ဒုတိယထပ်သို့ နောက်တစ်ကြိမ်
Vol. 6 Ch. 73
ဟန်မူယဲ့သည် ဓားစံအိမ်အဝင်ဝသို့ ရောက်သောအချိန်တွင်ပင် ကျောက်လှေကားထစ်ထံမှ အသံတစ်သံကို ကြားရသည်။
“ဟေး… မင်း လူသစ်လား”
“ဟွမ်လောင်လျှို ဘယ်မှာလဲ”
“သေသွားတာ ဖြစ်မှာပေါ့”
ဟန်မူယဲ့ လှမ်းကြည့်သည်။ အသက် ၄၀ အရွယ်ခန့် မီးခိုးရောင်ဝတ် လူကြီးတစ်ဦးသည် စိတ်မရှည်ဟန်ဖြင့် ရပ်နေသည်။
“စိတ်မပူပါနဲ့… ခင်ဗျား သေသွားရင်တောင် အစ်ကိုဟွမ် မသေနိုင်ဘူး”
ထိုလူ အံ့အားသင့်သွားသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဓားထိန်းအသစ်တွေက ဒီလောက် မိုက်ရိုင်းတာလား”
ဟန်မူယဲ့က ခေါင်းညိတ်ကာ အော်ပြောလိုက်သည်။
“အကြီးအကဲကောင်း… ဒီလူက ခင်ဗျားကို ဓားထိန်းတွေကို ကောင်းကောင်း မသင်ပေးဘူးဆိုပြီးတော့ အပြစ်ပြောနေတယ်”
…
မနက်ခင်းနေရောင်သည် ကောင်းစွာ ထွန်းလင်းနေလေပြီ။
လေညင်းသဲ့သဲ့ ဖြတ်သွားလျှင် နွေးထွေးမှုကို ခံစားရနိုင်၏။
သားသားနားနားဝတ်ဆင်ထားသော လူကြီးသည် ဓားစံအိမ်အရှေ့မှ ကျောက်တုံးလှေကားထစ်အောက်ခြေတွင် ရပ်ကာ ချွေးစေးများ စီးကျနေသည်။
သူသည် ရှေ့ကို ကြောက်လန့်တကြား ကြည့်နေ၏။
ဆယ်စက္ကန့်ကြာပြီးနောက်တွင် သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
“ပြစ်ဒဏ်အငယ်စားနဲ့ ကြီးကြီးမားမား သတိပေးမှုပဲ။ မင်း နောက်တစ်ခါ ဓားစံအိမ်ကို မလေးမစား ပြုမူရင် ကောင်းအန်းချွန်းကို ကိုယ်တိုင် ဓားလာပို့ခိုင်းလိုက်”
ဓားစံအိမ်အကြီးအကဲ၏စကားသည် ပေါ့ပါးကာ ကောင်းကင်ယံမှ လာသည့်အလား လျှို့ဝှက်ဆန်းကြယ်မှုကို ပေးသည်။
ဓားစံအိမ်အဝင်ဝတွင် ရပ်နေသော လင်းရှန်နှင့် လုကောတို့မှာ အချင်းချင်း ကြည့်ကြသည်။
ဟန်မူယဲ့၏စကားတစ်ခွန်းမျှဖြင့် ဓားစံအိမ်အကြီးအကဲသည် အမှန်တကယ် တိုက်ခိုက်ခဲ့သည်။
သူက မည်မျှ ကာကွယ်လိုစိတ်ရှိသနည်း။
ထို့အပြင် ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲအတွက် အလွန်အရေးပါဟန်ရှိသည်။
“ကောင်းဖေး အမှားကို သိပါပြီ။ ကျုပ်ကို မသတ်ခဲ့တဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်”
သတ်လတ်ပိုင်းလူကြီးသည် ကုန်းရုန်းထကာ ဓားစံအိမ်ထံသို့ ဦးညွှတ်လျှက် ပြောသည်။
ဓားစံအိမ်အကြီးအကဲက ပြန်မပြောတော့ပါ။
ဟန်မူယဲ့က ကောင်းဖေး၏နောက်မှ ဓားသေတ္တာများအား သယ်ဆောင်ထားသော ဖျင်ကြင်းဝတ်လူငယ်များအား ပြောသည်။
