← Chapters

ခေါင်းလောင်းသံ တညံညံ

Vol. 6 Ch. 78

ခေါင်းလောင်းသံ တညံညံ

Vol. 6 Ch. 78

ထန်မင်းက ငြင်းပယ်မည် ပြုစဉ်မှာပင် ဟန်မူယဲ့က နောက်ထပ် ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။

“အစ်ကိုထန်… ဒီဆေးပုလင်းကို အံ့ဖွယ်အကြီးအကဲကို ပေးပေးပါ”

ထန်မင်းက ခေါင်းညိတ်ကာ ယူလိုက်သည်။

သူကိုယ်တိုင်အတွက်က ပြဿနာမရှိပေ။ သို့သော်လည်း အံ့ဖွယ်အကြီးအကဲထံသို့ ပေးပို့ရမည့်အရာကို ငြင်းပယ်ခြင်းက မသင့်တော်ပါ။

လက်ဆောင်မှာ သေးငယ်သော်လည်း အဓိပ္ပာယ်များစွာ ရှိသည်။ အံ့ဖွယ်အကြီးအကဲက ထိုဆေးလုံးကို တန်ဖိုးထားမည်မဟုတ်သော်လည်း ၎င်းနောက်ကွယ်မှ အလေးထားမှုကို လျစ်လျူရှုမည် မဟုတ်ပေ။

“စီနီယာအစ်ကိုထန်… အားလုံးကို ဂရုစိုက်ဖို့ ပြောပေးပါ။ ချင်သုံးပါးဓားဂိုဏ်းဟာ ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးလိုပဲ။ အန္တရာယ်ကြီးတယ်”

ထန်မင်းက ဆေးပုလင်းများကို သိမ်းဆည်းလိုက်လျှင် ဟန်မူယဲ့က ထပ်ပြောသည်။

ခုနက သူသည် ဓားတစ်လက်ကို ဆွဲထုတ်လိုက်စဉ်က ချင်သုံးပါးဓားဂိုဏ်းသည် အမှန်တကယ် အသည်းအသန်အခြေအနေသို့ ရောက်နေကြောင်း သိခဲ့ရသည်။

သို့သော်လည်း သူတို့မှာ နောက်ဆုံးအကြိမ် သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် ပြင်ဆင်နေကြကာ ကျင့်ရှန်းဓားဂိုဏ်းထံသို့ ထွက်ပြေးရန် စီစဉ်နေကြ၏။

တိုက်ပွဲအနေအထားက မတော်တဆ ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။

ထန်မင်းက ခေါင်းညိတ်ကာ ဓားပို့ဆောင်သည့်အဖွဲ့နှင့်အတူ ပြန်ထွက်သွားသည်။

သူသည် တောင်ကုန်းဂိတ်တံခါးမှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့ ပေးလိုက်သော ပုလင်းငယ်အား ထုတ်ယူလိုက်သည်။

သူက သိပ်အများကြီး မတွေးသော်လည်း ဆေးလုံးက အနည်းငယ် တန်ဖိုးရှိလောက်သည်။

၎င်းတန်ဖိုးက အနည်းငယ်ရှိပါက သူသည် ဝိညာဉ်ကျောက်တုံးအနည်းငယ်ဖြင့် လှဲလှယ်နိုင်သည်။

တခြားလူများကို ကျောခိုင်းကာ သူသည် ပုလင်းငယ်အား ဖွင့်လိုက်သည်။

သလင်းကျောက်အလား ကြည်လင်ဝိုင်းစက်သော ဆေးလုံးငယ်များ…

၎င်းသည်ကား အလွန်အရည်အသွေးမြင့်သော ဆေးလုံးများ၏ပုံပန်းသွင်ပြင်ဖြစ်သည်။

ထန်မင်းသည် ထိုသို့သော ဆေးလုံးကို ရတနာတစ်ပါးအလား သိမ်းဆည်းကာ တန်ဖိုးထားသော သူ၏စီနီယာအစ်ကိုထံ၌ တွေ့ဖူးသည်။

ဤဆေးလုံးကား အမြင့်ဆုံးအရည်အသွေးရှိသည်။

သူသည် ဆေးပုလင်းငယ်အား ပိတ်လိုက်ကာ ရင်ဘတ်ပေါ်၌ တင်ထားလိုက်သည်။ ထန်မင်းက လက်ကို ရင်ဘတ်တွင် ဖိထားကာ စိတ်လှုပ်ရှားမှုကို ငြိမ်သက်အောင် ထိန်းထားရ၏။

