အသုံးမဝင်သော ရတနာဓားများ
Vol. 6 Ch. 84
ဟန်မူယဲ့သည် ထိုနေရာတွင်ပင် ရပ်ကာ သူ့အား လျစ်လျူရှုထားသည်။
နောက်ဆုံးအကြိမ်က ကောင်းဖေးရောက်လာသောအခါ သူသည် တိုက်ရိုက်နှင်ထုတ်ခဲ့သည်။
သည်တစ်ကြိမ်ကား ဓားစံအိမ်အကြီးအကဲ မရှိပါ။
ကောင်းမိသားစုမှ အဖိုးကြီးသည် ဓားစံအိမ်အကြီးအကဲ မရှိသောအချိန်ကို တမင်ရောက်လာခြင်းဟုပင် ဟန်မူယဲ့ သံသယ ဝင်မိသည်။
သူ၏စကားများကို ဟန်မူယဲ့ မသိကျိုးကျွံပြုထားသည်ကို မြင်လျှင် လူငယ်မှာ ပို၍ ဒေါသထွက်လာသည်။
“ဒီနေ့ ကျုပ်တို့ ကောင်းမိသားစုအကြီးအကဲကိုယ်တိုင် ဓားကို လာပို့တယ်။ မင်းတို့ ဓားစံအိမ်က သေသေချာချာ မစီစစ်နိုင်ဘူးဆိုရင် နောက်ပိုင်း ကောင်းမိသားစုဆီက ဓားတွေ ရတော့မယ် မထင်နဲ့”
လူငယ်က ရှေ့ကို တစ်လှမ်းတက်သွားကာ ဟန်မူယဲ့အား လက်ညိုးထိုးသည်။
ဟွမ်လောင်လျှို၏အပြုံးက ပျက်ပြယ်သွားကာ သူ၏ကျောကို ဖြေးလေးစွာ ဆန့်လိုက်သည်။
သူက လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေသော ကောင်းအန်ချွန်းအား ကြည့်သည်။ ထို့နောက် သူ့နောက်မှ ဓားများ သယ်ထားသော လူငယ်တစ်စုကို ကြည့်သည်။
“ဆရာကြီးကောင်း… ခင်ဗျား တကယ်ပဲ ဒီဓားတွေကို ပို့ဆောင်မှာလား”
ဟွမ်လောင်လျှို၏အမူအရာက လေးနက်နေသည်။
ဓားစံအိမ်အကြီးအကဲ မရှိမှတော့ သူ ရှေ့ထွက်ရပေတော့မည်။
ကောင်းအန်ချွန်း ခေါင်းညိတ်ကာ လှေကားထစ်ပေါ်မှ ဟန်မူယဲ့အား ကြည့်သည်။
“မင်းတို့ စစ်ဆေးပြီးတဲ့အခါ ကျုပ်တို့ ပို့ဆောင်ပါ့မယ်”
ဟန်မူယဲ့ကလည်း သူတို့ သယ်ဆောင်လာသော သေတ္တာများအား မြင်သည်။
၎င်းတို့မှာ သစ်သားသေတ္တာများဖြစ်သော်လည်း အထဲမှ အားကောင်းသော ဓားချီများကို သူ ခံစားရသည်။
ထိုဓားချီပမာဏအရ ဓားတစ်လက်စီတိုင်းမှာ တန်ဖိုးကြီးဓားများဖြစ်ကြောင်း သိသာစေသည်။
ဆိုလိုသည်က ဓားတစ်လက်စီသည် အလွန်အင်အားကြီးကာ ချီဓာတ်များ ပြင်းထန်သည်။
နောက်ဆုံးအကြိမ်က ချင်သုံးပါးဓားဂိုဏ်း၏မူပိုင်ဓားသည် အလယ်အလတ်ဝိညာဉ်ဓားဖြစ်သည်။ ဟန်မူယဲ့ဖြစ်စေ၊ ဟွမ်လောင်လျှိုဖြစ်စေ ထိုဓားကို လက်ခံနိုင်စွမ်းမရှိဟု ဓားစံအိမ်အကြီးအကဲက သတိပေးခဲ့သည်။
သူတို့ရှေ့မှ ဓားများမှာ ထိုအဆင့်၌ ရှိနေသလော။
