ချို့ယွင်းချက်တစ်ခုစီအတွက် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀
Vol. 7 Ch. 85
ဓားစံအိမ်ရှေ့ ကျောက်တုံးလှေကားထစ်နေရာတွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။
ဟွမ်လောင်လျှိုသည် ရီဖူရှင်း၏လက်ထဲမှ ဓားကို ကြည့်ကာ တဖန် ကောင်းမိသားစုခေါင်းဆောင်ကို သုန်မှုန်သော အမူအရာဖြင့် ကြည့်သည်။
ဟန်မူယဲ့သာ မပြောခဲ့ပါက သူသည် သေချာပေါက် အရှက်တကွဲ ဖြစ်ပေလိမ့်မည်။
ထိုဓားများကို စစ်ဆေးပြီးနောက် သူ၏စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ ထိခိုက်ရုံသာမက ဟန်မူယဲ့ ငြင်းပယ်လိုက်သော ဓားများကို သူ လက်ခံလိုက်လျှင် ဓားစံအိမ်မှာ အရှက်ရ,ရပေလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့ ပြောသကဲ့သို့ အသုံးမဝင်သော ဓားများကို ရုတ်တရက် စွမ်းအားကြီးလာအောင် မည်သို့ လုပ်ခဲ့သနည်း။
အဓိကအချက်မှာ သူ၏စိတ်ဝိညာဉ်သည် ဓားအတွင်းသို့ ဝင်သွားသောအခါ မည်သည့်အပြစ်အနာအဆာမှ မတွေ့ခဲ့ပေ။ ဓားသည် အမှန်တကယ် ဓားကောင်း ဖြစ်သည်။
‘သူတို့ ပြန်သန့်စင်ခဲ့တာများလာ’
‘ထိုသို့ မဖြစ်နိုင်’
ကောင်းမိသားစုသာ ပြန်လည်သန့်စင်ခဲ့ပါက ကောင်းမိသားစုခေါင်းဆောင်ကိုယ်တိုင် ဓားများကို ပြန်လာပို့စရာ မလိုချေ။
သူတို့က ယနေ့တွင် ဓားများကို လာပို့သည်မှာ ဓားစံအိမ်ကို အရှက်ရစေလို၍များလား။
ဓားစံအိမ်ရှေ့တွင် အားလုံးက ဓားလက်ကိုင်ကို ဖြေးလေးစွာ လွှတ်လိုက်သော ဟန်မူယဲ့အား ကြည့်နေကြသည်။
“ဟင်း… ဒါက အသုံးမဝင်တဲ့ဓားဖြစ်နေတုန်းပဲ”
“အသုံးမဝင်တဲ့ဓားက အသုံးမဝင်တဲ့ဓားပါပဲ။ ခင်ဗျားတို့က လှည့်ကွက်နည်းနည်းသုံးခဲ့ရင်တောင် ဒါက အမှိုက်ဖြစ်နေတုန်းပဲ”
လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်မူယဲ့၏အမူအရာက တင်းမာနေသည်။
“ခေါင်းဆောင်ကောင်းအနေနဲ့ ဒီလို အသုံးမဝင်တဲ့ဓားတွေကို ဓားစံအိမ်သို့ ပို့ချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ ကောင်းမိသားစုက တကယ်ပဲ နောက်တစ်ခါ ဓားလာပို့စရာ မလိုတော့ဘူး”
သူ၏စကားက ကောင်းမိသားစုမှ လူများအားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။
