ကျုပ် ဟန်မူယဲ့လည်း ကောင်းကင်ဘုံအဆင့်ကို ရောက်ရမယ်
Vol. 6 Ch. 80
“တကယ်လို့ စုယွမ်သာ ဒီနေ့ မီးလောင်ပြင်ဓားသိုင်းကို သုံးရဲရင် ငါ သေသွားလည်း အရေးမစိုက်တော့ဘူး”
အဝေးတွင် အစိမ်းရောင်ဝတ်တာအိုဆရာတစ်ဦးသည် လေထဲတွင် ရပ်နေသည်။ သူ၏လက်ထဲမှ ဓားသည် မီးလျှံများအား ကောင်းကင်မှ ကျဆင်းစေခဲ့သည်။
ဤသည်ကား ထိခိုက်ပျက်စီးနေသော ဓားတစ်လက်၏နောက်ဆုံးသော မှတ်ဉာဏ်ဖြစ်သည်။
အကယ်၍ သူသာ မီးလောင်ပြင်ဓားသိုင်းကို သုံးပါက သူ၏အသက်အန္တရာယ်ကို စိုးရိမ်ရသည်။
ဟန်မူယဲ့ နားမလည်ပါ။
မီးလောင်ပြင်ဓားသိုင်းသည် မီးဓာတ်မျိုးဆက်၏မူပိုင်ဓားသိုင်း ဖြစ်သည်။ ၎င်းကို အဘယ်ကြောင့် သူက အသုံးပြု၍ မရသနည်း။
ယနေ့တွင် ဓားစံအိမ်ကို ဝင်လာသော ဓားအများအပြား ရှိနေသည်။ သူ့တွင် ထိုကိစ္စကို တွေးတောရန် အချိန်သိပ်မရှိခဲ့ပါ။ သူက ဓားတစ်လက်စီကို ခဏတာ စစ်ဆေးပြီး လက်ခံသိမ်းဆည်းရသည်။
တိုက်ခိုက်ရေးခန်းဆောင်က ဓားများကို ပို့ဆောင်ပြီးနောက်တွင် သူသည် အနက်ရောင်ဝတ် တပည့်များအား ကြည့်လိုက်သည်။
အနီရောင်ဝတ်စုံသည် ပျော်ရွှင်ခြင်း၏အမှတ်သင်္ကေတဖြစ်ကာ အနက်ရောင်သည် ဝမ်းနည်းစရာကိစ္စကို ကိုယ်စားပြုသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့် ၃၁ယောက်သည် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကာ သူတို့၏ကိုယ်ပိုင်ဓား ၁၀လက်ခန့်ကိုသာ ပြန်ရှာတွေ့သည်။
“အတွင်းစည်းဂိုဏ်းတပည့် တောက်ဟယ်ဟာ မိစ္ဆာရှင်းလင်းရေးတာဝန်ကို လက်ခံပြီးတော့ ကံမကောင်းစွာနဲ့ သေသွားခဲ့တယ်။ သူ့ဓားကို ဒီနေ့မှာ ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”
သတ်လတ်ပိုင်းအရွယ် အနက်ရောင်ဝတ်လူကြီးတစ်ဦးက ဓားကျိုးတစ်လက်ကို သုန်မှုန်စွာဖြင့် ကမ်းပေးသည်။
ဓားကား ကျိုးပျက်နေလေပြီ။
ဟန်မူယဲ့က ဓားကို စစ်ဆေးကာ သိမ်းဆည်းလိုက်သည်။
ဘဝဟူသည် ခဏတာမျှသာ ဖြစ်သည်။ သည်ဓားကျိုးသာလျှင် လောကအကြား တိုက်ပွဲများကို မြင်တွေ့ခဲ့သည်။
သာမန်တပည့်တိုင်းသည် ထိုအတွက် လေးစားမှု ခံရသင့်၏။
“အတွင်းစည်းဂိုဏ်းသား လော့ထျန်း… ခေါင်းဆောင်ဟာ မိစ္ဆာရှင်းလင်းရေးတာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့တယ်။ ကံမကောင်းတာက သူ သေသွားခဲ့တယ်။ သူ့ဓားကို ဓားစံအိမ်သို့ ပြန်ပို့ဆောင်ပါတယ်”
‘လော့ထျန်း…’
