ဓားသိုင်း ၁၀,၀၀၀
Vol. 6 Ch. 83
စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် ချီစုဆောင်းခြင်းအဆင့်၌ ကျင့်ကြံဆင့်ကို တစ်ဆင့် တိုးမြင့်စေနိုင်သည်။
ဆေးလုံးသည် ပါးစပ်ထဲ၌ ပျော်ဝင်သွားလျှင် ဟန်မူယဲ့ ဆတ်ခနဲ တုန်သွားသည်။
စွမ်းအင်အသွင်ပြောင်းဆေးလုံးတွင် အားကောင်းသော သဘာဝစွမ်းအင်နှင့် သွေးဓာတ်များ ပါဝင်သည်။
သွေးကြောများထဲမှ စွမ်းအင်များ ကုန်ခမ်းနှုန်းမှာ နဝမအတန်းအစား ဗီဇပါရမီရှိစဉ်ကထက် များစွာ နှေးကွေးသွားသည်။
မူလက ချီဓာတ်များဖြင့် ပြည့်နေသော ဒန်ထျန်သည် စတင်၍ ပြန့်ကားလာခဲ့သည်။
သူ၏စွမ်းအင်ကျင့်ကြံဆင့်မှာလည်း တဖြေးဖြေး မြင့်တက်လာ၏။
သွေးချီများ စုစည်းလာလျှင် သူ့နောက်၌ သွေးနီရောင်နွားသိုးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သံမဏိနွားသိုးကျင့်စဉ်သည် သာမန်မဟုတ်သည်ကို ဟန်မူယဲ့ တွေ့ရှိပြီးနောက် ၎င်းကို အလေးအနက်ထား လေ့ကျင့်ခဲ့သည်။
ယခု ဆေးလုံးကို စားသုံးပြီးသည်နှင့် ဟန်မူယဲ့သည် တိုက်ရိုက်အဆင့်တက်သွားခဲ့သည်။
အခြေအနေကို သုံ့သကာ ဟန်မူယဲ့သည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်ထပ် ဆေးလုံး ၄လုံးကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်၏။
တကယ်၍ တခြားလူတစ်ယောက်သာဆိုပါက သူသည် စွမ်းအင်အသွင်ပြောင်းဆေးလုံးကို အရမ်းကာရော စားသုံးရဲမည် မဟုတ်ပါ။
သို့သော် ဟန်မူယဲ့၏ဒန်ထျန်သည် အလွန်ကျယ်ပြောကာ သူ့တွင် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သော ဓားချီ လုံလုံလောက်လောက် ရှိသည်။
ဆေးလုံး ၅လုံး၏စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် သူသည် တစ်ချိန်တစ်ရက်ခန့် ပေးရသည်။
နောက်တစ်နေ့ နံနက်တွင်မှ ဆေးလုံး၏စွမ်းအင်များအားလုံး ပျက်ပြယ်သွားခဲ့၏။
ယခုတွင် သူ၏နောက်၌ နွားသိုးပုံရိပ်ကိုးခု ဖြစ်ပေါ်နေသည်။
နွားသိုးကိုးကောင်စွမ်းအား…
ဤသည်ကား စွမ်းအင်ကျင့်ကြံခြင်းအဆင့်၌ ခန္ဓာကိုယ်ကို အမြင့်ဆုံး ကျင့်ကြံနိုင်သော အဆင့်ဖြစ်သည်။
သံမဏိနွားသိုးကျင့်စဉ်ကြောင့်သာ သူသည် ချီစုဆောင်းခြင်းအဆင့်၌ နွားသိုးကိုးကောင်စွမ်းအားကို ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
တခြားခန္ဓာကိုယ်ကျင့်ကြံပညာရပ်များဖြစ်ပါက သူသည် နွားသိုးငါးကောင်ခွန်အားကို ပိုင်ဆိုင်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။
နွားသိုးကိုးကောင်ခွန်အားကို ပိုင်ဆိုင်ပြီးနောက်တွင် ဟန်မူယဲ့သည် သူ့တကိုယ်လုံးမှ သွေးဓာတ်များ လှုပ်ရှားတက်ကြွနေသည်ကို ခံစားမိပြီး သူ့လှုပ်ရှားမှုတိုင်းသည် အားအင်များဖြင့် ပြည့်နေသည်ကို တွေ့ရ၏။
