ကြီးမြတ်သော ကျင့်ကြံသူဆိုသည်
Vol. 6 Ch. 82
အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် ခေါင်းလောင်းသံ ငါးကြိမ် မမြည်ခဲ့သည်မှာ နှစ်ပေါင်း မည်မျှ ကြာပြီနည်း။
ဝုန်း…
ပေတစ်ထောင်ခန့် ဓားအလင်းသည် တိမ်များကို ဖောက်ထွင်းကာ မိုးကောင်းကင်ထက်သို့ တက်သွားသည်။
ဝုန်း…
နောက်ထပ် အစိမ်းရောင်ဓားချီတစ်ခုသည် တိမ်များအကြား အသွင်ပြောင်းကာ လောကကို ဖြန့်ကျက်သွား၏။
ဝုန်း…
သစ်ပင်အသွင်သို့ ပြောင်းလဲသွားသော ဓားအလင်းတစ်ခုသည် အံ့ဖွယ်ကိုးပါးတောင်ထိပ်၌ တည်ရှိနေသည်။
မဟာအကြီးအကဲသုံးပါး၏အရှိန်အဝါ…
ချက်ချင်းပင် သဘာဝစွမ်းအင်အလင်းများသည် အံ့ဖွယ်ကိုးပါးတောင်ကုန်း၏မိုင်တစ်ထောင်ပတ်လည်၌ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့သော ဓားချီများ ဖြတ်သန်းသွားသည်။
၎င်းတို့အားလုံးမှာ ကမ္ဘာမြေကျင့်ကြံသူများ၏ဓားဆန္ဒမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဓားစံအိမ်အပြင်ဘက်ကို လှမ်းကြည့်ရင်း ဟန်မူယဲ့သည် ထိုနေရာ၌ ဓားအလင်း မည်မျှ ရှိနေသည်ကို မရေတွက်နိုင်တော့ပေ။
ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အခြေခံအုတ်မြစ် ဖြစ်သည်။
“မီးဓာတ်မျိုးဆက်အကြီးအကဲ စုယွမ်နဲ့ သူ့တပည့်များဟာ ကီလိုမီတာ ထောင်ပေါင်းများစွာဝေးတဲ့ သမင်ကျေးရွာတောင်ကုန်းမှာ ပိတ်မိနေပါတယ်။ ဓားစံအိမ်က စီနီယာအစ်ကိုကောင်းအနေနဲ့ သူတို့ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်”
“မဟာအကြီးအကဲသုံးပါး… အံ့ဖွယ်ကိုးပါးတောင်ကုန်းကနေ ထွက်လာပြီးတော့ သူတို့ကို ကြိုဆိုပါ”
ကောင်းကင်တွင် ဂိုဏ်းချုပ်၏အသံသည် ခံစားချက်ကင်းမဲ့စွာဖြင့် ထွက်ပေါ်လာသည်။
သူသည် မိုင်သောင်းနှင့်ချီသော အကွာအဝေးအား ဓားဖြင့် စီးနင်းခရီးသွားရန် လိုသည်။
ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲအား ကြည့်လိုက်သည်။
ဓားစံအိမ်အကြီးအကဲသည် ထရပ်ကာ စားပွဲရှည်နောက်မှ ခုံနေရာကို လက်ညိုးထိုးပြသည်။
“ငါ ပြန်မလာခဲ့ရင် မင်း ဒီနေရာမှာ ထိုင်ရမယ်”
ဟန်မူယဲ့ ပြန်ပြောမည်ကို မစောင့်တော့ဘဲ သူသည် ဓားစံအိမ်တတိယလွှာ ပြတင်းပေါက်မှ အပြင်ကို ပျံသန်းထွက်သွားသည်။
“ကောင်းချွန်ကုန်းက အမိန့်နာခံပါ့မယ်”
ဓားစံအိမ်အကြီးအကဲ၏အသံသည် တိုးညင်း၏။
ထို့နောက် သူ့ခန္ဓာကိုယ်သည် သွေးနီရောင်ဓားအဖြစ် အသွင်ပြောင်းသွား၏။
ဓားအလင်းသည် စူးရှလွန်းရကား မည်သူမှ တိုက်ရိုက်မကြည့်နိုင်ပေ။
ဓားအလင်းသည် ကြီးကျယ်ခန်းနားကာ ထက်ရှသည်။
