ကျင့်ကြံခြင်း အခြေခံကျင့်စဉ်
Vol. 4 Ch. 51
“အဲဒါကို ကြည့်ကြည့်လို့ ရမလား ... ” မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ပေါ်မှ မျက်လုံးမခွာဘဲ သက်ပြင်းသာ ချမိလိုက်သည်။
သူ့တွင် တခြားသော နည်းလမ်းမရှိပေ။ သူ့ရှိသမျှ ပိုက်ဆံများသည် ကျင့်စဉ်တချို့သာ တတ်နိုင်လေသည်။
“ကိစ္စမရှိပါဘူး ... ” ဆိုင်အကူသည် ကျင့်စဉ်ကို မှန်ကောင်တာမှ ထုတ်ယူကာ မိုဝူကျီအား အပြုံးဖြင့် လှမ်းပေးလိုက်လေသည်။ သူ့တွင် တခြားသော ကျင့်စဉ်များအတွက် ထိုသို့ပြုမူခွင့် မရှိသော်လည်း အနည်းဆုံး ထိုကျင့်စဉ်အတွက် သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိလေ၏။
မိုဝူကျီက ကျင့်စဉ်ကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် လူလတ် အမျိုးသားသည် ရယ်မောလိုက်ပြီး
“ငါအကြံ ပြုချင်တာက မင်းကျင့်ကြံခြင်းမှာ တိုးတက်ချင်ရင် အမှတ်ထပ် စုဆောင်းပြီး လူသားအဆင့်မြင့် ကျင့်စဉ်ကို ရွေးသင့်တယ် ... အင်မော်တယ် မော်တယ် ကျင့်စဉ်က ဒီဆိုင်မှာပဲ အဲဒီနာမည် အသုံးပြုတာ ကျန်တဲ့ဆိုင်တွေမှာ အဲဒီကျင့်စဉ်က တခြား နာမည်တစ်ခု ရှိသေးတယ် ... ”
“တခြား ဘာနာမည်လဲ ... ” မိုဝူကျီ ကတိုက်တရိုက် မေးလိုက်လေ၏။
လူလတ် အမျိုးသားသည် မိုဝူကျီလက်မှ ကျင့်စဉ်ကို ညွှန်ပြပြီး
“မင်းဖွင့်ကြည့် လိုက်တာနဲ့ တကယ့် နာမည်ကို တွေ့လိမ့်မယ် ... ”
ထို့ကြောင့် မိုဝူကျီသည် ကျင့်စဉ်ကို အမြန်အဆန် ဖွင့်လိုက်လေသည်။
“အင်မော်တယ် မော်တယ် ကျင့်စဉ်” စာလုံးများအောက်တွင် စာလုံး သေးလေးများဖြင့် “ကျင့်ကြံခြင်း အခြေခံ ကျင့်စဉ်” ဟု ပါရှိလေသည်။
မိုဝူကျီသည် ထိုစာလုံးများကို မြင်သည့်အခါ သူသည် သွေးအန်လုမတတ် ဖြစ်သွားလေသည်။ အကယ်၍ လူလတ်အမျိုးသားက သူ့အား သတိမပေးခဲ့ပါက သူသည် ထိုကျင့်စဉ်ကို ဝယ်ယူခဲ့လောက်ပြီ ဖြစ်၏။ နောက်ထပ်ရှိသည်က တစ်ယောက်ယောက် ကများ မေးသည့်အခါ သူက အင်မော်တယ် မော်တယ် ကျင့်ကြံနေပါသည်ဟု ပြောလျှင် ပြက်လုံး ဖြစ်သွားပေလိမ့်မည်။
ဆိုင်အကူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို မြင်၍ အလျင်အမြန် ထပ်ပြောလိုက်သည်။
“ဒါက အခြေခံ အကျဆုံး ကျင့်စဉ်ပဲလေ ... တကယ်လို့ မင်းက ဒီကျင့်စဉ်ကို ကျင့်ရင် နောင်ကျ တခြား ကျင့်စဉ်ကို ပြောင်းမယ် ဆိုရင်တောင် ဆိုးကျိုးရှိမှာ မဟုတ်ဘူး ... ငါ အာမခံပေးနိုင်တယ် ... ဒီထက် အခြေခံကျတဲ့ ကျင့်စဉ်ရှိမှာ မဟုတ်တော့ဘူး ... ”