ကောင်းအန်ချွန်း၏အမူအရာက ပျက်သွားသည်။ သူ့ဘေးမှ မိန်းကလေးက စိတ်ဝင်တစား ကြည့်သောအချိန်တွင် လူငယ်သည် အလွန်အမင်း ဒေါသထွက်လာဟန်ရှိသည်။
“ဒီဓားတွေကို ခင်ဗျားက အသုံးမဝင်တဲ့ဓားတွေလို့ ပြောတိုင်း အသုံးမဝင်ဖြစ်သွားတာပဲလာ။ ခင်ဗျားမှာ ဘယ်လို အခွင့်အာဏာရှိလို့ ဒီလို ပြောတာလဲ။ ကျုပ်က ဒီဓားတွေကို ၂လ အချိန်ယူပြီး သွန်းလုပ်ခဲ့တယ်။ မိသားစုခေါင်းဆောင်ကိုယ်တိုင် သန့်စင်ခဲ့တယ်။ ဒါက ဘယ်လိုလုပ် အသုံးမဝင်တဲ့ဓားဖြစ်မှာလဲ”
လူငယ်က ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းအန်ချွန်းက လက်မြှောက်ကာ သူ့အား တားလိုက်သည်။
“မိတ်ဆွေလေး… ဒီဓားတွေက ဘာ့ကြောင့် အသုံးမဝင် ဖြစ်ရတာလဲ”
ကောင်းအန်ချွန်းက ဟန်မူယဲ့ကို တီးတိုးမေးသည်။
ဟန်မူယဲ့က ရယ်မောကာ ခေါင်းယမ်းသည်။
“ခေါင်းဆောင်ကောင်း… ဒီဓား ၆လက်ဟာ မတူညီတဲ့လူတွေက သွန်းလုပ်ထားတာ ဆိုပေမဲ့ ချို့ယွင်းချက်တွေက ဆင်တူတယ်”
“ဒါကြောင့် ကျုပ် အရင်တုန်းကတည်းက ကောင်းမိသားစု သွန်းလုပ်တဲ့ဓားတွေကို လိုက်လံပြီး စစ်ဆေးခဲ့တဲ့အခါ ချို့ယွင်းချက်တွေဟာ အတူတူဖြစ်နေတာကို တွေ့ရတယ်။ အားလုံးက တူညီတဲ့ ပြဿနာတွေပဲ”
“ခင်ဗျားတို့က အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ရင် ဒီနေ့ ဒီကို ရောက်လာမှာ မဟုတ်ဘူး”
ကောင်းအန်ချွန်း မပြောရသေးခင်တွင်ပင် ဟန်မူယဲ့က ဓားများကို လက်ညိုးထိုးပြသည်။
“ခင်ဗျားတို့က ဓားတွေကို ဓားချီတွေနဲ့ ပေါင်းစပ်ပြီးတော့ ယာယီအားဖြင့် ဓားရဲ့ချို့ယွင်းချက်တွေကို ဖာထေးခဲ့တယ်။ ဒီလိုနည်းလမ်းကို သုံးတာ ခင်ဗျားတို့ မရှက်ဘူးလား”
‘ဒီလိုကိုး…’
ဟွမ်လောင်လျှို၏အမူအရာ နက်မှောင်သွားသည်။
သူသည် ဓားများ၏ချို့ယွင်းချက်ကို သတိမထားမိသည်မှာ မထူးဆန်းတော့ချေ။ ဓားများ၏ချို့ယွင်းချက်များအား ယာယီအားဖြင့် ဖုံးအုပ်ရန် ကောင်းမိသားစုခေါင်းဆောင်ကိုယ်တိုင် ဓားချီများဖြင့် ပေါင်းစပ်ထားခဲ့သည်။
“စီနီယာအစ်ကို… ရှင်က ဒီလိုပြောမှတော့ ဒီဓားတွေရဲ့ ချို့ယွင်းချက်တွေကို ပြောပေးပါလား”
ကောင်းအန်ချွန်းဘေးမှ မိန်းကလေးက ဟန်မူယဲ့အား ကြည့်ကာ ဖျော့တော့စွာ ပြောသည်။
သူမ၏စကားကိုကြားလျှင် ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။
သူမ၏စကားကို ကြားလျှင် ဟန်မူယဲ့ ပြုံးလိုက်သည်။