“ကျုပ်ဆီ ဓားတွေ ယူလာခဲ့ပါ”
ကောင်းဖေးက အလျင်အမြန် နောက်လှည့်ကာ ပြောသည်။
“ဒီစီနီယာအစ်ကိုပြောတာ မင်းတို့ မကြားဘူးလား။ မြန်မြန်… မြန်မြန်…”
ကောင်းမိသားစုတပည့်တစ်ဦးက ရှေ့ကို ဓားတစ်လက်နှင့်အတူ လျှောက်လာသည်။ ကောင်းဖေးကလည်း ဓားသေတ္တာကို ဖွင့်ကာ အနီရောင်ပိုးသားအစဖြင့် ပတ်ထားသော ဓားတစ်လက်အား ဂရုတစိုက် ထုတ်ယူလိုက်၏။
“စီနီယာအစ်ကို… ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး”
ကောင်းဖေးက ဓားကို ဟန်မူယဲ့ထံသို့ ကမ်းပေးကာ ပြောသည်။
သူက ဟန်မူယဲ့အား တိတ်ဆိတ်စွာ ကြည့်နေသည်။
သူသည် ဓားစံအိမ်ထံသို့ ဓားပို့ဆောင်လာခဲ့သည်မှာ နှစ် ၂၀ ခန့်ရှိလာပြီဖြစ်ကာ ဓားထိန်းပေါင်းများစွာနှင့် တွေ့ကြုံဖူးသည်။
နောက်ပိုင်းနှစ်များတွင်ကား ဓားထိန်းအများအပြားကို မတွေ့ရတော့ဘဲ ဟွမ်လောင်လျှိုတစ်ဦးတည်းကိုသာ များသောအားဖြင့် တွေ့ခဲ့ရသည်။
ဓားများကို ပို့ဆောင်သည့်အခါတိုင်း တခြားဓားထိန်းများဖြစ်စေ၊ ဟွမ်လောင်လျှိုဖြစ်စေ ရိုသေလေးစားစွာဖြင့် လက်ခံကြ၏။
ယနေ့တွင် ဓားထိန်းအသစ်တစ်ဦးနှင့် ခက်ခဲသော အခြေအနေတစ်ခု ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။
ဤဓားထိန်းက သူ့ကို ခက်ခဲအောင်လုပ်ခြင်းသာဆိုပါက သူသည် လက်ခံနိုင်သေးသော်လည်း ဓားစံအိမ်အကြီးအကဲသည် အမှန်တကယ် သူ့အား အပြစ်ပေးခဲ့သည်။
ဟန်မူယဲ့၏ ထူးမခြားနားသော အမူအရာကို ကြည့်ကာ သူသည် မိသားစုခေါင်းဆောင် ပြောဖူးသော စကားတချို့အား အမှတ်ရလာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ဓားထိန်းတစ်ဦးသည် ဘာမှ မဟုတ်သော်လည်း ဓားစံအိမ်၏တရားဝင်တပည့်တစ်ဦးကို အပြစ်ပြု၍ မရပါ။
ထိုသူသည် ဓားစံအိမ်၏နောက်လာမည့် အကြီးအကဲ ဖြစ်သည်။
ဆိုလိုသည်က သူ့ရှေ့မှ လူငယ်သည် အနာဂတ်တွင် ဓားစံအိမ်အကြီးအကဲအဖြစ် လျာထားခြင်း ခံရသူလား။
ထိုသို့တွေးမိလျှင် ကောင်းဖေးသည် စိတ်လှုပ်ရှားသွားသည်။ သူက ဓားကိုင်ထားသော လက်အား အိပ်ကပ်ထဲသို့ နှိုက်လိုက်သည်။ သူက လက်ကို ပြန်ထုတ်လိုက်သောအခါ သူ့လက်ဖဝါး၌ တောက်ပနေသော ဝိညာဉ်ကျောက်တုံး ၂တုံး ပါလာသည်။
၎င်းတို့မှာ သာမန်အရည်အသွေးရှိသော ဝိညာဉ်ကျောက်တုံး ၂တုံး ဖြစ်သည်။
