← Chapters

မြင်တဲ့သူ ဝေစုရမယ်

Vol. 7 Ch. 86

မြင်တဲ့သူ ဝေစုရမယ်

Vol. 7 Ch. 86

ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်များထဲ၌ ချီစုဆောင်းခြင်းအဆင့်တွင် ကီလိုဂရမ် ၂၅၀၀ ခန့် ခွန်အားရရှိရန် ကျင့်ကြံနိုင်ပါက သိပ်မဆိုးဟု ဆိုနိုင်သည်။

ကီလိုဂရမ် ၄၀၀၀ ခန့်မှာ အဆင့်မြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်ဟု ဆိုနိုင်၏။

ကီလိုဂရမ် ၄၀၀၀ ထက်ပိုသော ခွန်အားဖြင့် လူအများစုမှာ ချီစုစည်းခြင်းအဆင့်ကို တက်ရောက်သွားပြီး ဖြစ်သည်။

ကျင့်ကြံသူအများစုအတွက်မူ ကီလိုဂရမ် ၁၅၀၀ နှင့် ၂၅၀၀ အကြား ကွာခြားမှုက သိပ်မထူးခြားပါ။

ကျင့်ကြံခြင်းအရင်းအမြစ်များကို ခန္ဓာကိုယ်ကျင့်ကြံခြင်း၌ ရင်းနှီးမြုတ်နှံမည့်အစား စွမ်းအင်ကျင့်ကြံခြင်း၌ သုံးစွဲခြင်းက ပိုသင့်တော်သည်။

ချီစုစည်းခြင်းအဆင့်သို့ ရောက်သောအခါ စွမ်းအင်ကျင့်ကြံသူတစ်ဦးသည် ကီလို ၁၀,၀၀ နှင့် ၁၅,၀၀၀ အကြား ခွန်အားကို ပိုင်ဆိုင်နိုင်၏။

သို့သော်လည်း ပန်းပဲသမားများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှုသည် အလွန်အရေးကြီးသည်။

အကြောင်းကား လက်နက်သွန်းလုပ်ခြင်းသည် အချိန်တိုတိုမှသည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်၏။

စွမ်းအင်ကျင့်ကြံခြင်းမျှဖြင့် ထိုမျှ အချိန်ကာလကို ထောက်ပံ့နိုင်ရန် ခက်ခဲတတ်သည်။

ထို့အပြင် သတ္တုပစ္စည်းများမှာ သွန်းလုပ်စဉ်ကာလအတွင်း ချီဓာတ်များဖြင့် ထိတွေ့၍ မရပေ။

ထို့ကြောင့် လက်နက်သွန်းလုပ်သူ အများစုသည် ကိုယ်ကာယအားဖြင့် သန်မာကြံ့ခိုင်လေ့ ရှိကြသည်။

ကောင်းမိသားစုသည် ပန်းပဲမိသားစုဖြစ်ရာ သူတို့၏ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်မှာလည်း မိသားစုအမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့ ပြောသလိုပင် ကောင်းမိသားစု၏ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်သည် အားနည်း၏။ ၎င်းသည် အရေးကြီးသော အချိန်အခါ၌ ကျရှုံးတတ်သည်။

ကောင်းမိသားစုခေါင်းဆောင်ကဲ့သို့ ပညာရှင်အတွက် ထိုကိစ္စမှာ အသွေးအမွှား ဖြစ်သည်။

သို့သော်လည်း ကောင်းမိသားစုမှ ပန်းပဲပညာရှင်အများစုအတွက် ထိုပြဿနာမှာ လျစ်လျူရှု၍ မရသော ကိစ္စဖြစ်သည်။

ထို့ကြောင့်ပင် ကောင်းအန်ချွန်းသည် ဝိညာဉ်အဆင့်လက်နက်ဖြင့် ဟန်မူယဲ့၏ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်ကို အလဲအထပ် ပြုလုပ်လိုခြင်း ဖြစ်သည်။

“ဒီနည်းစနစ်ကို ‘သံမဏိနွားသိုးခွန်အား’ လို့ ခေါ်တယ်။ ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ သင်ကြားပေးတဲ့ ပညာရပ်တစ်ခုပဲ”

