သည်။
သူတို့အားလုံး ဂူဗိမာန်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ စွန့်စားဝင်ရောက်လာလေ ဤ ထူးဆန်းသောအတားအဆီးက ပိုမိုအားကောင်းလာလေ ဖြစ်သည်။
မှိန်ဖျော့သောအလင်းရောင်များကို လေ့လာရင်း ရန်ကျောက်ကဲ တဖြည်းဖြည်းနားလည်သဘောပေါက်သွားသည်။
“ဒီ မှိန်ဖျော့တဲ့အလင်းတန်းတွေက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကိုဆွဲခေါ်ပြီး တဖြည်းဖြည်း ရုန်းထွက်မရတဲ့ ရွှံနွံထဲကျရောက်သွားသလို သိစိတ်ပျောက်သွားစေတာပဲ”
“နောက်ဆုံးတော့ သိစိတ်ပျောက်ပြီး ဖုတ်ကောင်တွေလို ရုပ်သေးရုပ်တွေလို ဖြစ်လာလိမ့်မယ် ၊ စောစောကတွေ့ခဲ့တဲ့ ရုပ်သေးရုပ်တွေက ဒီအလင်းရောင်ကြောင့် ပြောင်းလဲသွားကြတာ ဖြစ်ရမယ်”
ရန်ကျောက်ကဲမျက်ဝန်းများ လေးလံတိတ်ဆိတ်သွားကာ ပရမ်းပတာစွမ်းအားများထွက်ပေါ်လာပြီး သူ့အရှေ့မှ မှိန်ဖျော့သော အလင်းတန်းများ ဝေဝါးသွားသည်။
သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ထုတ်ဖော်လိုက်ပြီး သူ့တစ်ကိုယ်လုံးသို့ ပရမ်းပတာချီစွမ်းအားများ လှည့်ပတ်သွားစေလိုက်သည်။ ထိုအခါ မှိန်ဖျော့သောအလင်းရောင်အတွင်းမှ သူ၏စိတ်အာရုံကို ဆွဲယူနေခြင်း ရပ်တန့်သွားသည်။
သူတို့ဆက်လျှောက်လာစဉ် ယိုးမင်ဂိုဏ်းမှအကြီးအကဲများမှာ ဆက်လက်မတောင့်ခံနိုင်တော့သည့် လက္ခဏာများ ပြသလာသည်။ ကံကောင်းစွာပင် ကျိုးဟောက်ရှန်းနှင့် အကြီးအကဲတစ်ချို့က အခြေအနေကို အာရုံစိုက်ထားသည့်တိုင် အခြားသူများထက်ဆာလျှင် စိတ်ကြည်လင်နေသေးသည်။
အတားအဆီးစွမ်းအား ပိုမိုမြင့်မားလာသည်ကို သိလိုက်သဖြင့် ကျိုးဟောက်ရှန်း သက်ပြင်းချလိုက်၏။ ထို့နောက် ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ရှည်လျားသည့် နဖူးစည်းစာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုနဖူးစည်းစာတမ်းကို ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်အလင်းတန်းများက ပိုးသားပမာ အောက်ဘက်သို့ စီးဆင်းကျလာသည်။
ဂူဗိမာန်အတွင်းမှ မှိန်ဖျော့သောအလင်းတန်းများ ချက်ချင်းပင် နောက်ဆုတ်သွားပြီး ယိုးမင်ဂိုဏ်းမှလူများအားလုံး သတိပြန်ဝင်လာကြသည်။ သို့တိုင် သူတို့မျက်နှာအမူအရာများက ဗလာကျင်းနေဆဲ ဖြစ်သည်။
ထို့နောက် သူတို့က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကျိုးဟောက်ရှန်းကို ကျေးဇူးတင်စကားဆိုကြသည်။
ရန်ကျောက်ကဲကတော့ ကျိုးဟောက်ရှန်းလက်ထဲမှ လှံရှည်တစ်လက်နှင့်ဆင်တူသော နဖူးစည်းစာတမ်း စိတ်ဝင်တစား ကြည့်နေမိသည်။