တိမ်မြူချီဆေးလုံး…

အကယ်၍ တိမ်မြူချီဆေးလုံးတစ်လုံးသည်သာဆိုပါက အတွင်းစည်းတပည့်တစ်ဦးဖြစ်သော သူ့ကို စိတ်လှုပ်ရှားစေမည် မဟုတ်ပါ။

ဆေးလုံး ၁လုံးသည် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ နှင့် ညီမျှကာ ဤသို့သော အမြင့်ဆုံးအရည်အသွေးဆေးလုံးမှာ ကံကောင်း၍သာ တွေ့ရတတ်သည်။

ထန်မင်းကား အတော်လေး ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ သူ့တွင် ပိုက်ဆံရှိလျှင်ပင် ဤသို့သော ဆေးလုံး ၁ လုံး ၂လုံးခန့်ကို ဝယ်နိုင်မည် မဟုတ်ပါ။

သို့သော်လည်း ကျောက်စိမ်းပုလင်းငယ်ထဲတွင် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးများဖြင့် ပြည့်နေသည်။

ဤသည်ကား ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်၍ မရနိုင်သော အရာဖြစ်သည်။

အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရင်း ထန်မင်းသည် စိတ်ကို ငြိမ်သက်အောင် ထားလိုက်သည်။

သည်မတိုင်ခင်က သူသည် ကျောက်ယိုကျစ်တို့၏စကားကို အလေးအနက် မထားခဲ့ပေ။

သူသည် ဆေးပင်ဆေးမြစ်များကို ပို့ဆောင်ခြင်းမှာ အံ့ဖွယ်အကြီးအကဲကို အထင်ကြီးလေးစားမှုကြောင့်သာ ဖြစ်သည်။

ဤသည်က အံ့ဖွယ်အကြီးအကဲထံမှ ဆုကြေးဖြစ်သည်ဟု သူ ထင်ထားခဲ့သည်။

ယခုမှ စီနီယာအစ်ကိုဟန်သည် သာမန်မဟုတ်ကြောင်း သူသိလိုက်၏။

ဤသို့သော အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးများဖြင့် ဆိုပါက သူ ပို့ဆောင်သော ဆေးပင်ဆေးမြစ်များ၏တန်ဖိုးမှာ ဘာမှ မဟုတ်ပါ။

ယခုမှ ထန်မင်းသည် သူကိုယ်တိုင်က အလွန်အတွေးတိမ်နေသေးသည်ကို သိလိုက်သည်။

သူက ဆေးပင်ဆေးမြစ်များကို ပို့ဆောင်ခြင်း၌ စီနီယာအစ်ကိုဟန်သည် သူ့အပေါ် အမြတ်ထုတ်မည် မဟုတ်သလို ပို၍ပင် အဆများစွာ ကျေးဇူးပြုမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

ဤစီနီယာအစ်ကိုဟန်ကား မိတ်ဆွေဖြစ်ရန် ထိုက်တန်သည်။

ဓားစံအိမ်ထံသို့ ပြန်လှည့်ကြည့်ရင်း သူ၏နှလုံးသားက လောင်ကျွမ်းနေသလို ခံစားရသည်။

နောက် ၂ရက်ခန့်တွင် ချင်သုံးပါးဓားဂိုဏ်းထံမှ အဆက်မပြတ်သော သတင်းများ ရောက်လာနေသည်။

အံ့ဖွယ်ဓားအကြီးအကဲသည် သူ၏စွမ်းရည်ကို အစွမ်းကုန်ထုတ်ပြခဲ့ကာ တိုက်ခိုက်ရေးခန်းဆောင်၏အင်အားကို သိရှိစေခဲ့သည်။

မျိုးစုံသော ဓားများနှင့် အရင်းအမြစ်များသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထံသို့ အဆက်မပြတ် ရောက်လာခဲ့သည်။

ထိုအဖြစ်က ဂိုဏ်းစုံညီစုဝေးပွဲကို အရောင်ဖျော့စေ၏။

နေ့လည်ပိုင်း၌ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ဟန်မူယဲ့သည် ဓားစံအိမ်သို့ ပြန်ကာ ဓားများကို လက်ခံပြီး ဆေးခန်းဆောင်အပြင်ဘက်မှ စျေးဆီသို့ ထွက်လာခဲ့သည်။

စုကျန်းဆေးဆိုင်၏ဒုတိယထပ်၌…

ပိုင်စုကျန်းက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“စီနီယာအစ်ကိုက ဆေးလုံးတွေ လာပို့တယ် ထင်နေတာ။ ဒါပေမဲ့ ရှင်က အသက်ရှည်ဆေးဖော်ဖို့ ဆေးပင်ဆေးမြစ်တွေ လာရှာတာပဲ”

