ပြောင်းပြန်ဓားသိုင်း၊ ဘယ်သန်ဓား
Vol. 6 Ch. 76
ဓားစံအိမ်က အံ့အားသင့်နေသော လူစုအား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
“ငါက သေမျိုးအစားအစာတွေ မစားခဲ့တာ နှစ် ၃၀ တောင်ရှိသွားပြီ”
“ထိုင်ကြ…”
ဓားစံအိမ်အကြီးအကဲက သူတို့အား ကြည့်ကာ ပြောသည်။
ဟန်မူယဲ့ကလည်း အားလုံးကို အချက်ပြကာ လူတိုင်းကို ထိုင်စေသည်။
ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းလိုက်လျှင် စားပွဲပေါ်၌ သေရည်ခွက်များ ပေါ်လာ၏။
ဟန်မူယဲ့က အလျင်အမြန်ထကာ သေရည်အိုးအား ကိုင်လျှက် ခွက်များအား သေရည်များဖြင့် ဖြည့်လိုက်သည်။
“ကျွန်တော်တို့က အကြီးအကဲနဲ့အတူ ထိုင်တာ ရှားပါးတယ်။ အားလုံး…”
ဟန်မူယဲ့က ခွက်ကို မြှောက်လျှက် ပြောသည်။
သူ၏အမြင်တွင် ဓားစံအိမ်အကြီးအကဲမှာ ကုမ္မဏီ တစ်ခု၏အုပ်ချုပ်သူသာ ဖြစ်သည်။
သူတို့က အချင်းချင်း သိပ်စကား မပြောဖြစ်သော်လည်း သူသည် လူသားတစ်ဦးသာ ဖြစ်သည်။ သူတို့က အချိန်ကြာကြာ ပြောဆိုဆက်သွယ်လာပါက သေချာပေါက် ရင်းနှီးလာပေလိမ့်မည်။
သူသည် ဓားစံအိမ်၌ ကြာကြာ ကျင့်ကြံခြင်းမရှိသေးခြင်းကြောင့်ပေလော မသိပေ၊ သူသည် ကျင့်ကြံဆင့်မြင့်မားသူများကို အထင်ကြီးသော သဘောထား မရှိသေးပေ။
အကြီးအကဲနှင့်အတူ သေရည်သောက်သည်လား။
ဟွမ်လောင်လျှိုနှင့် တခြားလူများကလည်း အလျင်အမြန် သေရည်ခွက်ကို မြှောက်လိုက်ကြသည်။
သူတို့သည် ဓားစံအိမ်အကြီးအကဲနှင့် အတူတူသေရည်သောက်ခွင့်ရမည်ကို မဆိုထားနှင့်၊ အတူတူထိုင်ရန်ပင် အဆင့်မှီသည်ဟု မည်သည့်အခါကမှ မတွေးမိကြပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဓားစံအိမ်အကြီးအကဲနှင့်အတူ သေရည်အတူသောက်ခွင့်ရသူများမှာ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများသာ ဖြစ်သည်။
ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် သေရည်ခွက်ကို မြှောက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“သေရည်က အတော်လေးပြင်းတယ်… မင်းတို့ လျှော့သောက်ကြပါ”
ထို့နောက် သူက သေရည်ခွက်ကို မော့ချလိုက်၏။
‘သေရည်က ပြင်းသည်တဲ့လား’
ဟန်မူယဲ့က သူ၏လက်ထဲမှ သေရည်ကို ကြည့်သည်။
သူက သေရည်ခွက်ကို မြှောက်ကာ ပါးစပ်၌ တေ့လိုက်၏။
ချိုမြိန်သော အရသာသည် သဘာဝစွမ်းအားများကို သယ်ဆောင်လာ၏။ ၎င်းသည် သူ၏သွေးကြောများထဲသို့ စီးဆင်းသွားကာ ဒန်ထျန်သို့ ကျဆင်းကြသည်။ ထူးဆန်းသော စွမ်းအားတစ်ခုသည် သူ၏အရိုးနှင့် အကြောများသို့ ပျံ့နှံ့သွား၏။