ကောင်းအန်ချွန်းနောက်တွင် ရပ်နေသော မိန်းကလေးသည် ဟန်မူယဲ့အား ကြည့်ကာ တီးတိုးပြောသည်။
“စီနီယာအစ်ကို… ကျွန်မတို့ ကောင်းမိသားစုဟာ ပန်းပဲပညာနဲ့ အသက်မွေးတယ်။ ဓားတွေဟာ ကျွန်မတို့ဂုဏ်သိက္ခာပဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကျွန်မတို့ သွန်းလုပ်ထားတဲ့ ဓားတွေကို ပြန်ပို့တာဟာ ကျွန်မတို့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”
မိန်းကလေး၏အမူအရာကား လေးနက်နေသည်။ သူမက ဟန်မူယဲ့ကို ကြည့်ကာ ထပ်ပြောသည်။
“ဒီနေ့ ရှင်သာ ကျွန်မအဖိုးရှေ့မှာ အမှားဝန်ခံရင် ဒီကိစ္စကို လျစ်လျူရှုပေးပါ့မယ်”
“ရှင့်ရဲ့ဓားထိန်းရာထူးဟာလည်း ဘေးကင်းလိမ့်မယ်”
သူ၏အမှားကို ဝန်ခံရမည်လား။
ဟန်မူယဲ့ ပြုံးလိုက်သည်။
သူ့အနေဖြင့် အမှားဝန်ခံခြင်းက ပြဿနာမဟုတ်ပေ။
သို့သော် သူသည် ဓားစံအိမ်ကို ကိုယ်စားပြုနေသည်။
ဟန်မူယဲ့ စကားပြောမည် ပြုစဉ်မှာပင် ဟွမ်လောင်လျှို၏အသံကို ကြားရသည်။
“ဒါက ဆရာကြီးကောင်းရဲ့မြေးမလေး မိန်းကလေးကောင်း ဖြစ်မယ်။ မိန်းကလေးဟာ ပါရမီမြင့်ပြီးတော့ ကောင်းမိသားစုရဲ့ရတနာတစ်ပါးလို့ ကြားသိရတယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ ခေါင်းယမ်းပြသည်။ ထို့နောက် သူသည် ရှေ့ကို တက်သွားကာ လက်မြောက်လိုက်သည်။
“မိန်းကလေးကောင်း… ခင်ဗျားတို့ ကောင်းမိသားစုမှာ ဂုဏ်သိက္ခာရှိသလို ကျုပ်တို့ ဓားစံအိမ်မှာလည်း ဂုဏ်သိက္ခာရှိတယ်”
ထို့နောက် သူ့ရှေ့မှ ကောင်းအန်ချွန်းကို လက်နှစ်ဖက်ဆုပ်ပြကာ ထူးမခြားနားစွာ ပြောသည်။
“ကောင်းမိသားစုက ဓားပို့ဆောင်ချင်မှတော့ ကျုပ်တို့ ဓားစံအိမ်က လက်ခံပါ့မယ်”
“ဓားကို ယူလာခဲ့ပါ”
ကောင်းအန်ချွန်းက ဟွမ်လောင်လျှိုအား စူးစိုက်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။
သူ့နောက်တွင် ရပ်နေသော ကောင်းဖေးသည် သေတ္တာရှည်တစ်လုံးဖြင့် ရှေ့ကို တက်လာသည်။
“ညီလေး… သတိထားပါ”
ကောင်းဖေးက ဟွမ်လောင်လျှိုအား သတိပေးသည်။
ဟွမ်လောင်လျှိုက ပြုံလိုက်ကာ သူ့ရှေ့မှ သေတ္တာအား ဖွင့်လိုက်သည်။
သေတ္တာပွင့်သွားသည်နှင့် ထက်ရှသော ဓားချီများ ပေါက်ကွဲထွက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးစက်သွား၏။
