အသစ်ရောက်လာသော ဓားများ
Vol. 6 Ch. 72
ရှေ့မှ ခုံတန်းတွင် ထိုင်နေသော သွမ့်ဟွာဓားဂိုဏ်းမှ အဖိုးအိုသည် နောက်လှည့်ကာ ဟန်မူယဲ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။
“ဟီးဟီး… မိတ်ဆွေလေး… မင်းက ဘာလို့ ဖူကျိုး ရှုံးတာ မမျှတဘူးလို့ ပြောတာလဲ”
ဦးဆုံး သူသည် ချီတောက်၏ခွန်အားကို သုံ့သပြကာ ယခု ဖူကျိုးသည် မမျှတစွာ ရှုံးခဲ့ရသည်ဟု ပြောသည်။
ဟန်မူယဲ့က အမှန်တကယ် သတိပြုမိသည့်အချက်များရှိသလား လူတိုင်းက စိတ်ဝင်စားကြသည်။
ဟန်မူယဲ့က ဖူကျိုးကို ကြည့်ကာ စာရွက်များကို ထုတ်လျှက် ပြောသည်။
“မှတ်တမ်းတွေအရတော့ ဖူကျိုးနဲ့ ချီတောက်က ပညာမတိမ်းမယိမ်း ရှိကြတယ်။ ခုနက တိုက်ပွဲမှာလည်း ဖူကျိုးက သူ့စွမ်းရည်ကို ပြသနိုင်ခဲ့တယ်”
သူ၏စကားက လူတိုင်းကို ခေါင်းညိတ်စေသည်။
ချီတောက် အနိုင်ယူခဲ့သော်လည်း ဖူကျိုးမှာ အလွယ်တကူ ရှုံးနိမ့်ခဲ့သည်တော့ မဟုတ်ချေ။
ဖူကျိုးက ဟန်မူယဲ့အား ကျေးဇူးတင်စွာ ကြည့်သည်။
ဟန်မူယဲ့ ကျယ်လောင်စွာ ပြောသည်။
“ခင်ဗျား ရှုံးခဲ့တာက ကြောက်လန့်နေလို့ပဲ”
ဖူကျိုး ဆတ်ခနဲ တုန်သွားသည်။ သူက ခေါင်းမော့လိုက်စဉ်မှာပင် ဟန်မူယဲ့က ထူးမခြားနားစွာ ပြောသည်။
“သွမ့်ဟွာဓားဂိုဏ်းဟာ စုယန်ဓားဂိုဏ်းရဲ့ အနီးအနားမှာ တည်ရှိပြီးတော့ ဂိုဏ်းနှစ်ခုဟာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ စုယန်ဂိုဏ်းသားရဲ့ အရှုံးဟာ ခင်ဗျားကို ကြောက်လန့်စေခဲ့တယ်”
ထို့နောက်တွင် ဟန်မူယဲ့က ခေါင်းယမ်းကာ ဖူကျိုး သို့မဟုတ် တခြားလူများကို ပြောသည့်အလား ရေရွက်သည်။
“ကျင့်ကြံခြင်းလမ်းခရီးမှာ အကြောက်တရားကို အရမ်းသတိထားဖို့ လိုတယ်။ တစ်စုံတစ်ယောက်ဟာ စိတ်နှလုံး မခိုင်မာရင် ကြောက်လန့်လိမ့်မယ်။ အဆုံးသတ်မှာ နှစ်ဖက်လုံးကို စိတ်ကြေနပ်စေမှာ မဟုတ်ဘူး”
စင်မြင့်ထက်တွင် ဖူကျိုး၏မျက်နှာက ပြာနှမ်းသွားသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ စင်မြင့်အောက်သို့ ဆင်းသွား၏။
စင်မြင့်အောက်မှ လူတချို့မှာ နားမလည်ဝေခွဲမရဖြစ်နေကြသလို တချို့မှာလည်း ခေါင်းတဆတ်ဆတ် ညိတ်ကြသည်။
