ခေါင်းလောင်းသံ ငါးကြိမ်
Vol. 6 Ch. 81
ဓားစံအိမ် တတိယထပ်၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီသည် ပြင်းတင်းပေါက်ရှေ့တွင် သူ့လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။
သူ့နောက်တွင်ကား အဝေးကို ငေးကြည့်နေသော ဓားစံအိမ်အကြီးအကဲကို တွေ့ရသည်။
ဟန်မူယဲ့သည် တတိယထပ်သို့ တက်လာခဲ့ကာ သူတို့နှစ်ဦးအား ကြည့်သည်။ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ဦးညွှတ်ဂါရဝပြုသည်။
“ဟန်မူယဲ့က ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်”
သူတို့နှစ်ဦးက ဟန်မူယဲ့ဘက်သို့ လှည့်လာကြသည်။
ထိုင်းမှိုင်းလေးလံသော လေထုတွင် ဟန်မူယဲ့သည် အသက်ရှုရန်ပင် ခက်ခဲလာသလို ခံစားရ၏။
ဤသည်ကား ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုအခိုက်တွင် ဟန်မူယဲ့သည် ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးအပေါ် လေးစားသောစိတ်များ ဖြစ်ပေါ်လာသည်။
“စီနီယာအစ်ကိုကောင်း… ခင်ဗျား သေသေချာချာ စဉ်းစားပြီးပြီလား”
အတန်ကြာလျှင် ဟန်မူယဲ့က သူ့ထံမှ ဖိအားသည် များစွာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ဂိုဏ်းချုပ်ကျင်းကျီ၏အသံကို ကြားရသည်။
“အင်း… ကောင်းမွန်တဲ့အကျင့်စရိုက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ ဆက်ခံသူရှိတာ ရှားတယ်။ ကျုပ်တို့ ဓားစံအိမ်ဟာ ဒီလို ကောင်းချီးပေးခံရတာ ရှားတယ်”
ဓားစံအိမ်အကြီးအကဲ၏အသံသည် သိမ်မွေ့စွာ ထွက်ပေါ်လာသည်။
“ဟုတ်တယ်… ဒီလို စိတ်နေစိတ်ထားနဲ့ ဉာဏ်ရည်ဉာဏ်သွေးပိုင်ရှင်ဟာ တကယ်လည်း မဆိုးဘူး”
ဂိုဏ်းချုပ်ကလည်း စိတ်ကြေနပ်ဟန်ဖြင့် ပြောသည်။
“ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့”
“ဟန်မူယဲ့…”
ဟန်မူယဲ့ မော့ကြည့်သည်။
“မင်းရဲ့ဗီဇပါရမီက နည်းနည်းလိုနေသေးတယ်။ ငါ့မှာ မင်းရဲ့ ဗီဇပါရမီကို ပိုကောင်းစေတဲ့ ဆေးလုံးရှိတယ်။ ငါ မင်းကို ပေးမယ်”
ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းလိုက်လျှင် ကျောက်စိမ်းပုလင်းငယ်တစ်လုံး ဟန်မူယဲ့လက်ထဲသို့ ပျံဝဲလာသည်။
ဗီဇပါရမီကို တိုးမြင့်စေသော ဆေးလုံး…
ထိုသို့သော ဆေးလုံးမှာ တတိယတန်းစားထက်မနိမ့်သော အဆင့်ရှိသည်။
ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ခန့် မသုံးဘဲ ထိုသို့သော ဆေးလုံးကို ရရှိရန် မဖြစ်နိုင်ပါ။
ပို၍ အရေးကြီးသည်ကား လုံလောက်သော စွမ်းရည်မရှိဘဲ ထိုသို့သော ဆေးလုံးကို ဝိညာဉ်ကျောက်တုံး ရှိလျှင်ပင် ဝယ်ယူမရနိုင်ပါ။
“ဟန်မူယဲ့ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
ဆေးလုံးကို လက်ခံပြီးသည်နှင့် ဂိုဏ်းချုပ်ကို ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။
သည်ဆေးလုံးဖြင့် ဆိုပါက သူ၏ဗီဇပါရမီကို အဌမအတန်းအစားသို့အထိ တိုးမြှင့်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် သူ၏အနာဂတ် ကျင့်ကြံခြင်းမှာလည်း အလားအလာ ပိုကောင်းလာပေလိမ့်မည်။
“ငါ့ကို ကျေးဇူးမတင်နဲ့…”
ဂိုဏ်းချုပ်က ခေါင်းယမ်းကာ အောက်ထပ်ကို ဆင်းသွားသည်။
“မင်းကို မြေတောင်မြှောက်ပေးတဲ့ စီနီယာအစ်ကိုကောင်းကို ကျေးဇူးတင်သင့်တယ်”
ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲကို လှမ်းကြည့်သည်။
ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် လက်ဝှေ့ယမ်းကာ ပြင်တင်းပေါက်အနီးမှ စားပွဲရှည်ရှေ့သို့ ပြန်လာထိုင်သည်။
သူ့ရှေ့မှ သစ်သားစင်ပေါ်တွင် ဓားသုံးချောင်း ရှိနေသည်။
အနက်ရောင်ဓားတစ်လက်…။
ရှေးဟောင်းဓားတစ်လက်…။
နောက်ဓားတစ်လက်မှာကား ချင်သုံးပါးဓားဂိုဏ်း၏မူပိုင်ဓား ဖြစ်သည်။
“မင်း ‘ဓားရတနာ’ ကို မြင်ဖူးပြီလား”
ဓားစံအိမ်အကြီးအကဲက ရုတ်တရက် ပြောသည်။
‘ဓားရတနာ…’
ဟန်မူယဲ့ ခေါင်းယမ်းသည်။
သူ မြင်ဖူးသော အကောင်းဆုံးဓားများမှာ ဓားစံအိမ်တွင်သာ ဖြစ်သည်။
“ငါလည်း မမြင်ဖူးဘူး”
ဓားစံအိမ်အကြီးအကဲက ပြောသည်။
မည်သို့ဆိုစေ ရတနာဓားများမှာ တန်ဖိုးကြီးမားလွန်းသည်။ တစ်စုံတစ်ယောက်က ထိုသို့သော ဓားကို မမြင်ဖူးဆိုသည်မှာ မထူးဆန်းပေ။
ဟန်မူယဲ့က ထိုသို့ တွေးနေစဉ်မှာပင် မျက်လုံးပြူးသွားသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ…
ဓားစံအိမ်အကြီးအကဲသည် အံ့ဖွယ်ကိုးပါးဓားကို ကိုင်ဆောင်ထားသူ ဖြစ်သည်။
သူက ‘ရတနာဓား’ ကို မည်သို့ မမြင်ဖူးဘဲ နေမည်နည်း။
အံ့ဖွယ်ကိုးပါးဓားသည် ‘ရတနာဓား’ မဟုတ်ပေဘူးလား။
“မှန်တယ်… ငါဟာ အံ့ဖွယ်ကိုးပါးဓားကို တစ်ခါမှ မမြင်ဖူးဘူး”
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဟာ ဓားစံအိမ်ရဲ့အောက်မှာ ပြိုင်စံရှားမိစ္ဆာကို ဖိနှိပ်ဖို့အတွက် သုံးထားတယ်”
