← Chapters

မြင့်မြင့်တက်လေ ပြုတ်ကျသည့်အခါ ပိုနာလေ

Vol. 4 Ch. 52

မြင့်မြင့်တက်လေ ပြုတ်ကျသည့်အခါ ပိုနာလေ

Vol. 4 Ch. 52

ချန်လောင်မြို့တော်တွင် ဝိညာဉ်ကြော စမ်းသပ်နိုင်သည့် နေရာများစွာ ရှိ၏။ ဈေးအချိုဆုံးသည် ရွှေပြား တစ်ရာလောက်သာ ကုန်ကျလေ၏။ မှားယွင်းသော စမ်းသပ်မှု ရလဒ်များကို စိုးရိမ်၍ မိုဝူကျီသည် ရှင်းဟန် ဝိညာဉ်ကြောဖွင့် မျှော်စင်တွင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

စုံစမ်းမှုတချို့ အပြီးတွင် မိုဝူကျီသည် ရှင်းဟန် ဝိညာဉ်ကြောဖွင့် မျှော်စင်ကား ဝိညာဉ်ကြောဖွင့် နေရာများတွင် ထိပ်ဆုံးမှ တစ်ခုဖြစ်ကြောင်း သိရှိလိုက်ရသည်။ ဝိညာဉ်ကြောကို စမ်းသပ်နှုန်းသည် ၁၀၀ ရာခိုင်နှုန်း တိကျ၏။ မူလက မိုဝူကျီသည် သူ့တွင် ဝိညာဉ်ကြော အရည်သွေး ညံ့နေမည်ကို စိုးရိမ်နေခဲ့၏။ ထိုကြောင့် တိတိကျကျ သိစေရန် စမ်းသပ်မှု ပြုလုပ်ရန် အကောင်းဆုံးကို ရွေးချယ်ခဲ့၏။ သို့သော်လည်း သူသည် ရှင်းဟန် ဝိညာဉ်ကြောဖွင့် မျှော်စင်သို့ ရောက်သည့်အခါ သူက အတွေး လွန်နေကြောင်း သိလိုက်ရသည်။

ရှင်းဟန် ဝိညာဉ်ဖွင့် မျှော်စင်အပြင်တွင် မိနစ် အနည်းငယ်လောက် ရပ်နေရင်း မိုဝူကျီသည် လူရာချီ၍ ဝင်လိုက် ထွက်လိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသို့သော လူရှုပ်မှုမျိုးနှင့် သူ့အား မည်သူက သတိထားမိမည်နည်း ...

မိုဝူကျီ မျှော်စင်အတွင်းသို့ ဝင်ဝင်ချင်း လမ်းညွှန် ဆိုင်းဘုတ်အား တွေ့ရှိလိုက်ရသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် မြားနှစ်ခု ညွှန်ပြထားကာ ဘယ်ဘက်ကား “ဝိညာဉ်ကြော စမ်းသပ်ရန်” နှင့် ညာဘက်တွင် “စိတ်ဝိညာဉ် ဖွင့်ရန်” တို့ ပါရှိလေသည်။

ဘယ်ဘက်သို့ လှည့်လိုက်ကာ မိုဝူကျီသည် ပြတင်းပေါက် တစ်ခုတွက် “ဝိညာဉ်ကြော စမ်းသပ်ရန် ရွှေပြား ခုနစ်ရာပေးချေရန်”ဟု ရေးသားထားသည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာလေသည်။ သူသည် ငွေပေးချေ လိုက်သည့်အခါ သူ့အား ကတ်နံပါတ် ၃၁၂၁ တစ်ခုထုတ်ပေး၏။

ဝိညာဉ်ကြော စမ်းသပ်ကြသည့် လူများစွာ ရှိသောကြောင့် မိုဝူကျီသည်လည်း အခြား လူများနောက်မှ လိုက်ပါသွားလေသည်။ သူသည် လူတစ်ရာကျော် ထိုင်နေကြသည့် တတိယအထပ်မှ ခန်းမကြီး တစ်ခုသို့ ရောက်ရှိသွားလေ၏။ ခန်းမ အကျယ်အဝန်းကြောင့် လူတစ်ရာသည်ပင် နေရာလွတ်များစွာ ကျန်နေသေး၏။

ခန်းမထောင့်တွင် ပိတ်ထားသော တံခါးတစ်ချပ်ရှိ၏။ မိုဝူကျီ ဝင်လာသည့်အခါ လူတစ်ယောက်သည် ထိုတံခါးမှ ထွက်လာပြီး နံပါတ်တစ်ခုကို ခေါ်လိုက်ကာ နောက်တစ်ယောက်က ဝင်သွားလေသည်။