ဓားအလင်း ပေါ်လာသည်နှင့် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ မရေမတွက်နိုင်သော ဓားအလင်းများမှာ မှေးမှိန်သွားရသည်။
ဝုန်း…
ဓားတစ်လက်တည်းဖြင့် သူသည် ပေ ၁၀၀၀၀ အဝေးသို့ ပျံသန်းသွားခဲ့ည်။
အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ဓားများအားလုံး တုန်ခါသွားသည်။ လွင့်မြောနေသော ဓားချီများမှာ သွေးနီရောင်ဓားအလင်း၏စုပ်ယူခြင်းကို ခံရပြီး ပေ ၁၀,၀၀၀ ရှည်လျားသော ဓားအဖြစ် အသွင်ပြောင်းသွားကာ ထိုဓားသည် အရှေ့ဘက်ကို ဦးတည်ပျံသန်းသွားခဲ့သည်။
ဓားအလင်းများသည် ထိုဓားနောက်မှ ပျံသန်းလိုက်ပါသွားကြ၏။
လေခွင်းသံသည် မိုးခြိမ်းသံအလား ကျယ်လောင်ကာ လောကတခွင် တုန်ခါနေတော့သည်။
“ဒါက ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းပဲ”
ဓားစံအိမ်တတိယထပ်တွင် ဟန်မူယဲ့သည် အဝေးကို ကြည့်ကာ တီးတိုးရေရွက်သည်။
တစ်နေ့တွင် သူသည်လည်း ဓားတစ်လက်အသွင် ပြောင်းလဲကာ မိုင်တစ်သောင်းအဝေးသို့ ပျံသန်းနိုင်ရမည်။
အံ့ဖွယ်ကိုးပါးတောင်ကုန်းသည် မလှုပ်ရှားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အကယ်၍ လှုပ်ရှားပါကလည်း တစ်လောကလုံး တုန်လှုပ်ရသည်။
၁၅ မိနစ်ခန့် ကြာသောအခါ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ဓားချီများအားလုံး တိတ်ဆိတ်သွားသည်။
သစ်သားစင်ထက်မှ ဓားများကို ကြည့်ကာ ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ အောက်ထပ်သို့ ရောက်သောအခါ ဟွမ်လောင်လျှိုမှာ ပြန်ရောက်နေပြီ ဖြစ်သည်။
သူသည် ခုံပေါ်တွင် ထိုင်ကာ တွေဝေမိန်းမောနေသည်။
“အစ်ကို…”
ဟန်မူယဲ့၏အသံက ဟွမ်လောင်လျှိုအား သတိဝင်လာစေသည်။
“အာ… အိုး…”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား လှည့်ကြည့်သည်။ သူ၏မျက်လုံးများသည် တခဏမျှ ဝေဝါးနေပြီးမှ ဟိုဟိုဒီဒီ ကြည့်သည်။
ဟန်မူယဲ့က မမေးမီတွင်ပင် သူက အတင်းပြုံးကာ တီးတိုးပြောသည်။
“ညီမဖျင်က မိစ္ဆာရှင်းလင်းရေးတာဝန်မှာ ပါဝင်နေတာကြောင့် ငါတို့က အချိန်တစ်ခုကြာ ထွက်သွားလို့ မရသေးဘူး”
“ငါတို့က တာဝန်ပြီးမှ ထွက်သွားလို့ရမယ်”
“ဒါက အနည်းဆုံး ၃နှစ် ကြာမှာ။ အဲဒီအချိန်ရောက်ရင် ငါလည်း ဆယ်နှစ်ကြာ ဓားစံအိမ်မှာ နေခဲ့တာဖြစ်လို့ စီမံခန့်ခွဲရေးမှူးရာထူးကို ရပြီပေါ့”
“ငါ စီမံခန့်ခွဲရေးမှူးရာထူးရရင် ထွက်ခွာခွင့်တောင်းရမယ်”
ဟွမ်လောင်လျှို၏မျက်လုံးတွင် တက်မက်ခြင်းနှင့် သတိရတမ်းတခြင်းများဖြင့် ပြည့်နှက်နေသည်။
“အစ်ကို… ပါးစပ်က လျှာရှည်တွေကို သုတ်လိုက်ပါဦး”
ဟန်မူယဲ့က ပြုံးလျှက် စနောက်လိုက်သည်။
