ကျင့်ကြံခြင်း အစ
Vol. 4 Ch. 53
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်စွာ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြန်ဖြေလိုက်သည်။
“အရေးတကြီး ကိစ္စပေါ်လာလို့ ချန်လောင်ကနေ အခု ထွက်မသွားနိုင်သေးဘူး ပြီးတော့ နေစရာ တခြား နေရာလည်း ရှာမတွေ့လို့”
မိုဝူကျီက စိတ်မချစွာ ပြန်ပြောလိုက်လေ၏။
“မင်း နေစရာ ရှာမတွေ့တာတော့ စိတ်မကောင်းပါဘူး ဒါပေမဲ့ ကျွန်တော်က ဒီအခန်းက ထွက်ပေးမှာ မဟုတ်ဘူး ... ”
သူသည် မကျင့်ကြံ နိုင်သေးသော်ငြား သူသည် ကျင့်ကြံနည်းများကို သိရှိရန် ကြိုးစားရန် ဆုံးဖြတ်ထားလေ၏။ ဤနေရာကား သူ့အတွက် ကျင့်ကြံရန် သင့်တော်သော နေရာ ဖြစ်ပေ၏။
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးကား လက်တားပြကာ ပြောလိုက်သည်။
“ရှင်ထွက်ပေးဖို့ မလိုပါဘူး ... ဒီအခန်းက လူနှစ်ယောက် ကောင်းကောင်း နေလို့ရပါတယ် ... ဧည့်ခန်းရဲ့ ဘယ်ဘက်မှာ အခြား အခန်းတစ်ခု ပါသေးတယ်လေ”
မိုဝူကျီသည် သူမ ရည်ညွှန်းသော အခန်းကို သတိပြုမူ၏။ မနေ့ညက သူအခန်းကို ပြန်ရောက်ရောက်ချင်း အိပ်မော ကျသွားကာ မနက်ခင်းကျ စောစော ထွက်သွားမိ၏။ သူ ပြန်ရောက်သော အခါ ကျင့်ကြံခြင်းနှင့် အလုပ်ရှုပ်နေသည့် အတွက် ထိုအခန်းထဲ ခြေမချမိသေးပေ။
ထိုအခန်းနှစ်ခန်း ဖွဲ့စည်းမှုကား အမှန်ပင် ရွှေပြား နှစ်သောင်း တန်ပေ၏။
မိုဝူကျီကား သူမကို မကူညီချင်၍ မဟုတ်ပေ။ သို့သော် ဤအခိုက်အတန့်ကား သူ့အတွက် အသက်တမျှ အရေးကြီးနေလေသည်။ အကယ်၍ သူသည် ကျင့်ကြံဖို့ မကြိုးစားပါက သူမအား လိုလိုလားလား နေခွင့်ပေးလိမ့်မည်။ သို့သော် သူကျင့်ကြံနေစဉ်တွင် သူမက သူ့ကျင့်ကြံခြင်းအား နှောင့်ယှက်ပါက ကျေနပ်နိုင်မည် မဟုတ်ပေ။
မိုဝူကျီ၏ တွန့်ဆုတ် တွေဝေမှုကို သတိပြုမိကာ အမျိုးသမီးသည် အလျင်အမြန် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ... ရှင် ကျင့်ကြံနေတုန်း မနှောင့်ယှက်ပါဘူး ... ပြီးတော့ ရှင် နားမလည်တဲ့ နေရာတချို့ကို ကျွန်မ ကူညီ ပေးနိုင်သေးတယ် ... ”
မိုဝူကျီ၏ ရည်ရွယ်ချက်ကား အနက်ရောင် အမျိုးသမီး အတွက် သူဘေးသို့ ပစ်ထားသည့် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကြည့်ခြင်းဖြင့် သိသာနေလှ၏။
“မင်းက အင်မော်တယ်လား ... ” မိုဝူကျီသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