“ဟင်း… ကျုပ် ဟန်မူယဲ့က ခင်ဗျားတို့ ကောင်းမိသားစု ဓားသွန်းလုပ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ဘာလို့ ကူညီထောက်ပြပေးရမှာလဲ”
ကောင်းမိသားစု ဓားသွန်းလုပ်စနစ်၏ချို့ယွင်းချက်များ…
မိန်းကလေး၏မျက်လုံးက ပြူးကျယ်သွားကာ မည်သည့်စကားမှ မဆိုဘဲ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကောင်းဖေး၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ဟန်မူယဲ့နှင့် အကြည့်ချင်း မဆိုင်ရဲတော့ဘဲ ခေါင်းငုံ့လိုက်သည်။
ဒေါသထွက်နေသော လူငယ်၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေသည်။ သူက အံကြိတ်ကာ ဟန်မူယဲ့အား ဒေါသတကြီး ကြည့်သည်။
ကောင်းအန်ချွန်းက ဟန်မူယဲ့အား စိုက်ကြည့်သည်။ အတန်ကြာမှ သူက သက်ပြင်းချကာ ပြောသည်။
“မိတ်ဆွေလေး… မင်း ငါတို့ကို ပြောပြပေးဖို့ ဘာလုပ်ပေးရမလဲ”
ဟန်မူယဲ့က လက်များကို သူ့နောက်တွင် ပိုက်ကာ ကောင်းအန်ချွန်းနောက်မှ ဓားသယ်လာသော တပည့်များအား ကြည့်သည်။
“ချို့ယွင်းချက်တစ်ခုစီအတွက် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀”
ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀။
နောက်တွင် ရပ်နေသော လုကောသည် စီနီယာအစ်ကိုဟန်၏ပိုက်ဆံရှာနိုင်စွမ်းအား အလွန်အထင်ကြီးနေပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ်က သူသည် လင်ကြွယ်ဂိုဏ်းမှ လူအား ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တောင်းခဲ့သည်။
“ကောင်းပြီ… ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀”
ကောင်းအန်ချွန်းက ခေါင်းညိတ်သည်။ သူ့လက်တွင် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁တုံး ပေါ်လာသည်။
ဟန်မူယဲ့က လုကောအား ကြည့်သည်။
လုကောက အလျင်အမြန်ပင် ရှေ့ကို တက်သွားကာ ကောင်းအန်ချွန်းလက်ထဲမှ ဝိညာဉ်ကျောက်တုံးအား ယူလိုက်၏။
အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး။
နောက်ဆုံးတွင် သူသည် ဤပစ္စည်းအား ကိုယ်တိုင် ထိတွေ့ဖူးလေပြီ။
လုကောက ဝိညာဉ်ကျောက်တုံးကို ယူလိုက်သည်ကို ကြည့်ကာ ဟန်မူယဲ့က သူ့ရှေ့မှ ဓားကို လက်ညိုးထိုးပြသည်။
“ဒီဓားနာမည်က ချင်းယွီ… ဒါက သုံးပေရှည်ပြီးတော့ ၅.၅ ကီလိုဂရမ် လေးတယ်”
