← Chapters

တကယ်တော့ ခင်ဗျား ရှုံးတာ သိပ်မမျှတဘူး

Vol. 6 Ch. 71

တကယ်တော့ ခင်ဗျား ရှုံးတာ သိပ်မမျှတဘူး

Vol. 6 Ch. 71

စင်မြင့်ထက်မှ ဘယ်ဘက်တွင်ရှိနေသော လူငယ်အား ညွှန်ပြကာ ဟန်မူယဲ့က ထူးမခြားနားစွာ ပြောသည်။

“ဒီတစ်ခေါက် လင်ကြွယ်ဂိုဏ်းရဲ့ ချီတောက်အနိုင်ရလိမ့်မယ်”

သူ၏အသံမှာ သိပ်မကျယ်သော်လည်း အာရုံစိုက်နေသော ဂိုဏ်းအသီးသီးမှ ပညာရှင်များအားလုံး ကြားကြရသည်။

“အင်… ဘာလို့ ဒီလို ပြောတာလဲ” သူ့ရှေ့တွင် ဆံပင်ဖြူနှင့် အစိမ်းရောင်အစင်းကြောင်းဝတ်စုံဝတ်ထားသော ဆရာကြီးတစ်ဦးက ဟန်မူယဲ့အား ပြုံးလျှက် မေးသည်။

“ကျုပ်က လင်ကြွယ်ဂိုဏ်းရဲ့ ချီမင်ယွမ်ပါ။ မင်းက ချီတောက်အနိုင်ရမယ်လို့ ဘာ့ကြောင့် ပြောနိုင်တာလဲ”

“ကျုပ်တို့ သွမ့်ဟွာဓားဂိုဏ်းရှုံးမယ်လို့ ဘာလို့ မင်းက သေချာနေရတာလဲ”

နောက်ထပ်အဖိုးအိုတစ်ဦးကလည်း နောက်လှည့်ကာ မေးသည်။ သူ၏အမူအရာက သိပ်ကြေနပ်ဟန်မရသော်လည်း တည်ငြိမ်နေသည်။

တခြားလူများကလည်း အနည်းနှင့်အများ ဟန်မူယဲ့ကို အာရုံစိုက်နေကြ၏။

သူ မှတ်ချက်ပေးခဲ့သော ပွဲစဉ်မှ သက်ဆိုင်ရာဂိုဏ်း အကြီးအကဲနှစ်ဦးသည် သူ့ရှေ့တွင် ထိုင်နေမည်ဟု ဟန်မူယဲ့ မထင်မှတ်ထားချေ။

အခြေအနေက တခဏမျှ ရှိုးတိုးရှန့်တန့် ဖြစ်သွားသည်။

သူက ဘေးကို ကြည့်လိုက်လျှင် ထို့ပါ့ချန်မှာ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ထိုင်နေသော်လည်း ကျောက်ဖူသည်လည်း စိတ်ဝင်တစားဖြင့် ကြည့်နေသည်ကို တွေ့ရသည်။ သူကလည်း ဟန်မူယဲ့ အဘယ်ကြောင့် ထိုမျှ ယုံကြည်မှုရှိစွာဖြင့် မှတ်ချက်ပေးသည်ကို သိလို၏။

ဤသည်က ထို့ပါ့ချန်၏စမ်းသပ်မှု ဖြစ်နေမှတော့ ဟန်မူယဲ့လည်း နောက်ဆုတ်မနေတော့ပေ။

“စင်ပေါ်က လူနှစ်ယောက်ဟာ သူတို့ဂိုဏ်းရဲ့ အတော်ဆုံးတပည့်တွေတော့ မဟုတ်ဘူး။ သူတို့ရဲ့ မှတ်တမ်း၊ ကျင့်ကြံဆင့်နဲ့ ဆင်ခြင်နားလည်မှုကလည်း ဆင်တူတယ်”

ဟန်မူယဲ့က သူ့ရှေ့မှ စာရွက်ကို မြှောက်ကာ ပြောသည်။

ကျောက်ဖူ ခေါင်းညိတ်သည်။

ထိုအချက်ကြောင့်ပင် ကျောက်ဖူသည် ထိုပွဲစဉ်အား အကဲဖြတ်ရန် တွန့်ဆုတ်နေခဲ့သည်။

အဖြေမပေးနိုင်ခြင်းက ပြဿနာမဟုတ်သော်လည်း အဖြေပေးလိုက်၍ မှားသွားပါက ရှက်စရာကောင်းပေသည်။