မိုဝူကျီ မထိတစ်ထိ ပြန်ပြော လိုက်လေသည်။
“ဒါပေါ့ ဆိုးကျိုး ဘယ်ရှိမလဲ ... ဒီ အင်မော်တယ် မော်တယ် ကျင့်စဉ်က အချိန်အများကြီးနဲ့ အရင်းအနှီး အများကြီး လိုတာ မဟုတ်ဘူးလား ... တခြားကျင့်စဉ် ပြောင်းဖို့ စွမ်းဆောင်ရည်ရှိတဲ့ အခါကျ သေခါနီး အိုနေလောက်ပြီ မဟုတ်ဘူးလား ... ”
ဆိုင်အကူသည် တခွီးခွီး ရယ်မောလိုက်ပေမဲ့ မိုဝူကျီ စကားကို ပြန်လည် မချေပခဲ့ပေ။
လူလတ် အမျိုးသားသည် ထပ်၍ ပြောလေသည်။
“ပုံမှန်ဆိုရင် ဒီဆိုင်အကူလည်း မမှားဘူး ... ကျင့်စဉ်က အချိန်အကြာကြီး ယူပေမဲ့ နှစ်များစွာ လက်ဆင့် ကမ်းလာတာဖြစ်လို့ ပြင်ရင်း ပြင်ရင်း အမှားကင်းသလောက် ဖြစ်နေပြီ ... မင်းမှာ အဆင့်မြင့် ကျင့်စဉ် ရှိတာနဲ့ အချိန်မရွေး ပြောင်းကျင့်လို့ ရတယ် ... ”
မိုဝူကျီက ကျင့်စဉ်ကို လှန်လိုက်သည်။ ဆိုင်အကူသည် ပါဝင်သည့် အရာများအား မလိမ်ညာထားချေ။ ကျင့်စဉ်သည် အသေးစိတ် ရေးသားထားပြီး ဝိညာဉ်စွမ်းအားကို မည်သို့ လှည့်ပတ်ပုံကို ရှင်းလင်းစွာ ဖော်ပြထားသည် သာမက ဝိညာဉ် လမ်းကြောင်းများရှိ စီးဆင်းပုံကိုလည်း ပုံနှင့်တကွ ညွှန်ပြထားသေး၏။ ထိုအရာများအပြင် ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်လမ်းကြောင်း ကွန်ရက်အကြောင်း ဖော်ပြထားလေသည်။
မိုဝူကျီသည် တစ်ခါမျှ မကျင့်ကြံဖူးပေ။ တစ်ယောက်မှလည်း သူ့အား မည်သို့ လုပ်ဆောင်ရမည်ကို မသင်ပြဖူးပေ။ တည်နေရာများနှင့် ဝိညာဉ်လမ်းကြောင်း နာမည်များသည် သူ့အတွက် လုံးဝ စိမ်းသက်နေလေသည်။ ပို၍ ရှုပ်ထွေးစေသည်က သူတို့ကြား စီးဆင်းမည့် ဦးတည်ရာ ဖြစ်၏။
ဆိုင်အကူသည် မိုဝူကျီထံ စာအုပ် နောက်တစ်အုပ် ထုတ်ယူကာ ပေးရင်း ပြောလိုက်သည်။
“မိတ်ဆွေ ... တကယ်လို့ မင်းသာ ဒီအင်မော်တယ် မော်တယ်ကျင့်စဉ်ကို ဝယ်မယ်ဆိုရင် ဝိညာဉ်လမ်းကြောင်း မိတ်ဆက် စာအုပ်ကို အလကား ပေးလိုက်မယ်ကွာ ... ”
မိုဝူကျီသည် ကျင့်စဉ်ကို ပိတ်လိုက်ပြီး ဆိုင်အကူအား ပြန်ပြောလိုက်သည်။
“အင်မော်တယ် မော်တယ်လို့ မပြောဘဲ နေလို့ ရမလား ... ကျွန်တော် အခု ဝယ်ချင်တာက အခြေခံ ကျင့်ကြံခြင်း ကျင့်စဉ်ပဲ ... ပြောကြည့် ဈေးအနည်းဆုံး ဘယ်လောက် ထားပေးမှာလဲ ... ကျွန်တော့မှာ အမှတ် ၂၅၀ ပဲရှိတယ် ဒီကျင့်စဉ်နဲ့ လက်ဆောင်ရဖို့ ဘယ်လောက် ထပ်ပေးရမှာလဲ ... ”
