အံ့ဖွယ်ဓားအကြီးအကဲ၏အံ့မခန်းအစွမ်း
Vol. 6 Ch. 77
တံခါးကို ဖွင့်လိုက်လျှင် ဟွမ်လောင်လျှို အခန်းအပြင်၌ ရပ်နေသည်ကို တွေ့ရ၏။
“အစ်ကို… ခင်ဗျား စောစော ပြန်လာတာပဲ။ မရီးက နေခဲ့ဖို့ မပြောဘူးလား”
ဟန်မူယဲ့က ပြုံးလျှက် စနောက်လိုက်သည်။
ဟွမ်လောင်လျှို ရှက်သွားသည်။ သူက လက်ဝှေ့ယမ်းကာ အခန်းထဲကို ဝင်လာ၏။
“ညီလေးဟန်… မင်းဟာ ဓားထိန်းဖြစ်ဖို့ မွေးဖွားလာတဲ့သူပဲ”
ဟွမ်လောင်လျှိုက သူ့အား သုန်မှုန်သော အမူအရာဖြင့် ပြောသည်။
“အကြီးအကဲက ဘယ်သူနဲ့မှ အတူမထိုင်ဖူးဘူး။ မင်း ခေါ်တော့ သူ ရောက်လာခဲ့တယ်”
“ဒါက မင်းကို သူ ဘယ်လောက်တန်ဖိုးထားလဲ ပြနေတာပဲ”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဓားစံအိမ်အကြီးအကဲဖြစ်စေ၊ ထို့ပါ့ချန်ဖြစ်စေ သူတို့သည် ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။
သူတို့သည် ထိပ်ဆုံးတွင် တည်ရှိနေခြင်းက ကြာမြင့်လှပြီဖြစ်ရာ သူတို့၏အလေးထားမှုကို ထုတ်ဖော်ပြသရန်ပင် အလွန်ခက်ခဲကြသည်။
ဓားစံအိမ်အကြီးအကဲက သူတို့နှင့်အတူ ထိုင်လျှင် အတူစားသောက်ခြင်းက အလွန့်အလွန်ရှားပါးဖြစ်စဉ်ပင်။
“ညီလေးဟန်… ဓားစုစည်းစနစ်ဟာ အားကောင်းတဲ့ ဓားဆန္ဒကို စုစည်းနိုင်ပေမဲ့ ဒါက ဝိညာဉ်ကို ထိခိုက်စေတယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“ဒီနေ့ ငါမင်းကို ဓားစုစည်းစနစ် သင်ပေးမယ်။ မင်း ကျင့်ကြံတာ မကျင့်ကြံတာကတော့ မင်းသဘောပဲ”
…
တစ်နာရီခန့်ကြာပြီးနောက် ဟွမ်လောင်လျှိုသည် ဟန်မူယဲ့ အခန်းထဲမှ ထွက်သွားခဲ့သည်။
တိတ်ဆိတ်သော အခန်းထဲ၌ ဟန်မူယဲ့သည် လေးနက်သော အမူအရာဖြင့် ထိုင်နေသည်။
“ဓားစုစည်းစနစ်နဲ့ ဝိညာဉ်စုစည်းဓား… ငါသာ သတိမထားရင် ငါ့ဝိညာဉ်ဟာ ထိခိုက်နိုင်တယ်”
“ဒီဓားပညာကို ကျင့်ကြံတဲ့အခါ ဓားဟာ ပိုင်ရှင်ကို အုပ်စိုးမလား၊ ပိုင်ရှင်က ဓားကို အုပ်စိုးမလား နှစ်ခုထဲက တစ်ခုဖြစ်လာမယ်”
မျက်လုံးများ အရောင်တောက်ရင်းဖြင့်ပင် ဟန်မူယဲ့သည် သူ့ရှေ့မှ ကျားဖြူစာလိပ်ကို ကြည့်လိုက်သည်။
တခြားပညာရပ်များအတွက် သူသည် ဓားချီကို ကျင့်ကြံကာ ဓားဆန္ဒကို ဖြေးညင်းစွာ စုစည်းပါက သူသည် ဓားမာန်ဟုန်ကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။
ဟန်မူယဲ့၏အမြင်တွင် ဓားပျိုးထောင်စနစ်သည် သမာရိုးကျ ကျင့်ကြံခြင်းလမ်းစဉ်၏အငွေ့အသက်များ ရှိနေဆဲဖြစ်သည်။ ဓားချီကို ပျိုးထောင်ခြင်းက ပင်ပန်းဆင်းရဲသော်လည်း သဘာဝစွမ်းအားများ၏အထောက်အပံ့ဖြင့်ဆိုပါက သူသည် ဓားဆန္ဒကို စုစည်းကာ မဟာတာအိုကို ဖွဲ့စည်းနိုင်သည်။
