လောင်ဟိုင်ကုန်သည် အိမ်တော်မှ အထောက်အကူပြု အမှတ်
Vol. 4 Ch. 47
အဝါရောင် ဝတ်စုံနှင့် အမျိုးသမီးသည် နှာခေါင်းရှုံ့ သရော်လိုက်ပြီး
“ရှောက်ဖန် ... သူက တစ်ခါမှ မကျင့်ကြံဖူးသလို သိုင်းပညာကလည်း အလွန် အားနည်းတယ် ... လျှပ်စီးမိကျောင်း နှစ်ကောင် သတ်နိုင်ခဲ့တာက သူ့ရဲ့ကုသဆေးနဲ့ သူ့ရဲ့ တစ်ဇွတ်ထိုး အပြုအမူတွေကြောင့် ဖြစ်လာတာ ... သူက ရှင့်သူငယ်ချင်းကို အဲဒီ မိကျောင်းတွေကနေ ကယ်တင်နိုင်မယ်လို့ ထင်နေလား ... ”
“ဂျူနီယာညီမ ဝမ်အာ ... ငါက ဒီလိုပြောတာ မဟုတ်ပါဘူး ... ” ရှောက်ဖန်သည် ကိုယ့်ဘာသာ ကာကွယ်ကာ ရှင်းပြဖို့ ကြိုးစားလိုက်သည်။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် လက်ပြ တားလိုက်ကာ
“ရှောက်ဖန် ... ငါ့ကို ချူဝမ်အာလို့ပဲ ခေါ်ပါ ... ပြီးတော့ ရှင့်ရဲ့ ဂျူနီယာ ညီမလည်း မဟုတ်ဘူး ... ရှင်က ကျောက်စိမ်း ကွန်ရက်ဂိုဏ်းက ကျွန်မက ကောင်းကင် ဘုရားကျောင်းဂိုဏ်းက ဂိုဏ်းတွေ မတူဘူး ... အဲဒီလို ဖြစ်လာမှတော့ ရှင့်ကို မိတ်ဆွေတစ်ယောက် အနေနဲ့ ပြောလိုက်မယ် ... ရှင့်လိုမျိုး ဂိုဏ်းကြီး တစ်ခုက ဂိုဏ်းသားက ဒီထက်ပိုပြီး သည်းခံမှုနဲ့ သက်ညှာမှုတွေ ရှိသင့်တယ် ... ဒီလိုနေရာကျ စီနီယာ ဟောင်ယုချောင်က ရှင့်ထက် အများကြီး ပိုသာတယ် ... ”
ရှောက်ဖန် မျက်နှာသည် ပျက်ယွင်းလာပြီး ဒေါသတကြီးဖြင့်
“ငါ့ကို အဲဒီကောင်နဲ့ လာမနှိုင်းနဲ့ ... ”
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဆက်၍ မပြောတော့ပေ။ မိုဝူကျီသည် အင်မော်တယ်ဆရာ ချင်နှင့် အဝါရောင် အမျိုးသမီးအား ကျေးဇူးတင်မည့် ဆဲဆဲတွင် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေသည်။ မိုဝူကျီ လှည့်ကြည့် လိုက်သောအခါ မိကျောင်းနှင့်ဖား အစုလိုက် အပုံလိုက်ကို တွေ့ရှိလိုက်ရသည်။
ကုန်းပတ်ပေါ်တွင် သွေးညှီနံ့ဖြင့် ပြည့်နှက်နေကာ အလောင်းများလည်း ပြန့်ကျဲနေလေသည်။ တချို့ အလောင်းများက မိကျောင်းများ ဖြစ်ကြပြီး တချို့က ခရီးသည်များ ဖြစ်ကြ၏။
သေဆုံးနေကြသော ခရီးသည်များသည် မီးကျွမ်းကာ မည်းတူးနေကြ၏။ တစ်ဖက်တွင် တချို့သော လျှပ်စီးမိကျောင်း များသည်သာ လည်မျိုမှ ထိုးဖောက်ကာ အသတ်ခံရပြီး အများစုကား နှစ်ပိုင်းပြတ်ကာ သေဆုံးနေကြလေသည်။
