ထျန်းလော်ဟိုတယ်တွင် နေထိုင်ခြင်း
Vol. 4 Ch. 49
ယောင်ကျိုးတွင် စက်မှုလုပ်ငန်းများစွာ ရှိ၏။ သဘောတရားအရ ချန်လောင်သည်ကား ပို၍ အဆင့်မြင့်သော နည်းပညာများနှင့် စက်မှုလုပ်ငန်း ပို၍ ဖွံ့ဖြိုးတိုးတက် သင့်ပေသည်။ သို့သော်လည်း မိုဝူကျီသည် ချန်လောင်တွင် နည်းပညာထက် ယဉ်ကျေးမှု အနုပညာတွင် ပို၍ အသားပေးထား၏။ အဆောက်အဦများနှင့် ခန်းမများသည် သမိုင်းထဲသို့ ပြန်ရောက်သွားသည့် ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
ဈေးဆိုင်များသည် ရှေးဟောင်းဆိုင်များကို ပြန်၍ အမှတ်ရစေ၏။ ထို့အပြင် ဈေးဆိုင်များ အားလုံးသည် ကြီးကျယ် ခမ်းနားကာ လှပကြသည်။
မိုဝူကျီသည် နေထိုင်စရာရှာရန် တတ်နိုင်သမျှ မြန်မြန် လိုအပ်နေသည်။ နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံနှင့် ဆိုလျှင် နေစရာများသည် အမြန်အဆန် ပြည့်သွားပေလိမ့်မည်။ အကယ်၍ သူအချိန် ဆွဲနေပါက လမ်းမထက်တွင် အိပ်စက် နေရပေလိမ့်မည်။
မိုဝူကျီ၏ ခန့်မှန်းချက်သည် မှန်ကန်လှသည်။ သူသည် ဟိုတယ် အမြောက်အမြားကို သွား၍ စုံစမ်းခဲ့သော်လည်း အခန်းမရခဲ့ချေ။
မိုဝူကျီသည် သူ့စံနှုန်းကို လျှော့ချတော့မည့် အချိန်တွင် စာလုံးအကြီးဖြင့် ရေးထားသည့် “ထျန်းလော်ဟိုတယ်” ကို တွေ့ရှိလိုက်သည်။
ထျန်းလော် ဟိုတယ်သည် လူရှုပ်သည့် အပိုင်းတွင် မတည်ရှိသော်ငြား လူပြတ်သည့် နေရာတွင်လည်း မဟုတ်ချေ။ ထို့အပြင် ထျန်းလော်ဟိုတယ်၏ အပြင်အဆင်သည် သူ အရင်သွားခဲ့သည့် တည်းခိုခန်းများထက် အဆများစွာ သာလေ၏။
မိုဝူကျီသည် ထိုသို့သော ဟိုတယ်မျိုးတွင် အခန်း မကျန်လောက်ဟု ခန့်မှန်းလိုက်၏။ သို့သော် သူသည် ရလိုရငြား ဟိုတယ်ထဲသို့ ဝင်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် ဟိုတယ်ထဲမှ အမျိုးသမီးသည် ခေါင်းကို ငုံ့ကာ အပြေးအလွှား ထွက်လာလေသည်။ သူမသည် အလျင်စလို လျှောက်လှမ်း လာသောကြောင့် မိုဝူကျီကို ပခုံးလျှပ်ကာ တိုက်မိသွားလေသည်။ သာမန် ပခုံးချင်း တိုက်မိသည် ဖြစ်သော်လည်း မိုဝူကျီသည် သူမတွင် လှပသော ပုံပန်းသဏ္ဌာန် ရှိကြောင်း မြင်မိလိုက်သည်။ သူမသည် သေချာပေါက် မိန်းမလှလေး ဖြစ်ရမည်။
ဟိုတယ်၏ ခံ့ညားလှသည့် ဝင်ပေါက်ကို ကြည့်ရင်း မိုဝူကျီသည် ကမ္ဘာမြေမှ ကြယ်ခြောက်ပွင့် ဟိုတယ်သို့ ပြန်ရောက်သွားသည်ဟု ခံစားမိလိုက်သည်။ မိုဝူကျီ ဟိုတယ်ထဲ ဝင်လာသည့် အချိန်တွင် မိန်းမလှလေးသည် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“နေစရာ အခန်း ရှာတာပါလား ဒါမှမဟုတ် လူလာ ရှာတာပါလား ... ”
“နေစရာအခန်း လိုချင်လို့ပါ ... အခန်းလွတ်များ ကျန်သေးလား ... ” မိုဝူကျီသည် အလျင်စလို မေးမြန်းလိုက်သည်။
မိန်းကလေးသည် ပြုံးကာ