“တကယ်လို့ အံ့ဖွယ်ကိုးပါးဓားသာ ထွက်ပေါ်လာခဲ့ရင် အဲဒါဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်း အန္တရာယ်အကြီးဆုံးအချိန်အခါလို့ သတ်မှတ်ရလိမ့်မယ်”
အံ့ဖွယ်ကိုးပါးဓားသည် ဓားစံအိမ်၏အောက်တွင် ဖုံးကွယ်ထားသည်လား။
အံ့ဖွယ်ကိုးပါးဓားသည် ပြိုင်စံရှားမိစ္ဆာကို ဖိနှိပ်ထားသည်လား။
၎င်းသည်က ဓားစံအိမ်၏လျှို့ဝှက်ချက် ဖြစ်ပေလိမ့်မည်။
အကယ်၍ သူသည်သာ ထို့ပါ့ချန်နှင့် ဂိုဏ်းချုပ် ကျင်းကျီတို့ကို မမြင်ဖူးပါက ပြိုင်စံရှားမိစ္ဆာမှာ မည်မျှ သန်မာသည်ကို ခန့်မှန်းမိမည် မဟုတ်ပေ။
ဓားစံအိမ်အကြီးအကဲ ရည်ညွန်းသော ပြိုင်စံရှားမိစ္ဆာမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာ ဖြစ်လေမလား။
ဓားမာန်ဟုန်ကို ဖွဲ့စည်းရန် ခြေတစ်လှမ်းအလို ထို့ပါ့ချန်သည် ဓားတစ်ချက်တည်းဖြင့် မီတာတစ်ရာကို ရွေ့လျားနိုင်သည်။ သူ၏ဓားအလင်းသည် မီတာ ၁၀၀၀ ရှည်လျားကာ ကျားဖြူ ၃၆ကောင်က သူ့အား အဖော်ပြုလျှက် ကောင်းကင်ဘုံကိုးဆင့်ကို တုန်ခါစေနိုင်သော အစွမ်းအား ပိုင်ဆိုင်ထား၏။
သို့ဆိုလျှင် စစ်မှန်သော ကောင်းကင်ဘုံအဆင့်သည် မည်မျှ သန်မာမည်နည်း။
ထိုသို့သော ပညာရှင်မှာ ဓားစံအိမ်၏အောက်တွင် ဖိနှိပ်ထားသည်။ ၎င်းမိစ္ဆာသာ ထွက်ပေါ်လာပါက အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ဆက်လက်တည်ရှိနိုင်ပါဦးမည်လား။
“အံ့ဖွယ်ကိုးပါးဓားဟာ ဓားစံအိမ်ကို ကာကွယ်လာခဲ့တာ နှစ် ၁၀၀၀ ကျော်ပြီ။ အဲဒီမိစ္ဆာဟာလည်း အသက် ၁၀၀၀ ကျော် နေလာခဲ့ပြီးပြီ”
“အဲဒီ မကောင်းဆိုးဝါးအစွဲနဲ့ဓားကို ဓားစံအိမ်သို့ ဘာလို့ လာပို့ကြတာလဲ မင်း နားလည်လား”
လက်တစ်ချက်အဝှေ့တွင် ဓားသည် ဓားစံအိမ်အကြီးအကဲ၏လက်ထဲသို့ ရောက်လာသည်။
“မိစ္ဆာတွေဟာ သူတို့မျိုးဆက်တွေရဲ့ သွေးနဲ့အသက်ဝိညာဉ်ဓာတ်ကို အဲဒီမိစ္ဆာဆီ ပို့ဆောင်ဖို့ နည်းမျိုးစုံသုံးကြရတယ်”
အသက်ဝိညာဉ်နှင့် သွေးချီဓာတ်တို့အား မိစ္ဆာကို ကျွေးမွေးရန်လား။
သည်ဓားနှင့် လော့ထျန်းတို့၏ဓားတို့မှာ မြေခွေးမိစ္ဆာအား သတ်ဖြတ်ခဲ့သည်ကို ဟန်မူယဲ့ အမှတ်ရလာသည်။
ဓားသည် မိစ္ဆာများကို သတ်ဖြတ်ကာ သူတို့၏သွေးချီနှင့် အသက်ဝိညာဉ်တို့အား စုပ်ယူသည်။ ထို့နောက် ဓားစံအိမ်သို့ ဓားကို ပို့ဆောင်စေလျှက် ထိုမိစ္ဆာအား ကျွေးမွေးရသည်။ ထိုနည်းဖြင့် ပြိုင်စံရှားမိစ္ဆာသည် အသက်ဆက်လက်ရှင်သန်၏။