အမျိုးသမီးက မာနမကြီးဘဲ ပြန်ဖြေလိုက်၏။
“အင်မော်တယ်လို့တော့ ယူဆလို့ မရသေးဘူး ... အခုမှ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၄ပဲ ရောက်သေးတာလေ ... ဒါပေမဲ့ အခြေခံတွေတော့ တော်တော်လေး ကျွမ်းဝင်ပါတယ် ... ”
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သည် သေမျိုးတစ်ယောက် အမြင်တွင် အင်မော်တယ်ဟု ယူဆ၍ ရပြီ ဖြစ်၏။ သို့သော်လည်း အမျိုးသမီးကား သူမ၏ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင် ဘာမှ မထူးခြားလှကြောင်း ပြောလေသည်။ သူမသည် သူမကိုယ်သူမ အင်မော်တယ်ဟု ခေါ်ရန် ရှက်နေလေသည်။
မိုဝူကျီသည် ထိုအရာကို ကြားသောအခါ အလွန်အမင်း အံ့အားသင့်သွား၏။ ဟန်နင်ကား ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် တစ်ရှိနေစဉ်က သူမသည် အဆင့်လေးကို ရောက်ပြီးသည်နှင့် အင်အားပိုင်းတွင် ပြောင်းလဲမှု အကြီးကြီး ဖြစ်ပေါ်လာမည်ဟု ပြောဖူး၏။ သူသည် တံခါးကို ဖွင့်လိုက်ပြီး သာယာစွာ ပြုံးရင်း ပြောလိုက်သည်။
“အစ်မကြီး ... မြန်မြန် ဝင်လာပါ ... အပြင်မှာ လေတိုက်နေမှာပေါ့ ... ”
အနက်ရောင်နှင့် အမျိုးသမီးကား မိုဝူကျီအား ကြည့်လိုက်ကာ ထိုစကားနောက်တွင် မိုဝူကျီ၏ သူမအပေါ် အမြင်သည် လုံးဝ ပြောင်းလဲသွားကြောင်း သတိထား မိလိုက်သည်။ သူတို့သည် ဟိုတယ်ထဲ ရောက်နေပြီးသား ဖြစ်၍ မည်သို့ လေတိုက်ခံရမည်နည်း ...
သူမသည် အခန်းထဲ ဝင်ဖို့ရန် ခဏတာ တွေဝေသွားလေသည်။ သို့သော်လည်း သူမတွင် အမှန်တကယ်ပင် နေစရာမရှိချေ။ ထို့အပြင် ချန်လောင်မှလည်း ထွက်မသွား နိုင်သေးချေ။ ထို့ကြောင့် မြို့ထဲတွင် နေရန် ကြံစည်ထားခြင်း ဖြစ်လေ၏။
မိုဝူကျီသည် တံခါးမပိတ်ခင် ထိုအမျိုးသမီး ဝင်ဖို့ရန် စောင့်နေလေသည်။ ထို့နောက် သူသည် ကျင့်စဉ်ကို ရှက်ရှက်ဖြင့် အလျင်အမြန် ဆွဲယူလိုက်လေ၏။ ထိုအမျိုးသမီး အမြင်တွင် သူသည် ကျင့်ကြံခြင်း လောကမှ အမှိုက်ဟုသာ မြင်နိုင်သည်ဟု သူကိုယ်သူ တွေးမိလိုက်၏။
“ဒီကျင့်စဉ်က ဈေးချိုပေမဲ့ ထိထိရောက်ရောက် ကျင့်ကြံချင်ရင် သိပ်တော့ ကောင်းတဲ့ စာအုပ်မဟုတ်ဘူး ... ” အမျိုးသမီးသည် သူစာအုပ် ကောက်ယူသည်ကို မြင်သည့်အခါ အရှိကို အရှိတိုင်း ပြောလိုက်သည်။