ဟန်မူယဲ့၏စကားက ကောင်းအန်ချွန်းအား မှင်တက်စေသည်။

နွားသိုးကိုးကောင်ခွန်အားကို ထုတ်လွှတ်နိုင်သော သံမဏိနွားသိုးပညာရပ်သည် သေချာပေါက် ထူးခြားကောင်းမွန်၏။

သို့သော် အပြင်လူဖြစ်သော သူ့လိုလူက မည်သို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ပညာရပ်ကို ရရှိနိုင်မည်နည်း။

သူ့ဘေးတွင် အနီရောင်ဝတ်မိန်းကလေးက မျက်မှောင်ကြုတ်သည်။

“ဒီနည်းစနစ်ဟာ သရုပ်ပြခန်းဆောင်မှာ ဝိညာဉ်ကျောက်တုံး ၈၀ တန်ဖိုးရှိတယ်”

ဟန်မူယဲ့၏စကားက ကောင်းအန်ချွန်း၏မျက်နှာကို မဲမှောင်စေသည်။

ဟန်မူယဲ့၏နောက်တွင် လုကောသည် စိတ်တွင်းမှ အော်ဟစ်နေ၏။

‘စီနီယာအစ်ကိုဟန်က အရမ်းမိုက်တာပဲ…’

ဝိညာဉ်ကျောက်တုံး ၈၀ တန်ဖိုးရှိသော ပညာရပ်တစ်ခုအား ဝိညာဉ်လက်နက်တစ်ခုဖြင့် ရောင်းချနိုင်ခဲ့သည်။

ဝိညာဉ်လက်နက်တစ်ခုမှာ တန်ဖိုး အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ တန်ဖိုးရှိသည်။

သရုပ်ပြခန်းဆောင်၌ ဝိညာဉ်ကျောက်တုံး ၈၀ တန်ဖိုးရှိသော နည်းစနစ်များမှာ အမှိုက်များသာ ဖြစ်သည်။

ထိုသို့ အမှိုက်အဆင့်ပညာရပ်များကို အပြင်စည်းဂိုဏ်းသားများပင် လေ့ကျင့်ရန် စိတ်မဝင်စားပါ။

“ကောင်းမိသားစုအဆင့်အတန်းနဲ့ဆို အဲဒီပညာရပ်ကို ရဖို့ သိပ်မခက်ခဲဘူး”

“ကျုပ်က အဲဒီနည်းစနစ်ကို ထပ်ဆင့် မွှမ်းမံပြီးတော့ ခင်ဗျားတို့ ကောင်းမိသားစုကို သင်ပေးမယ်”

“စကားမစပ် ကျုပ်က နွားသိုး၃ကောင်ခွန်အားအထိပဲ တီထွင်ကြံဆနိုင်ခဲ့တာ။ ကျန်တာတွေဟ ဆရာဦးလေးထို့ပါ့နဲ့ သူ့တပည့် တီထွင်ကြံဆခဲ့တာပဲ”

ဟန်မူယဲ့က ကောင်းမိသားစုမှ လူများ၏အမူအရာကို လျစ်လျူရှုကာ ဆက်ပြောသည်။

“ကျောက်တုံးသုံးတုံးစံအိမ်… အကြီးအကဲထို့ပါ့…”

ကောင်းအန်ချွန်းက ခေါင်းညိတ်သည်။

“စီနီယာအစ်ကိုထို့ပါ့ဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ တကယ်ပဲ ဗဟုသုတ ကြွယ်ဝတဲ့သူပဲ”

ထို့နောက်တွင် သူက ဟန်မူယဲ့အား ကြည့်သည်။

ထို့ပါ့ချန်ကား မောက်မာဝင့်ကြွားသူ ဖြစ်သည်။ ထို့ပါ့ချန်နှင့် ရင်းနှီးခွင့်ရသည်ဆိုပါက သာမန်မဟုတ်ချေ။

မှန်သည်၊ ကောင်လေး၏ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်နေသဘောထားတို့ကို ကြည့်ပါက သူ၏အရည်အသွေးများကို သိနိုင်သည်။

သူ၏သိမြင်နားလည်နိုင်စွမ်းက ထိုမျှ အားကောင်းမှတော့ ထို့ပါ့ချန်က သဘောကျသည်မှာ မထူးဆန်းတော့ပေ။

“မိတ်ဆွေလေး… ဒီဓားနာမည်က ကုယွမ် လို့ခေါ်တယ်။ ဒီဓားကို ကျုပ်ကိုယ်တိုင် သွန်းလုပ်ထားခဲ့တာ”

