← Chapters

ဝေနေယျသက်ရှိသတ္တဝါအားလုံး သစ္စာခံခြင်း

Vol. 113 Ch. 1576

ဝေနေယျသက်ရှိသတ္တဝါအားလုံး သစ္စာခံခြင်း

Vol. 113 Ch. 1576

နတ်ဘုရားခြေလှမ်းခုနစ်လှမ်း

၎င်းသည် ခြေတစ်လှမ်းလှမ်းတိုင်း အင်အားဆထက်တိုးစေသော မှော်အတတ်တစ်ခုဖြစ်ပြီး နတ်ဆိုးလောကမှ အရင်းခံ၏။ ယခုတွင် မန်ဟိုက ၎င်းကို တန်ခိုးရှင်စွမ်းအားဖြင့် အားဖြည့်ကာ မှော်အတတ်အား စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သောအဆင့်တစ်ဆင့်သို့ ရောက်ရှိသွားစေသည်။

ဤဖြစ်ရပ်တွင် ၎င်းသည် မိုးကောင်းကင်နှင့် မြေကြီးကို ချေမှုန်းဖျက်စီးပစ်နိုင်သော အရာဟုဆိုလျှင် ချဲ့ကားရာရောက်မည်မဟုတ်ပေ။ မန်ဟိုကား ထိုအတိုင်းပင် မိုးကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးနေချေပြီ။

ဝုန်းးးးးးးးးးးးးးး

ခုနစ်လှမ်းမြောက်လှမ်းပြီးသောအခါ လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖန်ဆင်းထားသော နတ်ဆိုးကုန်းမြေဘီလူးကြီးမှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။ ထို့နောက် ၎င်း၏ခေါင်းသည် ကျောက်တုံးကျောက်ခဲများအဖြစ် ပေါက်ကွဲကြေမွကာ အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

ထို့နောက် ၎င်း၏လည်ပင်း၊ ခန္ဓာကိုယ်၊ လက်မောင်းများနှင့် ခြေထောက်များ.... အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များကို ကြောက်ဒူးတုန်စေနိုင်သော ဤဘီလူးကြီးမှာ တဝုန်းဝုန်းပေါက်ကွဲပျက်စီးသွားသဖြင့် တုန်ခါလှိုင်းတစ်လှိုင်းက ကြယ်တာရာကောင်းကင်တစ်လျှောက် လိမ့်ထွက်သွားတော့သည်။

“ထွက်လာပြီး တိုက်စမ်း လောကပါလနတ်မင်း” မန်ဟိုက အင်္ကျီလက်စကို ခါလျက် ဧရာမလေဆင်နှာမောင်းကြီးတစ်လုံးအား ဖန်ဆင်းရင်း ပြောသည်။

သူ့အသံသည် သိပ်မကျယ်။ သို့သော် ကြီးမြတ်သောမှော်ဥပဒေတစ်ရပ် ပါရှိနေသည့်အလား အံ့ဖွယ်တန်ခိုးဖြင့် ဟိန်းထွက်သွားသည်။ တိုက်ခိုက်နေသော သက်ရှိသတ္တဝါများမှာ အသံလှိုင်းဖြင့် ရိုက်ခတ်ခံလိုက်ရကာ ချက်ချင်း သွေးအန်၍ စုတ်ပြတ်သပ်ပျက်စီးကုန်ကြသည်။ အစအနပင် မကျန်ခဲ့ပေ။

ကြယ်တာရာကောင်းကင်တစ်ခုလုံး လှုပ်ခတ်နေပြီး မရေမတွက်နိုင်သော ဂြိုဟ်တာရာများ တသိမ့်သိမ့်တုန်နေသည်။ မြေထုများ ကြေမွသွားပြီး ဥက္ကာခဲများ ဖုန်ဖြစ်ကုန်သည်။ ဆန်းကြယ်အိတ်လောကများ၊ ဝဲများ၊ ကမ္ဘာများအားလုံး မန်ဟို့အသံကြောင့် သွက်သွက်ခါ တုန်ရီနေကြလေသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုကား အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ အမှန်တကယ် တန်ခိုးအာဏာအကြီးမားဆုံး ဖြစ်တည်မှု ဖြစ်လာခဲ့လေပြီ။ သူသည် လောကပါလနတ်မင်းအား တိုက်ခိုက်ဖို့ ဤကြယ်တာရာကောင်းကင်၏ စိတ်ဆန္ဒအား စိန်ခေါ်နေ၏....

