သွေးဆက်၏ဇစ်မြစ်ကို ဖြတ်တောက်ခြင်း
Vol. 113 Ch. 1577
သက်ရှိဖြစ်တည်မှုအားလုံး သစ္စာခံကြသည်။ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ သက်ရှိဖြစ်တည်မှုအားလုံးသည် မန်ဟို့ကို ဒူးထောက်ခစား၍ မန်ဟိုကား လောကပါလနတ်မင်းအား စိန်ခေါ်နိုင်သည့် အဆင့်အတန်းတွင်ရှိကြောင်း သက်သေတည်နေကြ၏။
အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများလည်း မန်ဟို့အပေါ် လေးစားကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လျက် ဒူးထောက်အရိုအသေပေးနေကြသည်။ ဂိုဏ်းချုပ်နှင့်အခြားသူများတွင်လည်း တူညီသောခံစားချက်များ ရှိကြသည်။
“မိုးကောင်းကင်တွေ .... ပြောင်းလဲတော့မယ်” ဂိုဏ်းချုပ်သည် မျက်လုံးများလင်းလက်နေလျက် တွေးလိုက်၏။
ဤအခိုက်တွင် အေးစက်စက်နှာမှုတ်သံတစ်သံ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ၎င်းကား နေရာတိုင်း၊ သက်ရှိတိုင်း၊ ဂြိုဟ်တိုင်း၊ မြေထုတိုင်း၊ ဝဲတိုင်း၊ ဖုန်မှုန့်တိုင်းမှ လာနေသယောင်ပင်။
အသံနှင့်စည်းချက်ညီစွာ .... ကြယ်တာရာကောင်းကင်၏ သဘာဝနိယာမများနှင့် မှော်ဥပဒေများလည်း တွန့်လိမ်ပုံပျက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း အလင်းများသည် အရပ်မျက်နှာတစ်ခွင်မှ စတင်စီးဖြာလာပြီး မန်ဟို့အရှေ့၌ လူတစ်ယောက်၏အသွင် ဖြစ်လာ၏။
ထိုလူသည် အလွန်တရာကြီးမားလှသည်။ ကြယ်တာရာကောင်းကင်က ၎င်း၏ခန္ဓာကိုယ်၊ ဂြိုဟ်များက ၎င်း၏မျက်လုံးများ၊ ကမ္ဘာများက ၎င်း၏အရိုးများ ဖြစ်နေသည့်အလားပင်။ ကျင့်ကြံသူတိုင်း သွေးအန်၍ သိသိသာသာ တုန်ရီလာသည်။ မန်ဟို့ဆံပင်များသည် တလွင့်လွင့် ပျံလွင့်နေကာ သူ့အဝတ်စလည်း လှုပ်ခတ်နေ၏။ မကြာမီ သူ့အရှေ့ရှိ လူမှာ မီတာသုံးသောင်းသာ မြင့်မားတော့သည်။ ထို့နောက် မီတာသုံးဆယ်။ ထိုလူ တစတစကျုံ့လာသည်နှင့်အမျှ သူ၏မျက်နှာသွင်ပြင်များလည်း ထင်ရှားလာသည်။
၎င်းကား ..... လူငယ်တစ်ဦးပင်။
သူသည် ကြယ်တာရာကောင်းကင်တစ်ခုဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ၏ဆံပင်ရှည်များက လူးလွန့်နေပြီး သူ့မျက်ခုံးများက ထောင့်ကျကျနှင့် ထက်မြက်သောသဘောကို ဆောင်သည်။ သူသည် ပြစ်မျိုးမှဲ့မထင် အနှိုင်းမဲ့အတိုင်းအတာအထိ ချောမောပြီး သူ့ဆီမှ အရှိန်အဝါအရ ဖြစ်တည်မှုအားလုံး၏ အရှင်သခင်အလား ထင်ရ၏။
သူ့အကြည့်အောက်ဝယ် သက်ရှိအားလုံး ပဆစ်တုတ်ဦးခိုက်ကာ ခေါင်းပင်မော့ကြရဲမည်မဟုတ်ပေ။