မိုဝူကျီသည် အများစုကို အင်မော်တယ်များမှ သတ်လိုက်တာလားဟု မေးနေရန် မလိုအပ်ချေ။
“ဝူကျီ ... မင်း အဆင်ပြေရဲ့လား ... ” မိကျောင်းများ နောက်ဆုတ် သွားသောအခါ ယွန်ကျန်းရီသည် ချက်ချင်း မိုဝူကျီကို ရှာရန် ပြေးလာလေသည်။ အရင်က သူသည် မိုဝူကျီနှင့် တိုက်ရင်း ခိုက်ရင်း ကွဲကွာသွား၏။ သူ့ကိုယ်သူ ကာကွယ်ဖို့ရန် ခက်ခဲနေသောကြောင့် မိုဝူကျီကို အာရုံ မစိုက်နိုင်ခဲ့ပေ။
“ငါ အဆင်ပြေပါတယ် ... ဘူအာရော ဘယ်လိုလဲ ... ” မိုဝူကျီသည် စိုးရိမ်စွာ မေးမြန်းလိုက်သည်။
“ဝူကျီ ... အစ်ကိုကျန်းရီ ... ငါလည်း အဆင်ပြေပါတယ် ... ” တင်းဘူအာလည်း ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ်ကား မည်းတူးနေလေ၏။ ကြည့်ရသည်မှာ ဤတိုက်ခိုက်မှု အတွင်း အသက် ရှင်ကျန်ရစ်ရန် သူ့အတွက် လွယ်ကူပုံ မရပေ။
“အင်မော်တယ် သခင်များ ... ကျွန်တော်တို့ကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ” ယွန်ကျန်းရီနှင့် တင်းဘူအာတို့ နှစ်ယောက်လုံး အဆင်ပြေသည်ကို မြင်သောအခါ မိုဝူကျီက လှည့်ကာ အင်မော်တယ် သခင်ချင်နှင့် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးအား ကျေးဇူးစကား ဆိုလိုက်သည်။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ခေါင်းညိတ်ပြပြီး ဘာမှ မပြောခဲ့ပေ။
တစ်ဖက်တွင် အင်မော်တယ် သခင် ချင်သည် မိုဝူကျီအား ကြည့်နေပြီး စကားဆိုလိုက်သည်။
“မင်းလုပ်ဆောင်ချက်တွေက မဆိုးဘူး ... မင်း တစ်ယောက်ခန်း နေနိုင်တယ် ... ” မိုဝူကျီကား အလျင်အမြန် တုံ့ပြန်လိုက်သည်။
“အင်မော်တယ်ကို ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ကျွန်တော် အခု မျှဝေအိမ်မှာ ကောင်းကောင်း နေနေရပါတယ် ... ”
မိုဝူကျီသည် ရှောက်ဖန်အား တစ်နည်းနည်းဖြင့် ရန်စမိလိုက်၏။ မိုဝူကျီသည် ရှောက်ဖန်ကဲ့သို့ ပါရမီရှင်မျိုးနှင့် ဆန့်ကျင်ကာ မိမိဘာသာ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူသည် တစ်ယောက်ခန်းတွင် နေပါက သူသည် မည်သူမှ မသိခင် အသတ်ခံရနိုင်သည်။ အနည်းဆုံးတော့ မျှဝေအိမ်တွင် ဘေးကင်းသေး၏။
