← Chapters

ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် တစ်

Vol. 4 Ch. 55

ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် တစ်

Vol. 4 Ch. 55

အချိန်အတော် ကြာပြီးသည့်နောက်တွင် မိုဝူကျီသည် ရုတ်တရက် မျက်လုံးဖွင့် လိုက်သည်။ သူ့လှည့်ပတ်မှုကား ပိတ်ဆို့မှုနှင့် ကြုံတွေ့နေသည်ကို ခံစားမိလိုက်ကာ ချိုးဖျက်ဖို့ရန် နည်းလမ်းမရှိချေ။ ရေးသားထားသည်က ဝိညာဉ် စွမ်းအားသည် ခန္ဓာအတွင်းမှ ဝိညာဉ် လမ်းကြောင်းတွေဆီ ပြည့်နှက်လာပါက ပထမအဆင့် ပြီးဆုံးသည်ဟု ဆိုထား၏။ မိုဝူကျီသည် သူခန္ဓာ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအား များဖြင့် ပြည့်နေကြောင်း ခံစားမိလိုက်၏။ သူသည် ဝိညာဉ် လမ်းကြောင်းများ အစား ချီသွေးကြောများကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ဤသည်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်များလား။ မိုဝူကျီသည် ဆီချေးနံ့ အနည်းငယ် ရလိုက်၍ သူ့လက်ကို အံ့ဩတကြီး စမ်းမိလိုက်သည်။

မိုဝူကျီသည် ထိုသည်က ခန္ဓာကိုယ်အတွင်းမှု အညစ်ကြေးအနံ့ ဖြစ်ကြောင်း နားလည် သဘောပေါက်လိုက်၏။

သူသည် အမှန်တကယ်ပင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်သို့ ရောက်ရှိကာ ပိတ်ဆို့မှုနှုင့် ကြုံတွေ့ခဲ့ရ၏။ သို့သော်လည်း မိုဝူကျီကား အဘယ်ကြောင့် ပိတ်ဆို့မှုနှင့် ကြုံတွေ့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်၏။ အကြောင်းကား သူ မလေ့ကျင့်နိုင်၍ မဟုတ်ဘဲ ဖြစ်စဉ်များသည် အလွန် မြန်လွန်း၍သာ ဖြစ်၏။ သူ့၏ ချီသွေးကြော သုံးခုလုံးတွင် ပြည့်နေသောကြောင့် ပိတ်ဆို့မှု ဖြစ်လာခြင်း ဖြစ်လေ၏။

ကျင့်ကြံသူများသည် ထိုပိတ်ဆို့မှုကို ကျော်လွှားရန် ဝိညာဉ် လမ်းကြောင်းများ ထပ်ဖွင့်နိုင်ရန် လိုအပ်လေ၏။ သူ့အတွက် သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးများကို ထပ်ဖော်စပ်ရန်နှင့် ချီသွေးကြောများကို ဖွင့်ရန် လျှပ်စီးအရင်းမြစ်ကို ရှာရန်လည်း လိုအပ်သေး၏။ ချီသွေးကြောများ များလာခြင်းသည် ပို၍ တိုးတက်လာလိမ့်မည်။

“ဟားဟား ... ” မိုဝူကျီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ကျင့်ကြံခြင်းကား ငွေပမာဏ များစွာ မလိုအပ်ပေ။ ထိုသည်က ရိုးရှင်းလှ၏။ သူသည် ဆာလောင် နေသော်လည်း လှုပ်ရှား၍ မရနိုင်တော့သည့် အထိ ဆာလောင်ခြင်း မဟုတ်ပေ။ သူသည် တစ်ရက်တာမျှသာ ကျင့်ကြံရသေး၏။ တစ်ရက်အတွင်း သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်သို့ ရောက်ရှိခဲ့လေ၏။ အခြားသော အရာများက သူ့အား ထိုမျှ ပျော်ရွှင်မှု ဆောင်ယူလာမည်နည်း ...