“ဓားကောင်းပဲ”
ဟွမ်လောင်လျှို၏မျက်လုံးက အရောင်လက်သွားသည်။ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ လက်ဆန့်တန်းလျှက် သူ့ရှေ့မှ ဓားကို ကိုင်လိုက်သည်။
ဓားသည် ရှေးဆန်ကာ အရှိန်အဝါကြီးသည်။ ၎င်းသည် ကြေးနီရောင်ဖြစ်ကာ ဓားအိမ်တွင်ကား သက်တန့်အစင်းကြောင်းများ ရှိနေ၏။
ဟွမ်လောင်လျှိုသည် ဓားကို ကိုင်လိုက်လျှင် သူ့ခန္ဓာကိုယ် တုန်ယင်သွား၏။
“ဘယ်လောက် အသုံးမကျတဲ့ဓားဖြစ်ဖြစ် ရေခဲကျောက်တုံးနဲ့ သန့်စင်ခဲ့ရင် ဒါက အလှဆင်ဖို့အတွက် သုံးလို့ရသေးတယ်”
ဟွမ်လောင်လျှိုက တည်ငြိမ်စွာ ပြောကာ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
ထို့အခိုက်တွင် သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော အငွေ့အသက်များ ထွက်လာသည်။
ဓားစုစည်းစနစ်…
ဟူး…
ပေ ၃၀ ပတ်လည်မှ ဓားများအားလုံး တုန်ခါသွားကြသည်။
သေတ္တာထဲမှ ဓားများမှာလည်း အပြင်သို့ ခုန်ထွက်လာတော့မည့်အလား ထင်မှတ်ရ၏။
ကောင်းအန်ချွန်းက ဟွမ်လောင်လျှိုအား ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“မင်းက တကယ်ရှားပါးတဲ့ဓားထိန်းပဲ။ စီနီယာအစ်ကိုကောင်းက စိတ်ချလက်ချ ထားခဲ့နိုင်တာ မထူးဆန်းတော့ဘူး”
ဟွမ်လောင်လျှိုက သူ့အား ကြည့်ကာ အသာအယာ ရယ်လိုက်သည်။ ထို့နောက် သူ့လက်မှ စွမ်းအားကို ထပ်တိုးလိုက်၏။
ကလင်…
ဓားသည် ဖြေးလေးစွာ ဓားအိမ်မှ ထွက်လာသည်။
လေထဲတွင် အေးစက်သော လှိုင်းများ ဖြစ်ပေါ်လာ၏။
“ကြည့်ရတာ သူတို့ဟာ သန့်စင်တဲ့အချိန် ရေခဲကျောက်တုံးကို သုံးခဲ့တဲ့အပြင် နှစ်တစ်ထောင်သန့်စင်ရေနဲ့လည်း ကိုးကြိမ်တိတိ သန့်စင်ခဲ့သေးတယ်”
ဓားထံမှ ထွက်ပေါ်နေသော အေးစက်သော လှိုင်းသည် ဟွမ်လောင်လျှို၏လက်ကို မြူခိုးများဖြင့် ကပ်ငြိစေသည်။ သူ၏အမူအရာက သိပ်ပြောင်းလဲခြင်းမရှိဘဲ ဓားကို ဆက်လက်ဆွဲထုတ်သည်။
ဟူး…
ဓားသည် တုန်ခါသွားကာ ဓားလက်ကိုင်ကို ဖြေးညင်းစွာ လွှတ်လိုက်သည်။
ဓားသည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေကာ ၎င်းမှ အစိမ်းရောင်အလင်းများ ဖြာထွက်နေ၏။
ဟွမ်လောင်လျှိုက သူ့အား ဓားစုစည်းစနစ်နှင့်ပတ်သက်၍ ပြောခဲ့သည်များအား ဟန်မူယဲ့ အမှတ်ရလာသည်။