“ဒါပေမဲ့ ကျုပ်တို့ဓားသမားတွေဟာ ဓားချီနဲ့ဓားအရိုးရှိသင့်တယ်”

“အခု ချီတောက်ရဲ့ ပုံစံနဲ့ အရှိန်အဝါဟာ စင်ပေါ်မှာ ပိုပြီး သန်မာနေတယ်”

“ဆရာဦးလေးပြောသလို သူ့မှာ ပညာရှင်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိရှိတယ်”

ကျောက်ဖူ မှင်တက်သွားကာ စင်မြင့်ထက်ကို ကြည့်လိုက်သည်။

သိသာစွာပင် တိုက်ပွဲစသည်နှင့် မူလက သူမသာ ကိုယ်မသာ အခြေအနေဟု ယူဆထားသော သူနှစ်ဦးတို့၏တိုက်ပွဲမှာ တစ်ဖက်သတ်ကြီး ဖြစ်နေသည်။

လင်ကြွယ်ဂိုဏ်းမှ ချီတောက်သည် သူ၏ဓားကို ဝှေ့ယမ်းလျှင် ဓားချီများ လွင့်ပျံ့ကြသည်။

သူ့ပြိုင်ဘက်မှာ လုံးဝ အဖိခံနေရကာ နောက်ကို အဆက်မပြတ် ဆုတ်နေရ၏။

“ဒါက တကယ်ပဲ…”

ကျောက်ဖူ တီးတိုးရေရွက်သည်။

ဂိုဏ်းအသီးသီးမှ ပညာရှင်များကလည်း ခေါင်းညိတ်ကြသည်။

လင်ကြွယ်ဂိုဏ်းမှ ချီမင်ယွမ်သည် နောက်လှည့်ကာ ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ပြသည်။

စင်မြင့်ထက်တွင် တိုက်ပွဲရလဒ်ကား ထွက်ပေါ်နေလေပြီ။

ဆယ်ကွက်မပြည့်ခင်တွင် ချီတောက်သည် တစ်ဘက်လူ၏ဓားကို လွင့်စင်သွားစေသည်။

တိုက်ပွဲရလဒ်ကား ဟန်မူယဲ့ ခန့်မှန်းထားသလို ဖြစ်သည်။

“လင်ကြွယ်ဂိုဏ်းရဲ့ ချီတောက် အနိုင်ရတယ်”

စင်မြင့်ထက်မှ တာဝန်ခံက အော်လိုက်သည်။

ရှေ့တန်းမှ လူအများအပြားသည် နောက်လှည့်ကာ ဟန်မူယဲ့အား စိတ်ဝင်တစား ကြည့်ကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူငယ်မျိုးဆက်ထဲတွင် ထိုမျှ ကောင်းမွန်သော ခန့်မှန်းမှုများ ပြုလုပ်နိုင်သူမှာ သာမန်မဟုတ်ချေ။

“ဟီးဟီး… မိတ်ဆွေလေး… မင်းက ချီတောက်ရဲ့ပွဲကို အကဲဖြတ်ပေးနိုင်မလား”

ချီမင်ယွမ်က ဟန်မူယဲ့အား ပြုံးလျှက် ပြောသည်။ ထို့နောက် သူက စင်မြင့်ထက်မှ လူနှစ်ဦးအား လက်ညိုးထိုးပြ၏။

ပွဲအကဲဖြတ်သည့်တာဝန်အား သူ့ကို ပေးနေသည်လား။

ဟန်မူယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

ယခင်ပွဲစဉ်များကို အကဲဖြတ်ပေးသူများမှာ ဂိုဏ်းအသီးသီးမှ ပညာရှင်များဖြစ်ကြသည်။ သူတို့၏ကျင့်ကြံဆင့်မှာ ကမ္ဘာမြေအဆင့်များဖြစ်ကြကာ အနည်းဆုံး အခြေခံအုတ်မြစ်အဆင့်၌ ရှိကြ၏။