ဟန်မူယဲ့၏စကားများက အဓိပ္ပာယ်ဝေဝါးနေသည်။
သို့သော်လည်း ၎င်းသည် ဖူကျိုးအား သူ၏ကျင့်ကြံခြင်းစိတ်သဏ္ဌာန်မခိုင်မြဲခြင်းအတွက် သတိပေးခြင်းလည်း ဖြစ်သည်။
သွမ့်ဟွာဓားဂိုဏ်းမှ အဖိုးအိုသည် သိပ်ကြေနပ်ဟန်မတူဘဲ တစ်ဘက်ကို လှည့်သွားသည်။
ဟန်မူယဲ့က ကျောက်ဖူနှင့် ထို့ပါ့ချန်အား လှမ်းကြည့်၏။
ကျောက်ဖူမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ထို့ပါ့ချန်က ခေါင်းညိတ်သည်။
အဆင်ပြေသည်။
ဟန်မူယဲ့ သက်ပြင်းချကာ ပြန်ထိုင်လိုက်သည်။
ချင်ယွမ်ဟယ်၏ဓားထံမှရသော မှတ်ဉာဏ်များတွင် သွမ့်ဟွာဓားဂိုဏ်းသည် စုယန်ဂိုဏ်းထက်ဦးစွာ ကျင့်ရှန်းဓားဂိုဏ်းလက်အောက်သို့ သစ္စာခံသွားခဲ့သည်။
စုယန်ဓားဂိုဏ်းသည် သွမ့်ဟွာဓားဂိုဏ်း၏သွေးထိုးမှုကို ခံခဲ့ရ၏။
ခုနက တိုက်ပွဲတွင် ဖူကျိုး၏တိုက်ခိုက်ရေးစွမ်းအားသည် ချီတောက်ထက် အားမနည်းသော်လည်း သူသည် ကြောက်ရွံ့နေခဲ့၏။ ဆယ်ကွက်ပင် မပြည့်လိုက်ဘဲ သူသည် ရှုံးသွားခဲ့၏။ သူ့တွင် တိုက်ခိုက်လိုစိတ် မရှိပါ။
ဖူကျိုးသည် ဂိုဏ်း၏ရွေးချယ်မှုကို သိထားကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သလို ခံစားနေရ၏။ ထို့ကြောင့် သူသည် တိုက်ပွဲတွင် ကြောက်လန့်စိုးရိမ်နေခဲ့သည်။
မည်သို့ဆိုစေ ဤသည်က အံ့ဖွယ်ကိုးပါးတောင်ကုန်းဖြစ်သည်။ အကယ်၍ သွမ့်ဟွာဓားဂိုဏ်း၏သစ္စာဖောက်မှုကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သိသွားပါက သူတို့အနေဖြင့် အသက်ရှင်လျှက် တောင်အောက်သို့ ဆင်းသွားနိုင်မည် မဟုတ်ပါ။
ဖူကျိုး၏စိတ်နှလုံးက မခိုင်မာသည်ကို ကြည့်ကာ ဟန်မူယဲ့က ထိုမှတ်ချက်ကို ပေးလျှက် ထို့ပါ့ချန်အား သတိပေးခြင်းလည်း ဖြစ်သည်။
စုယန်ဂိုဏ်းသည် သွမ့်ဟွာဓားဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ၎င်းကား လုံလောက်နေလေပြီ။ ဖူကျိုး၏စိတ်မှာ ဝေခွဲမရဖြစ်နေသည်ကို ကြည့်ကာ ဟန်မူယဲ့က သူ့အား နှစ်ဖက်လုံးကို စိတ်ကြေနပ်စေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ ထိုအချက်ကို ထို့ပါ့ချန် နားလည်၏။
…