“ဟုတ်တယ် ... ဒါပေမဲ့လည်း ဒီကျင့်စဉ်က နှစ်ထောင်ပေါင်း များစွာ လက်ဆင့်ကမ်း လာတာဆိုတော့ အစသမားတွေ အတွက် တော်တော် အသုံးဝင်တယ် ... ကျွန်တော်လည်း ကျင့်ကြံပြီးတော့ စွမ်းအား ကြီးလာချင်ရင် အခြေခံကောင်းဖို့ အရင် လုပ်သင့်တယ်လေ ... ကျင့်ကြံမယ်လို့ စဆုံးဖြတ်လိုက် ကတည်းက ခက်ခက်ခဲခဲ အချိန်အတော်ကြာ ကြိုးစားရမှာကို မကြောက်ပါဘူး ... ”အမှန်တရားသည် မိုဝူကျီက တခြားကျင့်စဉ် မတတ်နိုင်ခြင်းကြောင်း ဖြစ်သော်လည်း မိုဝူကျီသည် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
အနက်ရောင် အမျိုးသမီးသည် မိုဝူကျီ စကားများကို အံ့ဩသွားလေ၏။ သူမသည် မိုဝူကျီကား ဤအခန်းတွင် နေထိုင်ရန် တတ်နိုင်သောကြောင့် သူတွင် တခြားကျင့်စဉ် မတတ်နိုင်ခြင်းကြောင့်ဟု မတွေးမိတော့ပေ။
“ဟုတ်ပါတယ် ရှင်မှန်တယ် ... ကျွန်မ စပြီး ကျင့်ကြံတုန်းက ဆိုရင် စိတ်အခြေအနေ မတည်ငြိမ်ခဲ့ဘူး ... ” အမျိုးသမီးသည် သဘောတူစွာ ထောက်ခံပေးလိုက်သည်။
အကယ်၍ သူမသာ တံခါး လာမခေါက်ခင် မိုဝူကျီ ကျင့်စဉ်ကို ပစ်လွှင့်လိုက်သည်။ ကို မြင်ပါက မိုဝူကျီသည် တည်ငြိမ်နေခြင်း မဟုတ်ကြောင်း သိရှိပေလိမ့်မည်။
မိုဝူကျီသည် လက်ဖက်ခြောက်များကို ထုတ်ယူကာ ထိုအမျိုးသမီး အတွက် လက်ဖက်ရည်ကြမ်း ပြုလုပ်ပေးလိုက်သည်။
“ကျွန်တော်က မိုဝူကျီပါ ... လတ်တလောကမှ ချန်လောင်ကို ရောက်လာတာ ... နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံမှာ ပါဝင်ကံစမ်းဖို့ ရည်ရွယ်ထားတာဗျ ... ခင်ဗျားကိုရော ဘယ်လို ခေါ်ရမလဲ ... ”
“ကျွန်မနာမည်က ရှန်းလျဲ့ပါ ... ဒါပေမဲ့ စီနီယာ အစ်မရှန်းလို့ ခေါ်လို့ရပါတယ် ... ” အမျိုးသမီးသည် ဆက်မပြောခင် ခဏ ရပ်တန့်လိုက်ပြီး
“ဒီမှာ နေတာ ကြာဦးမှာဆိုတော့ ငှားခပေးရမလား ... ”
မိုဝူကျီသည် အဘယ်ကြောင့် ရှန်းလျဲ့ထံမှ ငှားရမ်းခ ယူမည်နည်း။ အကယ်၍ သူ့တွင် ပိုက်ဆံများများသာ ရှိနေပါက ရှန်းလျဲ့ကိုပင် ပေးလိုက်ဦးမည် ဖြစ်၏။
“စီနီယာ အစ်မကြီး ရှန်း ... အားလုံးက ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေ ဖြတ်ကျော်ရမှာပဲ ... အဲဒါအပြင် တကယ်လို့ အစ်မကြီး ကျွန်တော့်ဆီ ရောက်မလာရင်လည်း အဲဒီအခန်းကို သုံးဖြစ်မှာ မဟုတ်ဘူး ... ပိုက်ဆံအကြောင်း ပြောဖို့က အရမ်း ရိုင်းမိသလို ဖြစ်လိမ့်မယ် ... ” မိုဝူကျီသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