“ဒီဓားဟာ သစ်စိမ်းနဲ့ အံ့ဖွယ်ကျောက်စိမ်းသံမဏိတို့ ရောစပ်ထားတဲ့ သတ္တုနဲ့ သွန်းလုပ်ထားတယ်။ ဒါကို အကြိမ် သောင်းနဲ့ချီပြီး သန့်စင်ထားတာ ဖြစ်ပြီးတော့ သစ်သားဓာတ် ဝိညာဉ်အင်းကွက်နဲ့ ရေးထွင်းထားတယ်”
ဟန်မူယဲ့၏စကားကို ကြားသောအခါ လူငယ်၏မျက်နှာက မယုံကြည်နိုင်သော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
ကောင်းအန်ချွန်းနှင့် မိန်းကလေးတို့က ခေါင်းညိတ်ကြသည်။
“ခင်ဗျားတို့ ကောင်းမိသားစုမှာ အံ့ဖွယ်ကျောက်စိမ်းသံမဏိမိုင်းတွင်းရှိတယ်ထင်တယ်”
ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။
“ဘာ… ဘာလဲ… ဒါက ဓားတွေရဲ့ ချို့ယွင်းချက်နဲ့ ဆိုင်လို့လား”
လူငယ်က စိတ်လှုပ်ရှားသွားကာ ပြန်ပြောသည်။
ဟန်မူယဲ့က ခေါင်းယမ်းကာ ပြောသည်။
“ဒါက ပြဿနာမရှိပါဘူး။ ခင်ဗျားတို့ မိသားစုက တော်တော်လေး ချမ်းသာတာပဲ”
လူငယ်က မည်သည့်စကားမှ မဆိုရသေးခင်တွင်ပင် ဟန်မူယဲ့က ထပ်ပြောသည်။
“ဒီဓားအပါအဝင် တခြားဓားတွေမှာ ဓားသွန်းလုပ်တဲ့စနစ်ဖြစ်စေ၊ သတ္တုအချိုုးကျ ပေါင်းစပ်တာ ဖြစ်စေ ပြဿနာမရှိတဲ့ပုံပါပဲ”
“ချို့ယွင်းချက်က အဲဒီ ပြဿနာမရှိတာကြောင့်ပဲ ဖြစ်လာတာ”
ထို့နောက် သူက စူးရှသော မျက်လုံးများဖြင့် ပြောသည်။
“တယ်သစ်မှာ ၃.၅ အောင်စ ငွေကို ရောထားပြီးတော့ အံ့ဖွယ်ကျောက်စိမ်းသံမဏိနဲ့ ပေါင်းစပ်သွန်းလုပ်ထားတယ်”
“မယ်ပယ်နီဓားမှာလည်း အံ့ဖွယ်ကျောက်စိမ်းသံမဏိ ၃.၅ အောင်စ ပါတယ်”
“မှင်နက်ဓားနဲ့ ရေခဲအက်ကွဲဓားတွေမှာလည်း ဒီအချိုးအစားအတိုင်းပဲ”
“ကောင်းမိသားစု ဓားသွန်းလုပ်စနစ်ဟာ တကယ်ပဲ ကောင်းမွန်လှပါတယ်”
ကျောက်တုံးလှေကားထစ်အောက်ခြေတွင် ကောင်းမိသားစုဝင်များ၏အမူအရာက ပြောင်းလဲသွားသည်။
ဟန်မူယဲ့က သူတို့အား ချီးကျူးနေဟန်တူသော်လည်း ကောင်းသော ခံစားချက် မရပေ။
လူငယ်၏မျက်နှာတွင် ဝေခွဲမရဟန်များ ဖြစ်ပေါ်လာသည်။
သတ္တုများ၏အချိုးအစားကို တိတိကျကျ ထည့်သွင်းခြင်းက မကောင်းဘူးလား။
“မိတ်ဆွေလေး ပြောတာ နားလည်ပြီ”
ကောင်းအန်ချွန်းက ခေါင်းညိတ်ကာ ပြောသည်။
“မိသားစုအမွေအနှစ်ဟာ အရမ်းကောင်းနေပေမဲ့ နောက်မျိုးဆက်တွေဟာ ဒီအပေါ်မှာ အရမ်းတိတိကျကျ လိုက်နာနေမယ်လို့ မတွေးမိဘူး”
