မိုဝူကျီ၏ စွမ်းအား
Vol. 4 Ch. 43
ဟန်နင်သည် နွေဦးနတ်ဘုရားဂိတ် ညီလာခံတွင် တက်ရောက် ဆင်နွှဲသူ ဖြစ်သည့်အတွက် သူမသည် အနည်းငယ် သာလွန်သော နှစ်ယောက်ခန်းဖြင့် နေခွင့်ရ၏။ သို့သော်လည်း သူမအခန်းသည် မိုဝူကျီတို့ အိမ်ခန်းနှင့် တစ်ထပ်တည်းတွင် ရှိနေသေး၏။
“ဘမ်း ... ” တံခါးကို ထိရိုက်ခြင်းမှ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မိုဝူကျီသည် တံခါးအောက်ခြေ နေရာလွတ်မှ သွေးများစီးလာသည်ကို တွေ့လိုက်ရသည်။
“ပီဟွေ့ ... ရှင့်မှာ အရှက်တရားရော ရှိသေးရဲ့လား ... ပြည်နယ် မင်းသား တစ်ယောက်ဖြစ်ပြီး ကျွန်မဆီက လုယက်ရလောက်အောင် အောက်တန်းကျချည်လား ... ” ဟန်နင်သည် ဆိုးဆိုးရွားရွား အော်ဟစ်ပြောလိုက်သည်။
“ဟုတ်သား ... ဒါက ငါ့အတွက် အမှန်တကယ် နိမ့်ကျတာပေါ့ ... ဟေ့ ဖာဂူဆန် ... ဒီက မမလေး ကျေနပ်သွားအောင် ကိုယ့်ဘာသာ သတ်မသေချင်ဘူးလား ... ” တံခါးနောက်မှ အသံစူးစူး ထွက်ပေါ်လာ၏။ မိုဝူကျီ ထိုအသံကို ကြားသောအခါ တစ်ကိုယ်လုံး ကြက်သီးများ ထလာလေသည်။ ဒီလူက မိန်းမစိုး များလား ...
နောက်ထပ်အသံသည် ကပ်လျက် ထွက်ပေါ်လာသည်။
“ဟားဟား ဟုတ်တာပေါ့ ... ငါ့ဘာသာ သတ်သေပြမယ် ... ကြည့်နေ ... ဓားကို လည်ပင်းပေါ် တင်လိုက်ပြီ ... အား ... ငါ သေသွားပြီ ... ”
“ငါ အရင်ဝင်လိုက်မယ် ... ” တင်းဘူအာသည် ပြောပြီးပြီးချင်း တံခါးကို အားဖြင့် ဆောင့်ဖွင့်လိုက်သည်။
“ရွှပ် ... ” ဓားက အသားကို ဖြတ်သွားသည့် အသံ ထွက်ပေါ်လာပြီး တစ်ယောက် လဲကျသွားလေ၏။
မိုဝူကျီသည် သွေးအိုင်ထဲ လဲကျနေသော လူကို မြင်ရလေသည်။ သူ့လက်မှ ဓားသည် လည်မျိုသို့ တိုက်ရိုက် ဝင်သွားလေသည်။ ထိုစဉ် မိုဝူကျီသည် အဖြစ်အပျက်ကို အလုံးစုံ နားလည် သွားလေသည်။ သတ်သေပြဖို့ ဟန်ဆောင်နေသော အမျိုးသားသည် ဓားကို သူ့လည်ပင်းပေါ် တင်ထားလိမ့်မည်။ ထိုသူသည် အချိန်ကိုက်တွင် တင်းဘူအာက တံခါးဖွင့်၍ ဝင်လာမည်ဟု မသိချေ။ ထို့ကြောင့် တံခါးသည် ဓားကို တွန်းလိုက်သလို ဖြစ်သွားကာ ဟန်ဆောင်သည့် အပြုအမူသည် လက်တွေ့ ဖြစ်လာလေ၏။
ထိုအမျိုးသားအပြင် မိုဝူကျီသည် ကြမ်းပြင်ပေါ်တွင် လက်တစ်ဖက် အဖြတ်ခံထားရသော ဖန်မုန်ဟွာကိုလည်း မြင်လိုက်ရသည်။
