ဆယ်ကြိမ်မြောက် အသက်ရှူခြင်း
Vol. 4 Ch. 54
ရှန်းလျဲ့သည် မိုဝူကျီက ကျင့်စဉ်ကို ဘေးအသာ ချထားလိုက်သည်ကို တိတ်တဆိတ် ကြည့်နေကာ ရှင်းပြလိုက်သည်။
“ကျင့်ကြံခြင်းလောက သုံးဆင့်ရှိတယ် ... လူသားလောက အဆင့်.. ကမ္ဘာမြေလောက အဆင့်နဲ့ ကောင်းကင်လောက အဆင့်တို့ပဲ ... အဆင့် တစ်ခုချင်းစီကို အဆင့်သေး သုံးခုနဲ့ ပြန်ခွဲထားတယ် ... အဲဒီအဆင့်မှာ နောက်ထပ် ကိုးဆင့် ပြန်ခွဲထားတယ် ... ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှာ လူသားလောက အဆင့်ရဲ့ ပထမအဆင့်ပဲ ... ဒုတိယအဆင့်က ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ... တတိယအဆင့်က လူသား အဆင့်လွန်တို့ပဲ ... လူသားအဆင့်လွန် ထက်မှာဆိုရင် ကမ္ဘာမြေလောက အဆင့် တည်ရှိတယ် ... ကမ္ဘာမြေအဆင့်ရဲ့ ပထမဆုံး အဆင့်က ယွန်ဒန်အဆင့် ဖြစ်ပြီးတော့ ဒုတိယအဆင့်က စစ်မှန်ခြင်း အဆင့်နဲ့ တတိယအဆင့်က နတ်ဘုရားဝါဒီ အဆင့်တို့ပဲ ... ”
ရှန်းလျဲ့ ဆက်မပြော နိုင်တော့သည်ကို မြင်သောအခါ မိုဝူကျီသည် စိုးရိမ်စွာ မေးလိုက်သည်။
“အဲဒါဆို ကောင်းကင်လောက အဆင့်သုံးခုကရော ဘာတွေလဲ ... ”
“ကောင်းကင် အဆင့်လား ... ဒဏ္ဍာရီထဲမှာတော့ ကောင်းကင် တစ်ပိုင်းအဆင့်ဂိုဏ်းက ပါရမီရှင်က ကောင်းကင်အဆင့် တက်လှမ်းသွားတယ်လို့ ရှိဖူးတယ် ... ဒါပေမဲ့လည်း အဲဒီလူတွေက ကိုယ့်ဘာသာ ကိုယ်ထင်ပြလေ့ မရှိဘူး အများစုက ပထမအဆင့်ပဲ သောင်တင် နေတတ်ကြတယ် ... အဲဒါကြောင့် ကောင်းကင် အဆင့်တွေက ငါတို့အတွက် လုံးဝ အရေးမကြီးဘူး ... သူတို့ကို သိဖို့က ဘာမှ အသုံးမဝင်ဘူး ... ” ရှန်းလျဲ့သည် သက်ပြင်းချရင်း ပြောပြလိုက်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက အင်ပါယာ ငါးခုရှိ ပါရမီရှင် ဘယ်လောက်များများက ကောင်းကင် အဆင့်ထိ တက်လှမ်းနိုင်ရဲ့လား ...