အင်မော်တယ် သခင်သည်လည်း ဆက်၍ မတိုက်တွန်းတော့ပေ။ ထို့အစား သူသည် မေးခွန်းပြောင်း၍ မေးလိုက်သည်။
“မင်းရဲ့ ဝိညာဉ်ကြောတွေက ဘယ်လိုလဲ ... ”
မိုဝူကျီသည် ကိုယ့်ဘာသာ နှိမ့်ချကာ
“ကျွန်တော် အရင်က တစ်ခါ စမ်းသပ်ဖူးပေမဲ့ ဝိညာဉ်ကြောက အရမ်းကို အားနည်းပြီး သူတို့က သေမျိုးဝိညာဉ်ကြော သာသာ ဖြစ်နေတယ် ... ”
မိုဝူကျီသည် သေချာပေါက် လိမ်နေခြင်း ဖြစ်၏။ သူသည် ဝိညာဉ်ကြောကို တစ်ခါတည်း စမ်းသပ်ခဲ့ခြင်း မဟုတ်ဘဲ နှစ်ခါ ဖြစ်၏။ ထို့အပြင် သူ့ဝိညာဉ်ကြောသည် အားနည်းနေခြင်း မဟုတ်ဘဲ လုံးဝ မတည်ရှိခြင်း ဖြစ်၏။ သူသည် သေမျိုး ဝိညာဉ်ကြောနှင့် သေမျိုး တစ်ယောက်သာ ဖြစ်လေသည်။
မိုဝူကျီသည် အင်မော်တယ် သခင်ချင်ကို သူ့အား သဘောကျစေကာ အင်မော်တယ်ချင်၏ ဂိုဏ်းသို့ ဝင်ရောက်လိုရန် ဖိတ်ခေါ်လိုငြား မပြောခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ချီသွေးကြော သုံးကြောကို ဖွင့်ပြီး၍ ဝိညာဉ်ကြော ရှိနေမည်ကို အနည်းငယ် လန့်မိ၏။ ထို့ကြောင့် သူသည် ထွက်ပေါက်တစ်ခု ချန်ထားခြင်း ဖြစ်လေသည်။
အင်မော်တယ် ချင်က မိုဝူကျီ စကားများ ကြားလိုက်သောအခါ သူ့မျက်လုံးတွင် အနည်းငယ် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ် လာလေသည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ကာ အဝေးသို့ ခြေစလက်စ မကျန် ပျောက်သွားလေသည်။ မိုဝူကျီ၏ အားထုတ်မှုနှင့် ဇွဲလုံ့လနှင့် ဆိုလျှင် သူသည် မျိုးစေ့ကောင်း ဖြစ်နိုင်၏။ သို့သော်လည်း မျိုးစေ့ကောင်းသည်ပင် ကျင့်ကြံနိုင်ရန် လိုအပ်သေး၏။ ဝိညာဉ် မပါရှိလျှင် မိုဝူကျီသည် သာမန် သေမျိုးသာ ဖြစ်၏။ သူ့၏ မဆုတ်နစ်သော ဇွဲဖြင့် ဤနေရာထိ ရောက်လာနိုင်ခြင်း ဖြစ်လေသည်။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးတွင်လည်း အနည်းငယ် နောင်တတရားတို့ ကြီးစိုးနေလေသည်။ ထို့နောက် သူမလည်း လှည့်ကာ ထွက်သွားလေသည်။ ရှောက်ဖန်သည်လည်း မိုဝူကျီအား ဆက်၍ ပြဿနာ မရှာတော့ပေ။ ထို့အစား သူသည် အဝါရောင်အမျိုးသမီး နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။
ကုန်းပတ် တစ်ခုလုံးတွင် သွေးများဖြင့် ပေကျံနေလေသည်။ လူအချို့သည် ခန္ဓာကိုယ်များကို စတင်၍ သန့်စင်နေကြသည်။ မိုဝူကျီ အကြမ်းဖျင်း ခန့်မှန်းချက်အရ အနည်းဆုံး လူနှစ်ထောင်လောက် သေဆုံးလောက်မည်။