နောက်လှည့်ကာ ကောင်းအန်ချွန်းက ဓားသေတ္တာကို လက်ညိုးထိုးပြလျှက် ဟန်မူယဲ့ကို ပြောသည်။

“ကျုပ် သံမဏိနွားသိုးပညာရပ်ကို သွားရှာလိုက်မယ်။ ပြီးရင် အဲဒီနည်းစနစ်ကို ကျင့်တဲ့အခါ ပြဿနာတစ်ခုခုရှိရင် မိတ်ဆွေလေးကို လာရှာလိုက်မယ်”

ထို့နောက် သူက ဘေးမှ လူငယ်နှင့် မိန်းကလေးကို ကြည့်သည်။

“ဒါက ကျုပ်မြေး ကောင်းကျန့်နင်… ဒါက ကျုပ်မြေးမလေး ကောင်းအီ…”

“သူတို့ကို မိတ်ဆွေလေးဆီမှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သင်ယူခိုင်းလိုက်ပါ့မယ်”

ကောင်းမိသားစုခေါင်းဆောင်ဖြစ်သည့် သူ့အတွက် အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ မကြာခဏ လာရောက်ရန်မှာ မဖြစ်နိုင်ပါ။

သူသည် ဓားစံအိမ်နှင့် သူ့မြေးလေးများအကြား ဆက်ဆံရေးကောင်း တည်ဆောက်စေလိုသည်မှာ ထင်ရှား၏။

“ခေါင်းဆောင်ကောင်း… စိတ်မပူပါနဲ့… ကျုပ်က သေချာပေါက် မကွယ်မဝှက်ဘဲ သင်ပေးပါ့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ကောင်းမိသားစုသည် နှစ်ပေါင်းများစွာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် လက်နက်သွန်းလုပ်ပေးခဲ့သည်။ ကောင်းမိသားစု၏ဓားသွန်းလုပ်စနစ် တိုးတက်လာခြင်းမှာ ကောင်းသော အချက်ဖြစ်သည်။

ထို့အပြင် ဟန်မူယဲ့က မကွယ်မဝှက်ဘဲ သင်ပေးမည် ပြောခြင်းမှာ သံမဏိနွားသိုးကျင့်စဉ်ကို ဖြစ်သည်။ သူက တခြားပညာရပ်များကို သင်ပေးမည်ဟု ကတိမပေးခဲ့ပါ။

“စီနီယာအစ်ကို… နောက်ပိုင်း ကျွန်မကို သင်ကြားပေးပါဦး”

ကောင်းအီက လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်သည်။

ကောင်းကျန့်နင်ကား အနည်းငယ် ရှက်ရွံ့နေဟန်တူသည်။ သူက ခေါင်းငုံ့ကာ လက်နှစ်ဖက်ဆုပ်ပြ၏။

အပေးအယူ အဆင်ပြေသွားသည်ကို ကြည့်ကာ လုကောသည် လက်နှစ်ကို ပွတ်သပ်လျှက် ကောင်းအန်ချွန်းထံမှ ဓားသေတ္တာကို ယူရန် ပြင်သည်။

“ငါ ယူလိုက်မယ်”

ဟွမ်လောင်လျှိုက သူ့အား လှမ်းဆွဲကာ သုန်မှုန်စွာ ပြောသည်။

“ဒီဓားက ဓားသေတ္တာနဲ့ ပိတ်ထားပေမဲ့ မင်း လက်ခံနိုင်တဲ့အရာ မဟုတ်ဘူး”

ထို့နောက် သူသည် ရှေ့ကို တက်သွားကာ လက်မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ချီဓာတ်များ ထွက်ပေါ်လာကာ ဓားသေတ္တာကို ကိုင်လိုက်သည်။

“ညီလေးဟန်… ငါ ဒီဓားကို မင်းအခန်းထဲ ပို့ပေးမယ်”