စင်မြင့်ထက်တွင် နောက်ထပ်လူငယ်နှစ်ဦး ရင်ဆိုင်တွေ့ကြသည်။
“ဒီတိုက်ပွဲ ဘယ်လိုဖြစ်သွားမလဲ ငါတို့ကို ပြောဦး”
ထို့ပါ့ချန်က ထပ်ပြောသည်။
ဟန်မူယဲ့ သက်ပြင်းချကာ သူ၏လက်ထဲမှ စာရွက်များအား လှန်လှောကြည့်သည်။
“ဒီတစ်ခေါက် ကွမ်ယွဲ့ဓားဂိုဏ်းက ချိန်ခိုက်ရှန်း ရှုံးလိမ့်မယ်”
“စုယန်ဂိုဏ်းက တပည့်ဟာ ဒီတိုက်ပွဲမှာ တိုက်ပွဲဝင်စိတ်ဓာတ် ပျောက်ဆုံးနေတယ်။ သူ့မှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိဘူး”
“စွန်းမိသားစုက စွန်းမင်ဟာ ဒီတိုက်ပွဲမှာ အနိုင်ရဖို့ များတယ်”
…
တိုက်ပွဲတိုင်းတွင် ဟန်မူယဲ့က ခန့်မှန်းအကဲဖြတ်ရသည်။
တိုက်ပွဲရလဒ်မှာလည်း သူပြောသကဲ့သို့ ဖြစ်လာသည်။
ရှေ့ခုံတန်းမှ ပညာရှင်များသည် ဟန်မူယဲ့၏နောက်ခံနှင့်ပတ်သက်၍ တီးတိုးဆွေးနွေးနေကြသည်။
ကျောက်ဖူမှာလည်း တွေဝေနေ၏။
ကလင်…
စင်မြင့်ထက်တွင် လင်းယွီရှသည် တစ်ဘက်လူ၏ဓားကို လွင့်သွားစေပြီးနောက် ဟန်မူယဲ့အား ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ကျွန်မရဲ့ဓားသိုင်းက ဘယ်လိုလဲ”
စင်မြင့်ထက်တွင် ဟန်မူယဲ့က ခေါင်းယမ်းကာ တည်ငြိမ်စွာ ပြောသည်။
“မင်း အနိုင်ရတာ ကောင်းပါတယ်။ မင်းရဲ့ ကျင့်ကြံဆင့်က သူ့ထက် မြင့်တယ်။ မင်းရဲ့ဓားသိုင်းကလည်း အဆင့်အတန်းမြင့်တယ်။ ဘာကို ကြွားဝါနေသေးတာလဲ”
လင်းယွီရှ အနည်းငယ် ရှက်သွားည်။ သူမက ဓားကို သိမ်းလိုက်ကာ အောက်ကို ဆင်းသွား၏။
ဟန်မူယဲ့က ဓားကို ပြန်ကောက်ကာ ထွက်သွားရန် လုပ်နေသော လူငယ်အား ကြည့်သည်။ သူက ပြောသည်။
“မင်းရဲ့ဓားသိုင်းအဆင့်အတန်းက မင်းရဲ့ဗီဇပါရမီထက် နိမ့်နေတယ်။ မဟုတ်ရင် မင်း ရှုံးမှာ မဟုတ်ဘူး”
ဟန်မူယဲ့၏စကားကိုကြားလျှင် လူငယ်က ဦးညွှတ်ကာ တီးတိုးပြောသည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ထိုအဖြစ်က စင်အောက်ကို ဆင်းသွားသော လင်းယွီရှအား အံကြိတ်စေသည်။
နေဝင်လျှင် ပြိုင်ပွဲလည်း တစ်နေ့တာ ပြီးဆုံးခြင်းကို ရောက်သည်။
ထို့ပါ့ချန်က ထရပ်ကာ ဟန်မူယဲ့အား ကြည့်သည်။
“ကျောက်ဖူက မင်းဟာ ကျားဖြူစာလိပ်ကို နားလည်ခဲ့တယ် ပြောတယ်။ မင်း ဘာနားလည်ခဲ့တာလဲ ငါ့ကို ပြောပါ”