ဟန်မူယဲ့ မျက်မှောင်ကြုတ်ကာ ဓားကျိုးထံသို့ လက်လှမ်းလိုက်သည်။
“ခဏ…”
အဝေးမှ အသံတစ်သံကို ကြားရသည်။
“ကျုပ်သားရဲ့ဓားဟာ ဓားစံအိမ်က မဟုတ်ဘူး။ ဓားကို ဓားစံအိမ်သို့ ပို့ဆောင်စရာ မလိုဘူး”
နီရဲသော မျက်လုံးများဖြင့် အသက်ငါးဆယ်အရွယ် လူကြီးတစ်ဦးသည် ပြေးလာကာ ဟန်မူယဲ့၏လက်ထဲမှ ဓားကို ဖမ်းဆုပ်လိုက်သည်။
ဟန်မူယဲ့ မျက်မှောင်ကျုံ့လိုက်ကာ ဓားလက်ကိုင်ကို ဆွဲထုတ်လိုက်၏။
ဝှစ်…
ဓားကျိုးသည် ဓားအိမ်မှ ထွက်လာသည်။ ၎င်းတွင် ဖုန်များကပ်ညိနေကာ သွေးများ စွန်းထင်းနေ၏။
ဓားမှာကျိုးနေသည်ကိုမြင်လျှင် လူကြီး၏မျက်နှာတွင် နာကျင်သော အမူအရာ ဖြစ်လာသည်။ သူက ဟန်မူယဲ့အား ကြည့်သည်။
“ဒီဓားဟာ ဓားစံအိမ်က မဟုတ်ဘူး။ ကျုပ်သားရဲ့ လက်ကျန်ပစ္စည်းကို ပြန်ယူသွားချင်တယ်”
ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပါ။
ဓားလက်ကိုင်ကို တင်းတင်းဆုပ်ရင်း သူ့အာရုံထဲ ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
…
“အစ်ကိုလော့… ကျုပ်တူလေးမှာ ဓားကောင်းတစ်လက် မရှိဘူးကြားတယ်။ ကျုပ်မှာ မသုံးတဲ့ဓားတစ်လက်ရှိတယ်။ အဲဒါကို ပေးမယ်”
မုတ်ဆိတ်တိုများဖြင့် အစိမ်းရောင်ဝတ်တာအိုဆရာတစ်ဦးက တည်ငြိမ်စွာ ပြောသည်။
“အစ်ကိုချင်… မဟုတ်သေးဘူး… အဲဒါက ခင်ဗျားဓားလေ…”
ထိုသို့ပြောလိုက်သူကား ဟန်မူယဲ့၏ရှေ့မှ လူကြီးဖြစ်သည်။
“အစ်ကိုလော့… ခင်ဗျား ဘာပြောနေတာလဲ။ ကျုပ်တို့ သတ္တုနဲ့ သစ်သားမျိုးဆက်ဟာ အချင်းချင်း ရင်းနှီးတာပဲ။ ကျုပ် ချင်လင်းမှာ သားသမီးမရှိဘူး။ ကျုပ် ဒီဓားကို တူလေးလော့ထျန်းကို ပေးမယ်”
ချင်လင်း…
သူသည်ကား သစ်သားမျိုးဆက်အကြီးအကဲဖြစ်သည်။
…
မြင်ကွင်း ပြောင်းလဲသွားသည်။ ဓားသည် လော့ထျန်းလက်ထဲ ရောက်လာကာ သူ၏ဓားသစ်နှင့် ဝမ်းသာစွာ လေ့ကျင့်သည်။
သူသည် ဂိုဏ်းသားတစ်ဖွဲ့ကို ဦးဆောင်ကာ မိစ္ဆာများအား သတ်ဖြတ်၏။ သူ့အဖွဲ့ထဲတွင် အတွင်းစည်းဂိုဏ်းမှ ထိပ်ဆုံးစာရင်းဝင် ၃၀၀ထဲ ပါဝင်သူများ ရှိသည်။
သူတို့က နေရာတိုင်းတွင် လိုက်ရှာရာ မိစ္ဆာများ၏အငွေ့အသက်ကို ခြေရာခံမိသည်။ လော့ထျန်းကိုယ်တိုင်က နှင်းဖြူမြေခွးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။
မိစ္ဆာမြေခွေးတစ်ကောင်…