သို့သော်လည်း ဓားစုစည်းစနစ်သည် ဝိညာဉ်စွမ်းအားကို အမှီပြုကာ ဓားမာန်ဟိုကို တိုက်ရိုက်ဖွဲ့စည်း၏။
သူသာ သတိမထားပါက သူ့ဝိညာဉ်မှာ ထိခိုက်သွားပေလိမ့်မည်။
ထို့အပြင် စုစည်းရရှိသော ဝိညာဉ်ဓားမှာ သူ၏ကျင့်ကြံဆင့်နှင့် မပေါင်းစပ်နိုင်ပါ။
ထိုဓားသည် နှစ် ၆၀ ကြာ စုစည်းပြီးမှသာ ဓားတစ်ချက်တည်းကို အသုံးပြုနိုင်စွမ်းရှိသည်။
ဟန်မူယဲ့သည် ဓားစုစည်းစနစ်ကို ဝေဖန်ဆန်းစစ်ကာ ၎င်း၏အားနည်းချက်ကို တွေ့သည်။
အကယ်၍ ဓားစုစည်းစနစ်ဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်သာ ကြီးမားစွာ ထိခိုက်သွားပါက ဝိညာဉ်ဓားက တဖန် ပိုင်ရှင်ကို ထိန်းချုပ်သွားနိုင်သေးသည်။
ဤနည်းဖြင့် ဓားပိုင်ရှင်မှာ ဓားကျေးကျွန် ဖြစ်သွားနိုင်သည်။
ဟွမ်လောင်လျှိုက သူ့အား ဓားစုစည်းစနစ်ကို လေ့ကျင့်ရန်မှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု သတိပေးခဲ့သည်မှာ မထူးဆန်းတော့ပေ။
ယခင်က ဟွမ်လောင်လျှိုသည် တခြားကျင့်ကြံပညာရပ်များသာ ရှိပါက ဤဓားစုစည်းစနစ်ကို လေ့ကျင့်လိမ့်မည် မဟုတ်ပေ။
အကျိုးအပြစ်များကို ကောက်ချက်ချရင်း ဟန်မူယဲ့ တွန့်ဆုတ်နေသည်။
ဓားစုစည်းစနစ်သည် စွမ်းအားကြီးသော်လည်း မလိုအပ်က သူသည် ကျင့်ကြံမည် မဟုတ်ချေ။
…
နောက်ရက်ပိုင်းတွင် ဟွမ်လောင်လျှိုနှင့် ဟန်မူယဲ့သည် တစ်လှည့်စီ ပြိုင်ပွဲကို သွားကြည့်ကြသည်။
ဟွမ်လောင်လျှိုကား လုချန်းဖျင် တိုက်ခိုက်ယှဉ်ပြိုင်သည်ကို သွားကြည့်ခြင်း ဖြစ်သည်။
တခြားတစ်ဖက်တွင် ဟန်မူယဲ့ကား တခြားဂိုဏ်းမှ သိုင်းပညာရပ်များကို သွားရောက်လေ့လာခြင်း ဖြစ်သည်။ ထို့နောက် သူက ဟွမ်လောင်လျှို၊ လင်းရှန်တို့နှင့် အတူတူ ဆန်းစစ်ဝေဖန်သည်။
ထို့နောက် သူတို့က လုချန်းဖျင်နှင့် လင်းယွီရှတို့အား ညွှန်ကြားပြသပေးသည်။
လုချန်းဖျင်နှင့် လင်းယွီရှတို့သည် တိုက်ပွဲအစီအစဉ်ကို တမင် ပြောင်းလဲခြင်းအား မကြိုက်မနှစ်သက်သော်လည်း လမ်းညွှန်ပေးခြင်းကိုကား ဝမ်းသာအားရ လက်ခံကြသည်။
ဟန်မူယဲ့ ပြိုင်ပွဲကို သွားကြည့်သည့်အခါတိုင်း ကျောက်ဖူက သူ့အား ခေါ်ကာ အတူထိုင်စေသည်။ တစ်ခါတစ်ရံ ဟန်မူယဲ့အား စင်ပေါ်သို့ စေလွှတ်ကာ အနိုင်ရသူအား မှတ်ချက်ပေး ဝေဖန်စေ၏။
လူတိုင်းက ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိသော ထူးဆန်းသောလူငယ်အား စိတ်ဝင်တစား ကြည့်ကြသည်။