ထို့နောက် သူ နောက်လှည့်ကာ ဓားစံအိမ်ထဲကို ဝင်သွားသည်။

ကောင်းအန်ချွန်းက ဟန်မူယဲ့အား ကြည့်ကာ လက်နှစ်ဖက်ဆုပ်သည်။

“မိတ်ဆွေလေးရဲ့ မျိုးရိုးနာမည်က ဟန် လား။ မိတ်ဆွေလေးဟာ ဓားတာအိုနဲ့ ဓားသွန်းလုပ်ခြင်းမှာ နက်ရှိုင်းတဲ့ အသိအမြင်ဗဟုသုတ ရှိတာပဲ။ .နောက်ပိုင်း အားလပ်တဲ့အခါ ကျုပ်တို့ ကောင်းမိသားစုကို အလည်အပတ် လာခဲ့ပါဦး”

“ကျေးဇူးပါ ခေါင်းဆောင်ကောင်း… ကျုပ် သေချာပေါက် လာခဲ့ပါ့မယ်”

ဟန်မူယဲ့ကလည်း ပြုံးလျှက် လက်နှစ်ဖက်ဆုပ်ပြသည်။

ကောင်းအန်ချွန်းက လက်ဝှေ့ယမ်းကာ ပြောသည်။

“ကျုပ်က မင်းကို ဒီနေ့ အပြစ်ပြုမိတယ်။ နောက်တစ်ခေါက် ကျုပ်တို့ ကောင်းမိသားစုက သေချာပေါက် ဓားကောင်းတွေ ပို့ပေးပါ့မယ်”

ထို့နောက် သူသည် ဓားသယ်လာသော တပည့်များအား ဦးဆောင်လျှက် ထွက်သွားသည်။

ကောင်းအီသည်လည်း ဟန်မူယဲ့ကို ဦးညွှတ်ခဲ့ပြီးနောက် သူတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ဟွမ်လောင်လျှို ဓားစံအိမ်ထဲမှ ထွက်လာသောအခါ ကောင်းမိသားစုမှာ ထွက်သွားပြီး ဖြစ်သည်။

“ကျွတ်… ဒီနှစ်တွေမှာ ကောင်းမိသားစုနဲ့ ပြောဆိုဆက်ဆံလာခဲ့တာ ဒီတစ်ခါပဲ သူတို့ဆီက ပိုက်ဆံတွေ ထွက်လာဖူးတယ်”

ဟွမ်လောင်လျှိုက ဓားစံအိမ်ရှေ့မှ မြေကွက်လပ်ကို ကြည့်ကာ သက်ပြင်းချသည်။

ပိုက်ဆံဟူသော စကားကိုကြားလျှင် လုကောသည် အလျင်အမြန်ပင် သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ကမ်းပေးသည်။

ဟွမ်လောင်လျှိုကလည်း သည်မတိုင်ခင် လုကော ပေးထားသော ဝိညာဉ်ကျောက်တုံးများကို ထုတ်လိုက်၏။

စုစုပေါင်း ၁၃ တုံး။

အရည်အသွေးမြင့်…

၎င်းသည် ဝိညာဉ်ကျောက်တုံး ၁၃,၀၀၀ နှင့် တန်ဖိုးတူညီသည်။

စူးရှသော အလင်းမှာ အကြည့်လွှဲရန် မဖြစ်နိုင်အောင် ဆွဲဆောင်နေသည်။

“ကျုပ်ဘဝမှာ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးကို ကိုင်ဖူးခဲ့ပြီပဲ”

ဝိညာဉ်ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း လုကောက ဝမ်းသာအားရ ဆိုသည်။

ဟွမ်လောင်လျှိုကလည်း ထူးဆန်းသော အမူအရာဖြင့် ခေါင်းညိတ်သည်။

ဤသည်ကား အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ဖြစ်သည်။ ၁တုံးကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိသည်။

သည်မတိုင်ခင် လုချန်းဖျင်အတွက် ဓားဝယ်စဉ်က ဟန်မူယဲ့သည် သူ့အား ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ချေးငှားပေးခဲ့သည်။ ထိုစဉ်က သူ့တစ်သက်တာတွင် မည်သည့်အခါမှ ထိုအကြွေးကို မဆပ်နိုင်လောက်တော့ဟု တွေးထင်ခဲ့၏။

ယခု အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁၃တုံးမှာ သူ့ရှေ့မှောက်၌ ရှိနေသည်။

“ဓားစံအိမ်စည်းကမ်း… မြင်တဲ့သူ ဝေစုရမယ်”

