← Chapters

လျှပ်စီးငှားရမ်း၍ သတ်ဖြတ်ခြင်း

Vol. 4 Ch. 46

လျှပ်စီးငှားရမ်း၍ သတ်ဖြတ်ခြင်း

Vol. 4 Ch. 46

“ဘမ်း ... ”

မိုဝူကျီသည် နောက်တစ်ကြိမ် ခြေခြောက်ချောင်း လျှပ်စီး မိကျောင်းကြောင့် လွင့်စဉ်သွားလေသည်။ သို့သော် ဒီတစ်ကြိမ်တွင် မိုဝူကျီသည် ပြန်၍ မထနိုင်တော့ချေ။ မိုဝူကျီအား ပစ်လွှင့်ပြီးနောက်တွင် လျှပ်စီးမိကျောင်းလည်း မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားကာ ပြန်၍ ထလာခြင်း မရှိတော့ပေ။

မိုဝူကျီသည် စိတ်ထဲတွင် သက်ပြင်းချမိ၏။ နောက်ထပ် လျှပ်စီး တစ်ခု သို့မဟုတ် နှစ်ခုလောက်ဆိုလျှင် သူ့၏ တတိယမြောက် ချီသွေးကြောကို ဖွင့်ကောင်း ဖွင့်နိုင်လိမ့်မည်။

ကံမကောင်းစွာ သူ့ခန္ဓာကိုယ်သည် အရမ်းအားနည်းနေကာ ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။

အကယ်၍ ပတ်ဝန်းကျင်မှ လူများသည် မိုဝူကျီက သူ့ခန္ဓာအားနည်း နေလွန်းသည်ဟု ညည်းတွားမှုကို ကြားလျှင် သူ့အား လည်ပင်း ညှစ်သတ်ချင်စိတ် ပေါက်လာကြလိမ့်မည်။ တကယ်တမ်းတွင် မိုဝူကျီ ပထမချီသွေးကြော ဖွင့်ပြီးသည်မှ စ၍ သူ့ခန္ဓာသည် လျှပ်စီးကန်တွင် အလူးအလဲ ခံစားခဲ့ရသောကြောင့် သူ့ရုပ်ပိုင်း ခွန်အားသည် သာမန်အဆင့်ထက် ပိုမြင့်နေလေပြီ။ အကယ်၍ ထိုကြောင့်သာ မဟုတ်လျှင် သူသည် ဤမျှ အကြာကြီး ခံနိုင်မည် မဟုတ်ပေ။

“ဒီဝိညာဉ် ဆေးလုံးကို မျိုချလိုက် ... ” မိုဝူကျီ နားထဲသို့ မထူးမခြားနားသော အသံဝင်ရောက် လာလေသည်။ မိုဝူကျီသည် ဘေးပတ်လည်ကို လိုက်လံ ကြည့်လိုက်သော်လည်း သူ့အား စကားပြောနေသည့် သူကို ရှာမတွေ့ချေ။

သူ့လက်ထဲတွင် ဆေးလုံးရှိနေ၏။ ဆေးလုံးကာ ပုတီးစေ့ထက် အနည်းငယ် ပိုကြီးကာ ထိုမှ နှစ်လိုဖွယ်ရနံ့ ထွက်ပေါ်နေသည်။

မိုဝူကျီသည် တွန့်ဆုတ်မနေဘဲ ဆေးလုံးကို ပါးစပ်ထဲ တိုက်ရိုက်ထည့်ကာ မျိုချလိုက်သည်။

ထိုလူသည် မိုဝူကျီအား သတ်ချင်သည်ဆိုလျှင် ဆေးလုံးကို အလကားသက်သက် ကုန်ခံစရာ မလိုပေ။ သူသည် မိုဝူကျီအသက်ကို ဒီနေရာတွင် အလွယ်တကူ အဆုံးသတ်ပစ်နိုင်၏။ ထို့အပြင် ဆေးလုံး၏ ရနံ့ကပင် မိုဝူကျီအား လန်းဆန်းကာ အားတိုးလာစေသည်။ ထို့ကြောင့် သေချာပေါက် ဆိုးရွားလှသည့် အရာ မဟုတ်လောက်ပေ။

ဆေးလုံး ပါးစပ်ထဲသို့ ရောက်သည့် အချိန်တွင် မိုဝူကျီခန္ဓာမှ အခိုးအငွေ့များ ထွက်လာသည်ဟု ခံစားလိုက်ရ၏။ မိုဝူကျီသည် သူ့ဒဏ်ရာများ သက်သာသွားခြင်းကို သိသိသာသာ ခံစားမိလိုက်သည်။