တိုက်ခိုက်မှု တစ်ခုတည်းဖြင့် လူများစွာ သေဆုံးခဲ့ကြရသည်။ အကယ်၍ ဆက်လက်၍ တိုက်ခိုက်ခံရပါက ချန်လောင်သို့ ခရီးသည်ဦးရေ လူတစ်ဝက်ထက် နည်းကာ ရောက်ရှိလိမ့်မည်။ မိုဝူကျီသည် အဘယ်ကြောင့် လူများသည် လက်စားချေရန် မလုပ်ဆောင် ကြလဲဟု နားလည် သွားလေသည်။ အကယ်၍ သင်္ဘောပေါ်တွင် လူများများ ရှိနေပါက ပင်လယ်သားရဲများ တိုက်ခိုက်မှုမှ အသက်ရှင်နိုင်မည့် အခွင့်အရေးသည်လည်း ပို၍ များသွားလိမ့်မည်။ အင်မော်တယ်များမှ လွဲလျှင် ဤနေရာတွင် အားလုံးသည် အချိန်မရွေး သေဆုံးနိုင်၏။
“ဝူကျီ ... မင်းဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်ဘူးကွ ... ” ယွန်ကျန်းရီသည် အင်မော်တယ်များ ထွက်သွားသောအခါ စိုးရိမ်စွာ ပြောလိုက်သည်။ သူသည် မိုဝူကျီ ခန္ဓာက သွေးတွေဖြင့် ရွှဲရွှဲစိုနေသည့် အပြင် မည်းတူးနေသည်ကို မြင်လေသည်။ ရလဒ်အနေနှင့် သူသည် မိုဝူကျီကား ပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်း ဖြစ်မည်ဟု တွေးထင်လိုက်၏။
သို့သော်လည်း မိုဝူကျီသည် သူ့ဒဏ်ရာများသည် အမှန်တကယ် မပြင်းထန်ကြောင်း သိ၏။ ထိုသည်က အင်မော်တယ် ချင်ပေးလိုက်သည့် ဝိညာဉ်ဆေးလုံးကြောင့် ဖြစ်၏။
“ကျန်းရီ ... ငါ အဆင်ပြေပါတယ် ... ငါတို့ ပြန်ရောက်ရင် ပြောပြမယ် ... ”
ထိုအခိုက်အတန့်တွင် အညိုရောင်ဝတ်ရုံနှင့် အမျိုးသားသည် မိုဝူကျီအား ခေါ်ရင်း ရောက်လာလေသည်။
“ခဏစောင့်ပါဦး ... ခင်ဗျားက ချန်ယန်ပြည်နယ်ကနေ ၃၂ ခုမြောက် မျှဝေအိမ်မှာ နေတဲ့ မိုဝူကျီများလား ... ” (သင်္ဘောပေါ်တက်စဉ် မိုဝူကျီသည် ချန်ယန်ပြည်နယ် မင်းသား၏ နောက်လိုက် အနေနှင့် လိုက်ပါခဲ့ခြင်း ဖြစ်၏)
မိုဝူကျီသည် ထိုလူအား အံ့ဩတကြီး ကြည့်လိုက်သော်လည်း ထိုလူအား မသိပေ။ သို့သော် ထိုအမျိုးသားသည် ခြားနားလှသည်။ သူ့လက်ထဲတွင် အချက်အလက်များ ပါဝင်ပုံရသည့် စာအုပ်ကို ကိုင်ဆောင်ထားသည်။
“ဟုတ်ပါတယ် ... ကျွန်တော်က မိုဝူကျီပါ ... ” မိုဝူကျီသည် ခေါင်းကို ညိတ်ကာ သံသယ အတွေးများဖြင့် ဖြေကြားလိုက်သည်။