သေရည်ကား အမှန်တကယ် သာမန်မဟုတ်ချေ။ ၎င်းသည် တစ်စုံတစ်ယောက်၏အရိုးအကြောနှင့် အသွေးအသားများကို သန်မာစေနိုင်ကာ အသက်ရှည်စေသော ရတနာ ဖြစ်သည်။
ထိုအစွမ်းသည် အကန့်အသတ်ရှိသော်လည်း အသက်ရှည်ခြင်းနှင့် ပတ်သက်သော မည်သည့်အရာမဆို တန်ဖိုးကြီးမားလွန်းသည်။
ဟွမ်လောင်လျှိုနှင့် တခြားလူများမှာ သေရည်ကို သောက်လိုက်ပြီး ဖြစ်သည်။
အားလုံး ထိုင်လိုက်ပြီးနောက်တွင် ဓားစံအိမ်အကြီးအကဲက သူ၏သစ်သားတူကို ကောက်ကာ စတင်စားသောက်သည်။
“အင်း… ဒီအစားအသောက်တွေက မဆိုးဘူး”
အသားတုံးအနည်းငယ်ကို ကောက်စားပြီးနောက် သူက ပြောသည်။
“သေချာတာပေါ့… ဒါတွေက…”
လုကောက အားရဝမ်းသာ သူယူလာသော အစားအသောက်များကို ချီးမွှမ်းခန်းဖွင့်ရန် ပြင်ပြီးမှ ချက်ချင်း သတိရသွားကာ ရပ်လိုက်သည်။ သူ၏ကျောတစ်လျှောက် ချွေးစေးများ ပြန်လာ၏။
အစေခံတပည့်တစ်ဦးအနေဖြင့် သူသည် အကြီးအကဲတစ်ဦးရှေ့တွင် စကားကို ကျယ်လောင်စွာ ပြောနေခဲ့သည်။
အကြီးအကဲသာ သဘောမကျပါက သူ့အလုပ် ပြုတ်သွားနိုင်သည် မဟုတ်ပါလား။
သူ့အလုပ်ကို အဆုံးရှုံး မခံနိုင်ပေ။
ကံကောင်းသည်ကား အကြီးအကဲက သူ့စကားများကို ဂရုစိုက်ဟန်မတူပေ။ သူက ဟွမ်လောင်လျှိုအား ကြည့်သည်။
“ဟွမ်ကျန်းရှုံး… မင်းဟာ ဓားစံအိမ်ကို ရောက်တာ ၇နှစ်ရှိပြီ။ နောက် ၃နှစ်ဆို စီမံခန့်ခွဲရေးမှူးရာထူးကို ရမှာ။ တကယ်ပဲ မင်းထွက်သွားတော့မှာလား”
ဟွမ်လောင်လျှို၏မျက်နှာက မသက်မသာ ဖြစ်နေသည်။ သူက ဘေးမှ လုချန်းဖျင်အား ကြည့်ကာ သူ့မျက်နှာချင်းဆိုမှ ဟန်မူယဲ့အား ကြည့်သည်။
သူက သက်ပြင်းရှိုက်လျှက် စကားပြောမည်လုပ်လျှင် အကြီးအကဲက လက်ဝှေ့ယမ်းလျှက် ပြောသည်။
“ထားလိုက်တော့… ငါ မင်းရည်ရွယ်ချက်ကို သိတယ်”
သေရည်ခွက်ကို မြှောက်ကာ ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် ပြောသည်။
“ဓားစံအိမ်မှာ ဖြစ်စေ၊ သေမျိုးလောကမှာ ဖြစ်စေ ဘယ်နေရာမှာမဆို မင်းအနေနဲ့ ဆက်ပြီး ကျင့်ကြံနေလို့ ရတာပဲ”
“ဒီနှစ်တွေမှာ ဓားစံအိမ်ကို လူတွေ ဝင်လာကြတယ်၊ ထွက်သွားကြတယ်။ မင်းက ငါနဲ့အတူ အချိန်အကြာဆုံး နေခဲ့တဲ့သူပဲ”
ဟွမ်လောင်လျှိုက သေရည်ခွက်ကို ကိုင်ကာ အလျင်အမြန် ထရပ်သည်။
သူ့ဘေးမှ လုချန်းဖျင်ကလည်း ထရပ်သည်။