စက္ကန့်အနည်းငယ် အတွင်း မိုဝူကျီသည် အလွယ်တကူ ပြန်ရပ်နိုင်လာ၏။ သူ့၏ မီးကျွမ်းထားသော အရေပြားပင် တစ်မုဟုတ်ချင်း ပျောက်ကင်းလာသည်ကို သတိပြုမိလိုက်သည်။

ထိုသို့သော ဝိညာဉ်ဆေးမျိုးနှင့် ယှဉ်လျှင် သူ့၏ ဇီဝဗေဒပညာရှင် အဖြစ် အတွေ့အကြုံများသည် အမှိုက်နှင့် တူလေသည်။ အတွေ့အကြုံများဖြင့် သွေးကြောဖွင့်ဆေးကို ထုတ်ဖို့ရန် မကူညီနိုင်လျှင် သူသည် အသုံးမဝင်ပေ။

မနီးမဝေးမှ လျှပ်စီးနှင့် အော်ဟစ်သံကို ကြားနေရသည်။ မိုဝူကျီသည် အသိပြန်ဝင် လာရန် သူ့ကိုသူ ပိတ်ရိုက်လိုက်သည်။ ထိုသည်က ရက်စက်သော တိုက်ပွဲ ဖြစ်လေ၏။ ဆေးလုံး ပေးလိုက်သည့် အင်မော်တယ်သည် သူ့အား ဘေးထွက်၍ မနေစေ လိုလောက်ပေ။ ထို့အပြင် သူသည် ဘေးထွက် မနေချင်ပေ။

နောက်ထပ် သွေးကြောဖွင့်ဆေးကို ဖွင့်သောက်လိုက်ပြီး မိုဝူကျီသည် နောက်တစ်ကြိမ် ရှေ့သို့ တက်လာပြန်သည်။

“ဘမ်း ... ”

မိုဝူကျီ ရှေ့တက်လာခိုက် လျှပ်စီးသည် သူ့ရင်ဘတ်သို့ ကျရောက် လာလေသည်။ သို့သော်လည်း မိုဝူကျီသည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်၍ ထိုသို့သော လျှပ်စီးသည် သူ့အား လွင့်မထွက်စေနိုင်ပေ။ ဓားကို ထုတ်လိုက်ပြီး သူသည် မိကျောင်း၏ လည်မျိုသို့ အတိအကျ ထိုးစိုက်လိုက်သည်။ ဓားပြန်နုတ် လိုက်သည့်အခါ သွေးများသည် ဒလဟော ပန်းထွက်လာလေသည်။ မရေတွက်နိုင်သည့် လျှပ်စီးများသည် မိုဝူကျီအပေါ်သို့ ကျရောက်လာလေသည်။ သို့သော် သူသည် ဂရုမစိုက်စွာ သူ့လက်ထဲမှ ဓားဖြင့် မိကျောင်းကိုသာ ထပ်ခါ ထပ်ခါ ထိုးစိုက်နေလေသည်။

“ဘမ်းဘမ်း ... ”

လျှပ်စီးများ ထိရိုက်သည့် အခိုက်အတန့်တွင် သူ့ချီသွေးကြောမှ ရှင်းလင်းသော အသံများကို ကြားလိုက်ရသည်။

ထိုအသံသည်ကား ကြည်နူးမှု လှိုင်းလုံးလေးမှ အဖော်ပြု လိုက်ပါလာသည်။ ထိုခံစားချက်သည် ရိုးရိုးလေးဖြင့် အံ့ဩဖို့ ကောင်းလှသည်။

မိုဝူကျီသည် ပျံနိုင်ပြီး ကောင်းကင်ကိုတောင် ထိတော့မည်ဟု ခံစားနေရသည်။ ထိုသည်က မှားယွင်းသော ယူဆချက် ဖြစ်မှန်းသိသော်လည်း သူ့၏ တတိယမြောက် ချီသွေးကြော ပွင့်ခြင်းမှ အေးချမ်းမှုသည် သူ့အား လွှမ်းမိုး သွားလေသည်။

သူသည် မိကျောင်းအား နောက်တစ်ကြိမ် ထပ်၍ ထိုးဖို့ရန် မတွန့်ဆုတ်နေပေ။ တစ်ချိန်တည်းတွင် သူ့လက်က အိတ်ကပ်ထဲ ရောက်သွားလေသည်။

သူသည် ခဏလောက် ရှာဖွေလိုက်သော်လည်း ဗလာ ကျင်းနေလေသည်။ မိုဝူကျီတွင် သူ့၏ သွေးကြောဖွင့် ဆေးရည် လုံးဝ ပြတ်လပ်သွားလေပြီ။

မိုဝူကျီ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၏။ ဆိုလိုတာ ငါက ချီသွေးကြော ထပ်ဖွင့်လို့ မရတော့ဘူးလား ...