မိုဝူကျီသည် အညစ်ကြေးများကို ဆေးကြောရန် ရေချိုးခန်းသို့ အပြေးအလွှား သွားလိုက်သည်။ အဝတ်အစားအသစ် လဲလှယ်ပြီးနောက် သူ့တစ်ကိုယ်လုံးသည် လန်းဆန်း သွားလေသည်။ ထိုအခိုက်အတန့်တွင် သူသည် နွားတစ်ကောင်လုံးကိုပင် စားနိုင်လောက်သည်။ သူက ဗိုက်ဆာ နေသော်လည်း ခန္ဓာနှင့် စိတ်နှစ်မျိုးလုံးတွင် ပေါ့ပါးလန်းဆန်း နေလေ၏။

သူသည် ခြေလှမ်း အသာလှမ်းရုံမျှဖြင့် ခရီးဝေးသို့ သွားနိုင်လောက်သည်။ ထိုသည်က ဟန်နင် ပြောဖူးသည့် “ပေါ့ပါးခြေလှမ်း” ဖြစ်နိုင်၏။ သူ့ခန္ဓာကိုယ်သည် ပေါ့ပါး သွက်လက်နေ၏။

သူ့နည်းလမ်းသည် သမာရိုးကျ ကျင့်ကြံသူများနှင့် ခြားနားသော်လည်း မိုဝူကျီသည် ထိုကျင့်ကြံခြင်း လမ်းပေါ်တွင် လှမ်းရန် ဆုံးဖြတ်လိုက်လေသည်။

အမှန်ပင် ထိုနာမည်ကျော်နှင့် ထိုက်တန်ပေ၏။ ယခုတွင် တခြားတစ်ယောက်က သူ့အား အဆင့်မြင့် ကျင့်စဉ် အလကား ပေးလျှင်ပင် မိုဝူကျီသည် လက်ခံမည် မဟုတ်။

ခဏ ... ထိုအရာသည် သူ့အား အင်မော်တယ် ရလဒ်ကို ရရှိအောင် ကူညီနိုင်သော်လည်း လူများစွာသည် အဘယ်ကြောင့် အမှိုက်ကဲ့သို့ ယူဆကြသနည်း ...

ဖြစ်နိုင်သည်က သူသည် ဝိညာဉ် လမ်းကြောင်းများ မဟုတ်ဘဲ ချီသွေးကြောကို ဖွင့်ခဲ့သည်ကြောင့်လား ...

ချီသွေးကြောနှင့် ဝိညာဉ် လမ်းကြောင်း ခြားနားချက်သည် ဘာများလဲ ...

မိုဝူကျီသည် နားမလည်ပေ။ ထို့ကြောင့် စိတ်တွင်း၌သာ သိမ်းဆည်း ထားလိုက်လေသည်။ သူသည် နောက်ကွယ်က သီအိုရီများကို နားမလည်သော်ငြား အနာဂတ်တွင် နားလည်နိုင်သေး၏။

သူသည် တံခါးကို ဖွင့်လိုက်သောအခါ မိုဝူကျီသည် ရှန်းလျဲ့က သူ့အား အခန်းတွင်း အကြာကြီး အောင်းနေရခြင်း အကြောင်းကို မေးလိမ့်မည်ဟု ထင်ခဲ့၏။ သို့သော်လည်း ရှန်းလျဲ့ကား အပြင်ဘက်တွင် ရှိတောင် ရှိမနေချေ။ မိုဝူကျီသည် နှာခေါင်းကို ရှက်ရှက်ဖြင့် ပွတ်လိုက်ပြီး အတွေးလွန် နေကြောင်း မိမိဘာသာ အပြစ်တင်လိုက်၏။

နွေဦး နတ်ဘုရားဖွင့်ပွဲ ညီလာခံသို့ ရောက်ရှိရန် တစ်လကျော် လိုသေး၏။ သူသည် ထိုမတိုင်ခင် ပါဝင်ပစ္စည်းများကို ဝယ်ယူပြီး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်ရန် လိုအပ်၏။