“လျှာရည်… မဟုတ်ဘူး… ငါ သုတ်ထားပြီးပြီ”
ဟွမ်လောင်လျှိုက သူ၏လက်ဖြင့် ပါးကို ပွတ်ကာ ပြောသည်။ အကြိမ်အနည်းငယ်ခန့် ပွတ်ပြီးမှ သူက ဟန်မူယဲ့အား ဒေါသတကြီး ကြည့်သည်။
ဟန်မူယဲ့က ပြုံးလျှက် ခေါင်းယမ်းသည်။ ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောသည်။
“ဓားစံအိမ်အကြီးအကဲဟာ သမင်ကျေးရွာတောင်ကုန်းမှာ ပိတ်မိနေတဲ့ မီးဓာတ်မျိုးဆက်အကြီးအကဲ စုယွမ်ကို သွားကယ်တင်တယ်”
“အိုး…”
ဟွမ်လောင်လျှို၏အမူအရာက လေးနက်တည်ကြည်သွားသည်။
“အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ အမြန်ဆုံးလူဟာ ဓားအသွင်ပြောင်းပြီး ပျံသန်းနိုင်တဲ့ ဓားစံအိမ်အကြီးအကဲ ဖြစ်မယ်”
“ဘယ်မျိုးဆက်က ဓားစံအိမ်အကြီးအကဲကို အကူအညီတောင်းတာလဲ မသိဘူး”
ဟွမ်လောင်လျှိုက အသက်ပြင်းချကာ ပြောသည်။
“ဓားစံအိမ်အကြီးအကဲမှာ အသက်ရှုကြိမ်တစ်ရာ ကောင်းကင်ဘုံအဆင့်စွမ်းရည် ရှိတယ်ဆိုပေမဲ့ … ဒါက ဓားတစ်ချက်စာပဲ”
အသက်ရှုကြိမ်တစ်ရာအတွင်း သူသည် ကောင်းကင်ဘုံအဆင့်နှင့် တိုက်ခိုက်နိုင်သည်။
ကောင်းကင်ဘုံအဆင့်အောက်တွင် မည်သူမှ ထိုဓားချက်ကို မခုခံနိုင်ပါ။
မည်သူမှ ထိုဓားကို ရင်မဆိုင်လို။
သို့သော်လည်း အသက်စွန့်ရင်ဆိုင်မည့်သူ မရှိဟုလည်း မပြောနိုင်။
ဓားတစ်ချက်အတွက် အသက်တစ်သက်…
ဓားစံအိမ်အကြီးအကဲ ပေးခဲ့သော သေရည်အိုးတစ်ဝက်ကို တွေးကာ ဟွမ်လောင်လျှို၏အမူအရာ သိပ်မကောင်းတော့ပေ။
ဓားစံအိမ်အကြီးအကဲသည်လည်း ဓားထိန်းတစ်ဦး ဖြစ်သည်။
အသက်ရှုကြိမ်တစ်ရာ…
အသက်ရှုကြိမ်တစ်ရာ ပြီးပါက သူသည် သေမျိုးဖြစ်သွားပေလိမ့်မည်။
ဟန်မူယဲ့သည် ဓားစံအိမ်ကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ထိပ်သီးပိုင်းများသည်သာ အကြီးအကဲစုယွမ်အား မည်သည့်အင်အားစုများက ဝန်းရံတိုက်ခိုက်နေသည်ကို သိကြ၏။
ချင်သုံးပါးဓားဂိုဏ်းမှ အကြီးအကဲက စုယွမ် အသုံးပြုသော မီးလောင်ပြင်ဓားသိုင်းမှာ တားမြစ်ဓားသိုင်းဖြစ်ပြီး သူသာ သုံးလိုက်ပါက မုချ သေရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုကိစ္စနှစ်ခုက ဆက်စပ်နေသည်များလား။
ထို့ပါ့ချန်သည် တောင်အောက်ကို ဆင်းသွားခဲ့သည်။ မဟုတ်လျှင် သူသည် အကြောင်းရင်းကို သိလောက်ပေသည်။
ဟန်မူယဲ့သည် ပြင်ပလောကကိစ္စရပ်များအား သိပ်အလေးမထားဘဲ ဆေးဖော်စပ်ခြင်းများကိုသာ သိနားလည်သော အကြီးအကဲစုလျှန့်နှင့်သာ ရင်းနှီး၏။
အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် သူသည် မည်သူ့ထံတွင် သွားရောက်မေးမြန်းရမည်ကို မသိတော့ချေ။