ဟန်မူယဲ့က လက်လှမ်းကာ လုကောထံမှ ဝိညာဉ်ကျောက်တုံး ၈တုံးကို ယူလိုက်သည်။

၄တုံးမှာ ဟွမ်လောင်လျှို၏လက်ထဲတွင် ဖြစ်သည်။

“စီနီယာအစ်ကိုဟန်… ကျုပ်… ကျုပ်လည်း ရတယ်လား”

ဝေစု ၁တုံးရသော လုကောသည် မျက်နှာကြီးနီမြန်းကာ တုန်တုန်ယင်ယင် ပြောသည်။

ဤသည်ကား အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ဖြစ်သည်။ တစ်တုံးကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိသည်။

လုကောသည် သူ့တစ်ဘဝလုံး ဓားစံအိမ်အတွက် အလုပ်လုပ်လျှင်ပင် ထိုမျှ ပမာဏ မရနိုင်ပါ။

ဟွမ်လောင်လျှိုက သူ့လက်ထဲမှ အရည်အသွေး ဝိညာဉ်ကျောက်တုံး ၄တုံးကို တွေဝေစွာ ကြည့်နေသည်။

အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၄တုံး။

“အစ်ကိုလု… ဒီ ဝိညာဉ်ကျောက်တုံးနဲ့ဆို ခင်ဗျားလည်း ကျင့်ကြံခြင်းနည်းစနစ်ကောင်းကောင်း သွားသင်လို့ ရတယ်။ နောက်ပိုင်း လိုတဲ့ ဆေးလုံးတွေ ကျုပ်ပေးမယ်”

ဟန်မူယဲ့က လုကောကို ပြုံးလျှက် ပြောသည်။

လုကောသည် သူ့လက်ထဲမှ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁တုံးကို ကိုင်ကာ ဝမ်းသာအားရ ခေါင်းညိတ်သည်။

“အား… ဘုရားရေ…”

သူ့မျက်လုံးတွင် မျက်ရည်များပင် ဝဲလာနေသည်။

“အစ်ကို… ကောင်းမိသားစုလို ငွေထုပ်ကို ထပ်ရှာဖို့က မလွယ်ဘူး။ ယူလိုက်ပါ”

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ပြုံးလျှက် ပြောသည်။

အမှန်တကယ်လည်း သာမန်ဓားထိန်းတစ်ဦးသည် ထိုမျှ ဝင်ငွေရှိရန် မဖြစ်နိုင်ပါ။

ဟွမ်လောင်လျှိုက ခေါင်းညိတ်ကာ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ပြောသည်။

“မင်းက ချမ်းသာတာပဲ။ ငါ အားနာမနေတော့ဘူး”

“ဝိညာဉ်ကျောက်တုံးတွေကို သုံးတာ သတိထားဦး။ မင်းရဲ့ကျင့်ကြံဆင့်က လုံလောက်အောင် မြင့်မှ စွမ်းအင်ကို စုပ်ယူတာ အကောင်းဆုံးပဲ”

“ဝိညာဉ်ဓားတစ်လက် မင်းနဲ့ ရှိနေတာက မင်းရဲ့ကျင့်ကြံခြင်းကို ပိုပြီး ချောမွေ့စေလိမ့်မယ်”

သူ၏စကားကို ကြားလျှင် ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။

“အစ်ကိုပြောမှ သတိရတယ်… ကျုပ် ဓားကို သွားကြည့်လိုက်ဦးမယ်”

“ဝိညာဉ်အဆင့်ဓားတစ်လက်… ဘယ်လောက်ရှားပါးလိုက်သလဲ”

ဝိညာဉ်ကျောက်တုံးများကို ကိုင်ကာ ဟန်မူယဲ့သည် ဓားစံအိမ်ထဲမှ သူ့အခန်းထဲကို ဝင်လာသည်။

ဟွမ်လောင်လျှိုက စိုးရိမ်စွာ ကြည့်နေသော လုကောအား ပြောသည်။

“ကျင့်ကြံခြင်းနည်းစနစ်တစ်ခု မြန်မြန်သွားရှာလိုက်…”

ထို့နောက် သူက အသံကို နှိမ့်ကာ ပြောသည်။

“မင်း နည်းစနစ်ကို ရလာရင် ညီလေးဟန်ဆီမှာ သွားပြီး အကြံဉာဏ်တောင်းလိုက်… သူ့ထိုးထွင်းနားလည်နိုင်စွမ်းက အရမ်းမြင့်တယ်…”

All Chapters