သို့သော် ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒကား မန်ဟို့ကို တုံ့ပြန်လိုစိတ်ရှိဟန်မတူ။ သူ့စကားများကို တုံ့ပြန်သည့်အနေဖြင့် ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါများ၏စိတ်ထဲတွင် သွေးအေးအေးအသံတစ်သံက စကားပြောသည်။

သတ်ပစ်၊ တစ်ယောက်မကျန် သတ်ပစ်။ ဘယ်သူမှ အရှင်မထားနဲ့

ကြယ်တာရာကောင်းကင်တစ်ခုလုံး သွေးချောင်းစီးအောင် သတ်ကြ။ အသက်ရှိတဲ့အရာတွေ မကျန်ခဲ့ရင်တောင်မှ မင်းတို့ သတ်ကိုသတ်ရမယ်

လောကပါလနတ်မင်းအတွက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ မည်သည့်သက်ရှိသတ္တဝါမှ အရေးမပါပေ။ မန်ဟို၏ခြိမ်းခြောက်မှုသာ အရေးပါသည်။ လောကပါလနတ်မင်းအနေဖြင့် တုံ့ပြန်ရုံမှတစ်ပါး၊ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိသည်သာ။

နှစ်ယောက်ချင်းထိပ်တိုက်တိုက်ပွဲ မဖြစ်ပွားခင် အာကာပြင်ကျယ်စကြဝဠာမှ သက်ရှိများ၏သေကြေပျက်စီးမှုက မန်ဟို၏ဟာကွက်ကို ဖော်ထုတ်ပေးနိုင်လျှင် လောကပါလနတ်မင်းအတွက် တန်မည်။ လောကပါလနတ်မင်းသည် မန်ဟို၏အနှစ်သာရကို အကဲခတ်ချင်၏။ မန်ဟို၏တာအိုကို နားလည်ချင်၏။ မန်ဟို၏မှော်အတတ်များကို မှတ်ထားချင်၏။ မန်ဟို့ကို နှံ့နှံ့စပ်စပ်နားလည်မှ သူ့ကို တိုက်ခိုက်ရာတွင် လောကပါလနတ်မင်းအနေဖြင့် ယုံကြည်ချက်ရှိနိုင်မည်မဟုတ်လော။

လာနေသော သက်ရှိဖြစ်တည်မှုများက ရူးမိုက်နီရဲနေသည့်မျက်လုံးများဖြင့် မည်းမည်းမြင်ရာ သတ်ဖြတ်နေရာ .... ရက်ရက်စက်စက် တိုက်သံခိုက်သံများ ချက်ချင်း ဆူညံလာတော့သည်။ အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာ ထိုမျှအင်အားကြီးကို သူတို့ဘာသာ မတောင့်ခံနိုင်သဖြင့် တဖြည်းဖြည်း နောက်ဆုတ်နေရလေသည်။ ရန်သူစစ်တပ်ကြီးကား ... အင်မတန်အင်အားများပြားလွန်း၏။

များလွန်း၍ ဖော်ပြဖို့ရန် မဖြစ်နိုင်ပေ။ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ သက်ရှိဖြစ်တည်မှုအားလုံး စစ်ချီတက်လာနေသည့်အလား ထင်ရသည်။

မရေမတွက်နိုင်သော ပါရာဂွန်များ၊ အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များကို မြင်ရနိုင်သည်။ သူတို့အားလုံးသည် ဒဏ်ရာများကို အဖက်မလုပ်သည်သာမက ခန္ဓာဖောက်ခွဲပစ်ကြရင်း အသည်းအသန် ကမူးရှူးထိုး တိုက်ခိုက်နေကြ၏။