ဓားစံအိမ်အကြီးအကဲက ထိုကိစ္စကို သိမှတော့ အဘယ်ကြောင့် ရပ်တန့်ရန် မကြိုးစားသနည်း။
ထိုမိစ္ဆာ၏အသက်ရှင်ရန် လမ်းကြောင်းကို ပိတ်ဆို့ခြင်းဖြင့် အံ့ဖွယ်ကိုးပါးဓားသည် မိစ္ဆာကို ဆက်လက်ဖိနှိပ်စရာ မလိုနိုင်တော့ချေ။
“နောက်ဆုံးတစ်ကြိမ်က မီးတောက်မိစ္ဆာတောင်ကြား ပျက်စီးသွားတော့ မိစ္ဆာမျိုးနွယ်ဟာ သွေးချီ အချိန်မှီ မပို့ပေးနိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ ပြိုင်စံရှားမိစ္ဆာဟာ ရူးသွပ်သွားခဲ့တယ်”
ဓားစံအိမ်အကြီးအကဲက ဆက်ပြောသည်။
“ဆယ်နှစ်အတွင်းမှာ ဓားထိန်း ၁၀၀ လောက်ဟာ ဓားစံအိမ်မှာ သေဆုံးခဲ့ကြရတယ်”
“ဟွမ်လောင်လျှိုတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်”
မိစ္ဆာမျိုးနွယ်၏သွေးချီနှင့် အသက်ဝိညာဉ်တို့ကို မစားသုံးရသောကြောင့် မိစ္ဆာကြီးသည် ဓားထိန်းများ၏သွေးအဆီအနှစ်နှင့် အသက်ဝိညာဉ်တို့ကို စုပ်ယူခဲ့သည်။
သူသည် ဓားစံအိမ်သို့ ပထမဆုံး ရောက်သောအခါ ဟွမ်လောင်လျှိုက သူ့အား ဓားစံအိမ်သည် လူတစ်ယောက်၏သွေးအဆီအနှစ်နှင့် အသက်ဝိညာဉ်တို့ကို စုပ်ယူနိုင်သည်ဟု ပြောခဲ့သည်။
ထိုကိစ္စက မှန်နေသည်။
ဓားစံအိမ်အကြီးအကဲ၏လက်ထဲမှ ဓားကို ကြည့်ကာ ဟန်မူယဲ့၏မျက်တောင်များ ကွေးညွတ်သွားသည်။
သူက ထိုဓား၏လျှို့ဝှက်ချက်ကို ရှာဖွေရန်ပင် ကြိုးစားခဲ့သေးသည်။
“ဓားထိန်းတစ်ယောက်ရဲ့ စစ်မှန်တဲ့တာဝန်ဟာ အံ့ဖွယ်ကိုးပါးဓားကို စောင့်ကြည့်ဖို့ပဲ”
“ဒီဓားမှာ မူမမှန်တာ ဖြစ်လာရင် ငါတို့ဟာ အချိန်မှီ တုန့်ပြန်ဖို့လိုတယ်”
ဓားစံအိမ်အကြီးအကဲက တိုးညင်းစွာ ပြောသည်။
ဤသည်ကား ဓားထိန်းတစ်ဦး ဖြစ်သည်။
“မင်း ဓားစံအိမ်မှာ ဝှက်ထားတဲ့ဓားတွေကို မြင်တယ်မလား။ အဲဒီဓားတွေက စုစည်းပေးတဲ့ ဓားဆန္ဒတွေဟာ အံ့ဖွယ်ကိုးပါးဓားက မိစ္ဆာကို ဖိနှိပ်ဖို့ အထောက်အကူပြုတယ်”
“ဒါကြောင့် ဓားစံအိမ်ရဲ့ဓားတွေဟာ စစ်မှန်တဲ့ ပမာဏထက် ၈၀ ရာနှုန်းအောက် လျော့နည်းလို့ မရဘူး”
“ဓားပျိုးထောင်စနစ်ဟာ အံ့ဖွယ်ကိုးပါးဓားကို သန့်စင်ဖို့ ချန်ထားရစ်ခဲ့တာပဲ”
ထို့နောက်တွင် ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် ဟန်မူယဲ့ကို မေးသည်။
“မင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဇစ်မြစ်ကို သိလား”