ယခု သူသည် နွားသိုးကိုးကောင်အထိ ကျင့်ကြံပြီးပြီ ဖြစ်ရာ နောက်တစ်ဆင့်ကို မည်သို့ ကျင့်ကြံရမည်အား အသေအချာ လေ့လာဆင်ခြင်ရန် လိုလာသည်။
လတ်တလောတွင် ဟန်မူယဲ့သည် ကျင့်စဉ်၏နောက်တစ်ဆင့်ကို လေ့လာဆင်ခြင်ရန် အချိန်မရှိသေးပါ။
ကျောက်ဖူက သူ့အား သံမဏိနွားသိုးကျင့်စဉ်ရှာတွေ့ရာ လျှို့ဝှက်နေရာသို့ ခေါ်ကာ သွားရောက်စုံစမ်းမည်ဟု ပြောဖူးသည်။ သို့သော်လည်း မိစ္ဆာများ ဆူပူထကြွမှုက ထိုကိစ္စကို နှောင့်နှေးစေခဲ့သည်။ သူတို့က မည်သည့်အချိန်တွင် သွားရောက်နိုင်မည် မသေချာသေးပေ။
သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ နဝမအဆင့်အထိ တိုးမြင့်ခဲ့ခြင်းသည် အံ့အားသင့်စရာ ကောင်း၏။
သူ၏စွမ်းအင်ကျင့်ကြံခြင်းကား ချီစုဆောင်းခြင်း ပဥ္စမအဆင့်အထိသို့သာ ရောက်ရှိခဲ့သည်။ ထိုအဖြစ်က ဟန်မူယဲ့အား စိတ်ညစ်စေသည်။
စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် သူ၏ကျင့်ကြံဆင့်ကို ငါးဆင့်အထိ တိုးမြင့်စေသင့်၏။
ယခင်က သူသည် ချီစုဆောင်းခြင်း တတိယအဆင့် ဖြစ်သည်။ သူ့အတွက် အဌမအဆင့်အထိ ရောက်ရန်မှာ ပြဿနာမရှိသင့်ပေ။
သို့သော်လည်း သူသည် အချက် နှစ်ချက်ကို လျစ်လျူရှုမိသည်။
ပထမတစ်ချက်ကား သူ့တွင် စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ် ကောင်းကောင်းမရှိချေ။
သူ၏နဝမအတန်းအစား ဗီဇပါရမီကြောင့် သရုပ်ပြခန်းဆောင်တွင် သူကျင့်ကြံနိုင်သော နည်းစနစ် များများစားစား မရှိချေ။ ရှိသော နည်းနစ်များမှာလည်း ညံ့ဖျင်း၏။
မှန်သည်၊ သူ့တွင် နည်းစနစ်ကောင်းကောင်းရှိလျှင်ပင် သူ၏စွမ်းအင်ကျင့်ကြံခြင်းသည် အဌမအဆင့်အထိ တိုးမြင့်ဖို့ လမ်းမမြင်ပေ။
“ငါ့ ဒန်ထျန်က ကျယ်ပြောလွန်းတယ်… ဒါက ငါ့ကို ခေါင်းကိုက်စေတာပဲ”
သူ၏နတ်အာရုံဖြင့် သူသည် ဒန်ထျန်အတွင်း၌ လှည့်ပတ်နေသော ချီဓာတ်များအား မြင်ရသည်။
သည်မျှ ကျယ်ပြောသော ဒန်ထျန်သည် ချီစုစည်းခြင်း ကနဦးအဆင့်များနှင့် နှိုင်းယှဉ်နိုင်သည်။
သူ၏ကျယ်ပြောသော ဒန်ထျန်ကြောင့် စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် သူ၏ကျင့်ကြံဆင့်ကို သုံးဆင့်မျှသာ တိုးမြင့်စေခဲ့သည်။
“ငါ့မှာ စွမ်းအင်အသွင်ပြောင်းဆေးဖော်စပ်နည်းရှိရင် ကိုယ့်ဘာသာ ဆေးလုံးဖော်စပ်ပြီးတော့ နောက်ပိုင်း ဆေးလုံးအတွက်စိတ်ပူစရာ မလိုတော့ဘူး”
ဟန်မူယဲ့က ထိုသို့တွေးမိကာ မျက်တောင်ပင့်လိုက်သည်။
သူသည် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီကို စားသုံးနေကျ ဖြစ်ရာ သူ့တွင် ဆေးလုံးအရည်အသွေးနှင့်ပတ်သက်၍ လိုအပ်ချက် မြင့်မားသည်။