သူသည် စိတ်မရှည်တော့ချေ။ သူက ကျင့်စဉ်ကို ဝယ်ယူ၍ ဖြစ်စေ သို့မဟုတ် ဆိုင်မှ လက်ဗလာ ထွက်သွား၍ ဖြစ်စေ လုပ်ဆောင်ရမည် ဖြစ်သည်။ သူ့လက်ထဲတွင် ရှိနေသော ပိုက်ဆံကား အခြားအရာများ ဝယ်ယူရန် မလုံလောက်ပေ။
မိုဝူကျီက ထိုကျင့်စဉ်ကို ဝယ်ယူမည်ကို ကြားပြီး ဆိုင်အကူသည် ချက်ချင်းပင် အပြုံးများ ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။
“ရွှေပြား ခုနစ်သောင်း လောက်ဆို ... ”
“ငါးသောင်းပဲ ထပ်တိုးနိုင်မယ် ... ရောင်းချင်ရင် ခင်ဗျား လက်ထဲ ပိုက်ဆံ ချက်ချင်း ပေးလိုက်မယ် ... မဟုတ်ရင်တော့ တခြား ဆိုင်သွားတော့မယ် ... ” မိုဝူကျီသည် တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။
ဟိုတယ်တွင် သုံးခဲ့သော ပိုက်ဆံများ နှုတ်လိုက်ပါက သူ့တွင် ရွှေပြား တစ်သိန်းလောက်သာ ကျန်ရှိတော့မည်။ သူသည် ခြိုးခြံချွေတာကာ ထိုပိုက်ဆံများကို စုဆောင်းခဲ့ရ၏။ အစပိုင်းတွင် သူသည် ရွှေပြား တစ်သိန်းသည် ပမာဏများပြား လှသည်ဟု ထင်မှတ်နေခဲ့မိ၏။ သို့သော် ထိုဆိုင်ထဲသို့ ဝင်လာချိန်တွင် မိုဝူကျီသည် သူက သူတောင်းစားထက်ပင် ဆင်းရဲနေကြောင်း သတိပြုမိလိုက်သည်။ ထိုနှုန်းနှင့်ဆိုလျှင် သူသည် အစားအစာအတွက် ပိုက်ဆံဝင်မည့် နည်းလမ်း ရှာရလိမ့်မည်။
“ကောင်းပြီ သဘောတူတယ် ... ” ဆိုင်အကူသည် အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ဝိညာဉ်လမ်းကြောင်း မိတ်ဆက် စာအုပ်အား မိုဝူကျီအား တွန့်ဆုတ်ခြင်းမရှိ ပေးလိုက်သည်။
မိုဝူကျီသည် သူ့လိမ္မော်ကတ်မှ အမှတ်၂၅၀ နှင့်အတူ ရွှေပြား ငါးသောင်း ရွှေလက်မှတ် ထုတ်ယူကာ ပေးချေလိုက်သည်။ နောက်ဆုံးတွင် သူ့အိပ်မက် တစ်ခုဖြစ်သည့် ကျင့်စဉ်တစ်ခု လက်ဝယ် ပိုင်ဆိုင်ခဲ့လေပြီ။ အင်မော်တယ် မော်တယ် ကျင့်စဉ် ... မဟုတ်သေးဘူး ... ကျင့်ကြံခြင်း အခြေခံကျင့်စဉ် ရရှိခဲ့လေ၏။
စာအုပ် နှစ်အုပ်လုံးကို သူ့အဝတ်ကြားတွင် သေချာ စနစ်တကျ ပတ်ကာ သိမ်းဆည်း ထားလိုက်သည်။ မိုဝူကျီသည် မကျင့်ကြံခင် သူ့ဝိညာဉ်ကြော စမ်းသပ်မည့် နေရာရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
မိုဝူကျီ ထွက်သွားမည့် ဆဲဆဲတွင် လူလတ် အမျိုးသားက ထွက်မသွား သေးသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် မိုဝူကျီအား မသိသော်လည်း သူ့အား အရာများစွာ ရှင်းပြပေးခဲ့၏။ ကြည့်ရသည်မှာ ထိုလူသည် သူ့အတွက် ရောက်ရှိလာဟန် ဖြစ်ပုံပေါ်သည်။ သို့သော် သူသည် ချန်လောင်မြို့သို့ အခုမှ ရောက်ရှိဖူးတာ ဖြစ်လေ၏။