အညိုရောင် ဝတ်ရုံနှင့် အမျိုးသားသည် စာအုပ်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“အဆင်ပြေသွားပြီ ... ကျွန်တော်က လောင်ဟိုင် ကုန်သည်အိမ်တော်က အမှူထမ်းပါ ... အခု ခင်ဗျားက လျှပ်စီးမိကျောင်း နှစ်ကောင် သတ်လိုက်တာလေ ... ခင်ဗျားအတွက် ဘယ်သွားသွား အဲဒီဟာတွေကို သယ်ယူသွားဖို့ အဆင်မပြေလောက်ဘူး ဟုတ်တယ်မလား ... ကျွန်တော်တို့ လုပ်ငန်းက ဒါကို ဝယ်ဖို့ စိတ်ဝင်စားပါတယ် ... ခင်ဗျားကို ရွှေပြားဖြစ်စေ သို့မဟုတ် ကျွန်တော်တို့ လောင်ဟိုင်ကုန်သည် အိမ်မှ အထောက်အကူပြု အမှတ်တွေနဲ့ဖြစ်စေ ပေးချေနိုင်ပါတယ် ... ”
ဘာတွေလဲ ... လျှပ်စီးမိကျောင်းတွေက သတ်လိုက်တဲ့သူ ပိုင်တာလား ... ဒီသင်္ဘောပေါ်မှာ ရှိတဲ့ အင်မော်တယ်တွေ ပိုင်တာ မဟုတ်ဘူးလား ... အို ဟုတ်သား ... အင်မော်တယ်တွေက ဒီလိုအဆင့်နိမ့် သားရဲတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး ...
“ဝူကျီ ... မင်း နှစ်ကောင်တောင် သတ်နိုင်ခဲ့တာလား ... ” ယွန်ကျန်းရီသည် မိုဝူကျီအား တအံ့တဩ ကြည့်ကာ မေးလိုက်သည်။ မိုဝူကျီသည် ယင်ဟန်ပြည်နယ်မှ အစောင့်ကို တိုက်ခိုက် ကတည်းက ယွန်ကျန်းရီသည် မိုဝူကျီကား သူ့တွင် နည်းလမ်းများ ရှိသည်ကို သိလိုက်၏။ သို့သော်လည်း သူသည် မိုဝူကျီအား အထင်ကြီးသော်ငြား မိုဝူကျီသည် လျှပ်စီးမိကျောင်း နှစ်ကောင်ကို သတ်နိုင်လိမ့်မည်ဟု တွေးမထားခဲ့ချေ။
မိုဝူကျီသည် ခေါင်းညိတ်ကာ
“ဟုတ်တယ် ... စောစောက လျှပ်စီးမိကျောင်း နှစ်ကောင်ကို သတ်လိုက်တာ ... ”
မိုဝူကျီသည် အညိုရောင် ဝတ်ရုံနှင့် အမျိုးသားသည် လှည့်ကာ မေးလိုက်သည်။
“စီနီယာ ... လောင်ဟိုင်ကုန်သည် အိမ်က အထောက်အကူပြု အမှတ်တွေက ဘာများလဲ ... ”
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားသည် လျင်မြန်စွာ ပြောလိုက်သည်။
“လောင်ဟိုင် ကုန်သည်အိမ်ရဲ့ ဖောက်သည်တွေက တစ်ယောက်ချင်း ဒါမှမဟုတ် အမြဲတမ်း ဖောက်သည်တွေ ဖြစ်ကြတယ် ... အမြဲတမ်း ဖောက်သည်ကြားမှာ အဆင့်ငါးဆင့် သတ်မှတ်ထားတယ် လိမ္မော် ... အစိမ်း ... အပြာ ... မဲနယ်နဲ့ ခရမ်းတို့ အစဉ်လိုက်ပဲ ... လောင်ဟိုင် ကုန်သည်အိမ်က တစ်ခုခု ဝယ်သရွေ့ မင်းက ငါတို့ရဲ့ လိမ္မော်ကတ် အတွက် လက်မှတ် ထိုးနိုင်တယ် ... ဒီကတ်တွေက အမှတ်တွေ တွက်ချက်ပေးတာ ... မင်းမှာ အမှတ် လုံလုံလောက်လောက် ရှိတာနဲ့ မင်းကတ်ကို အဆင့်မြင့်လို့ ရပြီ ... ညီလေးမိုက လျှပ်စီးမိကျောင်း နှစ်ကောင်ကို သတ်နိုင်ခဲ့တယ် ... ငါတို့ဘက်က ရွှေပြား နှစ်သောင်းပေးနိုင်တယ် ... ဒါမှမဟုတ် လောင်ဟိုင် ကုန်သည်အိမ်ရဲ့ အမှတ် ၂၀၀ ပေးနိုင်တယ် ... ”