အကြီးအကဲစုလျန့်တွင် စွမ်းအင်အသွင်ပြောင်းဆေးဖော်စပ်နည်း ရှိလောက်ပေသည်။
ဟန်မူယဲ့ ရေကန်စံအိမ်သို့ သွားရန် တွေးလိုက်သည်။
ထို့အပြင် သူက ဂိုဏ်း၏လတ်တလော အခြေအနေများကိုလည်း သိလိုသည်။
အကြီးအကဲစုလျန့်သည် ပြင်ပကိစ္စရပ်များကို စိတ်မဝင်စားသော်လည်း သူမသည် အကြီးအကဲတစ်ဦးဖြစ်ရာ အခြေအနေများကို အကြိမ်းဖျင်း သိလောက်ပေသည်။
သူသည် ဓားစံအိမ်နောက်ဘက်မြေကွက်လပ်သို့ သွားရောက် လေ့ကျင့်ခန်း လုပ်ရာ ဟွမ်လောင်လျှိုမှာ ရောက်နှင့်ပြီး ဖြစ်သည်။ သူသည် ခြေလက်များကို ဝှေ့ယမ်းလှုပ်ရှားကာ လေ့ကျင့်နေ၏။
ကြည့်ရသည်မှာ သူသည် လုချန်းဖျင်နှင့် အချိန်ကြာကြာ အတူနေရန်အတွက် ခန္ဓာကိုယ်ကို ကောင်းကောင်းလေ့ကျင့်လိုဟန်ရသည်။
ဟန်မူယဲ့ကလည်း ဓားကို ကိုင်ကာ စတင်၍ လှုပ်ရှားကစားသည်။
သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည် ချီစုဆောင်းခြင်း နဝမအဆင့်သို့အထိ ရောက်သွားခဲ့ရာ ဓားသိုင်းအပေါ် ထိန်းချုပ်နိုင်မှုမှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။
သူ့ဒန်ထျန်မှ ချီအားကို ထုတ်သုံးခြင်း မရှိပါဘဲ သူ၏ဓားချက်တိုင်းမှာ အားပြင်းတိကျနေသည်။
“ညီလေးဟန်… မင်းတော့ သရုပ်ပြခန်းဆောင်ကို သွားပြီးတော့ ဓားသိုင်းကောင်းကောင်း သင်သင့်တယ်”
ဟန်မူယဲ့၏နားလည်ရခက်သော ဓားသိုင်းကွက်များကို ကြည့်ကာ ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ ပြောသည်။
“မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ဒီလောက်ကောင်းတာ။ ဘာလို့ ဓားသိုင်း အစုတ်အပြတ်တွေ လေ့ကျင့်နေတာလဲ ငါ နားမလည်ဘူး”
‘အစုတ်အပြတ်…’
ဟန်မူယဲ့မှာ ပါးစပ်ကြီးဟကာ မည်သို့ ပြန်ပြောရမည် မသိတော့ချေ။
သူ၏ဓားသိုင်းကွက်များမှာ အဆင့် ၃ အံ့ဖွယ်ဓားသိုင်းများမှ ထုတ်နှုတ်ကြံဆထားခြင်းများ ဖြစ်သည်။
ဟန်မူယဲ့သည် ဟွမ်လောင်လျှိုအား အရေးမလုပ်တော့ပေ။ သူက ဓားလက်နှစ်လက်ကို ဝှေ့ယမ်းကာ တဖန် လေ့ကျင့်သည်။
“ညီမဖျင်ရဲ့ဓားသိုင်းက ပိုကောင်းတယ်လို့ ထင်နေတုန်းပဲ”
ဓားအလင်းများကြောင့် ထောင့်တစ်နေရာတွင် ကပ်နေရသော ဟွမ်လောင်လျှိုသည် မကြေမနပ် ရေရွက်သည်။ ထို့နောက် သူက အဝတ်အစားလဲကာ ဓားစံအိမ်ထဲသို့ ပြန်ဝင်သွား၏။
သူ ထွက်သွားလျှင် ဟန်မူယဲ့၏ဓားအလင်းမှာ ပိုမိုအေးစက်လာခဲ့သည်။
သူ၏ဓားကွက်တိုင်းမှာ လှည့်ကွက်များဖြင့် ပြည့်နေသည်။
ပုံမှန်အားဖြင့် သူသည် နံပါတ် ၃အံ့ဖွယ်ဓားသိုင်းကို အဖွင့်အဖြစ် သုံးကာ အပြင်စည်းဂိုဏ်းဓားသိုင်းအား သတ်ကွက်အဖြစ် သုံးသည်။
တစ်ခါတစ်ရံ သူ၏ဓားသိုင်းသည် လမ်းတစ်ဝက်တွင် နံပါတ် ၃အံ့ဖွယ်ဓားသိုင်းမှနေ၍ နံပါတ် ၄ အံ့ဖွယ်ဓားသိုင်းအဖြစ် ပြောင်းလဲသွားသည်။