သတင်းရင်းမြစ်များအရ လင်ကြွယ်ဂိုဏ်းမှ ချီမင်ယွမ်သည် သူ၏ဂိုဏ်းသို့ ပြန်သွားပြီး ဖြစ်သည်။
အကြောင်းပြချက်ကား သူသည် သူ့ဓားဂိုဏ်းမူပိုင်သိုင်းနှင့်ပတ်သက်၍ လမ်းညွှန်မှုကို ရရှိခဲ့သည်။
သူသည် အမှန်တကယ်ပင် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ သုံးစွဲခဲ့၏။
ဟန်မူယဲ့က ထပ်မံ၍ တိုက်ပွဲကို ဝေဖန်ဆန်းစစ်ပြသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သော ဂိုဏ်းများထဲမှ မဟုတ်ပါက သူသည် တစ်ဦးတစ်ယောက်ချင်းစီ၏ သိုင်းပညာများနှင့်ပတ်သက်၍ လေးနက်စွာ ညွှန်ကြား သင်ပြပေးသည်။
အများစုမှာ အလွန်ကျေးဇူးတင်ကြသည်။
ပြိုင်ပွဲမှာလည်း ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။ လူအများအပြားက ထိုစီနီယာအစ်ကိုနှင့်ပတ်သက်၍ စိတ်ဝင်စား သိရှိလိုကြသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အရှိန်အဝါမှာလည်း လူအများ၏စိတ်နှလုံးထဲမှာ အလိုအလျောက် ကြီးမားလာခဲ့သည်။
တိုက်ပွဲအစီအစဉ်တစ်ခုပြီးတိုင်း ထို့ပါ့ချန်သည် ထူးမခြားနားသော အမူအရာဖြင့် ထထွက်သွားလေ့ရှိပြီး ကျောက်ဖူက ဟန်မူယဲ့၏ပုခုံးကို ဖက်ကာ ကျေးဇူးတင်သည်။
စင်မြင့်ထက်မှ တိုက်ပွဲများမှာ ပိုမို၍ ပြင်းထန်လာ၏။
ဂိုဏ်းအသီးသီးမှ တပည့်များသည် အမှန်တကယ် ပြင်းထန်စွာ တိုက်ခိုက်ကြ၏။
လက်ရှိတွင် ကျောက်ဖူ၏ပြိုင်ပွဲအစီအစဉ်မှာလည်း ရှုံးနိမ့်သူများကို များစွာ မသက်ရောက်စေတော့ပါ။
အကြောင်းကား အားနည်းသူများမှာ နောက်ပိုင်းအဆင့်သို့ ရောက်ရန် မဖြစ်နိုင်ပေ။
ထိုတိုက်ပွဲများကို ကြည့်ရင်း ဟန်မူယဲ့၏ကျင့်ကြံခြင်းဗဟုသုတများမှာလည်း ပိုမိုခိုင်မာအားကောင်းလာခဲ့သည်။
တနေ့က သူ၏စွမ်းအင်ကျင့်ကြံခြင်းမှာ ချီစုဆောင်းခြင်း အဆင့်၃ သို့ တက်လှမ်းသွားခဲ့ကာ သူ၏ဒန်ထျန်မှာလည်း အနည်းငယ် ပြန့်ကားသွားခဲ့သည်။
သည်ရက်ပိုင်းများတွင် သူသည် ကျောက်ဖူနှင့် ကျင့်ကြံခြင်းပညာရပ်များကို လှဲလှယ်နေခဲ့ကာ ဉာဏ်အလင်းများစွာ ရခဲ့သည်။ သူသည် ချီစုဆောင်းခြင်း အဆင့် ၅သို့ ရောက်ရှိလာပြီးဖြစ်ကာ သူ၏သွေးချီမှာလည်း သံမဏိနွားသိုး ၅ကောင်အထိ ဖွဲ့စည်းလာနိုင်ခဲ့သည်။
သူ၏ခန္ဓာကိုယ် ပိုမိုသန်မာလာခြင်းက ပိုမိုများပြားသော ဓားချီများကို စုဆောင်းလာနိုင်စေသည်။
ဒေါင်…
အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံ မြည်လာသည်။