“အားလုံး ရှင်းပြပေးခဲ့တဲ့ အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ဗျ ... ခင်ဗျား တိတ်ဆိတ်နေတာ ကြာလှပြီကို သတိထားမိတယ် ဖြစ်နိုင်တာ ကျွန်တော့်ကို လာရှာတာများလား ... ” မိုဝူကျီက လေးစားစွာ မေးလိုက်သည်။
လူလတ် အမျိုးသားသည် ခေါင်းညိတ် ပြလိုက်ပြီး
“ငါ ဘာမှ မကူညီလိုက်ရပါဘူး ... နောက်ဆုံးကျ မင်းက ဒီစာအုပ်ကို ဝယ်လိုက်တာပဲလေ ... ဒါပေမဲ့ မင်းမှန်တယ် ... ငါက မင်းအတွက် ဒီကို ရောက်နေတာ ... ”
မိုဝူကျီက မပြောခင် သူက ရှင်းပြလိုက်သည်။
“ဒါက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အစေခံ ကိုယ်စားပြု အမှတ်သားပဲ ... ”
မိုဝူကျီသည် ချက်ချင်း ရေခဲတမျှ အေးစက်နေသည့် အမှတ်သားပြားကို ယူလိုက်ပြီး တွေဝေစွာ မေးလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကိုတောင် မသိဘူးလေ ... ဘာကြောင့် ဒီဟာကို ပေးတာလဲ ... ”
လူလတ် အမျိုးသားသည် ပျူပျူငှာငှာ ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့ ... ဒီအမှတ်သားက ငါ့ကို ချင်ရှုန်းယု ပေးလိုက်တာပါ ... သူမက မင်းကို တစ်ဆင့်ပေးဖို့ ငါ့ကို အကူညီ တောင်းလိုက်လို့ ... မင်း သုံးဖို့ မရည်ရွယ်ထားဘူး ဆိုရင်တောင် ဘေးမှာ သိမ်းထားပေါ့ ... ဘယ်အချိန် အသုံးဝင်လာမယ်ဆိုတာ သိမှာ မဟုတ်သေးဘူး ... ”
ချင်ရှုန်းယုလား ... မိုဝူကျီသည် သူ့ဘေးတွင် နေသွားသည့် အမျိုးသမီးအား အမှတ်ရလိုက်၏။ ထိုအမျိုးသမီးသည် လှပသည် မှန်သော်ငြား သူမတွင် ခြားနားသည့် အငွေ့အသက်တို့ ရှိနေလေသည်။ သူမ ပုံပန်းသဏ္ဌာန်က ပို၍ ဆွဲဆောင်မှု ရှိလေ၏။ ထိုသို့သော အချိုးအစား ပြေပြစ်လှသော ခန္ဓာကိုယ်ကား လှပရုံသာမက အပေါစား အလှတရား မဟုတ်ပေ။ ဖြစ်နိုင်သည်က အစစ်အမှန် အငွေ့အသက်သည်ကား ထိုသို့ ဖြစ်လိမ့်မည်။
သူသည် သူမအား အခွင့်အား သင့်၍ ကူညီပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုအမျိုးသမီးကား သူ့အား မှတ်ထားကာ ဂိုဏ်းတစ်ခု၏ အစေခံ အဆင့်တန်းပင် ပေးနေသေး၏။
ထိုသည်က အဓိပ္ပာယ် မရှိလှချေ။ ချင်ရှုန်းယုကား သူကဲ့သို့ အစေခံ ဖြစ်လေ၏။ သူမသည် ထိုသို့သော အင်မော်တယ်ဂိုဏ်းမှ အစေခံ ကိုယ်စားပြု အမှတ်သားကို မည်သို့ ရရှိကာ သူ့အား ပေးရန် တတ်နိုင်မည်နည်း ...