ဟွမ်လောင်လျှိုသည် ထိုအပြောင်းအလဲများကို နားလည်နိုင်စွမ်း မရှိပါ။
“နောက်တစ်ခေါက် ဆရာမော့ယွမ်နဲ့ တွေ့တဲ့အခါ သူ သေချာပေါက် အံ့အားသင့်စေရမယ်”
ဓားကို ဓားအိမ်ထဲ ထည့်ရင်း ဟန်မူယဲ့ ရေရွက်သည်။
“ဓား ၁၀၀၀၀ တို့အိမ်အပြန်”
သူက ဓားသိုင်း ၁၀,၀၀၀ ခန့်မျှ မတတ်ပါဘဲ မည်သို့ ဓား ၁၀,၀၀၀ တို့အိမ်အပြန်ကို ပြီးပြည့်စုံစေမည်နည်း။
မော့ယွမ်သည် အပြင်စည်းဂိုဏ်းတွင် နှစ် ၂၀၀ နေခဲ့ကာ အပြင်စည်းဂိုဏ်း၏ပညာရပ်အားလုံးနီးပါးကို လေ့လာခဲ့သည်။ ထို့နောက် သူက ဓား ၁၀,၀၀၀ တို့အိမ်အပြန်ကို တီထွင်နိုင်ခဲ့၏။
၎င်းသည် ဓားတာအိုအဆီအနှစ်ကို ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။
ဟန်မူယဲ့သည် မော့ယွမ်ထက် ပိုမိုများပြားသော ဓားသိုင်းများအား လေ့လာနိုင်သည်။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပြင်စည်း၊ အတွင်းစည်းသိုင်းများသာမက တခြားဂိုဏ်းများမှ ဓားသိုင်းများကိုလည်း လေ့လာနိုင်စွမ်း ရှိသည်။
တစ်နေ့တွင် သူသည် သေချာပေါက် ဓားသိုင်း ၁၀,၀၀၀ ခန့်ကို လေ့လာဆင်ခြင်ကာ ဓား ၁၀,၀၀၀ တို့အိမ်အပြန်သိုင်းကွက်အား ပြီးပြည့်စုံစေမည်။ ၎င်းနောက်တွင် ကောင်းကင်ဘုံအဆင့်အား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သော ကိစ္စမဟုတ်တော့ပေ။
ဓားစံအိမ်အကြီးအကဲ မရှိတော့သလို လင်းရှန်သည်လည်း တောင်အောက်ကို ဆင်းကာ မိစ္ဆာများကို သွားရောက်ရှင်းလင်းသုတ်သင်သည်။
ဓားစံအိမ်သည် ငြိမ်သက်တိတ်ဆိတ်နေ၏။
“ဟူး… အရင်တုန်းက ဒီနေရာမှာ ထိုင်တုန်းက အထီးကျန်သလို မခံစားရပါဘူး။ အခုမှ မသက်မသာခံစားနေရတယ်”
တံခါးဝတွင် လုကောသည် သက်ပြင်းချနေ၏။
ဟွမ်လောင်လျှိုသည် ခုံကို ထုကာ လုကောအား ကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် လုကော ထရပ်လိုက်သည်ကို မြင်၏။
“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး…”
လုကောက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တံခါးဝ၌ အိုမင်းသော အသံတစ်သံကို ကြားရသည်။
“မိတ်ဆွေလေး… ကောင်းမိသားစုက ကောင်းအန်ချွန်း… ဓားလာရောက်ပို့ဆောင်တယ်လို့ အကြောင်းကြားပေးပါ”
ကောင်းအန်ချွန်း…
ကောင်းမိသားစုခေါင်းဆောင်။
ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့ မှင်တက်သွားကြသည်။ သူတို့က အချင်းချင်းကြည့်ကာ ထရပ်လိုက်ကြ၏။
သူတို့နှစ်ဦး ဓားစံအိမ်တံခါးဝမှ ထွက်လိုက်လျှင် ဆံပင်ဖြူမုတ်ဆိတ်ဖြူများဖြင့် အဖိုးအိုတစ်ဦးကို တွေ့ရသည်။