“ဘမ်းဘမ်း ... ”

လျှပ်စီး နှစ်ချက်သည် မိုဝူကျီ ခန္ဓာအား လာရောက် ထိရိုက်လေသည်။

မိုဝူကျီသည် ချက်ချင်း နောက်ဆုတ် လိုက်လေသည်။ သွေးကြောဖွင့်ဆေး မရှိလျှင် သူသည် ထိုမိကျောင်း၏ လျှပ်စီးကို ထပ်၍ မထိရိုက်စေလိုချင်။ သူသည် အရူး မဟုတ်ပေ။

မိုဝူကျီ နောက်ဆုတ် လိုက်သောကြောင့် ဒေါသထွက်နေသော မိကျောင်းသည် အပြေးအလွှား လိုက်လာလေသည်။

မိုဝူကျီသည် ထိုမိကျောင်းများမှ တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံအရ သူတို့သည် ကလဲ့စား ချေတတ်ကြသည်။ အကယ်၍ သူသည် ထိုမိကျောင်းအား မသတ်ပါက လုံးဝ နောက်ဆုတ်၍ မရချေ။

ဆုံးဖြတ်လိုက်ပြီးနောက် မိုဝူကျီသည် နောက်မဆုတ်တော့ချေ။ သူသည် ဓားကို ထုတ်ကာ မိကျောင်းလည်မျိုကို ထပ်၍ ထိုးလိုက်သည်။

တစ်ချိန်တည်းတွင် သူ့ဆီ ပြေးလာသည့် အနီရောင် ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူ့ဘေးတွင် ဒေါသတကြီး လိုက်နေသာ လျှပ်စီးမိကျောင်း ပါရှိလေသည်။ ထိုလူသည် လျှပ်စီး မိကျောင်းအား ဒေါသထွက်အောင် ရန်စမိခြင်း ဖြစ်လိမ့်မည်။ မိုဝူကျီကို မြင်ကာ အနီရောင် ပုံရိပ်သည် အော်ပြောလိုက်သည်။

“မိတ်ဆွေ ... ငါ့ကို ကယ်ပါ ... မင်းကို စိတ်ကူး မယဉ်နိုင်တဲ့ ချမ်းသာမှုတွေနဲ့ အောင်မြင်မှုတွေကို ပေးပါ့မယ် ... ”

မိုဝူကျီ၏ စွမ်းဆောင်ရည်နှင့် ဆိုလျှင် ထိုလူကို ကယ်တင်ရသည်က လက်ဖမိုး လှန်သကဲ့သို့ လွယ်ကူလှသည်။ သူသည် နောက်လာမည့် လျှပ်စီးကို တားဆီးနိုင်လျှင် ထိုလူတွင် အသက်ရှင်နိုင်ခြေ ရှိ၏။

အကယ်၍ တခြား တစ်ယောက်ဆိုလျှင် မိုဝူကျီသည် ကယ်တင်ဖို့ရန် တွန့်ဆုတ် မနေလောက်ချေ။ သို့သော်လည်း ထိုလူကို သတိပြုမိပြီး မိုဝူကျီသည် ဒေါသထွက်လာ၏။

ထိုသူသည် ချင်ရှုန်းယုတဲကို ဖြဲပစ်ခဲ့သည့် အနီရောင်ဝတ်စုံနှင့် အမျိုးသားဖြစ်၏။ အကယ်၍ ပင်လယ်သားရဲ တိုက်ခိုက်မှုကြောင့် မဟုတ်လျှင် ချင်ရှုန်းယုဆီ ဆိုးရွားမှုတစ်ခုခု ဖြစ်လာလိမ့်မည်။

“မြန်မြန် သူ့ကို ကယ်လိုက် ... ” မိုဝူကျီသည် ထွက်ပြေးဖို့ လှည့်ထွက်စဉ် ပူပင်နေသော အသံသည် ထွက်ပေါ်လာ၏။

မိုဝူကျီသည် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ သူသည် အသံကို မကြားသကဲ့သို့ ခန္ဓာကိုယ်အား ဘေးသို့ လှည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့နောက် လိုက်လာသည့် မိကျောင်းသည် သူ့ဆီ ခုန်အုပ်လာလေ၏။ သူသည် မိကျောင်း တိုက်ခိုက်မှုကို အရင်က မရှောင်ရှားဖူး သော်လည်း ဤတစ်ကြိမ်တွင် အောင်အောင်မြင်မြင် ရှောင်နိုင်လိုက်သည်။

“ဘမ်းဘမ်း ... ”

လျှပ်စီးမိကျောင်း နှစ်ကောင်၏ လျှပ်စီးများသည် အနီရောင်ဝတ်စုံနှင့် အမျိုးသားဆီ ကျရောက် သွားလေသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် ဆက်လက် မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျလာသည်။ သူ့နောက် လိုက်လာသည့် မိကျောင်းသည် ခုန်အုပ်ကာ သူ့လည်ပင်းကို ခြေမွှ လိုက်လေသည်။ ထိုသူ့၏ မျက်လုံးများသည် အသက်မဲ့ သွားလေပြီ။