သူမသည် ဝိညာဉ်ဆေးအမယ်သုံးခုကို စားပွဲပေါ်တွင်တင်ကာ ဟန်မူယဲ့အား စိတ်ဝင်တစားကြည့်သည်။

“စီနီယာအစ်ကို… ရှင်က တကယ် အံ့ဖွယ်ပဲ။ အသက်ရှည်ဆေးဖော်ဖို့ ဆေးအမယ်တွေဟာ အရမ်းရှားတယ်။ သိပ်တောင် မကြာသေးဘူး ရှင်က ဆေးအမယ်တွေအကုန်လုံးကို စုဆောင်းပြီးနေပြီ”

ပိုင်စုကျန်း ရှာပေးသော ဆေးပင်ဆေးမြစ်များဖြင့် ဆိုပါက သူသည် အသက်ရှည်ဆေးဖော်ရန် အဆင်သင့် ဖြစ်ပြီ ဖြစ်သည်။

ဖြစ်နိုင်ပါက သူသည် အကြီးအကဲစုလျန့်ကို အကူအညီတောင်းကာ အသက်ရှည်ဆေးဖော်လျှက် ဟွမ်လောင်လျှိုအား ပေးလိုပေသည်။

ဓားစုစည်းစနစ်ကို ကျင့်ကြံပြီးနောက်တွင် သူ၏ဝိညာဉ်နှင့် အသက်ဓာတ်တို့မှာ ကြီးစွာ ထိခိုက်ထားကာ ဟွမ်လောင်လျှိုမှာ အသက်ကြာကြာ မရှည်နိုင်တော့ပါ။

ဆေးအမယ်များကို သိမ်းဆည်းလိုက်ရင်း ဟန်မူယဲ့က ခေါင်းယမ်းသည်။

“ဆိုင်ရှင်ပိုင်… တကယ် တော်တာက ခင်ဗျားပါပဲ။ စုကျန်းဆေးဆိုင်မှာ ဒီလိုရှားပါးဆေးအမယ်တွေတောင် ရှိတာပဲ”

ပိုင်စုကျန်းက နှာခေါင်းရှုံ့ကာ ပြောသည်။

“ရှင်သိရင် ပြီးတာပါပဲ”

ထို့နောက် သူမက ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ထုတ်ကာ ဟန်မူယဲ့အား ကမ်းပေးသည်။

“စီနီယာအစ်ကို… ဒီဆေးလုံးကို ဘယ်လိုထင်လဲ”

ဟန်မူယဲ့က လက်လှမ်းယူလိုက်ကာ ပုလင်းကို ဖွင့်ကြည့်သည်။ ပုလင်းထဲတွင် အနီရောင် ဆေးလုံး ၅လုံး ရှိနေသည်။

၎င်းမှ သဘာဝစွမ်းအင်အလင်းများ ဖြာထွက်နေ၏။ ထို့အပြင် သွေးချီများလည်း စီးဆင်းနေသည်။

“စွမ်းအင်အသွင်ပြောင်းဆေးလုံး… ဒါက ပစ္စည်းကောင်းပဲ”

ဟန်မူယဲ့က ဝမ်းသာစွာ ပြောသည်။

စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် ချီစုဆောင်းခြင်းအဆင့်၌ ကျင့်ကြံရာတွင် ကြီးမားစွာ အထောက်အကူပြုသော ဆေးလုံး ဖြစ်သည်။

ဆေးလုံးတစ်လုံးသည် ချီစုဆောင်းခြင်းအဆင့် ၈ အောက်မှ ကျင့်ကြံသူများ၏အဆင့်ကို တိုးမြင့်စေ၏။

ဤဆေးလုံး ၅လုံးမှာ အမှန်တကယ် အချိန်ကိုက် သူ့အား အကူအညီ ဖြစ်စေသည်။

“ဒီဆေးလုံးဟာ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ထက်မနည်း တန်ဖိုးရှိတယ်မလား။ တိမ်မြူချီဆေးလုံးအရောင်းကနေပြီး နှုတ်လိုက်ပါ”

ဟန်မူယဲ့က ဆေးပုလင်းကို သိမ်းဆည်းကာ ပြောသည်။

“ဘယ်သူက ရှင့်အရောင်းငွေထဲက နှုတ်ချင်မှာလဲ”

ပိုင်စုကျန်းက စကားမဆုံးသေးခင်တွင်ပင် ဟန်မူယဲ့သည် ဆေးပုလင်းငယ်နှစ်လုံးကို စားပွဲပေါ်တွင်တင်ကာ အောက်ထပ်ကို ဆင်းသွားပြီ ဖြစ်သည်။