ထိုစကားက ထိုင်ရာမှ ထရန် ပြင်နေသော ကျောက်ဖူအား တုန်ယင်စေသည်။
ဆရာက ညီလေးဟန်ကို အသုံးချကာ သူ့အား ကျားဖြူစာလိပ်၏လျှို့ဝှက်ချက်ကို ပြောလိုနေသည်များလား။
ဟန်မူယဲ့က ကျောက်ဖူကို ကြည့်ကာ အသာအယာပြောသည်။
“တောထဲမှာ မာန်ဖီနေတဲ့ကျားတစ်ကောင်ရှိတယ်ဆိုရင် သူ့မှာ သားရိုင်းတွေအကုန်လုံးကို ဦးကျိုးစေနိုင်တဲ့ခွန်အားရှိသင့်တယ်လို့ ကျွန်တော် ယူဆတယ်”
“ကျားဖြူစာလိပ်မှာ အစွမ်းတချို့ လိုနေသေးတယ်”
‘အစွမ်းတချို့ လိုနေသေးသည်လား’
ကျောက်ဖူ၏မျက်တောင်များ ကွေးညွတ်သွားသည်။
ဤသည်ကား ရန်စခြင်း ဖြစ်သည်။
သူသည် ယနေ့တွင် သူ့ဆရာ၏စမ်းသပ်မှုအတွက် မကြေမနပ် ဖြစ်နေသည်။
ကျောက်ဖူသည် သူ့နောက်မှ ဆရာမှာ ဒေါသကို မျိုသိမ်ထားသော ကျားရိုင်းတစ်ကောင်အလား ခံစားနေရသည်။ သူသည် အချိန်မရွေး ပေါက်ကွဲနိုင်၏။
သို့သော်လည်း ထို့ပါ့ချန်က မပေါက်ကွဲခင်တွင်ပင် သူက ထူးမခြားနားစွာ ပြောသည်။
“ဒါဆိုလည်း ဘယ်လိုနည်းနဲ့ သန်မာနိုင်မလဲ ပြောပါ”
ဟန်မူယဲ့ အနည်းငယ် ဦးညွှတ်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“ကျားဟာ တောင်ပေါ်က ဆင်းလာတဲ့အခါ လေနဲ့မိုး တိုက်ခိုက်လာတယ်။ သားရိုင်းတွေအကုန်လုံး ဦးညွှတ်ရတယ်။ ဆရာဦးလေးဟာ အခွင့်အလမ်းတစ်ခု လိုအပ်နေတာပါ”
ထို့ပါ့ချန်သည် သူ၏ဓားဆန္ဒကို ကျားဖြူစာလိပ်ထဲတွင် နှစ်ပေါင်းများစွာ သန့်စင်လာခဲ့သည်။ သူသည် နောက်တစ်ဆင့်အနေဖြင့် ဓားမာန်ဟုန်အဖြစ် ဖွဲ့စည်းရန် သေချာပေါက် အခွင့်အလမ်းတစ်ခုအား ချောင်းနေသည်။
သို့သော်လည်း ထိုအခွင့်အလမ်း မည်သည့်အချိန်တွင် ရောက်လာမည်ကို သူ မသိပါ။
ထို့ပါ့ချန်က မျက်မှောင်ကုတ်ကာ ဟန်မူယဲ့အား တိတ်ဆိတ်စွာ ကြည့်နေသည်။ ထို့နောက် သူက ပြုံးလိုက်ကာ နောက်လှည့်ထွက်ခွာသွားသည်။
“စိတ်မကောင်းစရာပဲ”
သူ့ထံမှ, မှတ်ချက်တစ်ခု ထွက်ပေါ်လာသည်။
ကျောက်ဖူ နားမလည်ပါ။
သူ၏ဆရာက မည်သည့်အရာကို စိတ်မကောင်းဖြစ်သည်ကို သူ နားမလည်ပေ။
ထို့ပါ့ချန်က ဟန်မူယဲ့အား သူ့တပည့် ဖြစ်မလာခြင်းအတွက် စိတ်မကောင်းဖြစ်ခြင်းပေလော။