ဟန်မူယဲ့က ထိုမြင်ကွင်းကို အသေအချာကြည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့ရှေ့မှ လူကြီးသည် စိတ်မရှည် ဖြစ်လာသည်။ သူက ခေါင်းမော့ကာ ဓားစံအိမ်တတိယထပ်သို့ လှမ်းကြည့်သည်။
“အကြီးအကဲကောင်း… ကျုပ် လော့ရိရှန့် ကျုပ်သားရဲ့ဓားကို ပြန်ယူသွားဖို့ တောင်းဆိုပါတယ်”
လော့ရိရှန့်က လက်နှစ်ဖက်ဆုပ်ကာ အော်ဟစ်လိုက်သည်။
အတန်ကြာ စောင့်ဆိုင်းပြီးသည့်တိုင် တတိယထပ်မှ မည်သည့်အသံမှ မကြားရပေ။ လော့ရိရှန့်၏အမူအရာက သိပ်မကောင်းတော့ဘဲ နောက်ဆုံးတွင် သူက ဒေါသတကြီး ပြောသည်။
“ကောင်းချန်ကုန်း… ငါတို့ မိတ်ဆွေဖြစ်လာတာ ဆယ်စုနှစ်တွေအများကြီးရှိပြီ။ မင်းက ငါ့ကို နည်းနည်းတောင် မျက်နှာသာ မပေးဘူးလား”
ဟန်မူယဲ့သည် ဓားကျိုးကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကိုင်ထားသည်။
အကြီးအကဲက စကားမပြောလျှင် သူကလည်း ဓားကို ကမ်းပေးမည် မဟုတ်ပေ။
ဓားစံအိမ်ရှေ့တွင် လေထုမှာ အနည်းငယ် အုံ့မှိုင်းနေသည်။
လော့ရိရှန့်၏အမူအရာက နောက်ဆုံးတွင် ဒေါသမှသည် ဝမ်းနည်းပူဆွေးခြင်းသို့ ပြောင်းလဲသွားသည်။ သူက ဟန်မူယဲ့၏လက်ထဲမှ ဓားကို ကြည့်ကာ ပြောသည်။
“အစ်ကိုကောင်း… လော့ထျန်းဟာ ကျုပ်ရဲ့သားပါ။ ဒီဓားက သူချန်ထားခဲ့တဲ့ နောက်ဆုံးပစ္စည်းပဲ”
ဓားစံအိမ်တတိယထပ်မှ အသံသဲ့သဲ့ ကြားရသည်။
“ယူသွားလိုက်…”
ဟန်မူယဲ့က ဓားကျိုးကို ကမ်းပေးလိုက်သည်။
လော့ရိရှန့်၏မျက်နှာတွင် ကျေးဇူးတင်ဟန်များ ဖြစ်ပေါ်လာသည်။ သူက ခေါင်းညိတ်ကာ ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်လျှက် ထွက်ခွာသွားသည်။
ဟန်မူယဲ့ သူ ထွက်သွားသည်ကို ကြည့်ကာ မျက်လုံးများမှ အရောင်လက်သွားသည်။
ထပ်မံလက်ခံရရှိသော ဓားများမှာ တချို့မှာ ကျိုးနေပြီး တချို့မှာ အပြစ်အနာအဆာ အနည်းငယ် ဖြစ်နေသည်။ ဓားစံအိမ်မှ ၎င်းဓားများကို ပြန်လည်ခံပြီးနောက် အတတ်နိုင်ဆုံး ပြင်ဆင်ရန် ကြိုးစားရသည်။
ဓားများအားလုံးကို မှတ်တမ်းတင်ပြီးနောက်တွင် ဟန်မူယဲ့သည် စာရင်းများကို ပြန်စစ်ဆေးသည်။
“အစ်ကိုဟွမ်က မရီးနဲ့များ ခိုးရာလိုက်သွားတာလား”
တံခါးဝတွင် လုကော တီးတိုးရေရွက်သည်။
ဟန်မူယဲ့ ရယ်မောလိုက်၏။
အကယ်၍ ဟွမ်လောင်လျှိုသည် လုချန်းဖျင်နှင့် ခိုးရာလိုက်ပြေးသွားပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေ လုချန်းဖျင်၏သန့်စင်ရေကျောင်းတော်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားခဲ့ပြီး မဟုတ်ပါလား။ နှစ်ဖက်ကြား မည်သည့်အချိန် ပြဿနာတက်မည်ကို မည်သူမှ မခန့်မှန်းနိုင်။