သို့ထိတိုင် မန်ဟိုသည် ဤလူငယ်ကို ကြည့်လိုက်သောအခါ ... သေခြင်းအခိုးအငွေ့ ခပ်ရိပ်ရိပ်ကို ခံစားလိုက်ရ၏။
ဤလူကား ... လောကပါလနတ်မင်းမှတစ်ပါး အခြားသူမဟုတ်ပေ။
မှန်သည်၊ လောကပါလနတ်မင်း၏ ကိုယ်အစစ်တော့မဟုတ်၊ ကိုယ်ပွားတစ်ကိုယ်ပင်။ လောကပါလနတ်မင်း၏ ကိုယ်အစစ်သည် အာကာပြင်ကျယ်စကြဝဠာအထဲသို့ အမှန်တကယ် ဝင်ရောက်လာနိုင်ခြင်းမရှိ၍ အာကာပြင်ကျယ်၏အပြင်၌ တည်ရှိသည်။ သို့ထိတိုင် ဤလောကပါလနတ်မင်းကိုယ်ပွားသည် တန်ခိုးအရာ၌ သူ၏ကိုယ်အစစ်နီးနီး တန်ခိုးကြီး၏။ လောကပါလနတ်မင်း၏ အင်အားအကြီးဆုံးကိုယ်ပွား၊ ကိုယ်အစစ်နှင့် ဘယ်တော့မှ ခွဲခြားမရသည့် ဖြစ်တည်မှု ဆိုရလိမ့်မည်။
လောကပါလနတ်မင်း၏ကိုယ်ပွားမှာ ဤမျှမြန်မြန် ကိုယ်ထင်ပြဖို့ စိတ်မကူးခဲ့ပေ။ သူသည် ရှိသမျှနည်းလမ်းပေါင်းစုံကို သုံးခဲ့သော်ငြား မန်ဟို့အား ဘာမှမလုပ်နိုင်ဖြစ်ခဲ့၏။ ထို့ကြောင့် ကိုယ်ထင်ပြခဲ့လေသည်။
လောကပါလနတ်မင်း၏ကိုယ်ပွားအတွက် မန်ဟိုနှင့် အပြင်းထန်ဆုံးတိုက်ပွဲကို ဆင်နွှဲဖို့ အချိန်ရောက်လာခဲ့လေပြီ။
အကောင်းဆုံးရလဒ်ကတော့ သူ ဤတိုက်ပွဲကို အနိုင်ရခြင်းပင်။ သို့သော် ရှုံးသွားလျှင်တောင်မှ ... သူ့ကိုယ်အစစ်အတွက် အလွန်အထောက်အကူဖြစ်မည့် အချက်အလက်များကို တွေ့ရှိလိမ့်မည်။ သူ၏ကိုယ်အစစ် နောက်ပိုင်းပို၍အားနည်းသွားခဲ့လျှင်တောင်မှ ... အဆိုပါအချက်အလက်များက အနိုင်ရမည့် အခွင့်အရေးကို ပေးလိမ့်ဦးမည်။
“မင်း ဒီအဆင့်အထိ ရောက်မလာခဲ့သင့်ဘူး” လောကပါလနတ်မင်း၏ကိုယ်ပွားက ရှေးကျသောအသံဖြင့် ပြောသည်။
မန်ဟိုသည် မျက်လုံးများ နက်နဲစွာတောက်ပနေလျက် လူငယ်ကို ကြည့်ကာ ပြော၏။ “ငါ မင်းကို ဘယ်တုန်းကမှ လိုက်ရှာပြီး မတိုက်ခိုက်ခဲ့ဖူးဘူး။ မင်းကတော့ ငါ့ကို အမြဲအကွက်ချအကောက်ကြံခဲ့တယ်။ အခု ငါ တန်ခိုးရှင်အဆင့် တက်ခဲ့ပြီ။ ဒီတိုက်ပွဲကို သေခြင်းရှင်ခြင်းတိုက်ပွဲအထိ ဖိအားပေးစရာမလိုဘူး။ အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်က မင်းရဲ့ကိုယ်အစစ်ကို ငါ လျစ်လျူရှုထားနိုင်တယ် လောကပါလနတ်မင်း။ ဒါပေမဲ့ အာကာပြင်ကျယ်စကြဝဠာအတွင်းမှာတော့ ငါ့ခေါင်းပေါ်မှာ တခြားကောင်းကင်တွေ ရှိနေတာ မလိုချင်ဘူး”