မိုဝူကျီသည် ရှန်းလျဲ့သည် အပိုတွေ ပြောနေခြင်း မဟုတ်ကြောင်း သိ၏။ ကောင်းကင် အဆင့်သည် အမှန်တကယ် သူလက်လှမ်း မမီနိုင်သော အရာဖြစ်၏။ ရှန်းလျဲ့ပြောသည်ကို တွေးမိလိုက်ပြီး သူသည် မရေမရာ ထပ်မေးလိုက်သည်။
“စောစောက ဒဿမအဆင့်ထိ ရောက်ဖို့ကျင့်တာက အချိန်ဖြုန်းတီးတာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ ဒါပေမဲ့ ဝိညာဉ်လမ်းကြောင်းဖွင့် ဒဿမမြောက်ကို ဖွင့်နိုင်ရင် ဘာတွေ လုပ်လို့ရလဲ ... ”
ရှန်းလျဲ့က ပြန်ဖြေလိုက်သည်။
“လူသားအဆင့်လွန်ရဲ့ နဝမြောက် အဆင့်ကြောင့် လူများစွာက လူသားအဆင့်ကို ကျော်လွန်ပြီး ကမ္ဘာမြေအဆင့်ရဲ့ ပထမအဆင့် ယွန်ဒန် အဆင့်ရောက်ဖို့ အရာအားလုံးနဲ့ ကြိုးစား ကြည့်ကြတယ် ... ”
“ဒါက ပုံမှန် မဟုတ်ဘူးလား ... ” မိုဝူကျီသည် နားရှုပ်သွားလေသည်။ သူသည် လူသားအဆင့်လွန် နဝမြောက်အဆင့်သို့ ရောက်ရှိခဲ့လျှင် သူသည် နည်းလမ်းပေါင်းစုံ သုံးကာ ကမ္ဘာမြေအဆင့် ရောက်ရှိရန် ကြိုးစားလိမ့်မည်။
“အင်း ... ဒါက ပုံမှန်ပါပဲ ... ဒါပေမဲ့ လူတချို့ကသာ လူသားအဆင့်လွန် နောက်မှာ နောက်ထပ်အဆင့် ထပ်ရှိသေးကြောင်း သတိထားမိကြတာ ... ” ရှန်းလျဲ့က ပြောလိုက်သည်။
“ဘာအဆင့်လဲ ... ” မိုဝူကျီက သိချင်မိ၏။
ရှန်းလျဲ့မျက်လုံးတွင် တောင့်တမှု ထင်ဟပ်လာပြီး
“အဲဒါကို လူသားအဆင့်လွန်ဆုံး အဆင့်လို့ ခေါ်တယ် ... ဒါက လူသား အဆင့်လွန်ရဲ့ ဒဿမမြောက် အဆင့်ပဲ ... တော်တော်များများက ဒီဒဿမအဆင့်ကို မသိကြပေမဲ့ တချို့ကတော့ သိကြတယ် ... ဒါပေမဲ့ ဒဿမအဆင့်ကို လုပ်ယူလို့ မရဘူး ... အကြောင်းက သူတို့ မလုပ်ဆောင်ချင်လို့ မဟုတ်ဘဲ သူတို့ မလုပ်နိုင်လို့ပဲ ... လူသား အဆင့်လွန်ဆုံးကို အတင်းဝင်ရောက်ဖို့ မင်းက လူသားအဆင့်ရဲ့ ပထမသုံးဆင့်လုံးက ဒဿမအဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့ လိုအပ်တယ် ... ပထမဆုံး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ပေါ့ ... ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကိုလည်း ဒဿမအဆင့်ထိ ရောက်အောင် ကျင့်ကြံရလိမ့်မယ် ... အဲဒါမှသာ လူသား အဆင့်လွန်ဆုံး အဆင့်ကို ခြေလှမ်းနိုင်ဖို့ အခွင့်အရေး မဆိုစလောက်လေး ရမှာ ... ”