ပိုင်စုကျန်းသည် ဆေးပုလင်းငယ်ကို ဝမ်းသာအားရ ဖွင့်လိုက်သည်။ သူမ၏အပြုံးမှာ ပို၍ ချိုမြိန်လာ၏။

“စီနီယာအစ်ကို… တိမ်မြူချီဆေးလုံးတွေက လတ်တလောကမှ ရောင်းကုန်သွားတာ။ ရှင် သတိထားသင့်…”

ဟန်မူယဲ့ အောက်ထပ်ကို ဆင်းနေရာမှ ရပ်လိုက်သည်။

သူ၏အမူအရာက သိပ်မကောင်းတော့ပေ။

“တိမ်မြူချီဆေးလုံးတွေ ရောင်းကုန်သွားပြီ ဟုတ်လား”

ပိုင်စုကျန်းကား မှင်တက်သွားကာ သူမ၏အမူအရာလည်း ပြောင်းလဲသွားသည်။

“ဂိုဏ်းစုံညီစုဝေးပွဲကို လာတဲ့ ဂိုဏ်းသားတွေလောက်နဲ့ တိမ်မြူချီဆေးလုံးတွေ ရောင်းကုန်သွားစရာ မရှိဘူး”

ဟန်မူယဲ့က ပိုင်စုကျန်းအား စူးစိုက်ကြည့်သည်။

တိမ်မြူချီဆေးလုံး၏ဂုဏ်သတ္တိမှာ ကျင့်ကြံရာ၌ များစွာ အထောက်အကူပြုသော်လည်း တခြားသုံးစွဲနည်းတစ်ခုလည်း ရှိနေသေးသည်။

၎င်းသည် တစ်စုံတစ်ယောက်၏ စွမ်းရည်ကို လတ်တလောတွင် ကြီးစွာ မြင့်တက်စေအောင် အသုံးပြု၍ ရသည်။

အကျိုးဆက်အနေဖြင့် ထိုသို့ သုံးစွဲခဲ့ပါက ထိုသူသည် နောင်တွင် ကျင့်ကြံဆင့်တက်ရန် မဖြစ်နိုင်တော့ပါ။

ထိုနည်းလမ်းဖြင့် အသေခံစစ်တပ်တစ်ခု တည်ဆောက်နိုင်သည်။

“ဘာလဲ… ခင်ဗျားနောက်က အဖွဲ့အစည်းဟာ ဂိုဏ်းစုံညီစုဝေးပွဲမှာ ပြဿနာရှာချင်တာလား”

ဟန်မူယဲ့၏အမူအရာက အေးစက်နေသည်။

သူနှင့် ပိုင်စုကျန်းကြားက အရောင်းအဝယ်ကိစ္စသည် နှစ်ဦးအကြားက အကျိုးစီးပွားအတွက်သာ ဖြစ်သည်။

သူသည် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးပင်ဆေးမြစ်များကို ကျင့်ကြံရန်အတွက် လိုအပ်သည်။

သို့သော်လည်း မိမိကိုယ်တိုင်၏အကျိုးစီးပွားအတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထိခိုက်အောင် လုပ်မည် မဟုတ်ပါ။

အကြောင်းကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူ၏နောက်ခံ ဖြစ်သည်။

သူက လတ်တလောတွင် သက်တောင့်သက်သာ နေနိုင်ခြင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အထောက်အပံ့ကြောင့် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဓားစံအိမ်မှ ထွက်သွားရပါက သူသည် တကိုယ်တော်ကျင့်ကြံသူအနေဖြင့် မည်သို့ ဆက်လက်အသက်ရှင်မည်ကိုပင် မသိတော့ပေ။

“ဟီးဟီး… စီနီယာအစ်ကိုဟန်… ကျွန်မနောက်က အဖွဲ့အစည်းသာ လှုပ်ရှားချင်ရင် ကျွန်မလည်း အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ရှိနေမှာ မဟုတ်ဘူး”

ပိုင်စုကျန်းက ခေါင်းယမ်းကာ ပြောသည်။

“သေချာတာပေါ့… ကျွန်မက သေချာပေါက် အစ်ကိုဟန်ကို ကျွန်မနဲ့ ထွက်သွားဖို့ ဖိတ်ခေါ်မှာပဲ”

‘ဖိတ်ခေါ်မှာလား’

‘ဒါက သာမန်ဖိတ်ခေါ်တာ မဟုတ်ဘူးမလား’