ယခင်ရက်များတွင် ခေါင်းလောင်းသံသည် တစ်ရက်ခြားတစ်ခါ နှစ်ရက်ခြားတစ်ခါ မြည်လေ့ရှိသည်။ ဂိုဏ်းအသီးသီးတို့မှာလည်း ထူးဆန်းသည် မထင်ကြတော့ပေ။
“ချင်သုံးပါးဓားဂိုဏ်းရဲ့ ပဥ္စမအလွှာ ခံစစ်ဟာ ပျက်စီးသွားပြီ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဧည့်အကြီးအကဲ၊ အံ့ဖွယ်ဓားအကြီးအကဲဟာ ဓားတစ်ချက်တည်းနဲ့ ချပ်ဝတ်တစ်ရာကို ကျိုးပျက်စေခဲ့တယ်။ သူဟာ အရည်အသွေးမြင့် ဓား ၁၀၀ ကို စုစည်းရရှိခဲ့ပြီးတော့ ဓားစံအိမ်သို့ ပို့ဆောင်ခဲ့ပါတယ်”
“တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူး လင်းချီဟာ ချင်သုံးပါးဓားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးမှူး ဟယ်လျှိုယွီကို ဒဏ်ရာရစေပြီးတော့ ဝိညာဉ်တစ်ဝက်ဓားတစ်လက်ကို ရရှိခဲ့တယ်။ အဲဒီဓားကို ဓားစံအိမ်သို့…”
အံ့ဖွယ်ကိုးပါးတောင်ကုန်းတခွင်၌ ကောင်းချီးဩဘာသံများ ထွက်ပေါ်လာခဲ့သည်။
ဟန်မူယဲ့ ထိုင်နေရာမှ ထရပ်လိုက်သည်။
“ဆရာဦးလေး… အစ်ကိုကျောက်… ကျုပ် ဓားလက်ခံဖို့ သွားလိုက်ဦးမယ်”
ဓားလက်ခံခြင်း…
ချင်သုံးပါးဓားဂိုဏ်းမှ တိုက်ပွဲမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုပြင်းထန်လာခဲ့သည်။ ခံစစ်အလွှာများမှာ တစ်ခုပြီးတစ်ခု ကျိုးပျက်နေခဲ့ကာ မကြာခင် တစ်ဂိုဏ်းလုံး ပျက်စီးတော့မည့် အခြေအနေ ဖြစ်သည်။
ဓားစံအိမ်သို့ ပို့ဆောင်လာခဲ့သော ဓားများမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏သန်မာမှုကို ပြသနေသလို ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ဂိုဏ်းများကိုလည်း ထိတ်လန့်စေသည်။
ဂိုဏ်းစုံညီစုဝေးပွဲမှ ပြိုင်ပွဲမှာ ပြုံးဆုံးသွားခဲ့သည်။ အားလုံးက ဓားစံအိမ်သို့ ပျံသန်းသွားသော ဓားအလင်းများကို လှမ်းကြည့်ကြသည်။
“အဲဒါက အံ့ဖွယ်ဓားအကြီးအကဲဖြစ်နေပြန်ပြီ။ အဲဒီ ဧည့်အကြီးအကဲဟာ အားလုံးအာရုံစိုက်ရတဲ့သူဖြစ်နေပြီ”
တစ်ယောက်က လူအုပ်ထဲတွင် တီးတိုးပြောသည်။
သည်တိုက်ပွဲ၌ အံ့ဖွယ်အကြီးအကဲ၏စွမ်းဆောင်မှုမှာကား အမှန်တကယ် ပြောင်မြောက်လွန်းလှသည်။
“ဒါက အနောက်ဘက်နယ်စပ်ကုန်းမြေဂိုဏ်းကြီးတွေရဲ့ အင်အားလား”
တစ်ယောက်ကလည်း တီးတိုးပြောသည်။
“မှန်တကယ်… ဒီလို အားကောင်းတဲ့ အကြီးအကဲဟာ ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်”
“တကယ်လို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စစ်မှန်တဲ့ ပညာရှင်တွေသာ တိုက်ခိုက်ရင် ဘယ်လို ဖြစ်လာမလဲ”