မိုဝူကျီအတွေးကို သိသည့်အလား လူလတ် အမျိုးသားက ရှင်းပြလိုက်သည်။
“ရှုန်းယုရဲ့ မောင်လေး ချင်ချန်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း ဒုတိယ အကြီးအကဲရဲ့ တိုက်ရိုက်တပည့်လေ ... သူက လွန်ခဲ့တဲ့ ဆယ်နှစ်က အိမ်က ထွက်လာခဲ့တာ ... အခုနွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံကြောင့် ပြန်ဆုံတွေ့ကြတာ ... အဲဒါကြောင့် ဒီအမှတ်သား ရလာတာပဲ ... ”
မိုဝူကျီကား နောက်ဆုံးတွင် နားလည် သွားလေသည်။ သူမ အလွယ်တကူ ရရှိလာသည်က အံ့ဩစရာ မဟုတ်တော့ပေ။
“ဒီကိစ္စပြီးသွားမှတော့ ငါလည်း သွားတော့မယ် ... ” လူလတ် အမျိုးသားသည် ကိုယ့်ဘာသာ မိတ်ဆက်ခြင်း မရှိဘဲ မိုဝူကျီက အမှတ်သား လက်ခံပြီးသည်နှင့် နှုတ်ဆက်စကား ဆိုကာ ထွက်သွားလေသည်။
ထိုလူ ထွက်သွားပြီးနောက် မိုဝူကျီသည် ဆိုင်အကူကား ဆွဲထားကာ မေးလိုက်သည်။
“သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ဘယ်အဆင့်လဲ ဆိုတာ သိလား ... ”
ဆိုင်အကူသည် မိုဝူကျီလက်ထဲမှ အမှတ်သားပြားကို လေးစားစွာ ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည်။
“သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ဒီနား တစ်ဝိုက်မှာ အကောင်းဆုံးတော့ မဟုတ်ပေမဲ့ ပုံမှန်ထက် နိမ့်ပေမဲ့ အနည်းဆုံးတော့ ကမ္ဘာမြေအဆင့် ဂိုဏ်းတစ်ခုပဲ ... ”
အဆင့်နိမ့် ကမ္ဘာမြေအဆင့် ဂိုဏ်းဆိုသောကြောင့် မိုဝူကျီကား အနည်းငယ် စိတ်ပျက်မိသွား၏။ သို့သော် ချင်ရှုန်းယုအပေါ် ကျေးဇူးကြွေး တင်နေသည်ဟု ခံစားမိလေသည်။ ထိုသည်က လူအများသည် အာဃာတတရား ကြီးမားကာ တခြား လူများ၏ ကျေးဇူးတရားကို အလွယ်တကူ မေ့ပစ်တတ်ကြ၏။
အမှတ်သားပြားကို သိမ်းဆည်း ထားလိုက်ပြီး မိုဝူကျီသည် သူ့ဝိညာဉ်ကြောကို စမ်းသပ်ရန် အရင် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူ့တွင် ဝိညာဉ်ကြောရှိပြီး သင့်တော်သော အရည်အသွေး ရှိပါက သူသည် နွေဦး နတ်ဘုရားဖွင့်ပွဲ ညီလာခံတွင် ပါဝင်ရန် အခွင့်အရေး ရနိုင်လေ၏။ ထိုသို့ ဖြစ်လာလျှင် သူကား အစေခံ မဟုတ်ဘဲ ပြင်ပစည်း တပည့်ပင် ဖြစ်နိုင်လေ၏။
***