မိနစ်ဝက်လောက် အတွင်း အရင်လူသည် တံခါးမှ ထွက်လာပြီး နောက်နံပါတ်လူသည် ဝင်သွားလေသည်။

မိုဝူကျီသည် သူ့အလှည့်မကျခင် တစ်နာရီလောက် ထိုင်စောင့်လိုက်ရ၏။ ထို့နောက် သူသည် အခန်းထဲသို့ စိုးရိမ်စွာ ဝင်သွားလိုက်သည်။

အကယ်၍ တစ်ခုခုများ မမှားယွင်းပဲ စမ်းသပ်မှု ရလဒ်သည် သူ့တွင် သေမျိုး ဝိညာဉ်ကြောသာ ရှိနေသေးသည်ဟု ညွှန်ပြလျှင် သူကား ကျန်တစ်ဘဝလုံး ဝိညာဉ်ကြော ရှိလာလိမ့်မည် မဟုတ်တော့ပေ။

အခန်းထဲသို့ ဝင်သွားပြီးနောက် မိုဝူကျီသည် ချန်ယု ဝိညာဉ်ကြောဖွင့် မျှော်စင်ရှိ ကျောက်တိုင်ထက် ပို၍ ကြည်လင်ကာ တောက်ပနေသော ကျောက်တိုင်ကို တွေ့လိုက်ရသည်။ ထိုသည်က ပို၍ ကြည်လင်ပြီး အမြင့်သည်လည်း ချန်ယုထက် ပို၍ မြင့်မားလေသည်။ ခန့်မှန်းခြေအရ အနည်းဆုံး ၄.၅ မီတာ သို့မဟုတ် ၅ မီတာလောက် ရှိလိမ့်မည်။

ကျောက်တိုင်ဘေးတွင် လူလတ်အမျိုးသမီး တစ်ဦး ရှိနေသည်။ မိုဝူကျီ ဝင်လာသည်ကို မြင်၍ သူမသည် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ဒီမှာ လာရပ် ... ”

မိုဝူကျီသည် အရင်က တစ်ခါ စမ်းသပ်မှုခံဖူးသည့် အတွက် ဖြစ်စဉ်တစ်ခုလုံးကို အတွေ့အကြုံ ရှိလေ၏။ သူသည် ချက်ချင်းပင် ဝိညာဉ်ကြော စမ်းသပ်မည့် နေရာတွင် မတ်တတ် ရပ်လိုက်သည်။

နောက် အခိုက်အတန့်တွင် အပြာရောင် အလင်းသည် ကောင်းကင်ထိ မြင့်တက်လာပြီး ကျောက်တိုင်၏ ထိပ်ဖျားပင် ကျော်လွန်သွား၏။

ထိုစဉ် ထိုအပြာရောင် အလင်းသည် ပျောက်ကွယ်သွားပြီး ကျောက်တိုင်သည်လည်း နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။

“ဘာဖြစ်တာလဲ ... ” အမျိုးသမီး စစ်ဆေးသူသည် ရုတ်ခြည်း မတ်တတ် ရပ်လိုက်ကာ ကျောက်တိုင်ဆီ လျှောက်လာပြီး သံသယရှိစွာ ကြည့်လိုက်လေသည်။ သူမသည် ကျောက်တိုင်ကို အချိန်အတော်ကြာ ထိကိုင်ကြည့်နေ၏။

အချိန်တချို့ အကြာ သူမသည် ဘာဖြစ်ပျက် သွားမှန်း မသိသေးချေ။ ထို့ကြောင့် မိုဝူကျီအား ပြောလိုက်သည်။

“မင်း ဆင်းလာခဲ့ ... ခဏနေရင် ပြန်စစ်ဆေးရမယ် ... ”

မိုဝူကျီသည်လည်း ကောင်းကင်ထိ မြင့်တက်သွားသည့် အပြာရောင် အလင်းကြောင့် မှင်တက် သွားလေသည်။ ထို့နောက် သူ့ဦးရေတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာလေ၏။ သူသည် ယန်အာ၏ ဝိညာဉ်ကြော စမ်းသပ်မှုကို အရင်က မြင်တွေ့ဖူး၏။ သူမကား အစိမ်းရောင် အလင်းရှိကာ ထိပ်ဆုံးထိ မရောက်ခဲ့သော်ငြား သူမကို သာလွန်ဆုံး ဝိညာဉ်ကြော ရှိသည်ဟု ဆုံးဖြတ်ခဲ့ကြ၏။