ဓားစံအိမ်အကြီးအကဲက သူ၏သေရည်ကို သောက်လိုက်ကာ ထရပ်လျှက် အပေါ်ထပ်သို့ ပြန်တက်သွားသည်။
“ဟီးဟီး… ကောင်လေးဟွမ်… ဓားစံအိမ်ကို ရောက်စတုန်းက သေးထွက်ကျတဲ့ကောင်လေး… အခုတော့ မိန်းမယူပြီး ကလေးမွေးတော့မှာပေါ့”
ထိုစကားက ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့၏မျက်နှာများအား နီမြန်းသွားစေသည်။
“မင်းက ကျင့်ကြံတာ ကြာလာရင် စားချင်သောက်ချင်စိတ်တွေလည်း ကုန်ခမ်းတာတယ်”
“နောက်ပိုင်း စားသောက်တဲ့အခါ ငါ့ကို မခေါ်နဲ့တော့”
ထိုစကားများအပြီးတွင် ဓားစံအိမ်အကြီးအကဲမှာ အပေါ်ထပ်သို့ တက်ရောက်ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ထိုစကားများမှာ ဟန်မူယဲ့ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။
သူက ထွက်သွားလျှင် လုကောက စားပွဲပေါ်မှ သေရည်အိုးကို လှမ်းဆွဲသည်။
“မဟုတ်ဘူး… မဟုတ်ဘူး… ငါ့ စိတ်တွေကို ဖြေလျော့ဖို့ လိုတယ်”
သူ့ဘေးတွင် လင်းရှန်က လက်ဆန့်တန်းကာ လုကော၏လက်ကို ဖိချလိုက်သည်။
“သေရည်တစ်ခွက်က အဆင်ပြေတယ်။ မင်း သောက်တာများရင် သွေးကြောတွေ ပေါက်ထွက်ပြီး သေလိမ့်မယ်”
လင်းရှန်က ခေါင်းယမ်းကာ တီးတိုးပြောသည်။
လုကော ကြောက်လန့်တကြား လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“အစ်ကိုဟွမ်… ဒီသေရည်က အကြီးအကဲရဲ့လက်ဆောင်ပဲ”
ဟန်မူယဲ့က သေရည်အိုးကို ဟွမ်လောင်လျှိုထံသို့ တွန်းပေးလိုက်သည်။
သေရည်အိုးတွင် သေရည်များမှာ အိုးတစ်ဝက်ထက်ပို၍ ရှိနေသေးသည်။
ဟွမ်လောင်လျှိုကဲ့သို့ အသက်ဓာတ်ကုန်ခမ်းနေသူတစ်ဦးအတွက် ၎င်းမှာ တန်ဖိုးမဖြတ်နိုင်ပေ။
ဟွမ်လောင်လျှိုက ရှုပ်ထွေးသော ခံစားချက်များဖြင့် ခေါင်းညိတ်သည်။
စားပွဲဝိုင်းမှာ ပိုမို၍ အုံ့မှိုင်းလာခဲ့သည်။ အနည်းငယ်ကြာပြီးနောက် လူတိုင်း ကိုယ်စီထွက်ခွာသွားကြတော့သည်။
ဟွမ်လောင်လျှိုက လုချန်းဖျင်အား ပြန်လိုက်ပို့သည်။ လုကောသည်လည်း စားပွဲရှည်နှင့် အစားအသောက်များကို သိမ်းဆည်းရှင်းလင်းသည်။ လင်းရှန်သည် လင်းယွီရှအား ပြန်လိုက်ပို့သည်။
ဟန်မူယဲ့တစ်ဦးတည်းသာ ဓားစံအိမ်အဝင်ဝ၌ ကျန်ရစ်၏။
သူက ဓားစံအိမ်အပေါ်ထပ်ကို လှမ်းကြည့်ကာ အကြီးအကဲသည် အဘယ်ကြောင့် သူတို့နှင့်အတူ လာစားသောက်သည်ကို နားလည်လိုက်သည်။
အချိန်ကာလကြာမြင့်စွာ ကျင့်ကြံပြီးနောက်တွင် သူ၏စားချင်သောက်ချင်စိတ်များ ကုန်ခမ်းသွားသလို သူ့မိတ်ဆွေအသိအကျွမ်းများလည်း ရှားပါးသွားခဲ့သည်။