ယိုးမင်ဂိုဏ်းတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပိုင်ဆိုင်ခြင်း မရှိပေ။ သို့တိုင် သူတို့တွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် စွမ်းအားညီမျှပြီး အံ့သြဖယ်ရာအစွမ်းရှိသော ‘ပိုးသားဝိညာဉ်အလံရှည်’ တစ်ခု ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။
ထိုပစ္စည်းက ထိပ်တန်းရတနာပစ္စည်းတစ်ခုဖြစ်ပြီး ယိုးမင်ဂိုဏ်းချုပ်သာလျှင် ကိုင်ဆောင်ခွင့်ရှိသည်။
ယခု ကျိုးဟောက်ရှန်းလက်ထဲမှ နဖူးစည်းစာတမ်းက ‘ပိုးသားဝိညာဉ်အလံရှည်’ ဖြစ်ရမည်ဟု ရန်ကျောက်ကဲ တွေးလိုက်၏။
သူတို့က ရန်ကျောက်ကဲရှိရာသို့ လှမ်းကြည့်လိုက်မိတော့ လူငယ်၏ ကြည်လင်တောက်ပသော မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ မည်သို့မှမတတ်နိုင်ဘဲ အံ့အားသင့်သွားကြသည်။
သိုင်းဆရာသခင် (၂)ယောက်ဖြစ်သော ဖန်းယွင်ရှန်းနှင့် အားဟူတို့ပြီးလျှင် ဤနေရာတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ပါးဆုံးမှာ သိုင်းသူတော်စင် ပထမအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်ရှိသော ရန်ကျောက်ကဲသာလျှင် ဖြစ်သည်။
သို့သော် ထိုလူငယ်က ကျင့်ကြံခြင်းအဆင့်တူညီသူအများစုထက်ကျော်လွန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤအချက်ကို လူတိုင်းက တဖြည်းဖြည်း လက်ခံလာကြပေပြီ။
ယခုလည်း သူက ယိုးမင်ဂူဗိမာန်အတွင်း အေးအေးဆေးဆေးရှိနေသဖြင့် ကျိုးဟောက်ရှန်းတို့အုပ်စု အံ့အားသင့်ခဲ့သည် အမှန်ပင်။
“ဒီကောင်လေးက အရင်က ငါထင်ထားတာထက်တောင် ခန့်မှန်းရခက်ပါလား...”
ကျိုးဟောက်ရှန်းက ပိုးသားဝိညာဉ်အလံရှည်ကို တစ်ချက်ဝှေ့ယမ်းရင်း တွေးလိုက်သည်။ အနက်ရောင်အလင်းတန်းများက ရန်ကျောက်ကဲရှိရာသို့ပါ လွှမ်းခြုံလာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။
ရန်ကျောက်ကဲက ကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြခေါင်းညိတ်ရင်း သူတို့အုပ်စုနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။
သူတို့ရှေ့ဆက်လျှောက်လေ ထိုစွမ်းအားက ပိုမိုအားကောင်းလာလေ ဖြစ်သည်။ အဆုံးသတ်မှာတော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ရှိသော ကျိုးဟောက်ရှန်းနှင့် အလယ်ဆင့်မှော်ဝင်ပစ္စည်းပမာအစွမ်းထက်သော ပိုးသားဝိညာဉ်အလံရှည်ပေါင်းစပ်ခြင်းသည်ပင် ထိုစွမ်းအားကို မခုခံနိုင်တော့ပေ။