ထိုအခိုက်အတန့်တွင် ရှန်းလျဲသည် မိုဝူကျီအာ ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။
“တကယ်တော့ လက်တွေ့မှာ လူသား အဆင့်လွန်ကို ဒဿမအဆင့်ထိ ရောက်အောင် ကျင့်ကြံတာက မဖြစ်နိုင်သလောက်ပဲ ... လူသားအဆင့် သုံးခုလုံး ကျင့်ကြံရမယ်ဆိုတော့ ဘာလို့ လုပ်နေမှာလဲ ... လူသား အဆင့်လွန်ကို ဒဿမအဆင့်ထိ ကျင့်ကြံတာက အချိန်ဖြုန်းတီး နေတယ်လို့ မင်း မထင်ဘူးလား ... ”
“အဲဒါဆို လူသား အဆင့်လွန်ဆုံး ရောက်သွားရင် ဘယ်လိုမျိုး အကျိုးတွေ ရမှာလဲ ... ” မိုဝူကျီသည် ရှန်းလျဲ့ ရှင်းပြပြီးနောက်တွင် လူသား အဆင့်လွန်ဆုံးတွင် အကျိုး အမြောက်အမြား ရှိမည်ကို သိ၏။ သို့သော် သူသည် ထိုအရာများကို မသိသေးပေ။ အကယ်၍ သူ လက်လှမ်း၍ မမီနိုင်သော အရာများ ဖြစ်နေလျှင်ပင် သူသည် သိချင်သေး၏။
ရှန်းလျဲ့က ပြန်ဖြေလိုက်သည်။
“ပထမဆုံး လူသား အဆင့်လွန်ဆုံးကို ဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူတွေက တောက်ပတဲ့ အနာဂတ် ရှိလိမ့်မယ် ... ဒုတိယတစ်ခုက ကျင့်ကြံဆင့်တူတဲ့ လူတွေထက် ပိုသန်မာလိမ့်မယ် ... ပုံမှန်ဆိုရင် လူသားအဆင့် ရောက်နေတဲ့ သူတွေက သူတို့က နဝမြောက်အဆင့်ထဲ ရောက်နေပါစေ ဒါမှမဟုတ် ယွန်ဒန်အဆင့် တပိုင်းသို့ ရောက်ရှိနေရင်တောင် တကယ့် ယွန်ဒန်အဆင့် ကျင့်ကြံသူတွေကို အကွာကြီး ကွာသေးတယ် ... ဒါပေမဲ့ လူသား အဆင့်လွန်ဆုံးမှာ ရှိတဲ့သူတွေက လက်ရှိအဆင့်ကို ကျော်လွားပြီး ယွန်ဒန်အဆင့် ကျင့်ကြံသူတွေနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တယ် ... ဒါက အဓိက ကွာခြားချက်တွေပဲ ... ”
ရှန်းလျဲ့သည် အများကြီး ပြောပြခဲ့သော်လည်း မိုဝူကျီသည် ထိုအရာများကို အရင်က မကြားဖူးချေ။ သို့ပေမဲ့ သူသည် ရှန်းလျဲ့၏ အသိဉာဏ်ကား သူ့ဆရာအဖြစ် တင်ရန် လုံလောက်ပြီဟု သိ၏။
“စီနီယာရှန်း ... ကျွန်တော်က ကျင့်ကြံခြင်း အကြောင်း ဘာဆိုဘာမှ မသိပါဘူး ... ကျေးဇူးပြုပြီး သင်ပြပေးပါ ... ” မိုဝူကျီသည် ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။
ရှန်းလျဲ့သည် လက်ဖက်ရည်ကြမ်း သောက်ကာ ပြောလိုက်သည်။