အဖိုးအို၏နောက်တွင် သည်မတိုင်ခင် ဓားလာပို့ဖူးသော ကောင်းဖေးအား တွေ့ရ၏။ သူတို့နောက်တွင်ကား အစိမ်းရောင်ဝတ်တပည့်များ ပါလာသည်။ သူတို့အားလုံးသည် သေတ္တာကိုယ်စီကိုင်ထားကာ ဦးညွှတ်ကြ၏။
အဖိုးအိုဘေးတွင်ကား အနီရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်တစ်ဦးနှင့် အစိမ်းရောင်ဝတ်လူငယ်တစ်ဦး ရပ်နေကြသည်။
ဟန်မူယဲ့သည် မိန်ကလေးကို မြင်ဖူး၏။
ရေခဲအက်ကွဲဓားကို လက်ခံစဉ်က ဓား၏မှတ်ဉာဏ်ထဲတွင် မိန်းကလေးအား သူ မြင်ဖူး၏။
သူမကား ဓားသွန်းလုပ်ခြင်း၌ မြင့်မားသော ပါရမီရှိသူ ဖြစ်သည်။
“ဆရာကြီးကောင်း… ခင်ဗျားကိုယ်တိုင် ဓားလာပို့တာ ပြဿနာမများဘူးလား”
ဟွမ်လောင်လျှိုသည် ပြုံးလျှက်ပင် အလျင်အမြန် လှေကားထစ်အတိုင်း ဆင်းသွားကာ ကောင်းအန်ချွန်းအား ကြိုဆိုသည်။
ကောင်းမိသားစုသည် ပန်းပဲမိသားစုဖြစ်ကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ဓားသွန်းလုပ်ပေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။
ကောင်းမိသားစုခေါင်းဆောင် ကောင်းအန်ချွန်းသည် နာမည်ကျော်ဓားသွန်းလုပ်သူ ဖြစ်သည်။ သူသည် အနည်းဆုံး ဝိညာဉ်လက်နက် ဆယ်ခုကို သွန်းလုပ်ပြီး ဖြစ်သည်။
“အကြီးအကဲ ဒီနေ့ မရှိဘူး။ မဟုတ်ရင် သူက သေချာပေါက် ဆရာကြီးကောင်းနဲ့ ထိုင်ပြီး သေရည်သောက်လိမ့်မယ်”
ဟွမ်လောင်လျှိုက ဦးညွှတ်ကာ ကောင်းအန်ချွန်းကား ပြုံးလျှက် ပြောသည်။
ဤသို့သော ပန်းပဲဆရာက အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ လာပါက အကြီးအကဲများသည်ပင် လေးစားစွာ ဆက်ဆံရပေသည်။
“ကျုပ်က စီနီယာအစ်ကိုကောင်းကို လာရှာတာ မဟုတ်ဘူး”
ကောင်းအန်ချွန်းက ခေါင်းယမ်းကာ သူ့နောက်မှ ကောင်းဖေးကို ကြည့်သည်။
ကောင်းဖေးက ကျောက်တုံးလှေကားထစ်တွင် ရပ်နေသော ဟန်မူယဲ့အား ကြည့်သည်။
“ကျုပ်တို့ ကောင်းမိသားစုက ဓားတွေကို ပြန်ပို့ခဲ့တာ ဒီက မိတ်ဆွေလေးလား”
ကောင်းအန်ချွန်းက ဟန်မူယဲ့အား တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။
ဟွမ်လောင်လျှို တောင့်တင်းသွားသည်။
ကောင်းအန်ချွန်းဘေးမှ ကောင်လေးနှင့် ကောင်မလေးတို့သည် ဟန်မူယဲ့အား စူးစိုက် ကြည့်ကြ၏။
“ခေါင်းဆောင်ကောင်း… ကျုပ်က ဓားလက်ခံဖို့အတွက် တာဝန်ခံထားပါတယ်။ စံညွန်းမမှီတဲ့ ဓားဟာ ဓားစံအိမ်ထဲကို ဝင်ခွင့်မရှိပါဘူး”
“ဒါက ကောင်းမိသားစုပဲ ဖြစ်ဖြစ်၊ လျှိုမိသားစုပဲ ဖြစ်ဖြစ် မထူးခြားပါဘူး”
ဟန်မူယဲ့၏အမူအရာက မပြောင်းလဲဘဲ ပြောလိုက်သည်။
“ဟွမ်း… မင်းက ဓားထိန်းတစ်ယောက်ပဲ။ မင်းက ဓားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အဆင့်မမှီဘူး”
အဖိုးအိုဘေးမှ လူငယ်က ဟန်မူယဲ့ စကားမဆုံးသေးခင်တွင်ပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။