“လက်နက်သွန်းလုပ်တာဟာ ဆေးဖော်စပ်တာနဲ့ သဘောတရားအတူတူပဲ။ စည်းမျဉ်းစည်းကမ်းကို ပုံသေစွဲမှတ်လေလေ ချို့ယွင်းချက်များလေပဲ။ ကျုပ် မိသားစုကို ပြန်တဲ့အခါ နောက်မျိုးဆက်တွေကို ဒီလို အမှားမဖြစ်ဖို့ သေချာကြီးကြပ်လိုက်ပါ့မယ်။ သူတို့က စာအုပ်တွေကို မှတ်သားပြီး အမြဲတိတိကျကျ လိုက်နာတာမျိုးကို ရှောင်ဖို့ လိုတယ်”
ကောင်းအန်ချွန်းက အသက်ပြင်းပြင်းရှိုက်လိုက်ကာ ဟန်မူယဲ့ကို ကြည့်သည်။
“မိတ်ဆွေလေး… နောက်ထပ်ရှိသေးလား”
ဟန်မူယဲ့က ရယ်မောလိုက်သည်။
“သေချာတာပေါ့”
ကောင်းအန်ချွန်း၏မျက်လုံးများ စူးရှသွားကာ နောက်ထပ် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂တုံးကို ထုတ်ယူလိုက်သည်။
ဟန်မူယဲ့ လက်ဝှေ့ယမ်းလျင် လုကောက ရှေ့ကို တက်ကာ ယူလိုက်သည်။
“ကောင်းမိသားစုဟာ ရေအေးကို သုံးပြီးတော့ လက်နက်ကို သန့်စင်တယ်။ ဒါကြောင့်ပဲ ယင်ဓာတ်ဓားချီဟာ အသုံးမဝင် ဖြစ်သွားတယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အထောက်အပံ့ကြောင့် ခင်ဗျားတို့ ကောင်းမိသားစုဟာ ဝိညာဉ်သတ္တုတွေ မရှားပါးဘူး။ ခင်ဗျားတို့ ဓားတချို့မှာ ဝိညာဉ်သတ္တုတွေ ဖောဖောသီးသီ ထည့်သုံးနေတာမျိုးတွေ တွေ့ရတယ်။ ဒါက ဓားကို ပိုကောင်းမလာစေဘူးဆိုတာ သိသင့်တယ်”
“ကောင်းမိသားစုရဲ့ ဓားသွန်းလုပ်စနစ်က ကောင်းတယ်။ ဒါပေမဲ့ ဓားဝိညာဉ်သင်္ကေတတွေဟာ သာမန်အရည်အသွေးတွေပဲ ရှိတယ်။ ဒါက ကွဲပြားခြားနားတဲ့ ဓားသမားတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆီးနိုင်ဘူး”
…
ဟန်မူယဲ့က တစ်ချက်ချင်း ပြောလျှင် ကောင်းအန်ချွန်းကလည်း ဝိညာဉ်ကျောက်တုံး ၁တုံးစီ ထုတ်ပေးသည်။
လုကောက အားလုံးကို ယူသည်။
အတန်ကြာသောအခါ လုကောမှာ သူ၏လက်ထဲ၌ ဝိညာဉ်ကျောက်တုံးများ မဆန့်တော့သလို ခံစားလာရသည်။
“မဖြစ်နိုင်ဘူး… ငါတို့ ကောင်းမိသားစုရဲ့ နည်းစနစ်တွေဟာ နှစ်တစ်ထောင်လောက်ကတည်းက ဆင်းသက်လာတာပဲ။ ငါတို့က နာမည်ကျော်မိသားစုပဲ။ ဘာလို့ ငါတို့ နည်းစနစ်က မကောင်းရမှာလဲ”
“ဝိညာဉ်အဆင့်သတ္တုတွေ ပိုထည့်တာက ပိုမကောင်းဘူးလား”
ကောင်းမိသားစုမှ လူငယ်မှာ အာရုံများ ပျံ့လွင့်နေပြီ ဖြစ်သည်။ သူသည် ထိုနေရာတွင်ရပ်ကာ အတွေးများ ရှုပ်ထွေးနေ၏။