ဟန်နင်နှင့် ရှောက်လန်တို့သည် သွေးများဖြင့် စိုရွဲနေပြီး လူနှစ်ဦးမှ သူတို့အား ချောင်ပိတ် ထားလေသည်။
နှုတ်ခမ်းမွေး အရှည်နှင့် ခန့်ညားသည့် အမျိုးသားသည် သေဆုံးသွားသော သူ့နောက်လိုက်အား တုန်လှုပ်စွာ ကြည့်နေမိသည်။
“မင်းတို့က ဘယ်သူတွေလဲ ... ငါ့လူကို သတ်ရဲတယ်လား ... ” နှုတ်ခမ်းမွေး အမျိုးသားသည် နောက်ဆုံးတွင် အသိပြန်ဝင်လာကာ အော်ဟစ်ပြောလိုက်သည်။
မိုဝူကျီသည် နားနှစ်ဖက်လုံး အုပ်ထားလုမတတ် ဖြစ်သွားလေသည်။ ယောက်ျားဆန်ကာ ခန့်ညားသော အမျိုးသားသည် ထိုသို့ စူးစူးရှရှ အသံမျိုး ရှိနေလိမ့်မည်ဟု တွေးမထားခဲ့ပေ။ သူကြားရသလောက် ထိုလူသည် ပြည်နယ်မင်းသား ပီဟွေ့ ဖြစ်လိမ့်မည်။
တစ်ချိန်တည်းတွင် သူသည် ဟန်နင်၏ အဖွဲ့မိတ်ဖက်များ ဖြစ်သည့် ချောင်ဟောင်၊ ယန်ဂျွန်ဆောင်နှင့် ကျောက်ရွီ တို့ကို မမြင်မိချေ။
“ဘမ်း ... ” နောက်ဆုံးမှ ဝင်လာသည့် ယွန်ကျန်းရီသည် တံခါးကို အားဖြင့် ဆောင့်ပိတ်လိုက်သည်။ အင်မော်တယ်များသည် ထိုကိစ္စအား ဝင်မစွက်ဖက် သော်လည်း လူသိသင့်သည့် အရာတော့ မဟုတ်ချေ။
“ဘူအာ ... ခေါင်းဆောင်ဖန် ဒဏ်ရာတွေကို ပတ်တီး ကူစည်းပေးလိုက် ... ” ဖန်မုန်ဟွာ ကြမ်းပြင်တွင် ရုန်းကန်နေသည်ကို မြင်သောအခါ မိုဝူကျီသည် ညွှန်ကြားလိုက်သည်။
သူ လူသတ်ပြီးသည့် အချိန်မှ စ၍ မိုဝူကျီသည် ထိုသို့သော အရာမျိုးနှင့် ရင်ဆိုင်ရလျှင် ပို၍ အေးဆေး တည်ငြိမ်နေလေပြီ။
တင်းဘူအာက ကုသဆေးများ ထုတ်ယူပြီး ဖန်မုန်ဟွာကို ကူညီနေသည်ကို မြင်၍ မိုဝူကျီသည် နှုတ်ခမ်းမွေး အမျိုးသားရှေ့ ပိတ်ရပ်ကာ ပြောလိုက်သည်။
“ကျွန်တော်က ယောင်ကျိုးက မိုဝူကျီပါ ... ”
မိုဝူကျီသည် ဟန်နင်အား ကူညီမည့်အကြောင်းအား ထိုလူသိရန် ဆက်ပြောပြဖို့ မလိုအပ်ပေ။ အကြည့်နှင့်တင် မိုဝူကျီသည် ဟန်နင်၏ အစောင့်မှန်း သိသာနေ၏။
“ငါက ယင်ဟန်ပြည်နယ်က မင်းသား (၁၆) ပီဟွေ့ပဲ ... ငါ့ကို ဆန့်ကျင်ချင်တာ သေချာရဲ့လား ... ” နှုတ်ခမ်းမွေး အမျိုးသားသည် တည်ငြိမ်နေပြီး သူ့အသံစူးစူးဖြင့် ပြေလိုက်သည်။
မိုဝူကျီသည် ရယ်မောလိုက်ပြီး
“ကျွန်တော်က ခင်ဗျားရဲ့ လူတစ်ယောက်ကို သတ်ပြီးပြီလေ ... ဘယ်လိုထင်လို့လဲ ... ”