ကျိုးဟောက်ရှန်းပင်လျှင် သူ၏စိတ်အာရုံ အနည်းငယ် ယိမ်းယိုင်သွားသလို ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ သူတို့ပိုင်ဆိုင်ထားသော ပစ္စည်းအပိုင်းအစများက ယိုးမင်ဂူဗိမာန်နှင့် ဆက်စပ်နေသဖြင့် ထိုပစ္စည်းများ၏အကူအညီယူကာ လူတိုင်း ဖိအားများစွာကို ခံနိုင်ရည်ရှိခဲ့ပြီး ဂူဗိမာန်၏နက်နဲရာသို့ ဆက်လက်ဝင်ရောက်နိုင်ခဲ့သည်။
သူတို့အားလုံး ဂူဗိမာန်အောက်ခြေအကျဆုံး နေရာသို့ ရောက်ရှိလာပြီး သံကြိုးများပမာယှက်လိမ်နေသော အလင်းရောင်မှိန်မှိန်များက လေထဲတွင်လွင့်ပျံနေသည်ကို တွေ့ရသည်။ ၎င်း အလင်းရောင်သံကြိုးများ စုဆုံနေသည့် အလယ်ဗဟိုမှာတော့ ကြီးမားသော ကျောက်ခေါင်းတစ်လားကြီးတစ်လုံး လေထုထဲလွင့်ပျံနေကြောင်း တွေ့ရသည်။
သို့ပေသိ လူတိုင်းကို ထိတ်လန့်သွားစေသည်မှာ ကျောက်ခေါင်းတလားကြီးအဖုံးက ရွဲ့စောင်းနေပြီး ခေါင်းတလားထဲတွင် မည်သည့်ရုပ်အလောင်းမှ ရှိမနေခြင်းပင်။
ကျိုးဟောက်ရှန်းတို့အုပ်စုမှာ မြင်ကွင်းကို မှင်တက်စွာစိုက်ကြည့်ရင်း အချိန်အတန်ကြာအောင် သတိပြန်ဝင်မလာကြပေ။
ရန်ကျောက်ကဲလည်း အတော်လေး အံ့အားသင့်သွားပြီး...
“ယိုးမင်ဧကရာဇ် တကယ်သေဆုံးသွားတာ မဟုတ်ဘူးလား ၊ အရင်က ဖြစ်ပျက်ခဲ့တာတွေက အမှန်တရားကိုဖုံးကွယ်ဖို့ ဟန်ဆောင်ခဲ့တာလား”
"ဒါမှမဟုတ် နေဝန်းထက်ယံအရှင်သခင် ကောင်းဟန် လိုမျိုး အခွံထဲအောင်းနေတဲ့ ရွှေရောင်ပုဇဉ်းရင်ကွဲလို လူတိုင်းသူ့ကို သေပြီလို့ထင်သွားအောင် လှည့်စားခဲ့တားလား”
ရန်ကျောက်ကဲမျက်ဝန်းများ နက်ရှိုင်းဝေးကွာသွားသည်။
“မဟုတ်သေးဘူး...”
ကျောက်ခေါင်းတလားကို တစ်စုံတစ်ယောက်က ဖွင့်လိုက်ခြင်း ဖြစ်နိုင်သည်။
ဂူဗိမာန်ခန်းမထဲတွင် မှောင်ရီတရော သေခြင်းအရိပ်အငွေ့များဖြင့် ပြည့်နက်နေသည်။
ဤမျှ ကြီးကျယ်ခမ်းနားသော မရဏအငွေ့အသက်များကိုကြည့်ခြင်းအားဖြင့် ယခင်က ဤနေရာတွင် အလွန်တရာ စွမ်းအားမြင့်မားသူတစ်ယောက် မြှုပ်နှံထားကြောင်း သက်သေပြနေခဲ့၏။
ထိုသို့ဆိုလျှင် ယိုးမင်ဧကရာဇ် ယင်ထျန်းရှက သေဆုံးပြီး နှစ်ပေါင်းများစွာကြာမှ ပြန်လည်အသက်ရှင်သန်ပြီး ဤနေရာမှ ထွက်ခွာသွားခြင်း ဖြစ်နိုင်ပါသလား။
ဒါမှမဟုတ် တစ်စုံတစ်ယောက်က ခေါင်းတလားကိုဖွင့်ပြီး ယင်ထျန်းရှ၏ရုပ်အလောင်းကို ဖယ်ရှားယူငင်သွားခြင်းလား။
မည်သို့ပင်ဖြစ်စေ မြင်ကွင်းကိုကြည့်ရင်း လူတိုင်းဆံပင်များထောင်သွားပြီး ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရသည်။
ကျိုးဟောက်ရှန်းတို့အုပ်စု မသိမသာ မျက်နှာပျက်လျှက် ရှိသည်။