မန်ဟိုက ဖြစ်ပျက်နေသောအရာအား ကြည့်ကာ မျက်လုံးမှိတ်လိုက်သည်။ သို့သော် ယင်းက အသက်တစ်ရှိုက်မျှသာ ကြာလိုက်လေသည်။ သူ့မျက်လုံးများသည် ပြန်ပွင့်လာပြီး သွေးအေးရက်စက်စွာ တောက်ပနေ၏။ သူက ရှေ့တစ်လှမ်းလှမ်းကာ ရုတ်တရက် စစ်မြေပြင်၏အနောက်ခြမ်းတွင် ပေါ်လာသည်။ သူ ဆင်းသက်လာသည်ကို မြင်လိုက်ရသည့် ထိုနေရာရှိ သက်ရှိအားလုံးမှာ နှလုံးသား၏အနက်ရှိုင်းဆုံးထဲမှနေ၍ ကြောက်လန့်တုန်ရီလာကြတော့သည်။

“ငါ၏နာမတော်တန်ခိုးကြောင့် ဤပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါအားလုံး ချိတ်ပိတ်ခံရစေသား” ထို့နောက် သူသည် ညာလက်ကို ဆန့်ထုတ်၍ အောက်ဖိချလိုက်၏။ အသံရှည်ဆွဲဟိန်းဟောက်လိုက်သံကဲ့သို့ အသံတစ်သံ ထွက်လာသည်။ သဘာဝနိယာမများ အတင်းအကြပ် ပြောင်းလဲခံလိုက်ရပြီး မှော်ဥပဒေများ ဖယ်ရှားခံလိုက်ရ၏။ သဘာဝနိယာမများနှင့် မှော်ဥပဒေများ ပြောင်းလဲသွားခြင်းကြောင့် ကျင့်ကြံခြင်းအခြေခံများနှင့် အသက်ဓာတ်များ ဖောက်ပြန်ကုန်သဖြင့် သက်ရှိဖြစ်တည်မှုအားလုံးမှာ တဆတ်ဆတ် တုန်ရီလာကြတော့သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် ပျက်စီးစပြုလာကြပြီး သူတို့၏အသက်ဓာတ်များ မှေးမှိန်သွားကြ၏။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ဖြစ်တည်မှုများ အလောင်းဖြစ်ကုန်ကြလေသည်။

ကြယ်တာရာကောင်းကင်ထဲ၌ အလောင်းပေါင်းများစွာ လွင့်မျောနေစဉ် အသက်ရှိသူဟူ၍ မန်ဟိုတစ်ယောက်တည်းသာ ရှိသည်။ မန်ဟိုသည် ခံစားချက်များရှုပ်ထွေးနေသည့်တိုင် နောင်တမရပေ။ သူက ကျန်အရပ်မျက်နှာသုံးမျက်နှာရှိ သက်ရှိသတ္တဝါများအား ‌အေးစက်စွာ လှမ်းကြည့်လိုက်သည်။

အထိတ်တလန့် ပင့်သက်ရှိုက်သံများ ထွက်လာသော်လည်း လောကပါလနတ်မင်း၏စိတ်ဆန္ဒက သူတို့အား ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်တွန်းနေလေသည်။ သို့ပင်ငြား ဤသတ္တဝါတို့သည် တန်ခိုးအရာ၌ အထွတ်မြတ်ဆုံးသော ဖြစ်တည်မှုကို ရင်ဆိုင်နေရသည်ဖြစ်ရာ လှုပ်ပင်မလှုပ်နိုင်တော့သလို၊ ကြောက်စိတ်များပြည့်နေကြ၏။

“ငါ့နာမည်ကို တိုင်တည်ပြီး ငါ့ကို ဒူးထောက်တဲ့သူတွေ၊ ငါ့ကို သစ္စာခံတဲ့သူတွေပဲ ဒီကြယ်တာရာကောင်းကင်အတွင်းမှာ ဆက်လက်တည်ရှိနိုင်မယ်

“အာခံတဲ့သူတွေအားလုံး လောကပါလနတ်မင်းနဲ့အတူ သေရမယ်” အလောင်းပေါင်းများစွာဖြင့် ဝန်းရံလျက် ပျံဝဲနေသော မန်ဟို၏အသွင်အပြင်က သူ၏စကားလုံးများအား ပို၍ထိတ်လန့်တုန်လှုပ်စရာကောင်းသွားစေသည်။