ဟန်မူယဲ့အား ကြည့်ကာ ကျောက်ဖူကာ စိုးရိမ်စွာ ပြောသည်။
“ညီလေးဟန်… ကျားဖြူစာလိပ်က နားလည်ဖို့ အရမ်းများ ခက်ခဲလား”
သူ့ဆရာနှင့် ဟန်မူယဲ့တို့၏စကားများကို သူ နားမလည်ပေ။
ထိုအချက်က ကျားဖြူစာလိပ်အား လေ့လာဆင်ခြင်လိုသော သူ့အား အထိနာစေ၏။
“အဲဒါက သိပ်မခက်ပါဘူး။ အစ်ကိုက တခြားအမြင်တစ်ခုနဲ့ ကြည့်ဖို့ပဲ လိုတာပါ”
ဟန်မူယဲ့က ခေါင်းယမ်းကာ ပြုံးလျှက် ပြောသည်။
“အစ်ကို့ကို နည်းလမ်း ပြောပြရလား”
ကျောက်ဖူ၏အမူအရာ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူသည် ခေါင်းယမ်းကာ ပြောသည်။
“ငါတို့ နောက်မှ ပြောကြတာပေါ့”
ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်သောအခါ ဟွမ်လောင်လျှိုသည် သူ့အနီးသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်လာသည်။
“ဘယ်လိုလဲ…”
ဟန်မူယဲ့က ရယ်မောကာ သူ့အား ကျောက်ဖူ၏အစီအစဉ်ကို ရှင်းပြလိုက်သည်။
လုချန်းဖျင်သည် ဆယ်ပွဲအထိ အရှုံးမရှိအောင် ကျောက်ဖူက စီစဉ်ပေးထားသည်ကို ကြားသိရလျှင် ဟွမ်လောင်လျှို စိတ်ချမ်းသာသွားသည်။
“အစ်ကို… ဒီရက်ပိုင်း ပြိုင်ပွဲကို သွားကြည့်လိုက်လေ။ ဓားစံအိမ်ကို ကျုပ်ကြည့်ထားပေးမယ်”
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ပုခုံးဖက်ကာ ပြောသည်။
ဟွမ်လောင်လျှိုက ငြင်းမည်ပြုလျှင် ဟန်မူယဲ့က တီးတိုးပြောသည်။
“မနက်ဖြန် မရီးပါဝင်တိုက်ခိုက်ရမယ့် ပွဲစဉ်ရှိတယ်”
ဟွမ်လောင်လျှို ခေါင်းညိတ်လိုက်သည်။
သူ အမှန်တကယ် သွားကြည့်လို၏။
ဟန်မူယဲ့ သူ့အခန်းထဲကို ပြန်သွားကာ ကျားဖြူစာလိပ်အား တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
သူ၏စိတ်ထဲမှ ကျားအရှိန်အဝါမှာ အားကောင်းနေဆဲဖြစ်သည်။ မာန်ဖီသံတစ်ချက်ဖြင့် သူ၏စိတ်နှလုံးနှင့် ဝိညာဉ်မှာ တုန်ခါသွားကာ ချီပင်လယ်မှ ဓားဆန္ဒများအား သက်ဝင်စေ၏။
သူက ပြာနှမ်းသော မျက်နှာဖြင့် အကြည့်လွှဲလိုက်ပြီးနောက်တွင် သူ၏အသက်ဝိညာဉ်မှာ နာကျင်နေပြီး ပိုမိုစုစည်းလာသော ခံစားချက်အား ရသည်။
ဤသည်က အသက်ဝိညာဉ်အားကို ကျင့်ကြံသော နည်းလမ်းလား။