“တကယ်လို့ မင်းက ထွက်သွားပြီး ဒီကိစ္စကို လျစ်လျူရှု ပေးမယ်ဆိုရင် ဒီအကြောင်း ထပ်မပြောတော့ဘူး ... မင်းကို ငါရဲ့ ယင်ဟန်ပြည်နယ်ကို လာဖို့တောင် ကမ်းလှမ်းနိုင်တယ် ... ..” ပီဟွေ့သည် သူ့အသံအား ညင်သာပြီး နွေးထွေးရန် အတတ်နိုင်ဆုံး ထိန်းပြောနေလေသည်။ သူသည် မိုဝူကျီနှင့် ယွန်ကျန်းရီတို့အား အလွယ်တကူ ဖြေရှင်းလို့ ရမည့်သူများဟု မှတ်နေလေသည်။ အထူးသဖြင့် နောက်မှာ ရပ်နေသော ယွန်ကျန်းရီ ဖြစ်၏။
မိုဝူကျီ မပြောခင်တွင် ယွန်ကျန်းရီသည် အားရပါးရ ရှေ့နောက် မစဉ်းစားပဲ ဝင်ပြောလိုက်သည်။
“ယင်ဟန်ပြည်နယ်က အမှိုက်ပဲ ... တကယ်လို့ မင်းတို့ ပြည်နယ် သခင်ကိုယ်တိုင် ငါ့ခြေထောက် လာလျက်ရင်တော့ စဉ်းစားပေးရမှာပေါ့ ... ”
ပီဟွေ့မျက်နှာသည် ချက်ချင်း မှောင်မည်း လာလေသည်။ သူသည် ဟန်နင်အား ချောင်ပိတ်ထားသည့် သူ့လူ နှစ်ယောက်အား အမိန့်ပေးလိုက်သည်။
“ဂျိုဒီ သူတို့ကို သင်ပေးလိုက်ဦး ... ”
မျက်နှာတွင် အမည်းစက်များ ပြည့်နေသော အမျိုးသားသည် တုံ့ပြန်လိုက်သည်။ သူသည် သူ့လက်မှ ဓားကို ကစားရင်း မိုဝူကျီအား လျှောက်လှမ်း လာလေသည်။
“ဝူကျီ နောက်ဆုတ်နေ ... ငါ ဒီကလေးကို သင်ခန်းစာ ပေးကြည့်ရတာပေါ့ ... ” ယွန်ကျန်းရီသည် မိုဝူကျီ၏ စွမ်းဆောင်ရည်များကို တစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် သူသည် မိုဝူကျီအား ဂျိုဒီကို ဖြေရှင်းနိုင်လောက်အောင် မသန်မာဘူးဟု ယူဆလိုက်ခြင်း ဖြစ်သည်။
မိုဝူကျီလက်သည် သူ့အိတ်ထဲ ရောက်သွားပြီး တစ်ပေလောက် ရှိသည့် ဓားကို ထုတ်ယူလိုက်သည်။
“ကျန်းရီ ... ငါအရင် သွားလိုက်မယ် ... ငါမနိုင်မှ ကူပေး ... ”
မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် အမြဲတမ်း အတူတူ ရှိမနေနိုင်ချေ။ နောင်တွင် မိုဝူကျီ ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်သည့် ကိစ္စများ ရှိလာပေလိမ့်မည်။ ယနေ့ကဲ့သို့ မိုဝူကျီသည် ယွန်ကျန်းရီက သူ့နောက်သို့ လိုက်မလာလျှင်ပင် ဟန်နင်အား ကယ်တင်ရလိမ့်မည်။
မိုဝူကျီသည် ပြောနေစဉ် ဂျိုဒီသည် ဓားကို ချိန်ရွယ်ရင်း စတင် ဝင်ရောက်လာသည်။ သူ့မျက်လုံးထဲတွင် ထိုအပို သုံးယောက်သည် သတ်ပစ်ရန် အပို သုံးယောက်ဟုသာ ယူဆထားပြီး သူသည် ထိုလူများအား အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်။