ဟန်မူယဲ့၏အကြည့်က ဝိညာဉ်ကျောက်တုံးထံသို့ ရောက်သွားကာ လက်ကို ဆန့်တန်းလိုက်သည်။
သူက ဓားကို ဖမ်းဆုပ်လိုက်၏။
“အစ်ကိုလု… ယူလိုက်…”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
လုကောသည် ရှေ့ကို တက်လာကာ ကောင်းဖေး၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးအား ယူလိုက်၏။
သူသည် ဟန်မူယဲ့၏စကားကို သံသယ မဖြစ်ပါ။
ဓားစံအိမ်သို့ ရောက်လာသူ ဟူသမျှ ဟန်မူယဲ့ထံ၌ အလိမ်ခံရမည်ကို သူ သေချာသိသည်။
လင်းရှန်၏နှုတ်ခမ်းက ကွေးညွှတ်သွားသည်။
ကောင်းဖေး စိတ်သက်သာရာရသွားသည်။
ကံကောင်းသည်ကား သူသည် ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုစိတ် ရှိသေးသည်။ သူကား များစွာ စိတ်ကြီးဟန်မတူပါ။
ဟန်မူယဲ့၏လက်ထဲမှ ဓားကို ကြည့်ကာ ကောင်းဖေးက ပြောသည်။
“စီနီယာအစ်ကို… ဒီဓားကို ‘နေသုံးစင်းဓား’ လို့ ခေါ်ပါတယ်။ ဒါက အကြိမ်ကြိမ်သန့်စင်ထားတဲ့သံနဲ့ သွန်းလုပ်ထားတာပါ”
“ဒီဓား…”
သူက သေသေချာချာ မိတ်မဆက်ရသေးမှီတွင်ပင် ဟန်မူယဲ့က ဓားကို ဆွဲထုတ်ကာ အလျားလိုက် ချိန်ကြည့်လိုက်ပြီး ဖြေးလေးစွာ လှည့်လိုက်သည်။
“ဓားဟာ သုံးပေနဲ့တစ်လက်မရှည်တယ်။ အလေးချိန်က ၁၂.၅ ကီလိုဂရမ်လေးတယ်။ ဓားသွားဟာ တစ်လက်မ ကျယ်တယ်။ ဓားသွားမြောင်းဟာ လက်မဝက်ကျယ်တယ်။ သံကျောက်အမျိုးအစားနဲ့ လုပ်ထားပြီးတော့ မီးတောက်ငါးမျိုးနဲ့ သန့်စင်ထားတယ်”
ဟန်မူယဲ့၏စကားက ကောင်းဖေး၏မျက်လုံးကို ပြူးကျယ်သွားစေသည်။
“ဓားဟာ နေသုံးစင်းရွှေစင်နည်းနည်း ရောစပ်ထားတယ်။ သန့်စင်တဲ့အချိန်မှာ မော့ယန်စမ်းရေကို သုံးထားပြီးတော့ အဆုံးသတ် သန့်စင်ခြင်းမှာတော့ နေသုံးစင်းရွှေစင်ကို သုံးခဲ့တယ်။ ဒါကို ‘နေသုံးစင်းဓား’ လို့ခေါ်တာ မထူးဆန်းတော့ပါဘူး”
ဟန်မူယဲ့က ဓားကို ဖြေးလေးစွာ မြှောက်လျှက် သေသေချာချာ စစ်ဆေးသည်။
ကောင်းဖေး၏နှုတ်ခမ်းမှာ တုန်ယင်နေသည်။
“မှန်တယ်… မှန်တယ်…”
ကလင်…
သူက ဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။
ဟန်မူယဲ့က ဓားကို သစ်သားသေတ္တာထဲသို့ ပြန်ပစ်ပေးလိုက်ကာ ထူးမခြားနားစွာ ပြောသည်။
“ဒါက အကြိမ်တစ်ထောင်လောက် သန့်စင်ထားတဲ့ ဓားကောင်းတစ်လက်နဲ့ တူပေမဲ့ ယင်ဓာတ်သုံးပါး ပေါင်းစပ်ထားပြီးတော့ ဒါကို သမမျှတစေတဲ့ ရေခဲဓာတ်မပါဘူး။ ဒီဓားဟာ မြန်မြန်ဆန်ဆန် ကျိုးသွားမှာ ခင်ဗျား မစိုးရိမ်ဘူးလား”