“ကျွန်မတို့ရဲ့ သာမန် အခန်းတွေနဲ့ အထူး အခန်းတွေက အားလုံးပြည့်နေပါပြီ ... ဒါပေမဲ့ သာလွန်အဆင့် အခန်း ကျန်ပါသေးတယ် ... အဲဒီအခန်းမှာ နေတဲ့လူက အခုလေးတင် ထွက်သွားလို့ပါ ... တကယ်လို့ ရှင် အလိုရှိရင် နှစ်လစာ အပြည့်ပေးချေရန် လိုအပ်ပါတယ် ... ”
မိုဝူကျီသည် ဟိုတယ်မှ ကမန်းကတန်း ထွက်လာသည့် အမျိုးသမီးအား အမှတ်ရလိုက်သည်။ သူမသည် ထိုအခန်းမှ ထွက်လာသည့် သူဆိုလျှင် သူသည် အမှန်တကယ် ကံကောင်းလှပေသည်။
“နှစ်လတာအတွက် ဘယ်လောက် ကုန်ကျမလဲ ... ” မိုဝူကျီသည် မိန်းကလေးအား စကားဆုံးအောင် မစောင့်ဘဲ ချက်ချင်း ဝင်ပြောလိုက်သည်။
မိန်းကလေးသည် ပြုံးမြဲပြုံးကာ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
“အခုက နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံဆိုတော့ ကျွန်မတို့ အခန်းတွေက တန်ဖိုးဆယ်ဆ တက်သွားပါတယ် ... ကျွန်မတို့ သာလွန်အဆင့် အခန်းက တစ်လကို ရွှေပြားတစ်သောင်း ကုန်ကျမှာဖြစ်ပြီး နှစ်လအတွက် ရွှေပြား နှစ်သောင်းကျမှာပါ ... ”
မိုဝူကျီသည် လေပူများ မှုတ်ထုတ်လိုက်သည်။ ဈေးနှုန်းသည် ရိုးရိုး မြင့်ခြင်း မဟုတ်ပေ။ အဆမတန် မြင့်နေခြင်း ဖြစ်နေ၏။
အကယ်၍ သူသည် ပင်နီဆီလင်မှ ပိုက်ဆံအမြောက်အမြား မဝင်ခဲ့လျှင် သူသည် ထိုအခန်းအား ရွေးချယ်နိုင်မည် မဟုတ်ပေ။
“ဒီမှာ ရွှေပြားနှစ်သောင်းပါ ... နှစ်လနေမယ် ... ” အဆမတန် ဈေးမြင့်သော်လည်း မိုဝူကျီသည် အံကိုကြိတ်ကာ ရွှေပြား တစ်သောင်းတန်သည့် ဘဏ်ချက်လက်မှတ်ကို ထုတ်ပေးရန် တွန့်ဆုတ် မနေတော့ချေ။
သူသည် နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံတွင် ပါဝင်ခွင့် မရှိသော်လည်း ထိုသည်က မိုဝူကျီအတွက် ဘဝမှာ တစ်ခါရသာ ရသည့် ရွှေရောင်အခွင့်အရေး ဖြစ်နေသေး၏။ ပါရမီရှင်များကို ရှာဖွေခြင်း အပြင် အစေခံများကိုလည်း ခေါ်ယူကြလိမ့်မည်။ အကယ်၍သူ့တွင် ဝိညာဉ်ကြော ရှိနေပါက သူသည် ပြင်ပစည်း တပည့်ဖြစ်နိုင်သေး၏။
ဂိုဏ်းကြီးတစ်ခု၏ အစေခံတပည့် ဖြစ်ရခြင်းသည် သူ၏ ကျင့်ကြံခြင်း အတွက် အသုံးဝင်ပေလိမ့်မည်။
တက္ကသိုလ် အနီးအနား နေထိုင်ကြသူများသည် ပီကင်း တက္ကသိုလ်ကို ရည်မှန်းချက် ထားသကဲ့သို့ မိုဝူကျီသည် ဂိုဏ်းတစ်ခုကို ဝင်ရောက်ချင်၍ နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ ကျင်းပရာ အနီးအနားတွင်သာ နေချင်၏။
ထိုအချိန်အတွင်း သူသည် ကောင်းကောင်း အနားယူကာ ခန္ဓာကိုယ် အခြေအနေကောင်းရန် ထိန်းထားရလိမ့်မည်။ သူသည် ပိုက်ဆံရရှိမည့် နည်းလမ်းကို အလွယ်တကူ ရှာဖွေနိုင်သော်လည်း ထိုသို့သော အခွင့်အရေးမျိုးကို တွေ့ရှိရန် မလွယ်ကူပေ။ အကယ်၍ သူသည် ဈေးသက်သာသည့် နေရာကို ရှာရန် ထွက်သွားပါက သူ့တွင် နေစရာမရှိဘဲ ဖြစ်သွားလိမ့်မည်။