ထိုလူများမှာ အတွေ့အကြုံကြွယ်ဝကာ ပညာအဆင့်မြင့်ကြ၏။ ၎င်းသည် သာမန်စကားစမြည်ဆိုလျှင်ပင် များစွာသော ဗဟုသုတများ ပါဝင်သည်။

ထိုလူများနှင့်ယှဉ်ပါက ဟန်မူယဲ့၏အတွေ့အကြုံမှာ စာရွက်ကဲ့သို့ ပါးလွှာသည်။

“ဂျူနီယာညီလေးဟန်… စကားနည်းနည်း ပြောလိုက်ပါ”

ကျောက်ဖူ ရှေ့ကို ကြည့်ကာ ပြောသည်။

“ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီပွဲကို တာဝန်ယူစီစဉ်တယ်။ တကယ်လို့ ထူးခြားထက်မြက်တဲ့သူတွေရှိရင် ငါတို့က သူတို့ကို ထောက်ပံ့ဖို့ ဆန္ဒရှိတယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပြိုင်ပွဲ၌ ကောင်းကောင်းစွမ်းဆောင်နိုင်သူများအား ဆုကြေးများ ကောင်းကောင်းပေးအပ်သွားမည်ဟု ယမန်နေ့က ကျောက်ဖူသည် ဟန်မူယဲ့အား ပြောခဲ့သည်။

‘ဤသည်က ရင်းနှီးမြှုတ်နှံခြင်းလို့ သတ်မှတ်နိုင်သလား’

ထိုလူများသည် နောက်တွင် အောင်မြင်လာပါက ဂိုဏ်းကို ပြန်၍ အကူအညီဖြစ်စေပေမည်။

ကျင့်ကြံခြင်းလောက၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အရင်းအမြစ်များဖြင့် ထောက်ပံ့ခံရသူမှား ရှားပါးပေသည်။ နောက်တွင် သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အဆက်အဆံပြုလုပ်ကာ ဂိုဏ်းအတွက် ကူညီထောက်ပံ့ကြရသည်။

ကျောက်ဖူ၏စကားကိုကြားလျှင် ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်သည်။

ကျောက်ဖူက သူ့အား လွတ်လပ်စွာ အကဲဖြတ်ရန် ပြောနေခြင်း ဖြစ်သည်။

“အဟမ်း…”

မတ်တပ်ရပ်ကာ ဟန်မူယဲ့ အသာအယာ ခြောင်းဟန့်လိုက်သည်။

ချက်ချင်းပင် စင်မြင့်ထက်မှ လူနှစ်ယောက်နှင့် လူသူပရိသတ်များအားလုံး သူ့ကို လှမ်းကြည့်ကြ၏။

ချီတောက်နှင့် အနီးအနားမှ လူများအားလုံးမှာလည်း အံ့အားသင့်သွားကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထိုမျှ ငယ်ရွယ်သောလူငယ်တစ်ဦးသည် တိုက်ပွဲအား အကဲဖြတ်မည်လား။

ဂိုဏ်းအသီးသီးမှ လူများသည် ဟန်မူယဲ့ကို ကြည့်ကာ တီးတိုးဆွေးနွေး ပြောဆိုကြသည်။

ဟန်မူယဲ့မှာ သူတို့နှင့် အသက်အတူတူခန့် ရှိသည်။ သူသည် အတွင်းစည်းဂိုဏ်းတပည့်ဝတ်စုံကို ဝတ်ထားသော်လည်း ဤသို့သော တိုက်ပွဲများကို အကဲဖြတ်ရန် အဆင့်မှီပါသလော။

“အဲဒါ ဘယ်သူလဲ… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အတွင်းစည်းဂိုဏ်းတပည့်တစ်ယောက်လား”

တစ်ယောက်က နားမလည်စွာ ရေရွက်သည်။

“ငါ မသိဘူး… သူက ပညာရှင်လည်း ဖြစ်နိုင်တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အတွင်းစည်းဂိုဏ်းသား ကျောက်ဖူဟာ သူနဲ့ဘေးချင်းကပ်ထိုင်နေတာ မင်း မတွေ့ဘူးလား”