ကောင်းဖေး၏မျက်နှာက နီမြန်းသွားသည်။ သူက ပါးစပ်ဟကာ စကားပြောလိုသော်လည်း ဟန်မူယဲ့က နောက်ထပ်ဓားတစ်လက်ကို လက်ညိုးထိုးပြသည်။
ဓားသေတ္တာကို ကိုင်ထားသော ကောင်းမိသားစုတပည့်က ရှေ့ကို တက်လာကာ ဖွင့်လိုက်သည်။
အစိမ်းရောင်နှင့် မီးခိုးရောင် ပိုးထည်စတို့အကြားတွင် ကြေးနီရောင်ဓားရှည်တစ်လက် လဲလျောင်းနေသည်။
ကောင်းဖေးက ဓားကို မိတ်ဆက်မပေးရသေးမှီတွင်ပင် ဟန်မူယဲ့က ဓားထံသို့ လက်လှမ်းလိုက်သည်။
ကလင်…
ဓားကို ထုတ်လိုက်လျှင် အေးစက်သော ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။
“အေးစက်တယ်လား… ဓားက သိပ်မဆိုးပါဘူး။ ဒါက အလင်းအမှောင်ကျောက်တုံးနဲ့ သွန်းလုပ်ထားတာ။ ဓားဟာ သုံးပေရှည်ပြီးတော့ သတ္တုကို ဖောက်ထွင်းနိုင်တယ်”
ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ကာ ဟန်မူယဲ့က သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။
ကောင်းဖေး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဟန်မူယဲ့က နောက်ထပ်ဓားတစ်လက်ထံသို့ လှမ်းလိုက်သည်။
“လေဝိညာဉ်ကျောက်တုံးတွေ အရမ်းများနေတယ်။ ကံမကောင်းတာက ဝိညာဉ်တစ်ဝက်လက်နက်ဟာ လူသားအဆင့်လက်နက်အဖြစ် သွန်းလုပ်ခံရတာပဲ။”
“အလှဆင်သံမဏိတွေ အရမ်းများနေတယ်။ ဒီဓားက အမှိုက်ပဲ”
…
ကောင်းဖေး၏နဖူးမှ ချွေးသီးလုံးများ လိမ့်ကျလာနေသည်။
“မြူခိုးရေခဲနဲ့ စတီး ၇၀ ရာနှုန်း… သွန်းလုပ်စနစ်က ချောက်နက်သုံးလွှာပညာရပ်ပဲ။ .ဒီဓားဟာ ဒုတိယထပ်ကို ပို့ဆောင်ဖို့ ထိုက်တန်တယ်”
ဟန်မူယဲ့က သုံးပေရှည်သော ဓားတစ်လက်ကို ကိုင်ကာ သဘောကျစွာ ပြောသည်။
“ရေခဲအက်ကွဲဓား… နာမည်ကလည်း မဆိုးဘူး။ ကံမကောင်းတာက ဓားကို သွန်းလုပ်တဲ့အခါ သွန်းလုပ်တဲ့စနစ်က နည်းနည်းလိုသွားတယ်”
ဟန်မူယဲ့က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ကာ ကောင်းဖေးအား ကြည့်သည်။
“ဒီဓားဟာ အမျိုးသမီးဓားသွန်းလုပ်သူဆီက ဖြစ်မယ်”
ကောင်းဖေးက အလွန်လေးစားသော အမူအရာဖြင့် ပြောသည်။
“စီနီယာအစ်ကို… ခင်ဗျားက အရမ်းတော်တာပဲ။ ဒီဓားဟာ သခင်မလေးကောင်းကိုယ်တိုင် သွန်းလုပ်ထားတာပါ”
“မိသားစုခေါင်းဆောင်က သခင်မလေးရဲ့ ရေခဲအက်ကွဲဓားဟာ ပညာသည်လက်ထွက် ဓားတစ်လက်လို့ ဆိုပါတယ်”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ခုနက သူသည် ဓားသွန်းလုပ်သော မိန်းကလေးတစ်ဦး၏ပုံရိပ်ကို အာရုံထဲ၌ မြင်မိပြီး ဖြစ်သည်။