ထို့အပြင် ဤဟိုတယ်သည် ခမ်းနားကြီးကျယ်၍ ဂုဏ်သတင်း ကြီးမားမည့်ပုံ ပေါ်လေ၏။ ဤနေရာတွင် နေစဉ် သူသည် အင်မော်တယ် တစ်ယောက်ယောက် နှင့်များ တွေ့ဆုံခွင့် ရနိုင်လေသည်။
မိန်းမလှလေးသည် မိုဝူကျီက ရွှေပြားနှစ်သောင်း ထုတ်ပေးမည်ဟု မမျှော်လင့်ထားပေ။ အင်မော်တယ်များ အပြင် တော်ဝင်မျိုးနွယ်နှင့် အလွန်အမင်း ချမ်းသာသည့် သူဌေးများသာလျှင် ဒီမှာနေရန် တတ်နိုင်ကြလေသည်။ မိုဝူကျီ၏ သာမန်သွင်ပြင်ကို ကောက်ချက်ချပြီး သူသည် ဤဟိုတယ်တွင် နေထိုင်ဖို့ တတ်နိုင်မည့် လူနှင့် မတူပေ။ အရင်က သူမသည် ပြုံးမြဲပြုံးကာ ဆက်ဆံနေသည်မှာ ယဉ်ကျေးမှုအရ ဖြစ်၏။
“ဘာပြဿနာ ရှိလို့လဲ ... ” မိန်းကလေး၏ စိတ်နှင့်ကိုယ်နှင့် မကပ်သည့်ပုံကို တွေ့ကာ မိုဝူကျီသည် အလျင်အမြန် မေးလိုက်သည်။ တတ်နိုင်သမျှ မြန်မြန် ဝင်နိုင်လျှင် အကောင်းဆုံး ဖြစ်လေသည်။
“အို ... ဘာမှမမှားပါဘူး ... ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ ... အမည်စာရင်း သွင်းပေးပါ့မယ် ... ” မိန်းကလေးသည် ချက်ချင်း အသိပြန်ဝင်လာပြီး လေးလေးစားစားဖြင့် မိုဝူကျီအား ကူညီပေးလိုက်သည်။
မိနစ်အနည်းငယ် အတွင်း မိုဝူကျီသည် အခန်းသော့နှင့် နေထိုင်ကတ်ကို ရရှိလိုက်၏။ သူသည် တတိယထပ်တွင် ရှိသော အခန်း ၀၁၈၂ တွင် နေရမည် ဖြစ်၏။
“အခန်း လွတ်သေးလား ... ” မိုဝူကျီ အခန်းသော့ ရပြီးသည်နှင့် စိုးရိမ်နေသော အသံက ထွက်ပေါ်လာလေသည်။
ထိုသည်က မိန်းမငယ်လေး ပြောနေခြင်း ဖြစ်လေသည်။ သူမတွင် မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီး ပါရှိခြင်းက လောကဓံကို ကြံ့ကြံ့ခံနိုင်သူဟု ထင်မှတ်နိုင်လေသည်။ ကံဆိုးစွာပင် သူမ၏ ကြံ့ကြံ့ခံနိုင်မှုသည် မိန်းမတစ်ယောက်၏ ဆွဲဆောင်မှုကို လျော့ကျစေ၏။ သူမဘေးတွင် ဓားကို လွယ်ထားသော လူငယ်တစ်ယောက် ပါရှိလေသည်။
“ကျွန်မ တကယ် စိတ်မကောင်းပါဘူး ... နောက်ဆုံးအခန်းက ဒီကမိတ်ဆွေ ယူပြီးသွားပါပြီ ... ” ဧည့်ကြိုကောင်တာမှ မိန်းကလေးသည် ပြန်ဖြေကြားလိုက်သည်။
မိန်းမငယ်လေးသည် ထိုစကားကို ကြားသောအခါ သူမက မိုဝူကျီဘက်သို့ ချက်ချင်းလှည့်လိုက်ပြီး
“ရှင့်အခန်းသော့ပေး ... ဈေးကို နှစ်ဆပေးမယ် ... ”
“ကျွန်တော်က အနားယူဖို့ လိုအပ်နေတာ ... အဲဒါကြောင့် အခန်းမပေးနိုင်ဘူး ... စိတ်မကောင်းပါဘူး ... ” မိုဝူကျီသည် သူ့အကြံစည်အား ရွှေပြား တချို့ဖြင့် လက်မလျှော့နိုင်ပေ။
“သုံးဆ ... ” မျက်ခုံးထူထူ မိန်းကလေးသည် မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ မိုဝူကျီအား အကဲဖြတ်ပြီးသည့် နောက်တွင် ဈေးကို မြင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုဈေးနှုန်းကို ပြောပြီးသည်နှင့် သူမက ဆက်လက်၍ ထပ်ပြောလိုက်သည်။