ထိုအချိန်သို့ ရောက်သောအခါ ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့မှာ ခက်ခဲသော အနေအထားနှင့် ကြုံတွေ့ရပေလိမ့်မည်။
“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ… ဂိုဏ်းချုပ်… ချုပ်… ကလွဲပြီး…”
လုကောင်းသည် ဓားစံအိမ်ရှေ့တွင် အထိတ်တလန့် ဖြစ်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့မှာလည်း မှင်တက်နေသည်။
“မင်း ငါ့ကို သိတာလား…”
“သေသေချာချာ စောင့်ကြပ်ပေး… ဓားစံအိမ်က အရေးကြီးတဲ့နေရာပဲ”
သိမ်မွေ့သော အသံတစ်ခုကို ကြားရသည်။ ဟန်မူယဲ့ ထရပ်လျှင် ခရမ်းရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး တာအိုဆရာတစ်ဦးသည် သူ့ရှေ့ကို ရောက်လာခဲ့သည်။
“မင်းက စီနီယာအစ်ကိုကောင်း ရွေးထားတဲ့ တပည့်လား”
“မဆိုးဘူး…”
ထိုတာအိုဆရာက ဟန်မူယဲ့အား ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြုံးလျှက် ခေါင်းညိတ်ပြီး အပေါ်ထပ်ကို တက်သွားသည်။
အကြည့်တစ်ချက်မျှဖြင့် ဟန်မူယဲ့သည် တကိုယ်လုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ၏။
သူ့ခန္ဓာကိုယ်မှ ဓားချီများ အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာကြသည်။
ဘာဓားချီလဲ၊ ဘာဓားအရိုးလဲ၊ ဘာကျင့်ကြံဆင့်လဲ…
သူ၏အကြည့်အောက်တွင် သူသည် စက္ကူတစ်ရွက်လို ပါးလျလွန်းသည်။
ဟူး…
သူ၏ချီပင်လယ်မှ ဓားဆန္ဒ တုန်ခါသွားလျှင် ပထမထပ်မှ ဓားများအားလုံး သက်ဝင်လှုပ်ရှားကာ တုန့်ပြန်ကြ၏။
အကြည့်တစ်ချက်မျှဖြင့် ဟန်မူယဲ့၏သွေးကြောများ ပေါက်ထွက်တော့မလို ဖြစ်သွားသည်။
ဤသည်ကား စစ်မှန်သော ပညာရှင် ဖြစ်သည်။
တကိုယ်လုံး တောင့်တင်းသွားသော ဟန်မူယဲ့သည် သူ၏ခုံ၌ ဖြေးလေးစွာ ပြန်ထိုင်လိုက်သည်။ သူ့ ခြေလက်များ အားနည်းသွားသလို ခံစားနေရ၏။
ကျင်းကျီး… အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်…။
သူသည် ရွှေဓာတ်ရေဓာတ်နတ်ဘုရားဟုလည်း နာမည်ကြီးသည်။
သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၌ ရှိကာ သတ္တုဓာတ်နှင့် ရေဓာတ်မျိုးဆက်သိုင်းတို့အား ကျင့်ကြံသည်။ သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ နှစ် ၃၀၀ ကျော် ကိုင်လှုပ်လာခဲ့သော ထိပ်သီးပညာရှင် ဖြစ်သည်။