“မင်း တည်ရှိနေတဲ့ တစ်ခုတည်းသောအကြောင်းရင်းက ငါ အသက်ရှင်နိုင်အောင်လို့ပဲ” ကိုယ်ပွားက ခေါင်းခါရင်း ပြောသည်။ “မင်း ငါ့ကို လာမရှာခဲ့ရင်တောင်မှ ငါ မင်းကို ရှာခဲ့ဦးမှာ။ ငါတို့နှစ်ယောက်ကြားမှာ ဒီလိုဖြစ်လာရမယ့် ကံပါခဲ့ပြီးသား... ဒါ့အပြင် ငါတို့နှစ်ယောက်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်တယ်။ မင်း ငါ့ကို အစားထိုးရင်ထိုး၊ မထိုးရင် ငါ မင်းကို စားပစ်မှာ”
လောကပါလနတ်မင်း၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေသည့်တိုင် အနက်ရှိုင်းဆုံးထဲတွင် အမှတ်တရပေါင်းများစွာပြည့်နှက်နေသော အထီးကျန်မှုရှိနေ၏။ “ဒီလိုဖြစ်မလာခဲ့သင့်ဘူး။ မင်း ဒီအဆင့်အထိ ဘယ်တော့မှ ရောက်မလာခဲ့သင့်ဘူး။ မင်းဟာ ငါ ပြန်မွေးဖွားဖို့အတွက် အစာပဲ ဖြစ်ခဲ့သင့်တာ” သူက သက်ပြင်းချလျက် ညာလက်အား ဆန့်တန်းကာ မန်ဟို့အား လက်ညှိုးထိုးလိုက်သည်။
“ဒါပေမဲ့ မင်းက ဒီအမြင့်အထိ တက်လာမှတော့ ဒီကမောက်ကမဖြစ်ရပ်အားလုံးအတွက် ငါ အမိန့်ထုတ်ပြန်မယ်။ ဒီကမ္ဘာလောကထဲမှာ ပေါ်ပေါက်လာခဲ့တဲ့ မိစ္ဆာအားလုံးဟာ ငါ့သွေးဆက်အပေါ် အခြေခံပြီး ကျင့်ကြံအားထုတ်ကြတယ်
“ငါ၏ လောကပါလနတ်မင်းရဲ့သွေးကြောင့် အသင်လူသား ပြစ်ဒဏ်သင့်စေသား” စကားလုံးများ လောကပါလနတ်မင်း၏နှုတ်မှ ထွက်သွားလျှင်ချင်း မန်ဟို့တစ်ကိုယ်လုံး တုန်ရီလာပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ထိန်းမနိုင်သိမ်းမရ ဆူပွက်လာသည်။
သူ၏သွေးကြောများ၊ အရိုးများ၊ အသားနှင့် အရာအားလုံးသည် လောကပါလမျိုးနွယ်စုတစ်စုမှ လာ၏။ သူက လောကပါလနတ်မင်းသွေးဆက်တစ်ဆက် ဖြစ်၍ လောကပါလအင်မော်တယ်တစ်ဦးလည်း ဖြစ်သည်။ ထိုအရာအားလုံးကြောင့် လောကပါလနတ်မင်း၏ကိုယ်ပွား လက်ချောင်းလေးတစ်ချက် ဝှေ့ယမ်းလိုက်မှုကြောင့် ထိုအရာအားလုံး ပေါက်ကွဲကုန်လေသည်။
မန်ဟို၏မွေးညှင်းပေါက်များမှ သွေးများစိမ့်ထွက်လာသဖြင့် သူ၏အဝတ်အစားများ ချက်ချင်း နီစွေးသွားသည်။ သို့ထိတိုင် မန်ဟိုသည် မလှုပ်မယှက်သာ ပျံဝဲနေဆဲပင်။
“ငါ့သွေးဆက်ကို နောက်ကြောင်းပြန်လိုက်,လိုက်ရင် တကယ်ပဲ မင်းဆီက အရင်းခံတယ်။ ဒါပေမဲ့ ငါ အနန္တတန်ခိုးရှင်အဖြစ် ရောက်ရှိတဲ့အချိန်မှာ တန်ခိုးရှင်အဆင့်တက်သွားတာက ငါ့အပြင်အားကိုယ်တစ်ခုတည်းမဟုတ်ဘူး။ ငါ့ဝိညာဉ်ရော ... ငါ့သွေးရော တက်သွားခဲ့တယ်” ဤအခိုက်အတန့်တွင် သူ့သွေးများ၏ ဆူပွက်မှုက အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားလေပြီ။ တစ်ချိန်တည်းမှာပင် သူ့အနောက် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။ စစချင်း ၎င်းသည် ဝေဝါးနေသော်လည်း လျင်မြန်စွာ ထင်ရှားလာရာ မကြာခင် မန်ဟို၏ ဧရာမပုံရိပ်ကြီးဖြစ်ကြောင်း သိသာလာတော့၏။