“ရှင်ဘာမှ မသိဘူးဆိုတာ ကျွန်မ သိပါတယ် ... ခန္ဓာအတွင်းမှာရှိတဲ့ ဝိညာဉ်လမ်းကြောင်း လှည့်ပတ်ပုံနဲ့ ဝိညာဉ်စွမ်းအား စုပ်ယူပုံကို ရှင်းပြမယ် ... ကျန်တာတော့ ရှင့်ကို သင်မပေးနိုင်ဘူး ... ကိုယ့်ဘာသာ လေ့လာ သင်ယူရမယ် ... ”
“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ ... ”
ထိုသည်က မိုဝူကျီ၌ လိုအပ်နေသာ အရာဖြစ်၏။ သူသည် မည်သို့စတင် ကျင့်ကြံရမည် ဖြစ်ကြောင်း မသိပေ။ တစ်ဖက်တွင် ရှန်းလျဲ့သည် တစ်ကိုယ်ကောင်း ဆန်စွာ ဆရာစား ချန်ထားခြင်းမျိုး မလုပ်ပေ။ မိုဝူကျီအား ဝိညာဉ် လမ်းကြောင်းကို လှည့်ပတ်ပုံနှင့် ဝိညာဉ်စွမ်းအား စုပ်ယူသည်များကို သေချာသင်ပြပေး၏။ သူမသည် အသေးစား လှည့်ပတ်မှုနှင့် အဓိကလှည့်ပတ်မှု များကိုလည်း သင်ကြားပေးကာ မိုဝူကျီအား စိတ်နှင့် တစ်ပြိုင်နက် လှုပ်ရှား၍ ဝိညာဉ်လမ်းကြောင်း ဖွင့်ကာ ဝိညာဉ်စွမ်းအား စုပ်ယူရန် ပြောပြပေးခဲ့သည်။ အရာအားလုံးကို မမှတ်မိသော်လည်း မိုဝူကျီသည် စာရွက်နှင့်ဘောပင် ထုတ်ယူကာ ရေးမှတ်ထားလိုက်သည်။
သင်ကြားခြင်းနှင့် သင်ယူခြင်းသည် နေ့ဝက်ခန့်ပင် အချိန် ကုန်သွားလေသည်။ ရှန်းလျဲ့ လည်ချောင်းများပင် ခြောက်ကပ်လာပြီး သူမက မတ်တတ်ရပ်ကာ
“ကျွန်မနားဖို့ လိုနေပြီ ... ဟူး ... ရှင်နဲ့အတူနေဖို့က မလွယ်ကူဘူးပဲ ... ”
“ကျေးဇူး တင်ပါတယ် စီနီယာရှန်း ... ဒီနေ့ သင်ပြပေးတဲ့ ကျေးဇူးကြွေး ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး ... ” မိုဝူကျီသည် ခပ်သွက်သွက် ပြောလိုက်သည်။ ယနေ့ ရှန်းလျဲ့ သင်ပေးထားသော အရာများသည် သူ့အနေဖြင့် ပုံမှန် တစ်နေရာရာမှ သင်ယူနိုင်သည်များ မဟုတ်ပေ။ အကယ်၍ သူသည် တပည့် ဖြစ်လာလျှင်ပင် သူ့အတွက် အသုံးဝင်သည်များ သင်ယူရန် ခက်ခဲနေသေး၏။
“ထားလိုက်ပါ ... ကျွန်မက ရှင့်ကို တပည့်လက်ခံဖို့ စိတ်ကူးမရှိဘူး ... ” ရှန်းလျဲ့သည် သူမပြောပြီးသည်နှင့် အခန်းထဲသို့ ဝင်သွားလေသည်။ သူမသည် နေ့ဘက် အချိန်အများစုကို ဒီအခန်းထဲ ရောက်အောင် အားထုတ်ခဲ့ရ၏။
မိုဝူကျီသည် ခိုးရယ်မောနေရင်း သူမကို သူ့ဆရာတော်ရန် မရည်ရွယ်ထားကြောင်း သူကိုယ်သူ ပြန်ပြောနေသည်။
ရှန်းလျဲ့ အခန်းတံခါးသို့ ရောက်သောအခါ သူမသည် ရုတ်တရက် ပြန်လှည့်လာကာ မေးလိုက်သည်။