အဖိုးကြီးဘေးမှ မိန်းကလေးမှာလည်း စူးရှသော မျက်လုံးများဖြင့် ဟန်မူယဲ့ ပြောသည်ကို လိုက်လံမှတ်သားနေသည်။
“နောက်ဆုံးတစ်ချက်… ခင်ဗျားတို့ ကောင်းမိသားစု လက်နက်သွန်းလုပ်စနစ်ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်”
ဟန်မူယဲ့က အနီရောင်ဝတ်မိန်းကလေးကို လက်ညိုးထိုးပြသည်။
“မင်းရဲ့ ရေခဲအက်ကွဲဓားဟာ သွန်းလုပ်တဲ့အကြိမ်ရေ ၃၅၃၀၀ အရောက်မှာ ဆက်မတိုးနိုင်ခဲ့တဲ့အတွက် ဓားဟာ ဝိညာဉ်အဆင့်လက်နက် မဖြစ်လာခဲ့ဘူး”
“ဟုတ်တယ်… စီနီယာအစ်ကိုပြောတာ မှန်တယ်။ ကျွန်မ အားကုန်သွားတယ်”
မိန်းကလေးက မျက်နှာနီမြန်းသွားကာ ပြောသည်။
“ခင်ဗျားတို့ ကောင်းမိသားစုရဲ့ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဟာ မလုံလောက်ဘူး။ အကြိမ် ၃၀,၀၀၀ ကျော်လာတဲ့အခါ အားပြတ်သွားလိမ့်မယ်”
ဟန်မူယဲ့က တီးတိုးပြောသည်။
ထို့နောက် သူက ထပ်မပြောတော့ပေ။
ကျောက်တုံးလှေကားအောက်ခြေတွင် ကောင်းမိသားစုဝင်များ တိတ်ဆိတ်နေသည်။
ဟန်မူယဲ့ ပြောသည်ကား သူတို့ တစ်ခါမှ မတွေးမိသော ချို့ယွင်းချက်ကြီး ဖြစ်သည်။
“မိတ်ဆွေလေး… ကျုပ်တို့က ဒီအားနည်းချက်ကို ဘယ်လို ပြင်ဆင်ရမလဲ”
ကောင်းအန်ချွန်းက ဟန်မူယဲ့ကို ကြည့်ကာ ထပ်မေးသည်။
“မိတ်ဆွေလေး… တန်ဖိုးသတ်မှတ်ပါ”
လုကောက အလျင်အမြန်ပင် ဟွမ်လောင်လျှိုအနီးသို့ ကပ်ကာ သူ၏အိတ်ကပ်ထဲသို့ ဝိညာဉ်ကျောက်တုံးများအား ထည့်လိုက်သည်။
တစ်ဘက်လူက စီနီယာအစ်ကိုဟန်အား တန်ကြေး သတ်မှတ်ခိုင်းနေပြီ ဖြစ်သည်။
သေချာပေါက် ကြီးမားသော အကျိုးအမြတ်တစ်ခု လာတော့မည်။
“ကျုပ် ခင်ဗျား ယူလာတဲ့ အဲဒီဓားကို လိုချင်တယ်”
ဟန်မူယဲ့က ကောင်းမိသားစုဝင်တစ်ဦး သယ်လာသော ဓားသေတ္တာအား ညွန်ပြသည်။
“မဖြစ်နိုင်ဘူး… ဒါက ဝိညာဉ်လက်နက်ပဲ”
ကောင်းအန်ချွန်း၏အမူအရာက ပြောင်းလဲသွားသည်။
သို့သော် သူ့စကားမဆုံးသေးခင် ကောင်းအန်ချွန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့ရှေ့တွင် သံမဏိနွားသိုးပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
တစ်ကောင်…
နှစ်ကောင်…
သုံးကောင်…
…
ကိုးကောင်…
နွားသိုးကိုးကောင်ခွန်အား…
“ကောင်းပြီ…”
“ကျုပ် လဲမယ်…”
ကောင်းအန်ချွန်းက နွားသိုးကိုးကောင်ပုံရိပ်ကို ကြည့်ကာ အားတက်သရော ပြောသည်။