သူ့အနေဖြင့် အောက်ထပ်သို့ အထူးတလေ လာရောက်စားသောက်ခြင်းမှာ အလွန်ရှားပါး၏။
ဓားစံအိမ်အကြီးအကဲ ပြောခဲ့သလို ဟွမ်လောင်လျှိုသည် သူ့အား အကြိမ်အကြာဆုံး အဖော်ပြုခဲ့သူ ဖြစ်သည်။
ခေါင်းယမ်းကာ ဟန်မူယဲ့သည် သူ၏အခန်းသို့ ပြန်လျှက် ကျင့်ကြံသည်။
သူ၏ချီပင်လယ်၌ ပျံ့ကျဲနေသော ဓားချီများသည် စတင်၍ စုစည်းကာ ဓားဆန္ဒအနေဖြင့် ဖြစ်တည်လာသည်။
လွန်ခဲ့သော ရက်များတွင် သူသည် ဓားချီများကို အဆက်မပြတ် စုဆောင်းကာ သန့်စင်နေခဲ့သည်။ သူသည် ထောင်ပေါင်းများစွာသော ဓားချီများအား စုစည်းနိုင်ခဲ့သည်။
ယမန်နေ့က ဓားစံအိမ်ဒုတိယထပ်တွင် သူသည် ပြီးပြည့်စုံသော ဓားဆန္ဒနှစ်ခုအပြင် မပြည့်စုံသော ဓားဆန္ဒသုံးခုကိုလည်း ရရှိခဲ့သည်။
ယခု သူသည် မစုစည်းရသေးသော ဓားဆန္ဒသုံးခုအား သီးသန့်ခွဲထုတ်ကာ တူညီသော သဘာဝရှိသော ဓားချီများဖြင့် ပေါင်းစပ်သည်။ ၁၂၈၀၀၀ သော ဓားချီအပိုင်းအစများသို့ ပြိုကွဲသွားပြီးနောက်တွင် နောက်ထပ် ဓားဆန္ဒ ၂ သီးသန့်ဖြစ်လာသည်။
ဤနည်းဖြင့် သူ့တွင် ဓားဆန္ဒ ၁၂ ခု ပိုင်ဆိုင်လာခဲ့သည်။
ယမန်နေ့က ဖြိုခွဲကာ ဓားများထံသို့ ဖြန့်ဝေခဲ့သော ဓားဆန္ဒ ၆ခုကြောင့် ယခုတွင် သူ၏ချီပင်လယ်၌ ဓားဆန္ဒ ၆ ခုသာ ကျန်ရစ်သည်။
များပြားသော ဓားဆန္ဒသည် သူ၏ခန္ဓာကိုယ်ကို ဝန်ပိစေသည်။ ထို့ကြောင့် ၎င်းတို့အား ဓားများထံသို့ ပို့လွှတ်ထားခြင်းက ပိုသင့်တော်သည်။
လက်ရှိတွင် အရေးအကြီးဆုံးမှာ သူ၏ကျင့်ကြံဆင့်နှင့် ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ရန် ဖြစ်သည်။ သူသည် ဓားပျိုးထောင်စနစ်ကို သုံးကာ သူ၏ကိုယ်ပိုင်ဓားချီကို ပျိုးထောင်ရပေမည်။
သူကိုယ်တိုင် ပျိုးထောင်သော ဓားချီများမှာ ပိုမို၍ ကျိုးနွံကာ သိမ်မွေ့သည်။ ထို့ကြောင့် ၎င်းတို့မှာ ကုန်ခမ်းသွားလျှင်ပင် အဆက်မပြတ် ပြန်လည်ဖွဲ့စည်းနိုင်၏။
သူ၏ဒန်ထျန်မှ ဓားချီများ ဓားဆန္ဒအဖြစ် ပြောင်းလဲသွားပါက သူ၏ချီပင်လယ်မှ တခြားဓားဆန္ဒများကို ဖိနှိပ်နိုင်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်။
ယခု သူ လုပ်ရမည်ကား ကျင့်ကြံရန်သာ ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် မရေမတွက်နိုင်သော ပညာရှင်များ ရှိကြသည်။
သူကား ဓားစံအိမ်မှ ဓားထိန်းတစ်ဦးသာ ဖြစ်သည်။ သူ တိုက်ခိုက်ရန် အလှည့် မည်သည့်အခါမှ ကျလာမည် မဟုတ်ပေ။