မိုဝူကျီသည် မကျင့်ကြံသော်ငြား သူ့တွင် တိုက်ခိုက်သည့် အတွေ့အကြုံများ ရှိ၏။ သူ့ဓားသည် တိုသောကြောင့် ဂျိုဒီနှင့် နီးကပ်ရန် လိုအပ်ပေသည်။ ဂျိုဒီသည် သူ့၏ ဓားရှည်ကို ယမ်းနေသောကြောင့် မိုဝူကျီသည် ဂျိုဒီရှေ့သို့ အလျင်အမြန် ပြေးကာ ခြေလှမ်းယူ ထားလိုက်သည်။ သူသည် ဓားတိုကို အသုံးပြုပြီး ဂျိုဒီ၏ ဓားရှည်ကို ခုခံလိုက်ပြီး နောက်လက် တစ်ဖက်ဖြင့် ဂျိုဒီ ခေါင်းအား ထိုးလိုက်သည်။
“ဒေါင် ... ” ဓားနှစ်လက် ဆုံသောအခါ မိုဝူကျီသည် သူ့လက်ဖဝါးမှ သူ့ဓားဆီ စီးဆင်းသွားသည့် အပြာဖျော့ဖျော့ အလင်းတန်းကို တွေ့လိုက်ပြီး ထို့နောက် ဂျိုဒီ ဓားဆီ စီးဝင်သွားလေသည်။
“ဘုန်း ... ” မိုဝူကျီ နောက်လက်သီးသည် ဂျိုဒီ၏ နားထင်စပ်သို့ ရောက်ရှိသွားလေသည်။ ဂျိုဒီသည် အသက်မဲ့နေသော ကျောက်တုံးကဲ့သို့ ဖြစ်နေပြီး လေးလံစွာ ဝုန်းခနဲ လဲကျသွားလေသည်။
မိုဝူကျီသည် မိမိဘာသာ အံ့ဩမိသွားလေ၏။ သူသည် ထိုမျှ အံ့အားသင့်ဖွယ် ကောင်းသည်လား ... မိုဝူကျီသည် ဂျိုဒီက သူ့လက်သီးအား ရှောင်ရန် မျှော်လင့်ထားပြီး သူ့မျက်ခွက်အား ဒူးဖြင့် တိုက်ရန် ကြံစဉ်ထားခဲ့၏။ သို့သော် သူသည် ထိုမျှ အများကြီးလုပ်ရန် မလိုခဲ့ချေ။ ဂျိုဒီသည် လဲကျသွားလေပြီ ...
သူသည် လက်သီးအား တအံ့တဩ ကြည့်မိ၏။ ထို့နောက် ဂျိုဒီ၏ ဓားရှည်သည် အနည်းငယ် မီးကျွမ်းနေကြောင်း မြင်လိုက်ရသည်။ မိုဝူကျီသည် ထိုအပြာအလင်းကို အမှတ်ရသွား၏။ ထိုသည်က လျှပ်စီးရေကန်တွင် ကြုံတွေ့ခဲ့ရသည့် လျှပ်စီးအား ပြန်၍ အမှတ်ရစေသည်။
ထိုအရာကို တွေးမိပြီး မိုဝူကျီသည် ချက်ချင်း နားလည်သွားလေသည်။ လျှပ်စီးဖြင့် သူ့ချီသွေးကြော ဖွင့်ပြီးသည့် နောက်တွင် သူ့ချီသွေးကြောတွင် လျှပ်စီးအချို့ ကျန်နေလိမ့်မည်။ ထို့ကြောင့် သူထိုးလိုက်စဉ်က ဂျိုဒီ ကြောင်သွားသည့် အကြောင်းသည် အံ့ဩစရာ မရှိတော့ပေ။ ထို့အပြင် သူသည် မိုဝူကျီ လက်သီးအား ရှောင်ဖို့ရန် မကြိုးစားခဲ့ချေ။ ဂျိုဒီသည် မိုဝူကျီဓားမှ ထွက်လာသည့် လျှပ်စီးကြောင့် ကြောင်သွားခြင်း ဖြစ်နိုင်သည်။ ထိုကြောင့်သာ မိုဝူကျီ၏ တိုက်ခိုက်မှု အောင်မြင် သွားလေသည်။