လူအုပ်ထဲတွင် တစ်ယောက်က ကြောက်ရွံ့စွာ ပြောသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အသန်မာဆုံးလူများမှာ မဟာအကြီးအကဲသုံးပါး ဖြစ်သည်။ သူတို့အားလုံးမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်များဖြစ်ကြ၏။
ဓားစံအိမ်အကြီးအကဲသည် ကောင်းကင်ဘုံအဆင့်သို့ ‘အသက်ရှုကြိမ်တစ်ရာ’မျှ ရောက်ရှိနိုင်၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မျိုးဆက်ငါးခုတွင် ရွှေအမြုတေ ဖွဲ့စည်းထားပြီးသော ကမ္ဘာမြေအဆင့်ကျင့်ကြံသူ အများအပြား ရှိကြသည်။
ယခုထိ ထိုလူများထဲတွင် မည်သူမှ တိုက်ခိုက်ခြင်း မပြုသေးပါ။
ဧည့်အကြီးအကဲတစ်ယောက်တည်းမျှဖြင့် သူတို့သည် ချင်သုံးပါးဓားဂိုဏ်းကို ပျက်စီးလုနီးပါးအခြေအနေထိ တိုက်ခိုက်နိုင်ခဲ့သည်။
ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စစ်မှန်သော စွမ်းအားဖြစ်သည်။
သူတို့၏စစ်မှန်သော ရေအနက်ကိုကား မည်သူမှ မခန့်မှန်းနိုင်ပါ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရန်စခဲ့သော ချင်သုံးပါးဓားဂိုဏ်းမှာကား အဆုံးသတ်ပြီ ဖြစ်သည်။
လူအုပ်ထဲတွင် အများအပြားက အချင်းချင်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြသည်။
ပွဲကြည့်စင်ထက်တွင် ထို့ပါ့ချန်က ဖြေးလေးစွာ ခေါင်းမော့သည်။
“ချင်သုံးပါးဓားဂိုဏ်းဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီ။ တစ်စုံတစ်ယောက်ဟာ ငြိမ်ငြိမ် ထိုင်နေမနိုင်တော့ဘူး ထင်တယ်”
“ကောင်လေးဟန်ပြောတာ မှန်တယ်။ ကျားဟာ တောင်ကုန်းပေါ်က ဆင်းလာမှ ပိုပြီး စွမ်းအားကြီးလာတာ”
“ဆယ်နှစ်တိတိ ဓားကို သွေးလာခဲ့တာ… နောက်ဆုံးရလဒ်က နီးကပ်လာပြီပဲ”
ဓားစံအိမ်ရှေ့တွင် ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် ဓားများကို လက်ခံကြသည်။
သူတို့က ဓားများကို လက်ခံခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။
သည်တစ်ကြိမ် အကောင်းဆုံးဓားမှာကား ဝိညာဉ်တစ်ဝက်အဆင့်ဓားဖြစ်သည်။ ၎င်းကို ဓားစံအိမ်ဒုတိယထပ်သို့ ပို့ဆောင်ရန် မလိုပါ။
နာရီဝက်ခန့်၌ပင် ဓားများအားလုံးကို စာရင်းပြုစုပြီးသွားသည်။
“အားလုံး ပင်ပန်းသွားကြပြီ။ ဓားတွေအားလုံးကို စာရင်းမှတ်ပြီးပါပြီ”
ကျောက်တုံးလှေကားထစ်တွင် ဟန်မူယဲ့က ပြုံးလျှက် လက်နှစ်ဖက်အုပ်ကာ ဂိုဏ်းတပည့်များအား လေးစားစွာ ပြောသည်။