သူတွင် သေမျိုး ဝိညာဉ်ကြောသာ ရှိသော်လည်း သူသည် အမြန်နှုန်းဖြင့် ကျင့်ကြံနိုင်၏။ သူ့ချီသွေးကြော သုံးခု ဖွင့်လိုက်ခြင်းသည် အမှန်တကယ်ပင် ချို့တဲ့နေသေး၏။ အကယ်၍ သူသည် ပို၍ မြန်မြန် တိုးတက်ချင်လျှင် ချီသွေးကြောများများ ဖွင့်ရန် လိုအပ်လေသည်။

“ရှင် ထွက်သွားတော့ မှာလား ... ” မိုဝူကျီ ထွက်သွားမည့် ဆဲဆဲတွင် ရှန်းလျဲ့က ညာဘက်အခန်းမှ တံခါးဖွင့်လာကာ ပြောလိုက်၏။

မိုဝူကျီသည် တစ်ရက် နှစ်ရက်လောက် ကျင့်ကြံခဲ့ခြင်း ဖြစ်ရမည်။ ရှန်းလျဲ့သည်လည်း တူညီစွာ ကျင့်ကြံလာခြင်း များလား ...

“ဟုတ်ပါတယ် ... ကျွန်တော် ဝယ်စရာတချို့ ရှိသေးလို့ ... ” မိုတူကျီသည် ဆေးဖော်စပ်ရန် လိုအပ်သည်များ ဝယ်ယူရန် ပိုက်ဆံများများ လိုအပ်ကြောင်း သတိဝင်သွား၏။ ထို့အပြင် ဤနေရာကား ချန်ယွီထက်ပင် ဈေးကြီးလှ၏။

“ကျွန်တော့်ကို ပိုက်ဆံချေးလို့ ရမလား ... သေချာပေါက် လက်ကျန် အကုန်ပြန်ပေးပါ့မယ် ... ” သူ့ကျင့်ကြံခြင်းပင် ဆွေးနွေးပြောဆိုခဲ့သည့် အတွက် ပိုက်ဆံ ချေးငှားရန် ရှက်ရန်အကြောင်း မရှိတော့ချေ။

ရှန်းလျဲ့ကား မိုဝူကျီကား စိုက်ကြည့်လိုက်ပြီး

“အခန်းအတွက် ပေးတဲ့ ပိုက်ဆံကို ငြင်းခဲ့တာ မဟုတ်ဘူးလား ... ”

မိုဝူကျီသည် လက်ပြလိုက်ကာ

“ပုံမှန်ဆိုရင် အဲဒီပိုက်ဆံ မတောင်းပါဘူး ... အခုက ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ လိုအပ်နေလို့ပါ ... ကျွန်တော့်မှာ ရှိတာနဲ့ မလောက်မှာစိုးလို့ ... တကယ်လို့ ပိုက်ဆံ မသုံးဖြစ်ဘူးဆိုရင် ပြန်ပေးပါ့မယ် ... ”

ရုတ်တရက် ရှန်းလျဲ့ မျက်နှာသည် နီရဲလာပြီး တီးတိုး ပြောလိုက်သည်။

“အဲဒါက ... အခု ပိုက်ဆံမရှိဘူး ... ဒါပေမဲ့ နွေဦး နတ်ဘုရားဖွင့်ပွဲ ညီလာခံ ရောက်တာနဲ့ ရှင့်ကို ပေးမယ် ... ”

မိုဝူကျီသည် ရှန်းလျဲ့အား မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်လိုက်ပြီး

“မင်းမှာ ပိုက်ဆံမရှိဘူးလား ... အရင်က မင်းပေးမယ် ပြောခဲ့တာက အလိမ်ကြီးလား ... ”

ရှန်းလျဲ့သည် မျက်နှာတင်မက လည်ပင်းအထိပါ နီရဲလာပြီး အနေရခက်စွာ ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို အရေးကြီးတဲ့ အခြေခံတွေ သင်ပေးထားတယ်လေ ... အဲဒါက ငှားရမ်းခထက် ပိုလုံလောက် နေပါပြီ ... ”