ဟန်မူယဲ့ နောက်လှည့်ကာ ထွက်သွားသည်။

သူက သူ၏ထူးဆန်းသော တွေ့ရှိမှုအတွက် ထို့ပါ့ချန်အား အသိပေးလိုသည်။

ဓားစံအိမ်အကြီးအကဲ၏အဆင့်အတန်းမှာ မြင့်မားသော်လည်း သူသည် ဂိုဏ်း၏အုပ်ချုပ်ရေးတွင် ဝင်မစွက်ဖက်ပေ။

သည်ကိစ္စကို ထို့ပါ့ချန်ထံ အသိပေးခြင်းက ပိုထိရောက်ပေသည်။

သူသည် ဂိုဏ်းစုံညီစုဝေးပွဲသို့ ရောက်သောအခါ ပြိုင်ပွဲမှာ စနေပြီ ဖြစ်သည်။

“မင်း ဒီနေ့ လက်ခံစရာ ဓားသိပ်မရှိဘူးထင်တယ်။ မြန်မြန်ဆန်ဆန် ရောက်လာတာပဲ”

ကျောက်ဖူက ဟန်မူယဲ့အား ပြုံးလျှက် ပြောသည်။

သူက ပြောပြီးသည်နှင့် ဟန်မူယဲ့၏အမူအရာက လေးနက်သုန်မှုန်နေသည်ကို သတိထားမိသည်။

“ဆရာဦးလေးထို့ပါ့… ကျွန်တော် တင်ပြစရာတစ်ခုရှိပါတယ်”

ဟန်မူယဲ့က ထို့ပါ့ချန်အား ဦးညွှတ်ကာ ပြောသည်။

ထို့ပါ့ချန်က သူ့အား ကြည့်သည်။

“ဒါက မင်းကိစ္စလား ဂိုဏ်းအရေးကိစ္စလား”

ထို့ပါ့ချန်၏စကားက ဟန်မူယဲ့ကို မှင်တက်စေသည်။

“သန်မာတဲ့လူဟာပဲ အားနည်းတဲ့လူတွေရဲ့ ကံကြမ္မာကို ထမ်းပိုးနိုင်တယ်”

ထို့ပါ့ချန်က ဖြေးလေးစွာ ထရပ်ကာ ကောင်းကင်ကို ကြည့်သည်။

ကံကြမ္မာကို ထမ်းပိုးခြင်း…

ဟန်မူယဲ့ သက်ပြင်းချသည်။

သူ့တွင် ထိုသို့ စွမ်းရည်မရှိသေးချေ။

“စိတ်မပူပါနဲ့… မင်းတို့လို ကောင်လေးတွေ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အရေးကိစ္စကို စိတ်ပူဖို့ အချိန်မကျသေးပါဘူး”

ထို့ပါ့ချန်၏မျက်နှာပေါ်တွင် မောက်မာဝင့်ကြွားသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူ့ထံမှ တိုက်ခိုက်လိုသော စိတ်ဓာတ်စိတ်မာန်များအားလည်း တွေ့ရ၏။

“မင်းတို့ ကောင်လေးတွေ ဒီအရေးကိစ္စမှာ ဝင်စွက်ဖက်ဖို့ မလိုသေးဘူး”

ဒင်…

ဒင်…

ဒင်…

ဒင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

ခေါင်းလောင်းသံ လေးကြိမ်…

ဒင်…

ဒင်…

ဒင်…

ဒင်…

နောက်ထပ်လေးကြိမ်…

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း စီမံခန့်ခွဲရေးမှူး စုယွမ်ဟာ မီးလောင်ပြင်ဓားသိုင်းကို သုံးပြီးတော့ ချင်သုံးပါးဓားဂိုဏ်းရဲ့ တောင်ကုန်းဂိတ်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့တယ်။ သူဟာ ကမ္ဘာမြေအဆင့် ပညာရှင် ၇ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ချင်သုံးပါးဓားဂိုဏ်းဟာ ဖျက်ဆီးခံလိုက်ရပြီ”

“မီးတောက်မိစ္ဆာတောင်ကြား မဟာအကြီးအကဲ ဟူထိုက်ရှန်းဟာ သားရိုင်းမိစ္ဆာတွေကို ယွီလျန့်တောင်ကုန်းမှာ စုစည်းခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့် ၃၁ ယောက် သေဆုံးခဲ့တယ်။ မိုင် ၃၀၀၀ ပတ်လည်က တောင်ကုန်းနဲ့ မြေပြင်ဟာ ပရမ်းပတာဖြစ်…”

All Chapters