“ကလေး ... ရောင့်ရဲတတ်စမ်းပါ ... လောဘမကြီးနဲ့ မင်းအတွက် ဘေးဖြစ်စေလိမ့်မယ် ... ”
“မိန်းကလေး ... ဒီမှာ မင်းတို့ရဲ့ အကောင်းဆုံး အခန်းက တစ်ည ဈေးဘယ်လောက်လဲ ... ” မိုဝူကျီသည် ပြဿနာများကို ငွေဖြင့် ဖြေရှင်းကြသည့်သူများကို သဘောမကျပေ။ ထို့အပြင် သူမသည် သူ့အား ခြိမ်းခြောက်နေသေး၏။ သူမအတွက် ကံဆိုးလှစွာ မိုဝူကျီက ခြိမ်းခြောက်တိုင်း ကြောက်တတ်သော သူမဟုတ်ပေ။
မိုဝူကျီ၏ မိန်းကလေးဟု ခေါ်ခြင်းကို ကြားလိုက်ရသောအခါ ဧည့်ကြိုကောင်တာမှ မိန်းကလေးသည် ရှက်သွေးဖြာသွားပြီး ပြန်ဖြေလိုက်သည်။
“အကောင်းဆုံး အခန်းက အင်မော်တယ် အခန်းပါ ... တစ်ညကို ရွှေပြားတစ်သောင်းပါ ... ”
“ဟုတ်ပြီ ... အင်မော်တယ်အခန်းကို ယူမယ် ... သူတို့ကို ကျွန်တော့်အခန်း အလကား ပေးနေလိုက်ပါ ... ” မိုဝူကျီသည် လက်ကိုပြကာ အထက်စီးဆန်စွာ ပြောလိုက်သည်။
ဧည့်ကြို မိန်းကလေးသည် တောင်းတောင်းပန်ပန် ဖြေကြားလိုက်သည်။
“ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး ... အင်မော်တယ် အခန်းက အခန်းလွတ် မရှိတော့ပါဘူး ... ”
“အဲဒီလိုဆို ... ကျွန်တော် ဆက်ပြီး ပေါက်တောက်တောက် မပြောတော့ပါဘူး ... ” မိုဝူကျီသည် မျက်ခုံးထူထူ မိန်းကလေးအား လှည့်ကြည့်လိုက်သည်။ သူသည် ခြေလှမ်းလိုက်ရင်း ရယ်မောသွားလေသည်။
ဧည်ကြို မိန်းကလေးသည်ကား မိုဝူကျီဆိုလိုသည့် ‘ပေါက်တောက်တောက်’ ကို နားမလည်ပေ။ သို့သော် သူမသည် မိုဝူကျီက ထိုမိန်းကလေးအား သဘောမကျကြောင်း ပြောနိုင်၏။
“သာမန် သေမျိုးကများ ဒီလောက် တင်စီးရဲတယ်လား ... သူ့ကို သေချာပေါက် ပညာပေးရမယ် ... ” မျက်ခုံးထူထူ မိန်းကလေးသည် နောက်ဆုံးတွင် မိုဝူကျီက သူမအား လှောင်ပြောင် သွားကြောင်း သိရှိလိုက်သည်။
သူမဘေးရှိ လူငယ်က ရိုးသားစွာ ပြောလိုက်သည်။
“ဂျူနီယာ ညီမလေး ... ဒီမှာအခန်းလွတ် မရှိမှတော့ တခြား ဟိုတယ်ကို သွားရှာရအောင် ... ပြီးတော့ ငါတို့က ခိုးထွက်လာတာလေ ... ပြဿနာရှာမိရင် အိမ်က သိသွားလိမ့်မယ် ... ”
လူငယ် စကားများသည် ချက်ကောင်း ထိသွားဟန်ရကာ မိန်းကလေးသည် မကျေနပ်စွာ ပြောလိုက်သည်။
“အဲဒီကောင်စုတ် ... ငါ့လက်ထဲ ရောက်မလာစေနဲ့ ... သူက ကောင်းကင် တေးသီနန်းတော်ရဲ့ စွမ်းအားအကြောင်း နားလည်မှာ မဟုတ်ဘူး ... သွားကြစို့ ... ”
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ဧည့်ကြို မိန်းကလေးသည် တစ်ခုခု အမှတ်ရဟန်ဖြင့် သူမမျက်နှာတွင် အကြောက်တရားများ ကြီးစိုးလာလေသည်။ သူမသည် မိုဝူကျီအခန်း၏ ဦးတည်ရာကို ကြည့်လိုက်ကာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးနေမိသည်။
***