“ဂျူနီယာမောင်လေးဟန်…”

စင်မြင့်အောက်တွင် လုချန်းဖျင်သည် ထရပ်ကာ အကဲဖြတ်တော့မည့် ဟန်မူယဲ့အား အံ့အားသင့်စွာ ကြည့်သည်။

“အာ… အဲဒါ သူပဲ…”

လင်းယွီရှ မျက်တောင်ပင့်လိုက်သည်။

“အဲဒါ သူပဲ…”

စင်မြင့်အောက်တွင် စုကျန်းဆေးဆိုင်၌ ဟန်မူယဲ့အား တွေ့မြင်ခဲ့သောလူငယ်က တအံ့တဩ ရေရွက်သည်။

သူ့နောက်မှ နောက်ထပ်လူငယ်တစ်ဦးကလည်း မျက်မှောင်ကုပ်ကာ ဟန်မူယဲ့အား လှမ်းကြည့်သည်။

“အာ… စီနီယာအစ်ကိုဟန်က တကယ်ပဲ ဒီတိုက်ပွဲကို အကဲဖြတ်တော့မှာပဲ”

စင်မြင့်နှင့်သိပ်မဝေးသောနေရာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်တစ်စု ရှိနေကြသည်။ စိတ်ဝင်တစားဖြင့်ပင် ချောင်းချင်းအာက ပြုံးလျှက် ပြောသည်။

ချောင်းချင်းအာဘေးတွင် ဟွားဖျင်က ခေါင်းငုံ့ကာ သူ၏ဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏မျက်နှာက သိပ်မကောင်းချေ။

“လင်ကြွယ်ဂိုဏ်း… ချီတောက်”

ဟန်မူယဲ့ ပြောလိုက်သည်။

ချီတောက်က အလျင်အမြန် လက်နှစ်ဖက်ဆုပ်လိုက်၏။

“ခင်ဗျားဟာ လင်ကြွယ်ဓားဂိုဏ်းရဲ့ မူပိုင်ဓားသိုင်း တိမ်ခွင်းဓားသိုင်းကို လေ့ကျင့်တယ်မလား”

ဟန်မူယဲ့က ပြောသည်။

ချီတောက်က ဟန်မူယဲ့အား ကြည့်သည်။

ထိုအချက်အလက်မှာ ပြိုင်ပွဲမတိုင်မီကတည်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မှတ်တမ်း၌ တင်ပြထားပြီး ဖြစ်သည်။

သူ၏မျက်နှာတွင် စိတ်ပျက်သော အမူအရာ ပေါ်လာသည်။ သူက လမ်းညွှန်ပြသမှုတချို့ ရရှိမည်ဟု တွေးထင်ခဲ့၏။ ယခုကား မဖြစ်နိုင်လောက်တော့ပေ။

“သူက အတော်လေးစွမ်းသားပဲ။ ချီတောက်လေ့ကျင့်တဲ့သိုင်းကိုတောင် ပြောနိုင်တယ်”

စင်မြင့်အောက်တွင် တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည်။

“ကျွတ်… သူက ဘာမှ ပြောနိုင်မယ် မထင်ဘူး။ သူက မှတ်တမ်းထဲက အချက်အလက်တွေကို ပြောနေတာပဲ”

တစ်ယောက်က အထင်သေးစွာ ပြောသည်။

မူလက ဆူညံနေသော ပတ်ဝန်းကျင်သည် ဟန်မူယဲ့ စကားစပြောသည်နှင့် တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးက သူဆက်ပြောမည့်စကားကို စောင့်နေကြ၏။

ဟန်မူယဲ့က ချီတောက်အား ကြည့်နေရင်းဖြင့် သူ၏ဓားသိုင်းသည် သူ့အာရုံထဲတွင် အဆက်မပြတ် ရွေ့လျားသွားသည်။

“ခင်ဗျားရဲ့ဓားသိုင်းက သိပ်မဆိုးဘူး။ ခင်ဗျားဟာ တိမ်စုစည်းခြင်းနဲ့ ဖြန့်ကျက်ခြင်းအဆင့်ကို ရောက်နေပြီးပြီ”