သူမကား အမှန်တကယ်ပင် ဓားသွန်းလုပ်ရာ၌ ပါရမီ ပါသည်။
ဟန်မူယဲ့က ဓား ၂၁ လက်မှ ၁၅ လက်ကို ရွေးချယ်ကာ ယူလိုက်သည်။
သူ၏သဘောအရ လက်ကျန်ဓား ၆ လက်မှာ ဓားစံအိမ်၌ သိမ်းထားရန် ပြဿနာရှိသည်။
“အာ… စီနီယာအစ်ကို… ခြွင်းချက်လေး ထားပေးပါလား”
ကောင်းဖေးက မသက်မသာအမူအရာဖြင့် ဝိညာဉ်ကျောက်တုံး ၃တုံးကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။
“ကျုပ်က ဒီအလုပ်ကို လုပ်လာတာ နှစ် ၂၀ ရှိပြီ။ တစ်ခါမှ ဓားတစ်လက်ကိုတောင် ပြန်မယူသွားဖူးဘူး”
“ဒီဓားတွေဟာ ချွတ်ယွင်းချက်ရှိပေမဲ့ အသုံးပြုလို့တော့ ရသေးတာပဲ”
သူ၏စကားကိုကြားလျှင် ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားသည်။
“ဒါက ချွတ်ယွင်းချက်ရှိမှတော့ သုံးလို့ အဆင်မပြေဘူးလေ”
သူက နောက်မှ ဓားစံအိမ်သို့ လက်ညိုးထိုးပြကာ မာကြောစွာ ပြောသည်။
“ဓားစံအိမ်က ဓားတစ်လက်စီတိုင်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေ အသုံးပြုရတယ်”
“ဓားဟာ သူတို့ကို အဖော်ပြုပြီးတော့ ကျင့်ကြံရတယ်၊ တိုက်ပွဲဝင်ရတယ်”
“ဓားက ချွတ်ယွင်းချက်ရှိနေမှတော့ သူတို့အသက်အန္တရာယ်ကို ထိခိုက်စေမှာပေါ့”
“ဒီဝိညာဉ်ကျောက်တုံးတွေက သူတို့အသက်ကို ပြန်ဝယ်လို့ရမယ်လို့ ခင်ဗျားထင်လား”
ကောင်းဖေး အေးစက်သွားကာ ပါးစပ်ဟသွားသည်။ နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်ဆုပ်ပြကာ လှည့်ထွက်သွားတော့သည်။
သူ ပြန်သွားပါက သူ့မိသားစုကို မည်သို့ ပြန်ပြောရမည် မသိပါ။
ဟန်မူယဲ့သည် ဓားများကို စာရင်းများမှတ်ကာ ရေခဲအက်ကွဲဓားအား ကိုင်လျှက် အပေါ်ထပ်သို့ တက်လာသည်။
“ကျွန်တော်က အရည်အသွေးမြင့် ဝိညာဉ်တစ်ဝက်ဓားတစ်လက်ကို လက်ခံရခဲ့ပါတယ်။ ဓားကို ဓားစံအိမ်ဒုတိယထပ်သို့ ပို့ဆောင်ချင်ပါတယ်”
ဟန်မူယဲ့က ဓားကိုကိုင်ကာ ဦးညွှတ်သည်။
ခဏမျှ ကြာပြီးနောက် အပေါ်ထပ်မှ အသံတစ်သံကို ကြားရသည်။
“သွားပို့လိုက်…”
ဟန်မူယဲ့ ဦးညွှတ်လိုက်ကာ ဓားနှင့်အတူ ဒုတိယထပ်သို့ တက်လာခဲ့သည်။
နောက်ဆုံးတွင် ဓားစံအိမ်ဒုတိယထပ်သို့ တက်ရောက်ရန် အခွင့်အရေးနောက်တစ်ကြိမ် ရလာခဲ့ပြီ ဖြစ်သည်။
ဟန်မူယဲ့၏မျက်လုံးများ စူးရှတောက်ပနေသည်။