ဓားစုစည်းစနစ်…
စိတ်ဝိညာဉ်ဖြင့် ဓားကို ထိန်းချုပ်ခြင်း…
ဟွမ်လောင်လျှိုသည် ဓားထိန်းအဖြစ်ဖြင့် ဓားစံအိမ်တွင် ၇နှစ်ကြာ နေနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
သူ၏ဝိညာဉ်စွမ်းအားမှာ ဓားများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ထိုသို့သော နည်းစနစ်ဖြင့် ဓားကောင်းတစ်လက်သာ ပိုင်ဆိုင်ပါက သူသည် သူ့အဆင့်ထက် မြင့်သောသူများကို စိန်ခေါ်နိုင်၏။
ကောင်းအန်ချွန်းနှင့် သူ့ဘေးမှ လူငယ်လေးများမှာ အမူအရာ ပြောင်းလဲသွားသည်။
သူတို့အားလုံးမှာ ဓားသမားများဖြစ်ရာ ထိုနည်းစနစ်က ဘာကို ဆိုလိုသည်ကို နားလည်ကြ၏။
ဟွမ်လောင်လျှိုက လူငယ်အား ပြုံးလျှက် ပြောသည်။
“ကောင်လေး… ငါ့လို အသက်ရှည်ရှည်နေလာတဲ့ ဓားထိန်းတစ်ယောက်ဟာ မင်းလို ကောင်လေးတစ်ယောက်ကို ကြက်ကလေးတစ်ကောင်လို သတ်နိုင်တာ နားလည်ရဲ့လား”
သူက ပြောပြီးသည်နှင့် ဓားသည် လှုပ်ရှားသွား၏။
ဝှစ်…
မည်သူမှ မကိုင်ထားသော ဓားသည် လူငယ်၏လည်ပင်းအနီးမှ ဖြတ်သန်းသွားကာ ဆံပင်မွှေးတချို့နှင့် သွေးစအနည်းငယ်ကို သယ်ဆောင်သွားခဲ့သည်။
ကလင်…
သူက ဓားကို ဓားအိမ်ထဲ ပြန်သိမ်းဆည်းလိုက်သည်။
ဟွမ်လောင်လျှိုက ဓားကို ပြန်ထားလိုက်ကာ တည်ငြိမ်စွာ ပြောသည်။
“အရည်အသွေးမြင့် လူသားအဆင့်ဓား…”
ကောင်းအန်ချွန်းဘေးမှ လူငယ်၏မျက်နှာမှာ ပြာနှမ်းနေသည်။ သူက လည်ပင်းကို လက်ဖြင့် ပွတ်သပ်လိုက်ကာ သူ၏လက်ချောင်းများမှာ တုန်ယင်နေသည်။
“မင်းက ဘာကို ကြောက်နေတာလဲ”
ဟွမ်လောင်လျှိုက တင်းမာစွာ ပြောသည်။
“ငါက မင်းအဖိုးရှေ့မှာ မင်းကို သတ်မယ်လို့ ထင်နေတာလား”
“မင်းက ဒီလောက်ပဲ တတ်နိုင်တာလား”
ထို့နောက် သူက ကောင်းအန်ချွန်းအား ပြုံးလျှက် ပြောသည်။
“ဆရာကြီးကောင်း… ကျုပ်က ထုတ်ပြောချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ကောင်းမိသားစု မိန်းကလေးစွန်းရဲ့ စိတ်ဓာတ်နဲ့ ပါရမီဟာ သိပ်မဆိုးဘူး။ အနာဂတ်မှာ သူမဟာ သေချာပေါက် အောင်မြင်လိမ့်မယ်”
ကောင်းအန်ချွန်းဘေးမှ မိန်းကလေး၏အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။