သို့သော် ယန်အာ၏ အစိမ်းရောင် အလင်းသည် သူမ နေရာမှ ဆင်းမလာခင် အထိ ကြာရှည်ခံလေ၏။

ထိုနွေးထွေးလှသော အစိမ်းရောင် အလင်းသည် အချိန်တစ်ခု ကြာနေသော်လည်း မိုဝူကျီ မေ့ပစ်နိုင်သည့်အရာ မဟုတ်ပေ။

သူ့တွင် ဘာများ မှားယွင်း နေသည်လဲ ... အပြာရောင် အလင်းသည် ကောင်းကင်ထိ တက်သွားပြီး လုံးဝ ပျောက်ကွယ်သွားလေ၏။ ထို့အပြင် ထိုသို့သော တောက်ပမှုသည် ယန်အာ၏ အလင်းမှ နွေးထွေးမှုနှင့် ခြားနားလှစွာ စိတ်အနှောင့်ယှက်ပေး၏။

“ထပ်လာရပ်လှည့် ... ” မိုဝူကျီ ငေးမောနေသည်ကို မြင်ပြီး စစ်ဆေးသူသည် နောက်တစ်ကြိမ် ထပ်အော်လိုက်သည်။

မိုဝူကျီသည် ကျောက်တိုင်ဆီ အလျင်စလို မတ်တတ်ရပ် လိုက်သည်။ ခဏကြာပြီးနောက်တွင် ကျောက်တိုင်တွင် အပြာဖျော့ဖျော့ အလင်းလေး မှေးမှိန်စွာ အကြိမ်အနည်းငယ် လင်းလာပြီး ကျောက်တိုင်သည် နဂိုအခြေအနေ ပြန်ရောက်ရှိသွားလေသည်။

လူလတ် အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ကာ ရလဒ်ကို မကျေနပ်သည့် အလား မိုဝူကျီအား နောက်တစ်ကြိမ် တတိယ အကြိမ်မြောက် ပြန်စစ်ဆေးပေးခဲ့သည်။ သို့သော် တူညီနေဆဲ ဖြစ်၏။ ပျောက်မသွားခင်တွင် အပြာရောင်အလင်း မှိတ်တုတ်မှိတ်တုတ် လင်းလာသေး၏။

“အဆင့်နိမ့် အရည်သွေး လူသားအဆင့် ... မင်းမှာ ဝိညာဉ်ကြော ဖွင့်ဖို့ ဖြစ်နိုင်ချေ မရှိဘူး ... ထွက်သွားလို့ ရပြီ ... ” လူလတ် အမျိုးသမီးသည် နောက်ဆုံးရလဒ်ကို အတည်ပြုပေးလိုက်သည်။ ပထမအကြိမ်မှ အပြာရောင်အလင်းမှ ထူးခြား ပြောင်မြောက်မှုကား ကျောက်တိုင်အတွင်း မျက်စိ ကျိန်းလောက်အောင် တောက်ပလွန်းခဲ့၏။

ကျောက်တိုင်တွင် ပြဿနာ ရှိနေသည်က ရှားလှသော်ငြား မရှိလှသည်တော့ မဟုတ်ပေ။ သူမ ရှိနေစဉ် ပါရမီရှင် ထွက်ပေါ်လာပြီဟု တွေးထင်လိုက်ခြင်း ဖြစ်ကာ သုံးကြိမ်စစ်ဆေးကာ အချိန်ဖြုန်းတီးခဲ့မိသည်။

မိုဝူကျီကား ယူကျုံးမရ ဖြစ်နေပြီး ခေါင်းငိုက်စိုက်ဖြင့် အခန်းမှ ထွက်သွားလေသည်။ သူဖွင့်ခဲ့သော ချီသွေးကြောများသည် ချီသွေးကြော ကွန်ရက်ထဲ ပါဝင်တာဖြစ်ပြီး ဝိညာဉ်လမ်းကြောင်း ကွန်ရက် အထဲတွင် မဟုတ်ချေ။ အကယ်၍ ထိုအရာများသည် ဝိညာဉ်လမ်းကြောင်း ဖြစ်ခဲ့လျှင် သူ့တွင် ဝိညာဉ်ကြော ရှိပြီးလောက်ပြီ ဖြစ်၏။

သို့သော် ပထမအကြိမ်မှ အပြာရောင် အလင်းကာ မည်သို့ ဖြစ်လာတာလည်း ... တစ်ခုခု မှားယွင်းခြင်း ဖြစ်ရမည်။ ချန်ယုမျှော်စင်တွင် သူ့စစ်ဆေးမှုကား မီးခိုးရောင်အလင်း တချို့သာ ထွက်ပေါ်လာလေသည်။ သို့သော်လည်း ဤအကြိမ်တွင် အပြာရောင်အလင်း ထွက်ပေါ်လာခဲ့၏။ ဖြစ်နိုင်သည်က သူတွင် ရှိနေသော လျှပ်စီးဇာစ်မြစ်နှင့်များ ပတ်သက်နေမည်လား ...