“ဟုတ်သားပဲ ရှင့်ဝိညာဉ်ကြောက ဘယ်လိုလဲ ... စိတ်ဝိညာဉ် မဖွင့်ခင် ဝိညာဉ်လမ်းကြောင်း ဘယ်နှခု ဖွင့်ပြီးပြီလဲ ... ”
မိုဝူကျီသည် သက်ပြင်းချမိလိုက်၏။ သူ့တွင် မည်သို့ ဝိညာဉ်ကြော ရှိလဲ ... အကယ်၍ သူ့တွင် ဝိညာဉ်ကြော မရှိကြောင်းနှင့် ဝိညာဉ်လမ်းကြောင်း တစ်ဝက်ပင် မဖွင့်ဖူးကြောင်း ပြောလျှင် အာပေါက်မတတ် ရှင်းပြထားသော ရှန်းလျဲ့သည် သူအား လည်မျို ညှစ်သတ်လိမ့်မည်။
“အဲဒါက ... ကျွန်တော့် ဝိညာဉ်ကြောက သာမန်ပဲ ... ပြီးတော့ ကျွန်တော့် ဝိညာဉ်လမ်းကြောင်း ဘယ်နှခု ဖွင့်ပြီးပြီလဲ ဆိုတာ ပြောဖို့ အဆင်မပြေဘူး ... ကျွန်တော့် အရည်ချင်းနဲ့ ပါရမီက စီနီယာရှန်းနဲ့ ကမ္ဘာတစ်လုံးလောက် ခြားနားပါတယ် ... ” မိုဝူကျီသည် အနေရခက်စွာ ရယ်မောရင်း ပြောလိုက်သည်။
ရှန်းလျဲ့က တည်ငြိမ် အေးဆေးစွာ ပြောလိုက်သည်။
“ရှင့် ပါရမီက ကျွန်မအောက်မှာဆိုတာ ကျွန်မလည်း သိပါတယ် ... အသာလွန်ဆုံး ဝိညာဉ်ကြောရှိတဲ့ လူတွေတောင် သူတို့ ပထမဆုံး ဝိညာဉ်စွမ်းအား စုပ်ယူချိန်ကျ တစ်ရက်လောက်တော့ ဝိညာဉ်စွမ်းအား ခံစားမိအောင် အချိန်ယူရတယ်လို့ ပြောမလို့ပါ ... ဝိညာဉ်စွမ်းအား လှုံ့ဆော်နိုင်တဲ့ လူတွေအတွက် နှစ်နာရီ အတွင်းဆိုတာ မဖြစ်နိုင်သေးဘူး ... အရည်အသွေးမြင့် ဝိညာဉ်ကြော ပိုင်ရှင်တွေတောင် အနည်းဆုံး သုံးရက်ကနေ ငါးရက်အထိ လိုအပ်တယ် ... အလယ်အလတ် ဝိညာဉ်ကြောတွေဆိုရင် ဆယ်ရက်လောက် လိုအပ်တယ် အနိမ့်ဆုံး လူတွေက တစ်လကနေ နှစ်များစွာအထိ ဖြစ်သွားနိုင်တယ် ... ”
သူမစကား ဆုံးသည်နှင့် ရှန်းလျဲ့သည် တံခါးပိတ်ကာ အခန်းအထဲသို့ ဝင်သွားလေသည်။ နောက်ဆုံးစကားသည် မိုဝူကျီကို ရည်ညွှန်းနေသည့် အလား ဖြစ်၏။ သူသည် ရယ်မောရင်း ကျင့်စဉ်ကို ဆွဲယူကာ ဘယ်ဘက်ရှိ အခန်းထဲသို့ ဝင်သွားလေသည်။ သူ့တွင် ဝိညာဉ်ကြော မရှိချေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအား ခံစားမိရန် လများစွာ အချိန်ယူရင်လည်း ဂရုမစိုက်ပေ။ သူတွင် ကျင့်စဉ်နှင့် နည်းလမ်းများ ရှိနေပြီ ဖြစ်၍ ကျန်ရှိနေသည်က ကြိုးစားခြင်းသာ ဖြစ်၏။ ရှန်းလျဲ့ဆီမှ သင်ယူထားသည်က များပြားလွန်းသောကြောင့် သူသည် နှစ်လတာကို မရပ်မနား လေ့ကျင့်ရန် ဆုံးဖြတ်လိုက်လေ၏။