သူ၏ဓားဆန္ဒကို လှည့်ပတ်စီးဆင်းစေရင်း ဟန်မူယဲ့သည် ယမန်နေ့က သူ့အကျိုးအမြတ်များကို ပြန်လည်တွက်ချက်နေသည်။
သူသည် လင်ကြွယ်ဓားဂိုဏ်း၏ မူပိုင်ဓားသိုင်းနှစ်ခုကို နားလည်တတ်ကျွမ်းသွားခဲ့သည်။
တိမ်ခွင်းဓားသိုင်းနှင့် တိမ်နှင်ဓားသိုင်း…
ထိုဓားသိုင်းနှစ်ခု၏အနှစ်သာရအား မီးလောင်ပြင်ဓားသိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်ဘုံအဆင့်များနှင့် ယှဉ်နိုင်စွမ်းသော ဓားမာန်ဟုန်ဖြစ်လာသည်။
လတ်တလောတွင် ဟန်မူယဲ့သည် ဓားမာန်ဟုန်ကို အသုံးမပြုနိုင်သေးပါ။ တစ်နေ့က သူသည် ဓားမာန်ဟုန်ကို အသုံးပြုရန် ကြိုးစားခဲ့ရာ သူ၏အသက်ဝိညာဉ်ကို ထိခိုက်လုနီးပါး ဖြစ်ခဲ့သည်။
သူက လက်ကို မြှောက်လိုက်လျှင် အစိမ်းရောင်ဓားတစ်လက်နှင့် ခရမ်းရောင်ဓားတစ်လက်သည် ဟန်မူယဲ့၏ရှေ့တွင် မြောလွင့်နေကြသည်။
သည်ဓားနှစ်လက်ကို ဟန်မူယဲ့သည် နေ့စဉ်နေ့တိုင်း သန့်စင်နေခဲ့ရာ သူတို့၏ကိုယ်ထည်မှ သဘာဝစွမ်းအင်အလင်းများ တဖျတ်ဖျတ်လက်နေသည်။
သည်ဓားနှစ်လက်မှာ တစ်နေ့တွင် ဝိညာဉ်အဆင့်လက်နက်များဖြစ်လာမည်ဟု သူ ယုံကြည်သည်။
ဝိညာဉ်အဆင့်လက်နက်များကို တွေးမိလိုက်ရင် ဓားရှည်တစ်လက်သည် ထွက်ပေါ်လာကာ လခြမ်းတစ်စင်းလို သူ့ကို လှည့်ပတ်လာသည်။
ဒုတိယထပ်တွင် သူသည် ဓားသိုင်းရှစ်မျိုးကို တတ်မြောက်ခဲ့သည်။ ၎င်းတို့အားလုံးမှာ အလွန်စွမ်းအားကြီး၏။
ဓားသိုင်းခြောက်မျိုးမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဖြစ်သည်။ ဓားသိုင်းတစ်မျိုးမှာ လစန္ဒာဂိုဏ်းမှ ဓားသိုင်းဖြစ်သည်။
ဓားသိုင်းသည် အေးစက်သော လေကို လရောင်နှင့်ပေါင်းစပ်ကာ ဓားအလင်းအဖြစ် အသုံးပြုသည်။
၎င်းသည် အင်မော်တယ်ဓားပျံစနစ်ဖြစ်သည်။
ဓားပျံအလင်းကို ကြည့်ကာ ဟန်မူယဲ့သည် လက်ဆန့်တန်းလျှက် ဓားငယ်လေးအား လှမ်းကိုင်လိုက်သည်။
ဝှစ်…
ဓားသည် အေးစက်သော အလင်းအဖြစ် ပြောင်းလဲသွား၏။
ထိုဓားအလင်းသည် ထူးဆန်းကာ အလွန်မြန်ဆန်၏။ ၎င်း၏သတ်ဖြတ်အငွေ့အသက်မှာ လူတိုင်းကို ကျောချမ်းစေလောက်၏။
“ဘယ်လောက်သန်မာလိုက်တဲ့ ဘယ်သန်ဓားသိုင်းလဲ”
ဓားငယ်လေးကို လွှတ်လိုက်ကာ ဟန်မူယဲ့ တီးတိုးဆိုသည်။
ဤပြောင်းပြန်ဓားသိုင်းသည် ထူးဆန်းကာ မြန်ဆန်သည်။ ၎င်းမှာ သူ တစ်ခါမှ မမြင်ဖူးသော နည်းစနစ်လည်းဖြစ်သည်။
“ညီလေးဟန်… မင်း အထဲမှာလား”
အပြင်မှ ဟွမ်လောင်လျှို၏အသံကို ကြားရသည်။