မိုဝူကျီသည် ထိုအမျိုးသမီး ပြောသည့် ငှားရမ်းခ ပေးချေသည့် စကားလုံးများကို သေချာနားလည်သွား၏။ အကယ်၍ သူသည် ငှားရမ်းခ တောင်းခံခဲ့လျှင် သူမသည် တခြား ဆင်ခြေ ပေးမည် ဖြစ်၏။

သူမ၏ အလိမ်အညာကို သိရှိခံလိုက်ရပြီးနောက် ရှန်းလျဲ့သည် ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။

“ကျွန်မ ပိုက်ဆံပြတ်သွားလို့ ကျွန်မ ဒီက ထွက်လာလိုက်ရတာ ... ကျွန်မ ... ”

ရှန်းလျဲ့သည် အမှန်ကို ပြောနေခြင်း ဖြစ်၏။ သူမသည် ဟိုတယ်အခန်းတွင် နှစ်ခန်းရှိကြောင်း သိ၍ ပြန်လာခြင်း ဖြစ်၏။ သူမသည် လက်ရှိဧည့်သည်နှင့် ညှိနှိုင်းကာ နွေဦး နတ်ဘုရားဖွင့်ပွဲ ညီလာခံကျ နှစ်ဆတိုးပေးရန် ကြံရွယ်ထား၏။

မိုဝူကျီ၏ ကျင့်ကြံခြင်း အဆင်မပြေမှုများကို မြင်ကာ သူမသည် အခြေခံကျင့်ကြံခြင်း အကြောင်းအား သင်ကြားပေးခဲ့၏။ အကယ်၍ မိုဝူကျီတွင် အသိတရား ရှိလျှင် သူသည် ငှားရမ်းခ မတောင်းလောက်ချေ။

သို့သော် လက်တွေ့တွင် ဖြစ်လာသည်က မျှော်လင့် ထားသည်များနှင့် ကွဲပြားလှ၏။ မိုဝူကျီသည် ငှားရမ်းခ မတောင်းခံကာ သူမကို ကျေးဇူးအရမ်း တင်နေလေ၏။ သို့သော် သူမသည် မိုဝူကျီက သူမဆီမှ ပိုက်ဆံချေးငှား လိမ့်မည်ဟု ထင်မထားခဲ့ချေ။ အကယ်၍ သူမသည် ဤသို့ ဖြစ်လာမှန်း သိလာပါက သူမသည် တံခါးကို ဖွင့်မည် မဟုတ်။

သို့သော် သူမတွင် တခြား ရွေးချယ်စရာ မရှိပေ။ သူမသည်လည်း ဆာလောင်မှုကို သည်းမခံနိုင်တော့ချေ။

“ဂွီ ဂွီ ... ” ရှန်းလျဲ့ အစာအိမ်မှ ကျယ်လောင်စွာ အချက်ပြလာ၏။ မိုဝူကျီသည် ဘုမသိဘမသိ အောက်သို့ ကြည့်လိုက်မိသည်။

ရှန်းလျဲ့ မျက်နှာ တစ်ခုလုံးကား နှင်းဆီနီကဲ့သို့ နီမြန်းနေလေ၏။ သူမသည် အစာမစားရသည်မှာ ဤအခန်းသို့ စဝင်စဉ်မှ ဖြစ်၏။ သူမသည် မိုဝူကျီတံခါးကို အာရုံစိုက်ထားလေ၏။ ဖွင့်လိုက်သည့် အခိုက်အတန့်တွင် မိုဝူကျီသည် သေချာပေါက် အစာစားရန် ဖြစ်မှာ သေချာကာ သူမသည် အလကား စားရဖို့ မျှော်လင့်မိ၏။