ရှန်းလျဲ့သည် စကားလုံးများဖြင့် မကျွမ်းဝင်လှချေ။ ထို့ကြောင့် သူမသည် မတ်တတ် ရပ်လိုက်ပြီး မိုဝူကျီကား ဦးညွှတ်လိုက်သည်။
မိုဝူကျီသည် အလျင်အမြန် ပြောလိုက်သည်။
“ကျွန်တော်လည်း အစ်မကြီးဆီက ဘာမှလျှို့ဝှက် မထားတော့ပါဘူး ... ကျွန်တော်က အခုမှ စကျင့်ကြံမို့ပဲ ရှိသေးတာ ... ကျင့်ကြံခြင်း အကြောင်း မသိတာတွေ အများကြီး ရှိသေးတယ် ... အစ်မကြီးဆီက သင်ယူခွင့်ရဖို့ မျှော်လင့်ပါတယ် ... ”
ထိုသည်ကား မူလ အစကတည်းမှ မိုဝူကျီ၏ ရည်ရွယ်ချက်ပင် ဖြစ်၏။
ရှန်းလျဲ့သည် ထိုခေါင်းစဉ်အောက်တွင် ပို၍ သက်သောင့်သက်သာ ရှိဟန် ပေါ်၏။ သူမလည်း မိုဝူကျီကား လမ်းညွှန်ပေးရန် ရည်ရွယ်ထားသည့် အတွက် ပြန်ဖြေလိုက်သည်။
“ဘာမဆို မေးလို့ရပါတယ် ... ”
မိုဝူကျီ၏ စိတ်ဓာတ်ကား ချက်ချင်းပင် ပြန်မြင့်တက် သွားလေသည်။ သူ့မိတ်ဆွေများတွင် တစ်ယောက်မျှ ကျင့်ကြံခြင်းအကြောင်း မသိကြချေ။ သူသိသော သူများတွင် တစ်ဦးတည်းသော ကျင့်ကြံသူက ဟန်နင်ဖြစ်၏။ သို့သော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် သူမဆီမှ မေးမြန်းရန် အခက်တွေ့လှ၏။
“စီနီယာအစ်မကြီး ရှန်း ... လက်ရှိက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးဆိုတော့ အားလုံးပေါင်း ဘယ်နှဆင့် ရှိတာလည်း မေးလို့ရမလား ... ပြီးတော့ ဝိညာဉ်လမ်းကြောင်း ဘယ်နှခုဖွင့်နိုင်မှ စွမ်းဆောင်နိုင်တယ်လို့ ယူဆလို့ ရမှာလဲ ... ” မိုဝူကျီသည် မရပ်မနား အားလုံးကို မေးလိုက်သည်။
ရှန်းလျဲ့ကား အဖြေအတွက် အကြာကြီး စဉ်းစားရန် မလိုချေ။
“အကြောင်းက မင်းကျင့်ကြံဖို့ ကြိုးစားတယ် ဆိုကတည်းက မင်းမှာ ဝိညာဉ်ကြော ရှိမှာပဲ ... ဝိညာဉ်ကြော ရှိတာရဲ့ နောက်တစ်ဆင့်က စိတ်ဝိညာဉ် ဖွင့်တာပဲ ... ပထမအကြိမ်မှာ ဝိညာဉ်လမ်းကြောင်း များများဖွင့်နိုင်လေ အနာဂတ်မှာ မင်းက သန်မာလေလေ ဖြစ်မှာပဲ ... ပုံမှန်ဆိုရင် ပထမအကြိမ်မှာ ဝိညာဉ်လမ်းကြောင်း ငါးခုဖွင့်နိုင်ရင်ကို မဆိုးဘူးလို့ ပြောလို့ရတယ် ... ထိပ်တန်း အရည်သွေးနဲ့ ဝိညာဉ်ကြောတွေက ဝိညာဉ်လမ်းကြောင်း ၁၀ ခုထက် ပိုပြီး ဖွင့်နိုင်ကြတယ် ... ”
ထိပ်တန်း အရည်သွေးများကို ပြောလျှင် မိုဝူကျီသည် ယန်အာကိုသာ တွေးမိလေသည်။