သူ မည်သို့ သိမည်နည်း။
ယခု ဟန်မူယဲ့သည် ကျင့်ကြံခြင်းလောကကို စတင်ခြေချသော လူသစ်သာ ဖြစ်သည်။ သူက ကျင့်ကြံခြင်းလောက၏လျှို့ဝှက်ချက်များကို တစ်ခါမှ မကြားဖူးသေးပါ။
သူ တစ်ယောက်တည်း မဟုတ်ချေ။
တိုက်ခိုက်ရေးစွမ်းအားသည် ကမ္ဘာမြေအဆင့်များထက်ပင် သာလွန်အားကောင်းနေသော မော့ယွမ်သည်ပင် စစ်မှန်သော ကျင့်ကြံသူများ၏အမြင်တွင် အဆင့်နိမ့်နေသေးသည်။
မှန်ကန်သော လမ်းစဉ်ကို မဖြတ်သန်းဖူးသေးသရွေ့ ထိုလျှို့ဝှက်ချက်များကို သိရန် မလွယ်ကူပါ။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အံ့ဖွယ်ကိုးပါးဓားရဲ့ နာမည်ကို ယူပြီး ဖြစ်လာတာပဲ”
“ငါတို့ မျိုးဆက်ဟာ ဒီမှာ ရှိနေတာဟာ မိစ္ဆာတွေကို ဖိနှိပ်ဖို့ပဲ”
“ဒါကြောင့်…”
ဓားစံအိမ်အကြီးအကဲက ထူးမခြားနားစွာ ပြောသည်။
“ငါဟာ ကျင့်ကြံတာ နှစ် ၆၀ပဲ ရှိသေးပေမဲ့ ဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးပါးနဲ့ ဂိုဏ်းချုပ်ကတောင်မှ ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်ရတယ်”
ဓားစံအိမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ထိုမျှ အရေးကြီးသော အခန်းဂဏ္ဍ၌ ပါဝင်နေသည်။
ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲကို ကြည့်ကာ ရင်ထိတ်သွားသည်။
သူသည် ထိုမျှ များပြားသော လျှို့ဝှက်ချက်များကို မသိလိုပေ။
ထို့ပါ့ချန် ပြောသလို သန်မာသူများသည်သာ အားနည်းသူများ၏ကမ္မကို ထမ်းပိုးနိုင်စွမ်း ရှိသည်။
သူသည် လုံလောက်အောင် သန်မာခြင်း မရှိသေးပါ။ သူသည် ထိုလျှို့ဝှက်ချက်များကို ထမ်းပိုးလိုခြင်း မရှိပါ။
“ဓားစံအိမ်မှာ မျိုးဆက်အမွေအနှစ် သုံးခုရှိတယ်”
“ဓားပျိုးထောင်စနစ်…”
“ဓားစုစည်းစနစ်”
“ဓားစစ်သည်စနစ်”
“ဓားပျိုးထောင်စနစ်ဟာ ဓားချီကို ဓားအရိုးအဖြစ် စုစည်းပြီးတော့ ဓားဆန္ဒအပိုင်းအစကို ဖွဲ့စည်းတယ်။ နှစ် ၆၀ ကြာတဲ့အခါ အဲဒါဟာ ကြီးမားတဲ့ အင်အားဖြစ်လာပြီးတော့ ကောင်းကင်ဘုံအဆင့်ပညာရှင်နဲ့ တိုက်ခိုက်နိုင်တယ်”
“ဓားစုစည်းစနစ်ဟာ စိတ်ဝိညာဉ်ကို ဓားဆန္ဒအဖြစ် ဖွဲ့စည်းတာပဲ။ ဓားဆန္ဒ ဖြစ်တည်လာတဲ့အခါ သူဟာ ကောင်းကင်ဘုံအဆင့်သို့ အသက်ရှုကြိမ်တစ်ရာအထိ ရောက်ရှိနိုင်တယ်”
“ဓားစစ်သည်စနစ်ဟာ လူသားခန္ဓာကိုယ်ကို ဓားလက်နက်အဖြစ် ဖွဲ့စည်းတာပဲ။ ဓားဆန္ဒဟာ ခန္ဓာကိုယ်ထဲကို စီးဝင်တယ်။ ငါတို့ဆီမှာရှိတဲ့ ဒီနည်းစနစ်ဟာ မပြည့်စုံတော့ဘူး”