“ထမင်းစားဖို့တောင် ပိုက်ဆံ မရှိတော့ဘူးလား ... ” မိုဝူကျီသည် ပြောစရာမဲ့ကာ ကိုယ့်နဖူးသာ ရိုက်မိလိုက်သည်။ ထိုသည်က အစာစားရန် ပိုက်ဆံမရှိသည့် အမျိုးသမီးကို ပထမဆုံး တွေ့ဖူးတာ ဖြစ်၏။ အကယ်၍ သူမအခြေအနေသည် သူနှင့်ယန်အာ ကဲ့သို့ ဖြစ်နေခဲ့လျှင် ပုံမှန်ဖြစ်သော်ငြား သူမသည် ထျန်းလော် ဟိုတယ်ရှိ ထိုအခန်းတွင် နေထိုင်ခဲ့သူ ဖြစ်သည့်အတွက် သူမသည် ထိုမျှ ဆင်းရဲလောက်ခြင်း မဖြစ်နိုင်ပေ။ သူမသည် ပိုက်ဆံများကို မသိမသာ သုံးမိသွားခြင်းသာ ဖြစ်ရမည်။

ရှန်းလျဲ့သည် ပို၍ အနေရခက်လာပြီး သူမသည် ခေါင်းကိုမော့ကာ တဲ့တိုးသာ ပြောလိုက်၏။

“ဟုတ်တယ် ... ကွန်မမှာ ပိုက်ဆံမရှိဘူး ... ပြီးတော့ အစာစားဖို ရှင့်နောက်ကို လိုက်ဖို့ ရည်ရွယ်ထားတာ ... တကယ်လို့ ရှင်က ပိုက်ဆံချေးမယ် ဆိုရင် ရှင့်ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဘယ်မေးခွန်းကို မဆို ဖြေပေးမယ် ... ”

မိုဝူကျီသည် အားနာပါးနာ ပြောလိုက်သည်။

“လာလာ ... အရင် သွားစားကြရအောင် ... ” သူသည် ရှန်းလျဲ့ဆီမှ ပိုက်ဆံချေးရန် ကြံရွယ် ထားသော်လည်း သူက ချေးရမည့်သူ ဖြစ်သွား၏။ သူမကို အစားပင် လိုက်ကျွေးရဦးမည်။ ဒါက ဘယ်လို သဘောတရားများလဲ ... လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ အမှန်ပဲကိုး ...

“စိတ်အေး လက်အေးနေပါ ... နှစ်ဆ ပြန်ပေးမှာပါ ... ” ထျန်းလော် ဟိုတယ်က ထွက်လာသည်နှင့် မိုဝူကျီတွင် စိတ်ပူနေသည့် အရိပ်အယောင်ကို မြင်၍ ပြောလိုက်သည်။ သူမသည် မိုဝူကျီက ပိုက်ဆံကိစ္စ စိတ်ပူနေသည်ဟု ထင်မှတ်ကာ အရင်ဖျောင်းဖျ လိုက်လေသည်။

မိုဝူကျီသည် လက်ပြလိုက်ကာ

“စိတ်မပူပါနဲ့ ... ဒါက ပိုက်ဆံ နည်းနည်လေးပါ ... ”

သူစိတ်ပူနေသည်က သူ့၏ ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးဖော်စပ်ရန် ဖြစ်၏။ ပို၍ အရေးကြီးသည်က သည် ချီသွေးကြောကို ဖွင့်လို့ရမည့် နေရာကို ရှာရန် စိတ်ပူပင်နေခြင်း ဖြစ်၏။ ထို့အပြင် သူ့ချီ သွေးကြောများကို ဖွင့်ရန် လျှပ်စီး လိုအပ်လေ၏။

“စိတ်ထဲမှာ တစ်ခုခု ရှိနေပုံပဲ ... ” ရှန်းလျဲ့က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

မိုဝူကျီသည် ပြန်ဖြေဖို့ပင် စိတ်မပါဘဲ အနီးအနားရှိ စားသောက်ဆိုင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဒီမှာ စားကြစို့ ... ဒါပြီးရင် လုပ်စရာ ရှိသေးတယ် ... ”

***

All Chapters