“ကျူထန် ... ဂျိုဒီနဲ့ ဖာဂူဆန်ကို သယ်ပြီး လာခဲ့ ... ငါတို့သွားမယ် ... ” ပီဟွေ့သည် ချက်ချင်း ခေါ်လိုက်သည်။ သူသည် ကျန်ရှိနေသော လူဖြင့် ဟန်နင် အစောင့်များအား ရင်ဆိုင်ရန် မဖြစ်နိုင်ကြောင်း သိ၏။
မိုဝူကျီသည် သူတို့အား မတားဆီးပေ။ ယွန်ကျန်းရီသည် မိုဝူကျီအား ကူညီရန် ဒီနေရာ ရောက်ရှိနေခြင်း ဖြစ်၏။ မိုဝူကျီသည် ပီဟွေ့အား မတားသည်ကို မြင်လျှင် သူသည်လည်း မတားခဲ့ပေ။ သူ့အား ကြောက်ရွံနေသည့် ပီဟွေ့သည် ဟန်နင်အခန်းမှ အမြန်ဆုံးနှုန်းဖြင့် ထွက်သွားလေသည်။
“ဝူကျီ ... မင်း ဒီလောက်အံ့ဩဖို့ ကောင်းမယ်လို့ မသိခဲ့ဘူး ... မင်းတစ်ယောက်တည်း မိုးကြိုးမြူတောထဲ အသက်ရှင်နိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး ... ” တင်းဘူအာသည် အံ့ဩမှုဖြင့် တရစပ် ပြောနေလေသည်။ သူသည် ဖန်မုန်ဟွာကို ပတ်တီးစည်းပေးဖို့ ကူညီရန် အမှတ်မရတော့ချေ။
ယွန်ကျန်းရီ မျက်နှာတွင် စိတ်ပေါ့ပါးမှု ရှိနေလေသည်။ သူလည်း မိုဝူကျီက ထိုမျှ အားကောင်းလိမ့်မည်ဟု မသိခဲ့ချေ။ သူသည် ဂျိုဒီအား ဖြေရှင်းနိုင်သော်လည်း လက်သီး တစ်ချက်တည်းဖြင့်တော့ မဟုတ်ပေ။
“ဆေးဆရာမို ... ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ် ... ကျွန်မလုပ်ခဲ့တဲ့ အရာတွေ အတွက်လည်း တောင်းပန်ပါတယ် ... ” ဟန်နင်သည် ရှက်ရွံ့နေလေသည်။ သူမ အန္တရာယ် ကျရောက်ချိန်တွင် မိုဝူကျီအား မောင်းထုတ်ခိုင်းသည့် သူမအဖော်များသည် ရောက်မလာကြချေ။ မိုဝူကျီသာ သူမအား ကူညီရန် ရောက်ရှိလာ၏။
မိုဝူကျီသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“မြို့စားကြီးက ကျွန်တော့် အသက် တစ်ခါကယ်ဖူးတယ် ... ဒီနေ့ ကျွန်တော့် အပြုအမူက သူ့ကို ပြန်ပြီး အကြွေးဆပ်တာပဲ ... ချန်လောင်ကို ရောက်တာနဲ့ ကျွန်တော်တို့က ကိုယ့်လမ်းကိုယ်စီ လျှောက်ကြရမယ် ... ”
“ဒီပီဟွေ့က ငါတို့ရဲ့ နှစ်လွှာမီးမြက်ကို လုဖို့ ရောက်လာတာ ... ငါတို့မှာ နှစ်လွှာမီးမြက် ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိသွားလဲ မသိဘူးကွာ ... ” ဖန်မုန်ဟွာသည် သတိရလာပြီး လေးလေးနက်နက် ပြောလိုက်သည်။
***