ယခုတွင် သူ့၌ ကျင့်စဉ် ရှိပြီ ဖြစ်၍ မည်သို့သော ရလဒ်ဖြစ်စေကာမူ သူသည် အရင် ကျင့်ကြံမည်သာ ဖြစ်၏။ အကယ်၍ သူသာ မကျင့်ကြံနိုင်လျှင် သူသည် သိုင်းပညာ သင်ယူရန် နည်းလမ်း ရှာရလိမ့်မည်။

မိုဝူကျီ မမေ့နိုင်သော သူကား ယန်အာသာ ဖြစ်၏။

သူမိဘများအပြင် အခက်ခဲဆုံးများ အချိန်တွင်‌ အတူကျန်ရှိ ပေးခဲ့သူသည် ယန်အာသာလျှင် ဖြစ်၏။

ယန်အာကို တွေးမိတိုင်း မိုဝူကျီသည် ထိုနေ့က ယန်အာကို ခေါ်ဆောင်သွားသော အမျိုးသမီးအား ဒေါသ ထွက်လာလေသည်။

ထျန်းလော် ဟိုတယ်တွင် မိုဝူကျီသည် အခန်းသို့ ဝင်ကာ တံခါးကို ပိတ်လိုက်ပြီး အခြေခံကျင့်စဉ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

“ကောင်းကင်နဲ့ ကမ္ဘာမြေ ဖန်တီးပြီးတဲ့နောက်မှာ ဝိညာဉ် စွမ်းအားတွေက ဖြစ်ပေါ်လာခဲ့တယ် ... ဝိညာဉ် စွမ်းအားတွေက စကြဝဠာကြီးနဲ့ အတူတူ ဖြစ်တည်လာတယ် ... ဝိညာဉ်စွမ်းအား မပါရှိပဲ မွေးဖွားလာသူတွေကို သေမျိုးတွေလို့ ခေါ်တယ် ... ငါ့ခေတ်ရဲ့ သေမျိုးတွေက ဝိညာဉ်စွမ်းအားကို ဖိနှိပ် လေ့ကျင့်ကြပြီး အသက်ရှည်လာအောင် စွမ်းဆောင် နိုင်လာကြတယ် ... ”

မိတ်ဆက် အစကပင် ကြီးကျယ် ခမ်းနားလှကာ မိုဝူကျီကား ပို၍ပင် ဖတ်ချင်စိတ် ပေါ်လာစေသည်။

သူသည် “ဖိနှိပ် လေ့ကျင့်ထားတဲ့ ဝိညာဉ်စွမ်းအား”နှင့် “ကမ္ဘာမြေသွေးကြောမှ ပထမဆုံး ဖြတ်သန်းလာမှု” ဟူသော စာလုံးတွေကို မြင်လိုက်သည့်အခါ သူသည် မှင်တက် သွားလေသည်။ သူသည် မည်သို့ လုပ်ဆောင်ရမှန်း မသိချေ။ အကယ်၍ သူမ လုပ်ဆောင်နိုင်လျှင် မည်သို့ ကျင့်ကြံနိုင်မည်နည်း။ ကျင့်ကြံခြင်းတွင် လမ်းပြမည့် ဆရာ တစ်ယောက်တော့ အနည်းဆုံး လိုအပ်လေသည်။ သူသည် သက်ပြင်းချကာ “ဝိညာဉ်လမ်းကြောင်း မိတ်ဆက်” စာအုပ်ကို ထုတ်ယူလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ကမ္ဘာမြေ သွေးကြောကား မည်သည့်အရာကို ရည်ညွှန်းနေကြောင်း သိရှိလာလေသည်။ ပထမအဆင့်သည် ဝိညာဉ်စွမ်းအားကို ကမ္ဘာမြေ သွေးကြောဟု ခေါ်သည့် ဝိညာဉ်လမ်းကြောင်းတွင် စီးဆင်းခိုင်းခြင်း ဖြစ်၏။ ထို့နောက် လှည့်ပတ်ကာ ဝိညာဉ်လမ်းကြောင်း ကွန်ရက်တစ်ခုလုံးကို စီးဆင်းရမည် ဖြစ်၏။