ဟန်မူယဲ့၏နောက်ထပ်စကားက ချီတောက်၏အမူအရာကို ပြောင်းလဲသွားစေသည်။

လင်ကြွယ်ဂိုဏ်းမှ ပညာရှင်များ၏အမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားကြသည်။

“ခင်ဗျားရဲ့အခြေခံက သိပ်မခိုင်သေးတာကြောင့်ပဲ… တကယ်လို့ တိမ်စိုင်လှိုင်းအဆင့်ကို ရောက်ချင်ရင်တော့ အတော်လေး လိုသေးတယ် ပြောရမယ်”

ဟန်မူယဲ့ ထပ်ပြောသည်။

ချီတောက်က ဟန်မူယဲ့အား မျက်လုံးအပြူးသားဖြင့် ကြည့်သည်။ သူ၏ဆုပ်ကိုင်ထားသော လက်သီးနှင့်လက်ဖဝါးမှာ အနည်းငယ် တုန်ယင်နေသည်။

“မိတ်ဆွေလေး… ကျုပ် အသေးစိတ်သိလို့ရမလား”

ချီမင်ယွမ်က လက်နှစ်ဖက်ဆုပ်ကာ ဟန်မူယဲ့အား တီးတိုးလှမ်းပြောသည်။

“ချီတောက်ဟာ ကျုပ်သားပါ”

သူ၏စကားကိုကြားလျှင် ဟန်မူယဲ့ ပြုံးလိုက်သည်။

သည်လူက အနည်းငယ် စိုးရိမ်ပူပန်နေသည်မှာ မထူးဆန်းတော့ပေ။

လက်ဝှေ့ယမ်းကာ ဟန်မူယဲ့က ချီတောက်အား ပြောသည်။

“တကယ်လို့ ခင်ဗျားက တိမ်စိုင်လှိုင်းအဆင့်ကို ကျင့်ကြံမယ်ဆိုရင် ခြေလှမ်းသိုင်းကို အားပြုလေ့ကျင့်ဖို့လိုလိမ့်မယ်”

“ခြေလှမ်းသိုင်း…”

ချီတောက် အနည်းငယ် ခေါင်းညိတ်ကာ အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်၍ ကျေးဇူးတင်သည်။

ဟန်မူယဲ့က အမှန်ကို ပြောခြင်းဖြစ်စေ၊ အမှားကို ပြောခြင်းဖြစ်စေ တစ်ဘက်လူက အကြံဉာဏ်ပေးခဲ့သည်။

ထိုအခိုက်တွင် ဟန်မူယဲ့ ဆက်ပြောသည်။

“တကယ်လို့ တတိယအဆင့်ဖြစ်တဲ့ ‘လေနှင်တိမ်အဆင့်’ ကို ရောက်ဖို့ဆိုရင်တော့ ဒီအတိုင်း ကြိုးစားလေ့ကျင့်တာက အသုံးမဝင်ဘူး”

ချီတောက်၏ပါးစပ်မှာ ဟနေကာ မျက်နှာမှာလည်း တောင့်တင်းနေသည်။

ချီမင်ယွမ်သည် ဆတ်ခနဲတုန်သွားကာ ဟန်မူယဲ့အား ဦးညွှတ်သည်။

“မိတ်ဆွေလေး… မင်း တကယ်ပဲ တိမ်ခွင်းဓားသိုင်းကို တတိယအဆင့်အထိ လေ့ကျင့်နိုင်တာလား”

ဟန်မူယဲ့က ပြုံးလျှက် မည်သည့်စကားမှ မပြောချေ။

ချီမင်ယွမ်က အလျင်အမြန်ပင် တီးတိုးပြောသည်။

“တကယ်လို့ ကျုပ်ကို တိမ်ခွင်းဓားသိုင်းရဲ့တတိယအဆင့်ကို သင်ပေးနိုင်ရင် ကျုပ်က ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ပေးဖို့ ဆန္ဒရှိပါတယ်”

ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀။

ကျောက်ဖူက ဟန်မူယဲ့အား ကြည့်ကာ တစ်ခါမှ မရင်းနှီးဖူးသော သူစိမ်းအလား ခံစားနေရသည်။

“ဂိုဏ်းစုံညီစုဝေးပွဲနဲ့ မသက်ဆိုင်တဲ့ကိစ္စကို ပွဲပြီးမှ ဆက်ပြောပါ”