“ပါရမီရှင်တွေက ပထမအကြိမ်မှာ ဘယ်နှခုလောက် ဖွင့်နိုင်ကြလဲ ... ” မိုဝူကျီသည် ထပ်မေးလိုက်သည်။
“ပြောဖို့တော့ ခက်တယ် ... ဆယ်ခုထက် ဖွင့်နိုင်တဲ့သူတွေကို ပါရမီရှင်တွေလို့ သတ်မှတ်ကြပေမဲ့ တစ်ခါက ၁၇ ခုထိ ဖွင့်နိုင်တဲ့ ပါရမီရှင် တစ်ယောက်ကို မြင်ဖူးတယ် ... နှစ်ရာချီအတွင်းမှာ သူက အများဆုံး ဖွင့်နိုင်ခဲ့တာလို့ ကြားဖူးတယ် ... ” ရှန်းလျဲ့က အံ့အားမှင်တက်စွာ ပြောလိုက်သည်။
“ဝိညာဉ်လမ်းကြောင်း ရှိပြီးတဲ့ နောက်ကျ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကို ရောက်လာတာလား ... ”
ရှန်းလျဲ့သည် ခေါင်းကို ခါလိုက်ပြီး
“ဝိညာဉ်လမ်းကြောင်း ဖွင့်ပြီးတာနဲ့ ကျင့်ကြံရမှာ ... လမ်းကြောင်း ကျယ်ပြန့်မှုက မင်းခန္ဓာအတွင်းက ဝိညာဉ် လမ်းကြောင်းတွေကို ဆက်တိုက် ကျယ်လာစေလိမ့်မယ် ... ဝိညာဉ်လမ်းကြောင်း များများ ကျယ်ပြန့်လာလေ အနာဂတ်မှာ ပိုပြီး အင်အားကောင်းပြီး အောင်မြင်မှုတွေ ရရှိလေပဲ ... အဲဒီအဆင့်မှာ အဆင့်ကိုးဆင့် ရှိသေးတယ် ... ဝိညာဉ်တည်ဆောက်ခြင်း အဆင့်မရောက်ခင် နဝမ အဆင့်မြောက်မှာ တကယ်လို့ မင်းက ဝိညာဉ်လမ်းကြောင်း ၉၉ ခု ဖွင့်နိုင်ခဲ့တယ်ဆိုရင် မင်းက ပါရမီရှင် ဖြစ်လာလိမ့်မယ် ... ”
“အဲဒါဆို ကျင့်ကြံသူ တစ်ယောက်က အများဆုံး ၉၉ ခု ဖွင့်နိုင်တာပေါ့” မိုဝူကျီ မသိသေးသည့် အရာများစွာ ကျန်ရှိနေသေး၏။
ရှန်းလျဲ့သည် ခေါင်းညိတ်လိုက်ပြီး ထို့နောက် ခေါင်းပြန်ခါ လိုက်သည်။
“၉၉ခုထိ ဖွင့်နိုင်တာကိုက အရမ်းကို ရှားပါးလွန်းနေပြီ ... ရာစုနှစ်တစ်ခုမှာ အဲဒီလို ပါရမီရှင်မျိုး တစ်ယောက် ... နှစ်ယောက်ပဲ ပေါ်ပေါက်လာတာ ... ဒါပေမဲ့လည်း ၉၉ ခုက ကန့်သတ်ချက် မဟုတ်သေးဘူး ... တကယ့်ပါရမီရှင် တစ်ယောက်က ၁၀၀ထိ ဖွင့်နိုင်ခဲ့ပြီး ဒဿမအဆင့်ထိ တက်လှမ်း သွားတယ်လို့ ဒဏ္ဍာရီရှိဖူးတယ် ... ဒါပေမဲ့လည်း ဒါက ဒဏ္ဍာရီဆိုတော့ ဒီလိုလုပ်နိုင်တဲ့ လူမျိုး မရှိလောက်ဘူး ... ”
“အချိန်နဲ့ အားထုတ်မှုတွေ အများကြီး ဖြုန်းတီးပစ်ရင် အဆင့်၁၀ တက်လှမ်းဖို့က ဘာရမှာလဲ ... ” မိုဝူကျီသည် မေးခွန်း ထုတ်လိုက်သည်။
ရှန်းလျဲ့က ပြောလိုက်လေ၏။
“ဒါက အချိန်ဖြုန်းတီးတာ မဟုတ်ဘူး ... ကျင့်ကြံခြင်း လောက သုံးခုအကြောင်း သိလား ... ”
မိုဝူကျီကား ဘာမှ မသိသောကြောင့် ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်၏။
***