ဂိုဏ်းချုပ်မှာ သေချာပေါက် သိမည်ဖြစ်သော်လည်း ဟန်မူယဲ့ သွားရောက်မေးမြန်းနိုင်ပါမည်လား။
သူ့အနေဖြင့် သတင်းများကို မသိရပါက စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့် ဟွမ်လောင်လျှိုသည် ဂိုဏ်းမှ လတ်တလောတွင် မထွက်သွားသေးချေ။
ဓားစံအိမ်အဝင်ဝတွင် လုကောသည် ဂိုဏ်းချုပ်၏အားပေးမှုကြောင့် တက်ကြွစွာ တာဝန်ထမ်းဆောင်နေသည်။
ဟွမ်လောင်လျှိုသည် ခုံပေါ်တွင် ထိုင်ကာ ခဏခဏ အတွေးများ နယ်ချဲ့ကာ ငေးမောနေတတ်သည်။
ဟန်မူယဲ့ သူ့အခန်းထဲသို့ ပြန်လာသည်။
သူ့ရှေ့တွင် ကျောက်စိမ်းပုလင်းငယ် ၂လုံး ပေါ်လာသည်။
ကျောက်စိမ်းပုလင်းငယ်ကို ဖွင့်လိုက်လျှင် အထဲတွင် စိမ်းနက်ရောင် ဆေးလုံးတစ်လုံး တွေ့ရ၏။
ဆေးလုံးပေါ်တွင် အစင်းကြောင်းသုံးခု လှည့်ပတ်နေသည်။
ဤသည်ကား လူတစ်ယောက်၏ ဗီဇပါရမီကို ပြောင်းလဲနိုင်စွမ်းသော တတိယတန်းစားဆေးလုံး ဖြစ်သည်။
ဆေးလုံးကို ကိုင်ရင်း ဟန်မူယဲ့ စိတ်လှုပ်ရှားနေသည်။
“ငါ့ကို ကျေးဇူး မတင်နဲ့…”
“မင်း ကျေးဇူးတင်ချင်ရင် မင်းကို မြေတောင်မြှောက်ပေးတဲ့ စီနီယာအစ်ကိုကောင်းကို ကျေးဇူးတင်”
ဂိုဏ်းချုပ်က သူ့ကို ထိုသို့ ပြောခဲ့၏။
ယနေ့တွင် ဂိုဏ်းချုပ်သည် ဓားစံအိမ်သို့ ရောက်လာကာ အကြီးအကဲအား စုယွမ်ကို ကယ်တင်ပေးရန် တောင်းဆိုခဲ့၏။
သို့သော်လည်း ၎င်းသည် ကယ်တင်ခြင်းသက်သက်ဆိုပါက ဓားစံအိမ်အကြီးအကဲသည် ဓားကိုး ချိုးဖျက်ရမည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။
သူသည် ဂိုဏ်းအတွက် စတေးရန် ရွေးချယ်ခဲ့သည်။
သည်ဆေးလုံးအတွက်လား။
ထိုသို့တွေးပါကလည်း မဖြစ်နိုင်ပေ။
သို့သော်လည်း ဆေးလုံးမှာ အပေးအယူများထဲမှ တစ်ခု ဖြစ်ရပေမည်။
လက်ဆန့်တန်းရင်း ဟန်မူယဲ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ယခုတွင် တွေးတောခြင်းက အလုပ်မဖြစ်တော့ပါ။
သူသည် ဓားစံအိမ်အကြီးအကဲအား သူ၏လက်ရှိစွမ်းရည်ဖြင့် ကူညီနိုင်ပါသလော။
သူ၏ကျင့်ကြံဆင့်နှင့် စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းက ပိုမိုလက်တွေ့ကျပေသည်။
ဆေးလုံးသည် သူ၏ပါးစပ်ထဲကို ဝင်သွားသောအခါ ခါးသက်သော အရသာကို ရသည်။
ဆေးဂုဏ်သတ္တိသည် သူ၏သွေးကြောများထဲ၌ စတင်လှည့်ပတ်ကြ၏။
ဟန်မူယဲ့သည် ဓားတိုတစ်လက် သူ၏သွေးကြောများထဲ လှည့်ပတ်နေသည်ဟု ခံစားရ၏။
လက်ရှိ နာကျင်မှုသည် ဓားချီကို ခန္ဓာကိုယ်ထဲသို့ တွန်းပို့ခြင်းထက် အဆများစွာ သာလွန်သည်။
ဤသည်က ဗီဇပါရမီနှင့် ကံကြမ္မာကို ပြောင်းလဲခြင်း၏ နာကျင်မှု ဖြစ်သည်။
သို့ဆိုလျှင် သူက သေချာပေါက် သည်းညည်းခံရပေမည်။