ထိုအခိုက်တွင် တိတ်ဆိတ်နေသော ထို့ပါ့ချန်က ရုတ်တရက် ပြောသည်။

‘ပွဲပြီးမှ ဆက်ပြောပါ’

ချီမင်ယွမ်က ထို့ပါ့ချန်အား အလျင်အမြန် လက်နှစ်ဖက်ဆုပ်ပြကာ ထိုင်လိုက်သည်။

‘ဘာဖြစ်တာလဲ’

စင်အောက်တွင် မရေမတွက်နိုင်သောလူများ အံ့အားသင့်နေကြသည်။

စင်မြင့်ထက်မှ စကားများမှာ သိပ်မတိုးပါ။ ချီစုစည်းခြင်းအဆင့်မှ မည်သူမဆို ထိုစကားများကို ကြားနိုင်သည်။

ဟန်မူယဲ့က သူ့အား ဓားသိုင်း၏သဘောတရားကို လမ်းညွှန်ပေးရုံသာမက နောက်ဆက်တွဲသိုင်းအဆင့်များအတွက်ပင် ပြောနိုင်သည်။

လင်ကြွယ်ဂိုဏ်းမှ ပညာရှင်သည်ပင် သူ၏လမ်းညွှန်ချက်ကို ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ဝယ်လိုနေသည်။

ဆိုလိုသည်က သူ၏လမ်းညွှန်မှုသည် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နှင့် ညီမျှသည်။

စင်အောက်တွင် စင်မြင့်ထက်သို့ တက်ရန် စောင့်နေကြသော တပည့်များ စိတ်လှုပ်ရှားသွားကြ၏။

“ဒါပြီးရင် ငါ့အလှည့်ပဲ။ သူက ငါ့ကို လမ်းညွှန်ပေးနိုင်မလား သိချင်တယ်”

အရပ်ရှည်ရှည်ဖြင့် လူငယ်တစ်ယောက်က ရေရွက်သည်။

“ဒီစီနီယာအစ်ကိုဟန်က တကယ်ပဲ စွမ်းတယ်”

ချောင်းချင်းအာက တီးတိုးပြောလျှင် သူမအနီးမှ လူများကလည်း ခေါင်းညိတ်ထောက်ခံကြသည်။ ဟွားဖျင်၏မျက်နှာကသာ သိပ်မကောင်းချေ။

ဟန်မူယဲ့ ပြုံးလိုက်သည်။ ထို့နောက် သူက စင်မြင့်ထက်မှ ထွက်ခွာသွားတော့မည့် လူနှစ်ယောက်အား ကြည့်လိုက်၏။

“သွမ့်ဟွာဓားဂိုဏ်းက ဖုကျိုး… တကယ်တော့ ခင်ဗျားရှုံးတာ သိပ်မမျှတဘူး”

ဟန်မူယဲ့၏စကားက စင်မြင့်ထက်မှ လူနှစ်ဦးအား တဖန် နောက်လှည့်ကြည့်စေသည်။

ရှုံးနိမ့်သွားသော ဖုကျိုးမှာလည်း အကဲဖြတ်ခံရမည်ဟု မထင်ထားပေ။ သူက ဟန်မူယဲ့အား ဦးညွှတ်ကာ ကြည့်သည်။

သွမ့်ဟွာဓားဂိုဏ်းမှ အဖိုးအိုသည်လည်း ရှေ့မှ ထိုင်နေရာမှာ ဟန်မူယဲ့အား လှည့်ကြည့်သည်။

‘သူက ရှုံးတဲ့လူကိုလည်း အကဲဖြတ်တော့မှာ’

စင်အောက်တွင် ဟန်မူယဲ့အား လူတိုင်းက လှမ်းကြည့်ကြသည်။

ဟန်မူယဲ့က အများ၏အာရုံစိုက်မှုကို မခံယူလိုပါ။

သို့သော်လည်း သူက တချို့သော အရာများကို ထုတ်ပြောရန် လိုပေသည်။

All Chapters