မိုဝူကျီသည် ဝိညာဉ်လမ်းကြောင်း သုံးခု ဖွင့်ပြီးသော်လည်း ကံဆိုးလှစွာ သူမည်မျှပင် ကြိုးစားသော်ငြား သဘာဝ စွမ်းအားများကို ချီသွေးကြောထဲသို့ စုပ်မယူနိုင်ချေ။

ဖြစ်နိုင်သည်က ထိုအရာက အဆုံးသတ်များလား ... မဟုတ်ဘူး ... မိုဝူကျီသည် မကျေနပ်နိုင်ပေ။ ဝိညာဉ် စွမ်းအားကို ကြိုးစားကာ လှည့်ပတ် ကြည့်ချင်သေးသည်။

သုံးလေးနာရီလောက် ဆက်တိုက်ကြိုးစားပြီး နောက်တွင် မိုဝူကျီ ခြေထောက်ပင် အချိန်အတော်ကြာ ထိုင်နေရသောကြောင့် ထုံထိုင်းလာလေသည်။

“ဒေါက်ဒေါက် ... ” သူ လက်လျှော့မည့် ဆဲဆဲတွင် တံခါးခေါက်သံ ကြားလိုက်ရလေ၏။

မိုဝူကျီသည် ဒေါသထွက်စွာ “အင်မော်တယ် မော်တယ် ကျင့်စဉ်” ကို ဘေးသို့ ပစ်လိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးဝတွင် ရင်းနှီးဟန်ရှိသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးတွင် ပြီးပြည့်စုံသော အင်္ဂါရပ်များရှိပြီး မှင်တက်ဖွယ် အလှတရားတို့ ပိုင်ဆိုင်၏။ မိုဝူကျီကား ထိုအမျိုးသမီး မည်မျှပင် လှပစေကာမူ ဂရုမစိုက်စွာ ချက်ချင်း အော်ဟစ်ကာ ပြောလိုက်သည်။

“ဧည့်သည် တစ်ယောက်ရဲ့ အခန်းကို ခေါက်ချင်တိုင်း ခေါက်တာ ဆိုးရွားတဲ့ အပြုအမူဆိုတာ မသိဘူးလား ... တကယ်လို့ ငါက မိန်းကလေး တစ်ယောက်နဲ့ အိပ်နေရင်ရော အထဲဝင်ပြီး ကြည့်ချင်သေးတာလား ... ”

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကား မိုဝူကျီ၏ ဒေါသကြောင့် အနည်းငယ် ကြောင်သွားလေ၏။ တိုက်ဆိုင်စွာ သူမအကြည့်သည် မိုဝူကျီ ပစ်ထားသည့် “အင်မော်တယ် မော်တယ် ကျင့်စဉ်” ပေါ်သို့ ရောက်ရှိသွားလေ၏။ ထိုအရာသည် အခြေခံ ကျင့်စဉ် ဖြစ်သော်လည်း “အင်မော်တယ် မော်တယ် ကျင့်စဉ်” ဆိုသည့် စာလုံးကား ကြီးမားလှ၏။

“မင်းလေ့ကျင့်နေတာ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် ... ငါက ဒီအခန်းမှာ နေသွားတဲ့ အရင်ဧည့်သည်ပါ ... ”

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီး ပြောပြီးသည်နှင့် မိုဝူကျီသည် သူပခုံးအား ဝင်တိုက်သွားသည့် အမျိုးသမီးအား အမှတ်ရလိုက်သည်။ ထိုအမျိုးသမီးလား ...

အကယ်၍ သူမသာ နောက်ဆုံးအထိ အခန်းမှ ထွက်မသွားပါက မိုဝူကျီအတွက် နေစရာ ရမည် မဟုတ်ပေ။ မိုဝူကျီသည် ဒေါသကို ချုပ်ထိန်းလိုက်ပြီး တောင်းပန်ကာ ပြောလိုက်သည်။

“ကျွန်တော်လည်း တောင်းပန်ပါတယ် ... လေ့ကျင့်တာ အဆင်မပြေတာနဲ့ ဒေါသ ထွက်သွားမိတယ် ... ဒါနဲ့ ထွက်သွားပြီးပြီ မဟုတ်ဘူးလား ... ဘာလို့ အခုထိ ဒီမှာ ရှိနေသေးတာလဲ ... ”

မိုဝူကျီ စကားလုံးများကား ကြွားလုံးထုတ် အလိမ်အညာများသာ ဖြစ်၏။ လက်တွေ့တွင် သူကား ကျင့်ကြံရန် မစနိုင်ခဲ့ပေ။ ထို့ကြောင့် မည်ကဲ့သို့ ပြဿနာမျိုး ရှိရမည်နည်း ...

***

All Chapters