ရွှေပြား နှစ်သောင်းက သာမန်လူ တစ်ယောက် အတွက် များသည်ဟု ယူဆ၍ ရသည်။ သို့သော်လည်း မိုဝူကျီအတွက် မဟုတ်ပေ။ သူသည် ချက်ချင်း မေးလိုက်သည်။
“အဲဒီအမှတ်တွေက ဘာတွေ အသုံးဝင်လဲ ... ”
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားက ရယ်မောလိုက်ပြီး
“ငါတို့ အမှတ်တွေ ငါတို့ဈေးဆိုင်မှာ ရှိတာတွေ အားလုံးနှင့် လဲလို့ရတယ် ... ကျင့်စဉ်တွေ ... ဆေးလုံးတွေ ... တချို့ ဝိညာဉ်ပစ္စည်းတွေတောင် လဲလှယ်လို့ ရတယ် ... ”
“ကျွန်တော် အမှတ်တွေ လိုချင်တယ် ... ” မိုဝူကျီသည် ထိုလူစကား ဆုံးအောင် မစောင့်ဘဲ ဖြတ်ပြောလိုက်သည်။ ကျင့်စဉ်ဟု သူကြားခိုက်တွင် သူသည် အမှတ်များကို ရွေးချယ်ဖို့ မတွန့်ဆုတ် နေတော့ပေ။
သူက ဆက်လက်၍ မေးလိုက်သည်။
“ကျင့်စဉ်တစ်ခု လဲယူဖို့ အမှတ်ဘယ်လောက် လိုလဲ ... ”
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားလေသံက ပို၍ လေးနက်လာပြီး
“ကောင်းပြီ ... ဒါက အဆင့်ပေါ် မူတည်တယ် ... အနိမ့်ဆုံးဆို တစ်ထောင်ကနေ တစ်သောင်း ဝန်းကျင်လောက် ... အမြင့်ဆုံးအဆင့်ဆို မင်းမှာ အမှတ် မီလီယံချီပြီး ရှိရင်တောင် ဝယ်လို့ မရနိုင်ဘူး ... ”
မိုဝူကျီသည် သက်ပြင်း ချလိုက်မိသည်။ သူသည် ထိုလျှပ်စီးမိကျောင်း နှစ်ကောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့သော် အမှတ် ၂၀၀သာ တန်လေသည်။ အနိမ့်ဆုံးကျင့်စဉ် ရရန်ပင် အိပ်မက်သာသာ ဖြစ်လာလိမ့်မည်။
“အဲဆို ... အမှတ်တွေ ဘယ်လိုရအောင် လုပ်ရမလဲ ...” မိုဝူကျီသည် အလျင်အမြန် မေးလိုက်သည်။
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားသည် ပြန်ဖြေလိုက်သည်။
“နည်းလမ်းက အများကြီး ရှိပါတယ် ... ဝိညာဉ်ဆေးပင်တွေ ... ဆေးလုံးတွေ ... ဒါမှမဟုတ် လုပ်ဆောင်ချက်တွေ ပြီးမြောက်အောင် ဆောင်ရွက်တာမျိုးနှင့် ဖြစ်ဖြစ်ပေါ့ လဲလှယ်လို့ ရတယ် ... ”
***