အံကြိတ်ထားရင်းက ဟန်မူယဲ့သည် သွေးကြောများထဲမှ နာကျင်မှုနှင့်အတူ သဘာဝစွမ်းအင်စုပ်ယူမှုနှုန်းမှာလည်း ပိုမိုအားကောင်းလာသည်ကို ခံစားမိ၏။
၎င်းကား အမှန်တကယ် အလုပ်ဖြစ်သည်။
သဘာဝစွမ်းအင် စုပ်ယူမှုနှုန်းသည် ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လာသည်။
တစ်မိနစ်…
ဆေးဂုဏ်သတ္တိအား အနည်းငယ်မျှပင် အားမလျော့သွားသေးပါ။
ဆေးလုံးစွမ်းအားကား ဟန်မူယဲ့ ခန့်မှန်းထားသည်ထက် များစွာ သာလွန်အားကောင်းသည်။
ဆယ်မိနစ်ခန့် ကြာသောအခါမှ ဆေးဂုဏ်သတ္တိမှာ ပျက်ပြယ်သွား၏။
“အဌမအတန်းအစား ဗီဇပါရမီ… ဒါမှမဟုတ် သတ္တမအတန်းအစား…”
သူ၏သွေးကြောများထဲမှ ချီဓာတ်လှည့်ပတ်နှုန်းကို ခံစားမိကာ ဟန်မူယဲ့ ဝမ်းသာသွားသည်။
ချီစွမ်းအား လှည့်ပတ်နှုန်း မြန်ဆန်ခြင်းနှင့် ကုန်ခမ်းနှုန်း နှေးကွေးသွားခြင်းတို့က ဗီဇပါရမီ၏အရေးပါပုံကို အသေအချာ နားလည်စေသည်။
တူညီသော စွမ်းအင်ပမာဏ၌ သူသည် အချိန်တစ်ဝက်ခန့်မျှဖြင့် ၎င်းတို့ကို စုပ်ယူနိုင်စွမ်း ရှိလာသည်။
ထို့အပြင် ချီဓာတ်ကုန်ခမ်းနှုန်းမှာလည်း ယခင်ထက် ပိုမိုလျော့ပါးသွားသည်။
ဂိုဏ်းများက ဗီဇပါရမီကို အလေးထားကြသည်မှာ မထူးဆန်းတော့ပေ။
နဝမအတန်းအစား ဗီဇပါရမီအတွက် သုံးစွဲရသော အရင်းအမြစ်သည် အဌမအတန်းအစား သို့မဟုတ် သတ္တမအတန်းအစားများထက် များစွာ ပိုမိုသည်။
စွမ်းအင်သယ်ပို့နှုန်းမှာလည်း များစွာ နှေးကွေးရာ နဝမအတန်းအစားဗီဇပါရမီများအတွက် အကန့်အသတ်မဲ့ အရင်းအမြစ်များ ရှိလျှင်ပင် အခြေခံအုတ်အမြစ်အဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရသည်မှာ မထူးဆန်းတော့ချေ။
နဝမအတန်းအစား ဗီဇပါရမီဖြင့် အခြေခံအုတ်မြစ်အဆင့်သို့ တစ်သက်လုံးမရောက်နိုင်ဟု ပြောကြသည်မှာ မထူးဆန်းတော့ပါ။
ကံကောင်းသည်ကား ဟန်မူယဲ့သည် နဝမအတန်းအစား ဗီဇပါရမီ မဟုတ်တော့ချေ။
“ငါ့ဗီဇပါရမီ နှစ်ဆင့်လောက် မြင့်တက်သွားတာတောင် ဒီလို အပြောင်းအလဲ ဖြစ်နေပြီ”
“တကယ်လို့ ငါဟာ ရွှေကြာပန်းအစေ့ကို ရပြီးတော့ ငါ့ဗီဇပါရမီကို အမြင့်ဆုံးတိုးမြှင့်နိုင်ရင် ကောင်းကင်ဘုံအဆင့်ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးပဲ”
ဟန်မူယဲ့က တီးတိုးရေရွက်ကာ နောက်ထပ် ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ဖွင့်လိုက်သည်။ ပုလင်းမှ ဆေးလုံးငါးလုံး ထွက်ကျလာ၏။
ကျင့်ကြံဆင့်ကို မြင့်တက်စေသော ဆေးလုံး…
သူ၏လက်ရှိ စွမ်းအင်ကျင့်ကြံဆင့်သည် ချီစုဆောင်းခြင်း တတိယအဆင့် ဖြစ်သည်။
သည်ဆေးလုံး ၅ လုံးက သူ့အား အဌမအဆင့်အထိ တိုးမြင့်စေနိုင်မည်လား။