ယိုးမင်ဧကရာဇ် ယင်ထျန်းရှ အသက်ရှင်သန်နေသေးသည်ဆိုလျှင် သူတို့အားလုံး ဝမ်းမြောက်ဝမ်းသာ လက်ခံကြမည် ဖြစ်သော်လည်း ဧကရာဇ်မင်း၏ရုပ်အလောင်း ထူးဆန်းစွာ ပျောက်ဆုံးခြင်းဖြစ်မည်ကို သူတို့ စိုးရိမ်နေကြသည်။
အထူးသဖြင့် ဂူဗိမာန်အတွင်းရောက်ရှိနေသော ရုပ်သေးရုပ်များ မည်သို့မည်ပုံ ဝင်ရောက်လာကြကြောင်း အတိအကျ မသိရှိရသေးပေ။ ယခု ရုပ်အလောင်းမရှိတော့သော ကျောက်ခေါင်းတလားကိုကြည့်ရင်း သူတို့အားလုံးစိတ်ထဲ အဆိုးမြင်အတွေးများ မတွေးမိအောင်ထိန်းချုပ်ရန် အလွန်ခက်ခဲလှသည်။
သေသေချာချာ ကြည့်လိုက်တော့ ကျောက်ခေါင်းတလားထက်တွင် မီးအိမ်တစ်လုံးရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုမီးအိမ်က အနက်ရောင်တစ်ဝက် အဖြူရောင်တစ်ဝက်ဖြစ်ပြီး နှစ်ရောင်လုံးက ညစ်နွမ်းခြင်းမရှိဘဲ ထင်ရှားစွာ ကွဲပြားနေသည်။ ပြီးပြည့်စုံမှုအတိဖြင့် သဘာဝအတိုင်း သန့်စင်စွာရှိနေပြီး လူသားများလက်ဖြင့် ပြုလုပ်ထားသည့်အရာမဟုတ်ကြောင်း သက်သေပြနေသည်။
မီးအိမ်က ငြိမ်းသတ်နေသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သော်လည်း ဂူဗိမာန်ခန်းမအတွင်းမှ အလင်းတန်းများနှင့် ချိတ်ဆက်ထားသည်။
ယိုးမင်ဂိုဏ်းမှအကြီးအကဲများ ခပ်တိုးတိုးရေရွတ်လိုက်ကြသည်။
“ယိုးမင်တစ္ဆေမီးအိမ်”
ထိုအသံများကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ အာရုံစူးစိုက်သွားသည်
ယိုးမင်တစ္ဆေမီးအိမ်ဆိုသည်က ယခင်က ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ပိုင်ဆိုင်ခဲ့သော ရတနာပစ္စည်းတစ်ခု ဖြစ်သည်။ ဤရတနာပစ္စည်းအပါအဝင် အဆင့်မြင့် အထတ်ထိပ်မှော်ဝင်ပစ္စည်းသည်လည်း ဧကရာဇ်မင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ယိုးမင်တစ္ဆေမီးအိမ်သည် ယင်ထျန်းရှနှင့်အတူ ဂူဗိမာန်ထဲတွင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရှေးယခင်ကပင် လူတိုင်းက မှန်းဆခဲ့ကြ၏။
ယခု ဂူဗိမာန်ကို စူးစမ်းရန် ရောက်ရှိလာချိန် ယိုးမင်ဂိုဏ်းမှလူများက ယိုးမင်တစ္ဆေမီးအိမ်ကို အဓိကပစ်မှတ်ထားခဲ့ကြသည်။
ကြည့်လိုက်တော့ ယိုးမင်တစ္ဆေမီးအိမ်က အတော်လေးပျက်ဆီးနေပုံရသည်။
သို့တိုင် ထိုမီးအိမ်သည် ခိုင်မာသော ရတနာပစ္စည်းတစ်ခုအဖြစ် သံသယကင်းစွာ ထင်ကျန်ရစ်နေဆဲ ဖြစ်သည်။
ကျိုးဟောက်ရှန်းက ယိုးမင်တစ္ဆေမီးအိမ်အားစိုက်ကြည့်ရင်း ရှေ့သို့လျှောက်သွားပြီး အဖြူတစ်ဝက် အနက်တစ်ဝက်မိးအိမ်ကို ရယူရန် လက်များကို ဆန့်တန်းလိုက်လေ၏။