မန်ဟို၏ပုံရိပ်ကား ဘုရားတစ်ပါးသဖွယ် ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေလေသည်။ သူ၏ခန္ဓာကိုယ်မှာ သံကြိုးအမျိုးမျိုး၊ အချုပ်အနှောင်အမျိုးမျိုးဖြင့် ဖုံးလွှမ်းခံထားရသော်သည်း သူ ပေါ်လာသည့်အချိန်မှာပဲ ထိုအချုပ်အနှောင်အားလုံးသည် ပျက်စီးပြိုကွဲစပြုလာ၏။
သံကြိုးများနှင့်အချုပ်အနှောင်များ ပျက်စီးနေစဉ် ၎င်းတို့က လောကပါလနတ်မင်း၏ကိုယ်ပွားနှင့် တစ်နည်းနည်းဆက်သွယ်နေကြောင်း ပေါ်လွင်ပေသည်။
“ငါ့သွေး တန်ခိုးရှင်အဆင့်တက်တုန်းက အဲဒီအထဲမှာ ခပ်ရေးရေးဆက်သွယ်မှုလေးတစ်ခု ရှိနေသေးတာ ငါ ပြောနိုင်ခဲ့တယ်။ ဒါကြောင့် မင်းကို ကိုယ်တိုင်တွေ့ပြီး မင်းနဲ့ငါ့ကို ဆက်သွယ်နေတဲ့ အရာမှန်သမျှ အရှင်းဖြတ်တောက်ပစ်ဖို့ ဒီတစ်ချိန်လုံး ငါ စောင့်နေခဲ့တာ”
မန်ဟို၏မျက်လုံးများ လင်းလက်စူးရှလျက်ရှိသည်။ သူက ညာလက်ကို မြှောက်၍ သူ့အရှေ့အား ခုတ်ပိုင်းချလိုက်လေသည်။
ထိုခုတ်ပိုင်းမှုက ကြယ်တာရာကောင်းကင်အား ထက်မြနေသောဓားတစ်လက်သဖွယ် ဖြစ်လာစေသည်။ ဓားသည် မိုးကောင်းကင်၏အရောင်အဝါတို့ဖြင့် ကွန့်မြူးတောက်ပနေလျက် မန်ဟိုနှင့် လောကပါလနတ်မင်း၏ကိုယ်ပွားအကြားရှိ အာကာသအား ခုတ်ပိုင်းချလိုက်၏။
ထိုအခိုက်အတန့်တွင် သူ့အနောက်ရှိ ဧရာမအရိပ်ကြီးအား တုပ်နှောင်ထားသော သံကြိုးအားလုံး တချွင်ချွင်မြည်လာသည်။ ထို့နောက် ၎င်းတို့သည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကုန်၏။
မန်ဟို့အနောက်ရှိ ဧရာမအရိပ်ကြီးက နှစ်ဖက်လုံးအား ဘေးသို့ ဖြန့်ကားလိုက်သည်။ သံကြိုးများ၊ အချုပ်အနှောင်များ ပျက်စီးနေသဖြင့် တခွမ်းခွမ်းကွဲကြေသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် ဧရာမအရိပ်ကြီးသည် အတားအဆီးအားလုံးမှ လွတ်မြောက်သွားသကဲ့သို့ ပို၍ကြီးမားလာလေသည်။
ဤသည်ကား စစ်မှန်သော လွတ်လပ်မှုပင်။
လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုသည် မန်ဟို၏တာအိုပင် ဖြစ်၏။ ဤအချိန်တွင် သူကား လောကပါလနတ်မင်းနှင့် ဆက်သွယ်ပတ်သက်မှုအားလုံးကို ဖြတ်တောက်ရှင်းလင်းနိုင်ခဲ့လေပြီ။ ဤအခိုက်အတန့်တွင် သူ၏တာအိုသည် အမြင့်ဆုံးအမြင့်အထိ မြင့်တက်နေတော့၏။
ယခုမှစ၍ သူကား ... သူအစစ် ဖြစ်သွားခဲ့ပြီ။ သူ့သွေး၏ဇစ်မြစ် ဖြတ်တောက်ခံလိုက်ရကာ စစ်မှန်သောလွတ်လပ်မှုအား ဆောင်ကြဉ်းနိုင်ခဲ့ပြီဖြစ်ချေသည်။