ကောင်းအန်ချွန်းက မည်သည့်စကားမှ မဆိုဘဲ လက်ဝှေ့ယမ်းလိုက်သည်။
နောက်ထပ်ဓားတစ်လက် ဟွမ်လောင်လျှိုထံသို့ သယ်လာသည်။
ဟွမ်လောင်လျှိုက ပြုံးလိုက်ကာ ဓားကို ကိုင်လိုက်၏။
ပြင်းထန်သော ဓားချီသည် သူ၏ဆံပင်ဖြူအား မိုးတိုးမတ်တပ်ထောင်စေကာ ဓားကိုင်ထားသော သူ့လက်အား တုန်ခါစေ၏။
ဟွမ်လောင်လျှိုက မျက်လုံးများအား ပိတ်လိုက်လျှင် သူ့အရှိန်အဝါသည် ဓားကို ရစ်ပတ်သွား၏။
“အရမ်းကောင်းတယ်… ဓားဟာ အရည်အသွေးမြင့် ဝိညာဉ်တစ်ဝက်ဓားပဲ။ ဒါက ဒုတိယထပ်သို့ ပို့လို့တောင်ရလုနီးတဲ့ ဓားကောင်းတစ်လက်ပဲ”
သူ၏အရှိန်အဝါက ပိုအားကောင်းလာသော်လည်း မျက်နှာမှာ ပိုမိုပြာနှမ်းလာခဲ့သည်။
“နောက်တစ်လက်….”
သူက ဓားကို ပြန်သိမ်းလိုက်ကာ ပြောသည်။
နောက်ထပ်သေတ္တာတစ်လက်ကို ဟွမ်လောင်လျှိုထံသို့ သယ်ဆောင်လာသည်။
“ညီလေး… ထားလိုက်ပါတော့… မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ကောင်းဖေးက တီးတိုးပြောသည်။
ဟွမ်လောင်လျှိုက မျက်မှောင်ကျုံ့ကာ တိတ်ဆိတ်စွာ ကြည့်နေသော ကောင်းမိသားစုခေါင်းဆောင်အား ကြည့်သည်။
“ဟင်း… ဓားစံအိမ်က ဓားထိန်းတွေဟာ တခြားဟာတွေမှာသာ ခံနိုင်ရည်မရှိရင်နေမယ်။ ဓားတွေလောက်တော့ ခံနိုင်ရည်ရှိပါသေးတယ်”
သေတ္တာအား ဖွင့်လိုက်ကာ ဟွမ်လောင်လျှိုက အစိမ်းရောင်ဓားတစ်လက်ထံသို့ လက်လှမ်းလိုက်၏။
“အစ်ကို… ကျုပ် လုပ်လိုက်မယ်”
ထိုအခိုက်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ဟန်မူယဲ့က ရှေ့ကို တက်လာကာ ဟွမ်လောင်လျှို ရှေ့၌ ရပ်လိုက်သည်။
ဟွမ်လောင်လျှို ခေါင်းယမ်းကာ တီးတိုးပြောသည်။
“ရတယ်… ငါ ခံနိုင်သေးတယ်။ အများဆုံး ငါ ၂ရက်လောက် အိပ်လိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်”
ထို့နောက် သူက ဓားထံသို့ လက်လှမ်းလိုက်သည်။
ဟန်မူယဲ့က သူ၏လက်ကို တားလိုက်သည်။ ထို့နောက် သူသည် ရှေ့မှ ဓားကို ကြည့်ကာ တည်ငြိမ်စွာ ပြော၏။
“ကျုပ် မမှားဘူးဆိုရင် ဒါတွေက ကျုပ်ပြန်ပို့လိုက်တဲ့ ဓားတွေပဲ”
“အသုံးမကျတော့တဲ့ ဓားတွေကို ဘယ်လိုနည်းလမ်းနဲ့ ရတနာတွေအဖြစ် ပြောင်းလိုက်တာလဲ ကျုပ် ကြည့်စမ်းမယ်”
ထို့နောက် သူက အစိမ်းရောင်ဓား၏ လက်ကိုင်ထံသို့ လက်လှမ်းလိုက်၏။