ဓားစံအိမ်အကြီးအကဲက စားပွဲရှည်ပေါ်မှ သေတ္တာငယ်တစ်လုံးကို လက်ညိုးထိုးပြကာ ပြောသည်။
“ဓားပျိုးထောင်စနစ်ကို မင်း တတ်မြောက်ထားပြီ။ ဓားစုစည်းစနစ်၊ ဓားစစ်သည်စနစ်တို့နဲ့ပတ်သက်တဲ့ စာအုပ်တွေဟာ အဲဒီမှာ ရှိတယ်”
ဓားစံအိမ်အကြီးအကဲ၏စကားကို ကြားလျှင် ဟန်မူယဲ့က အသံတိုးတိုးဖြင့် မေးသည်။
“အကြီးအကဲ… ဘာကြောင့် ကျွန်တော့ကို ဒီလောက်အထိ ပြောပြနေရတာပါလဲ”
ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် လက်ဝှေ့ယမ်းသည်။
“ငါက ဒါတွေကို ဟွမ်လောင်လျှိုကို ပြောမလို့ပဲ။ ဒါပေမဲ့ မင်းကြည့်… သူက မကြာခင် သွားတော့မယ်။ ငါ မင်းကို မပြောရင် ဘယ်သူ့ကို ပြောရမလဲ”
ဟန်မူယဲ့ မျက်မှောင်ကြုတ်ကာ ပြောသည်။
“အကြီးအကဲ… ကျွန်တော်က ဒီလျှို့ဝှက်ချက်ကို သိဖို့ ဆယ်နှစ်စောင့်ရမယ်ဆို…”
နောက်ဆုံးအကြိမ်က ဟန်မူယဲ့သည် ဓားနှင့်ပတ်သက်သော အကြောင်းကို လာမေးသောအခါ အကြီးအကဲက သူ့အား ဆယ်နှစ်ကြာလျှင် ပေးသိမည်ဟု ပြောခဲ့သည်။
မည်မျှ ကြာသေးသနည်း။ သူက အဘယ်ကြောင့် ထိုလျှို့ဝှက်ချက်များကို ပြောပြသနည်း။
“မှန်တယ်… မင်းဟာ ဒီအကြောင်းတွေကို သိရင် ဒါနဲ့ပတ်သက်တဲ့ ဖိအားကို ခံနိုင်ရမယ်”
ဓားစံအိမ်အကြီးအကဲက သူ့အား လေးနက်စွာ ကြည့်သည်။
“ထို့ပါ့ချန်ဟာ သူ့ဓားကို ဆယ်နှစ်ကြာ သွေးလာခဲ့တယ်။ အခြေအနေက သတ်မှတ်ပြီးသားပဲ”
“စုယွမ်ရဲ့ မီးလောင်ပြင်ဓားသိုင်းဟာ မီးမျိုးဆက်ကို တဖန် နိုးထစေတယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မျိုးဆက်ငါးခုနဲ့ ဓားစံအိမ်တို့ နိုးထလာတာဟာ လူတွေကို ကြောက်လန့်စေတယ်”
“ငါတို့က ဓားဂိုဏ်းရဲ့ အရှိန်အဝါ ဖြစ်ချင်ရင် ဓားတစ်လက်ကိုတော့ ချိုးပစ်ဖို့ လိုတယ်”
ဓားစံအိမ်အကြီးအကဲ၏အသံက တည်ငြိမ်နေသည်။
“မျိုးဆက်ငါးခု စုစည်းညီညွတ်တာဟာ ရှားပါးတဲ့ကိစ္စပဲ။ ငါက ရွေးချယ်မှု လုပ်ရမယ်ဆိုရင် ဓားကို ချိုးပစ်ဖို့ပဲ ရွေးရမှာပဲ”
ဓားကို ချိုးပစ်မည်လား။
ဒင်…
ဒင်…
ဒင်…
ဒင်…
ဒင်…
အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် ခေါင်းလောင်းသံ ငါးကြိမ် မြည်လာသည်။
ခေါင်းလောင်းသံ ငါးကြိမ်…
ဤသည်ကား ကောင်းကင်ဘုံအဆင့် ပညာရှင်တစ်ဦး၏ သေရေးရှင်ရေး ကိစ္စကြီးကို ရည်ညွန်းသည်။