“စီနီယာအစ်ကိုဟန်…”
ဓားလာပို့သူများထဲတွင် အရပ်ရှည်ရှည်ဖြင့် လူငယ်တစ်ယောက်က ရှေ့ကို တက်လာကာ လက်နှစ်ဖက်ဆုပ်သည်။ သူက အသံတိုးတိုးဖြင့် ပြောသည်။
“ကျုပ်နာမည် ထန်မင်းပါ။ အံ့ဖွယ်ဓားအကြီးအကဲနဲ့ ဂိုဏ်းသားတချို့က ကျုပ်ကို စီနီယာအစ်ကိုဆီ ဆေးပင်ဆေးမြစ်တွေ ပို့ခိုင်းလိုက်တယ်”
ထန်မင်းက ဆေးပင်ဆေးမြစ်များ ထည့်ထားသော အိတ်ကလေးများကို ထုတ်ယူလိုက်သည်။
၎င်းတို့မှာ အသက်ရှည်ဆေးဖော်စပ်ရာတွင်သုံးသော ဆေးပင်ဆေးမြစ်များဖြစ်ကြသည်။ ကျောက်ယိုကျစ်နှင့် ကျန်းဟန်တို့က ချင်သုံးပါးဓားဂိုဏ်းကို တိုက်ခိုက်ရာ၌ ရရှိခဲ့ဟန်တူသည်။
မှန်သည်၊ အပြင်လူများက ထိုဆေးပင်ဆေးမြစ်များ ရရှိခဲ့သည်ကို သိကြမည် မဟုတ်ပါ။
ဟန်မူယဲ့က ဆေးပင်ဆေးမြစ်များကို လက်ခံယူလိုက်ကာ အသာအယာပြောသည်။
“ကျေးဇူးပဲ အစ်ကိုထန်…”
ထန်မင်းကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတွင်းစည်းထိပ်ဆုံး ၂၀၀ စာရင်းဝင်ဖြစ်သည်။ သူသည် ဤတစ်ကြိမ် ဂိုဏ်းသို့ ပြန်ကာ ပစ္စည်းများ ပို့ဆောင်ရန် တာဝန်ပေးခြင်း ခံရသည်။
ဟန်မူယဲ့၏စကားကိုကြားလျှင် ထန်မင်းက ပြုံးလျှက် ပြောသည်။
“စီနီယာအစ်ကိုဟန်ရဲ့ အကြံပေးမှုကြောင့်သာ မဟုတ်ရင် ကျုပ်တို့က အံ့ဖွယ်ဓားအကြီးအကဲရဲ့ အကူအညီကို ရခဲ့မှာ မဟုတ်ဘူး”
“အံ့ဖွယ်ဓားအကြီးအကဲဟာ တကယ်ပဲ ဗဟုသုတကြွယ်ဝတယ်။ သူ့လမ်းညွှန်မှုကြောင့် ကျုပ်ရဲ့ ဓားပညာဟာလည်း အများကြီး တိုးတက်လာခဲ့တယ်။ မကြာခင် ကျုပ်ဟာ ထိပ်ဆုံးနံပါတ် ၁၀၀ ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ် ထင်တယ်”
ထို့နောက် သူက ဟန်မူယဲ့အား ပြုံးလျှက်ပြောသည်။
“ဂျူနီယာညီလေးကျန်းဟန်နဲ့ တခြားလူတွေက ခင်ဗျားဟာ ဓားတွေ ရွေးချယ်ရာမှာ ထူးချွန်တယ် ပြောတယ်။ အချိန်ကျရင် ကျုပ်အတွက်လည်း ဓားကောင်းတစ်လက် ရွေးပေးပါဦး”
ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်သည်။ ထို့နောက်သူက ကျောက်စိမ်းပုလင်းငယ် တစ်လုံးအား ကမ်းပေးသည်။
“ကျုပ်က အစ်ကိုထန်တို့ကို ဒီအတိုင်း အလဟသ မပင်ပန်းစေပါဘူး။ ဒါကို ကျုပ်ရဲ့ ကျေးဇူးပြုမှုလို့ သတ်မှတ်ပေးပါ”
ထန်မင်းက အနည်းငယ် အံ့အားသင့်သွားသည်။
အတွင်းစည်းဂိုဏ်းမှ ထိပ်ဆုံးနံပါတ် ၂၀၀ စာရင်းဝင်တစ်ဦးသည် ဓားထိန်းတစ်ဦး၏ကျေးဇူးပြုမှုကို ဂရုစိုက်ရန် လိုပါသလား။
သူက အံ့ဖွယ်ဓားအကြီးအကဲကြောင့်သာ ရောက်လာခြင်း ဖြစ်သည်။