အခန်းအထဲတွင် မိုဝူကျီသည် ရှန်းလျဲ့ သင်ပေးထားသည့် အတိုင်း ဝိညာဉ်စွမ်းအားကို စတင် စုပ်ယူလိုက်ကာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ အနိမ့်ဆုံး ဝိညာဉ်ကြောနှင့် လူများသည် ဝိညာဉ်စွမ်းအားကို ခံစားမိရန် အနည်းဆုံး တစ်လလိုကြောင်း နှလုံးမူထား၏။ ယခုက နေ့ဝက်ပင် မရှိသေးချေ။ အကယ်၍ သူသာ ဝိညာဉ်စွမ်းအား ခံစားမိနေလျှင်သာ ပုံမှန် မဟုတ်လိမ့်မည်။ ကျင့်ကြံခြင်းသည် ဖြည်းဖြည်းချင်း တိုးတက်မှုများနှင့် တစ်ဆင့်ချင်း သွားဖို့ လိုအပ်သော အရာဖြစ်၏။ အဘယ်ကြောင့် အလျင်လို ရမည်နည်း ...
အသက်ပြင်းပြင်း ရှူလိုက်ပြီး မိုဝူကျီသည် မျက်လုံး မှိတ်ထားကာ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအားများကို စတင်၍ အာရုံခံလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားကား တည်ငြိမ်နေပြီး စိုးရိမ်ပူပင်မှု အလျှင်းမရှိချေ။ အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်များပင် တစ်နေ့တာ အချိန် ယူရသောကြောင့် အလျင်လိုခြင်းက ဘာကောင်းမည်နည်း ...
ဆယ်ကြိမ်မြောက် အသက်မရှူခင် မိုဝူကျီသည် သူဖွင့်ထားသော ပထမ ချီသွေးကြောတွင် လေပြည်အေးလေးကို ခံစားမိလိုက်၏။ ထို့နောက် အသေးစား လှည့်ပတ်မှု တစ်ဝက်ပြီးပြီး နောက်တွင် သူ့၏ ဒုတိယမြောက် ချီသွေးကြောသို့ ဝင်ရောက်လာလေသည်။
မိုဝူကျီသည် အံ့ဩသွားကာ မျက်လုံးကို ဖွင့်လိုက်သည်။ လေပြည်အေး သည်လည်း ပျောက်ဆုံး သွားလေသည်။ ဤသည်က အသေးစား လှည့်ပတ်မှု တစ်ဝက်သာ ဖြစ်သော်ငြား မိုဝူကျီသည် ခန္ဓာတစ်ကိုယ်လုံး သိသာစွာ ပေါ့ပါးလာမှုကို ခံစားမိလိုက်သည်။
ထိုသည်က အရမ်း ရိုးရှင်းနေသည် ဟုတ်တယ်မလား ... ဒါက ကျင့်ကြံခြင်း များလား ... သို့သော် သူ့တွင် ဝိညာဉ်ကြော မရှိတာ သေချာလှ၏။
မိုဝူကျီသည် ခဏတာ မှင်တက်နေပြီး နောက်တွင် ပျော်ရွှင်မှုများ ပေါက်ဖွားလာလေသည်။ သူ ကျင့်ကြံနိုင်သရွေ့ သူ့တွင် ဝိညာဉ်ကြော ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ အရေးမပါတော့ပေ။ နောက်အခိုက်အတန့်တွင် မိုဝူကျီသည် အခြေခံ ကျင့်ကြံစဉ်ကို ထုတ်ဖွင့်လိုက်ပြီး စိတ်ကို ရှင်းရှင်းလင်းလင်း ထားကာ လှည့်ပတ်ခြင်းကို သဲသဲမဲမဲ လုပ်ဆောင် လိုက်လေသည်။
***