“မင်းက သေချင်နေတာပဲ ... ” ပုံရိပ်တစ်ခုသည် ပျံသန်းရောက်ရှိလာက မိုဝူကျီဘေးတွင် ရပ်လိုက်ပြီး သူ့အား ပိတ်ထိုး လိုက်လေသည်။

လက်သီး မြောက်လိုက်သည်နှင့် မိုဝူကျီသည် ပြင်းထန်သော၊ ထူးကဲသော အားတစ်ခုကို ခံစားလိုက်ရသည်။ ထိုအားသည် မိုဝူကျီအား နှလုံးသားထဲမှ အကြောက်တရားကို ဖြစ်ပေါ်စေသည်။ ထိုနောက်မှ အင်အားသည် အားကြီးလွန်းလှသည်။

“ရှောက်ဖန် ... မင်းသေချင်နေတာလား ... မင်းက ကျောက်စိမ်း ကွန်ရက်ဂိုဏ်းက ဖြစ်တာနဲ့ လုပ်ချင်တာ လုပ်လို့ရပြီ ထင်နေလား ... ဒါက မင်းလူတွေ စိတ်တိုင်းကျ သတ်နိုင်တဲ့ နေရာမဟုတ်ဘူး ... ” အေးစက်သော သရော်သံသည် ထွက်ပေါ် လာလေသည်။ မထူးမခြားနားသော မျက်နှာ အမူအရာနှင့် လူလတ် အမျိုးသားသည် မိုဝူကျီနောက်တွင် ရောက်ရှိလာသည်။

ထိုစကားများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရှိနေသော ပြင်းထန်သော အင်အားသည် တစ်စက်လေး မကျန် ပျောက်ကွယ်သွားလေသည်။

ထိုအသံသည် အလွန် ရင်းနှီးနေ၏။ ထိုသည်က သူ့အား ဝိညာဉ်ဆေးလုံး ပေးခဲ့သည့် သူဖြစ်နေလေသည်။ မိုဝူကျီသည် ကျေးဇူးတင်စကား ဆိုမည့်ဆဲဆဲတွင် နောက်ထပ် အလင်းတစ်ခု ကျရောက်လာလေသည်။ ထိုအလင်းအောက်တွင် မိုဝူကျီနှင့် တိုက်နေသော မိကျောင်းသည် နှစ်ပိုင်း ပြတ်သွားလေသည်။ တကယ်တမ်းတွင် မိကျောင်း တစ်ကောင်တည်း မဟုတ်ချေ။ နှစ်ကောင်လုံး ဖြစ်၏။

“ရှောက်ဖန် ... ရှင် လွန်လွန်းနေပြီ ... ဒီဂျူနီယာလေးက သူရဲကောင်း ဆန်ဆန် စွမ်းဆောင် ထားတာလေ ... သူအသက်ကို လောင်းကြေးထပ်ပြီး ခြေခြောက်ချောင်း မိကျောင်းနဲ့ တိုက်ခိုက်နေခဲ့တာ ... တစ်ဖက်မှာ ရှင်က ဘေးက ရပ်ကြည့်နေတယ် ... အခုကျမှ သူ့ကို လက်လွတ်စပယ် သတ်ချင်တယ်လား ... ” နောက်ထပ်အသံ ထွက်ပေါ်လာလေသည်။ ဤအကြိမ်တွင် အဝါရောင်ဝတ်စုံနှင့် မိန်းမလှလေး ဖြစ်နေ၏။ သူမတွင် ပိုးသားကဲ့သို့ ဆံနွယ်များရှိကာ အသားရေကား နှင်းကဲ့သို့ ဖွေးဆွတ်နေလေသည်။ သူမမျက်လုံးတွင် အေးစက်မှုများ မရှိပါက သူမအလှကား သုံးဆမြင့်တက် သွားလိမ့်မည်။

“စီနီယာချင် ... ဂျူနီယာ ညီမဝမ် ... ဘာဖြစ်တယ်ဆိုတာ ကြားကြမှာပါ ... ကျွန်တော်က သူ့ကို ဟောင်ကျန်းဟူကို ကယ်ဖို့ တောင်းဆိုခဲ့ပေမဲ့ သူက လုပ်မပေးခဲ့ဘူး ... အဲဒီအပြင် သူက လျှပ်စီးတွေကို အချိန်ကိုက် ရှောင်လိုက်လို့ အကုန်လုံး ဟောင်ကျန်းဟူအပေါ် ကျရောက် သွားခဲ့တယ် ... ” ရှောက်ဖန် အမည်ရှိသော အမျိုးသားသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

***

All Chapters