ဓားချီကို ဓားပျိုးထောင်ခြင်းစနစ်ဖြင့် ခန္ဓာကိုယ်ထဲသို့ တွန်းပို့ခြင်းမှာ အလွန်အမင်း နာကျင်ရ၏။ ယခု ကျားဖြူစာလိပ်ကို လေ့လာဆင်ခြင်ရာတွင်လည်း သူ့အသက်ဝိညာဉ်မှာ ကြီးစွာ နာကျင်ရသည်။
သူက ကျင့်ကြံနေခြင်းလော၊ မိမိကိုယ်ကို ပိုမိုနာကျင်မှုကို လိုက်ရှာခြင်းလော…။
ကုတင်ပေါ်တွင် ထိုင်ကာ သူက လက်ဆန့်တန်းလိုက်သည်။
သူ၏လက်မှ အစိမ်းရောင်အငွေ့တစ်ခု ထွက်ပေါ်လာ၏။
၎င်းသည် မန္တန်ပညာရပ်ဖြစ်သည်။
အေးစက်မှုသည် ပျက်ပြယ်သွားကာ မီးတောက်များ တောက်လောင်လာပြန်သည်။
ယနေ့ သူ၏အကြီးမားဆုံး အကျိုးအမြတ်မှာ မန္တန်ပညာရပ်အများအပြားကို တတ်မြောက်နားလည်ခဲ့ခြင်း ဖြစ်သည်။
မီးတောက်များ၊ လေ၏သဘောတရားများ၊ တိမ်တိုက်များနှင့် ရေခဲမြားများ… စသည်တို့…
သူသည် မန္တန်ပညာရပ်အမျိုးမျိုးကို ပြောင်းလဲကျင့်ကြံကာ နောက်ဆုံး ပြန်ရုပ်သိမ်းလိုက်သည်။
“မန္တန်ပညာရပ်၏စွမ်းအားမှာ ဓားတစ်ချက်ကို မည်သို့ အံတုံ့နိုင်မည်နည်း။”
ကုတင်ထက်တွင် လဲလျောင်းရင်း ဟန်မူယဲ့က မျက်လုံးများကို ဖြေးညင်းစွာ ပိတ်လိုက်သည်။
ဓားချီအငွေ့အသက်များ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်သွား၏။
အလိုအလျောက်ပင် သူ၏ဒန်ထျန်တွင် ဓားချီတစ်ရာခန့်မှာ အဆက်မပြတ် လှည့်ပတ်ကာ ပြန်လည်မွေးဖွားနေကြသည်။
သူ၏အရိုးများမှာလည်း ဘော်ငွေရောင်သန်းလာနေသည်။
ဓားအရိုးများ…
…
နောက်တစ်နေ့တွင် ဟွမ်လောင်လျှိုသည် မနက်စာစားပြီးနောက် ပြိုင်ပွဲကို သွားကြည့်သည်။
ဟန်မူယဲ့သည် ဓားစံအိမ်၌ ဓားများကို သန့်ရှင်းရေးလုပ်ကာ ဓားချီများအား စုဆောင်း၏။
“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး”
ဓားစံအိမ်တံခါးဝတွင် လုကော၏အသံကို ကြားရသည်။
“ဓားသွန်းလုပ်တဲ့ ကောင်းမိသားစုဟာ အသစ်သွန်းလုပ်ထားတဲ့ ဓား ၂၁လက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်သို့ လာပို့ပါတယ်”
ဓားစံအိမ်သို့ ဓားအသစ်များ ရောက်လာသည်လား။
ဟန်မူယဲ့သည် ဓားကို စင်ပေါ်သို့ ပြန်ထားလိုက်ကာ ဓားစံအိမ်အဝင်ဝသို့ လှမ်းသွားလိုက်သည်။