ခုံပေါ်တွင် ထိုင်ရင်း ဟန်မူယဲ့သည် မသက်မသာ ပြုံးလိုက်သည်။
ထိုနေ့က သူသည် ကျင့်ကြံခြင်းနှင့် ခွန်အားတို့၏ အရေးပါပုံကို နားလည်ခဲ့၏။
စုကျန်းဆေးဆိုင်၌ သူသည် သူ၏ရွေးချယ်မှုက အလွန်အရေးပါကာ ဂိုဏ်းကို ထိခိုက်စေနိုင်သည်ဟု တွေးခဲ့၏။
သို့သော်လည်း ထို့ပါ့ချန်ရှေ့ကို ရောက်သောအခါ သူသည် အဆူခံခဲ့ရသည်။
ထို့ပါ့ချန်၏ဓားဆန္ဒနှင့် ကျားဖြူပုံရိပ်တို့သည် ဂိုဏ်းပေါင်း ၈၀ ကျော်ကို အသာလေး ဖိနှိပ်နိုင်သည်။ ၎င်းကား စစ်မှန်သော ခွန်အားဖြစ်သည်။
သူသည် ဓားစံအိမ်သို့ ရောက်သောအခါ ဓားစံအိမ်အကြီးအကဲက သူ၏စွမ်းအားသည် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်ကိုပင် မထိမကိုင်နိုင်သေးဟု ပြောခဲ့သည်။
ဓားမှ အငြိုးအတေးအငွေ့အသက်များသည် သူ့ဝိညာဉ်ကို တိုက်ရိုက်ပြိုလဲစေနိုင်သည်။
ယခုတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဂိုဏ်းခေါင်းဆောင်က အကြည့်တစ်ချက်မျှဖြင့် သူ၏သွေးကြောများကို ပေါက်ကွဲလုမတတ် ဖြစ်စေခဲ့သည်။
ဤသည်က ဧကကျင့်ကြံသူ ဖြစ်သည်။
အကြည့်တစ်ချက်မျှ၊ လက်တစ်ချက် အဝှေ့မျှဖြင့် တောတောင်များ ပြိုလဲကာ မြစ်ရေများ ပြောင်းပြန်စီးဆင်းစေသည်။
ကျင့်ကြံသူတစ်ဦးသည် ထိုမျှ လွတ်လပ်ပေါ့ပါးနိုင်သည်။
ကောင်းကင်ဘုံကိုးဆင့်အမြင့်မှ အရာအားလုံးကို ခေါင်းငုံ့ကြည့်နိုင်၏။
ဟန်မူယဲ့က လက်ဖဝါးကို ဖြန့်လိုက်လျှင် သူ၏ချီပင်လယ်မှ ဓားဆန္ဒ တုန်ခါသွားသည်။ ပထမထပ်မှ ဓားများအားလုံးလည်း တုန်ခါသွားကြ၏။
“ဓားထိန်းတွေဟာ အသက်ရှုကြိမ်တစ်ရာကို ကျင့်ကြံတာ မထူးဆန်းတော့ဘူး”
“ကောင်းကင်ဘုံအဆင့်ဆိုတာ အလာဟသ မဟုတ်ဘူးပဲ”
“သေမျိုးတွေက ကောင်းကင်ဘုံကိုးဆင့်ကို ဘယ်လို နားလည်နိုင်မှာလဲ”
မျက်လုံးများကို ဖွင့်ရင်း ဟန်မူယဲ့ထံမှ ခိုင်မာပြတ်သားသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။
“ငါ ဟန်မူယဲ့ ကောင်းကင်ဘုံအဆင့်ကို ရောက်ရမယ်”
“အဲဒါက အသက်ရှုကြိမ်တစ်ရာဖြစ်ခဲ့ရင်တောင်မှ…”
သူ၏အတွေးများကို ခံစားမိဟန်ဖြင့် ပထမထပ်မှ ဓားများက တုန့်ပြန်ကြ၏။
“ဟန်မူယဲ့… အပေါ်ကို တက်လာခဲ့”
ဓားစံအိမ်အကြီးအကဲ၏အသံကို ကြားရသည်။
ဟန်မူယဲ့ ထရပ်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်လျှက် အပေါ်ထပ်ကို တက်လာခဲ့သည်။