သက်ရှိဖြစ်တည်မှုများ မှင်သက်တုန်လှုပ်နေကြသည့်အချိန်မှာပဲ လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် သူတို့ကို ပိုမိုဖိအားပေးနေ၏။ ၎င်းက သက်ရှိအားလုံးကို တဆတ်ဆတ် တုန်လာစေသည့်တိုင်အောင် ဟိန်းဟောက်ကြိမ်းမောင်းနေလေသည်။ သူတို့မှာ မျက်ထောင့်နီကြီးများဖြင့် နောက်တစ်ကြိမ် စတင်တိုက်ခိုက်ကြ၏။ တစ်ချိန်တည်းမှာပင် အဝေး၌ ပို၍ပင်များပြားသောသတ္တဝါများ ပေါ်လာသည်။

မန်ဟိုက မျက်မှောင်ကြုတ်ရင်း အေးစက်စက်နှာမှုတ်သည်။ သူသည် သတ်ဖြတ်လိုစိတ်တို့ တဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် နောက်တစ်လှမ်းလှမ်းလိုက်ပြီး တစ်ဆက်တည်းမှာပင် သူ့အသံက ရေခဲတမျှအေးစက်စွာ ထွက်လာ၏။

“ငါ မန်ဟို အမိန့်ထုတ်ပြန်တယ်။ အခုစကပြီး အသင်တို့ရဲ့ ကျင့်ကြံနိုင်ခွင့်တွေ ပျောက်ဆုံးသွားစေသား၊ အသက်တို့ရဲ့အသက်မီးတောက်တို့ ချုပ်ငြိမ်းသွားစေသား” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်သည် တုန်ရီပြိုကွဲစပြုလာ၏။ ပတ်ပတ်လည်ရှိ အပြင်သူများမှာ သူတို့၏သွေးထဲရှိ ကျင့်ကြံအားထုတ်စေနိုင်သော ဂုဏ်သတ္တိများပျောက်ကွယ်သွားဖြင့် သွေးအန်လိုက်ကြရလေသည်။

သူတို့၏အသက်မီးတောက်များလည်း ငြိမ်းသွားကြသည်။ သွေးများ အရပ်လေးမျက်နှာသို့ စီးဆင်းသွားပြီးနောက်ဆုံးတော့ အလောင်းများသာ ကျန်ခဲ့တော့သည်။

မန်ဟိုက အာကာပြင်ကျယ်စကြဝဠာ၏ သက်ရှိသတ္တဝါများကို ကြည့်ရင်း ပျံဝဲနေသည်။ သူသည် ညာလက်ကိုသာ မြှောက်လိုက်ရင်း ဘာမှမပြောပေ။ ကြည့်ရသ‌ရွေ့ သူ့လက်ကို နှိမ့်လိုက်ရုံနှင့် ဖြစ်တည်မှုအားလုံး ဖယ်ရှားခံလိုက်ရမည့်အလားပင်။

ယင်းကား တန်ခိုးရှင်အဆင့်၏ မယုံနိုင်လောက်အောင်ကြီးမားသော ဩဇာအာဏာပင်။ ရှိရှိသမျှဖြစ်တည်မှုအားလုံး စိတ်ပိုင်းဆိုင်ရာပြိုလဲကုန်ကြသည်။ လောကပါလနတ်မင်းစိတ်ဆန္ဒ တိုက်တွန်းနေသည့်တိုင် သူတို့သည် ကြောက်လန့်တုန်ရီနေကြပြီး ယခုလေးတင် မြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ်အရာများကို မမေ့ဖျောက်နိုင်ပေ။

မည်သူ ပထမဆုံးလုပ်လိုက်သလဲ မသိသော်လည်း အာကာပြင်ကျယ်စကြဝဠာ၏ သက်ရှိသတ္တဝါတစ်ကောင်ပြီးတစ်ကောင် ဒူးထောက်ကုန်ကြသည်။

“သစ္စာခံပါတယ်....”

“သစ္စာခံပါတယ်....”

“သစ္စာခံပါတယ်....” အနီးအဝေးမှ အသံပေါင်းများစွာ ပဲ့တင်ထပ်လာတော့သည်။

ဖြစ်တည်မှုအားလုံး သစ္စာခံနေကြချေပြီ။

မန်ဟိုက သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ကြယ်တာရာ‌ကောင်းကင်ထဲ၌ ပျံဝဲနေတော့သည်။

“လောကပါလနတ်မင်း၊ အခုချက်ချင်း မင်းသောက်မျက်နှာကို ပြစမ်း” သူက အော်ဟစ်လိုက်သည်။

All Chapters