ပင်လယ်သို့ ထွက်ခွာခြင်း
Vol. 5 Ch. 58
“အစ်ကို ကျန်းရီက အမှန်တကယ်ကို စိတ်လွတ် ကိုယ်လွတ်သမားပဲ ...” တင်းဘူအာသည် ယွန်ကျန်းရီ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော နောက်ကျောကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။။
“ဘူအာ ... ငါ ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကို အမဲလိုက်သွားမလို့ ... ငါ့နေရာမှာ နေပြီး စောင့်နေလေ ... ပြီးရင် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံကို အတူတူ သွားကြတာပေါ့ ... ” မိုဝူကျီသည် တင်းဘူအာက ဟန်နင်ဆီမှ ထွက်လာပြီး နောက်ပိုင်းတွင် နေစရာ မရှိလောက်ကြောင်း ခန့်မှန်းမိ၍ သူ့နေရာအား တင်းဘူအာကို ပေးလိုက်၏။
တင်းဘူအာက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်ပြီး
“ဝူကျီ ... မင်းလဲ လျှပ်စီး မိကျောင်းတွေက ဘယ်လောက်တောင် သန်မာပြီးတော့ အန္တရာယ်များတယ် ဆိုတာ သိရဲသားနဲ့ ... ဘာလို့ သေဖို့ရာ စိတ်အား ထက်သန်နေတာလဲ. ...”
မိုဝူကျီသည် ယွန်ကျန်းရီ ထွက်သွားသည့် နေရာကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“ကျန်းရီလဲ သူ့အိပ်မက်နဲ့သူ ရှိတယ် ငါလဲ ငါ့ဖြစ်ချင်တာ ရှိတယ် ... ဝိညာဉ်ကြော မရှိရင်တောင် ငါက ငါ့နည်းငါ့ဟန်နဲ့ လမ်းကြောင်းထွင်မှာ ... မင်းလဲ ငါက လျှပ်စီး ခံနိုင်ရည်အား ကောင်းတယ်ဆိုတာ သိပါတယ် ... ပြီးတော့ အရင်က လျှပ်စီးမိကျောင်း နှစ်ကောင်တောင် သတ်နိုင်ခဲ့တယ်လေ ... ဒါက အန္တရာယ်များမှန်း သိပေမဲ့ ရွေးစရာမရှိဘူးကွာ ... တကယ်လို့ ငါအသက်ရှင်လျက် ပြန်မရောက်လာရင် မင်းလုပ်ချင်တာသာ လုပ်တော့ကွာ. ...”
တင်းဘူအာသည် တုန်လှုပ်မှုအစား နောင်တတရားတို့ ကြီးစိုးလျက် လက်သီးကို ဆုပ်ထားလိုက်သည်။။ သူ့ဘေးမှ ယွန်ကျန်းရီနှင့် မိုဝူကျီတို့ နှစ်ယောက်လုံးတွင် ထိုသို့သော ရည်မှန်းချက်ကိုယ်စီ ရှိနေချိန်တွင် သူသည် မည်သို့ အချိန်ဖြုန်းနေသနည်း ...
“ဝူကျီ ... ငါလဲ မင်းနောက် လိုက်ခဲ့မယ် ... တကယ်လို့ မင်းက လျှပ်စီးမိကျောင်းကို သတ်နိုင်ခဲ့ရင် ငါက အဲဒီကနေ အဖိုးတန်ပစ္စည်းတွေကို မင်းကိုကူပြီးတော့ သိမ်းပေးမယ်” တင်းဘူအာသည် ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်လိုက်လေသည်။
လေးစားမှု မရှိသည့် ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံရမည့် အစား သူသည် အန္တရာယ်များနှင့် ပြည့်နေသော ဘဝတွင် နောင်တတရားတို့ မရှိဘဲ သေချင်၏။
ခဏနေပါဦး ... ဘယ်သူက သူတို့ကို သေမယ်လို့ ပြောလို့လဲ ...
“လျှပ်စီးမိကျောင်းကို အမဲလိုက်ဖို့ ငါတို့နဲ့ ပူးပေါင်းပါ့လား ... ” ဗလတောင့်တောင့် လူကြီးက အသံဩဩဖြင့် ပြောလိုက်သည်။။
ထိုခါးတုတ်တုတ်လူ၏ အရပ်သည် သေချာပေါက် နှစ်မီတာ ကျော်လိမ့်မည်။ ထိုဗလတောင့်တောင့်လူ နောက်တွင် ဆံပင်တိုတို အမျိုးသမီး တစ်ယောက်ကဲ့သို့ သေးသွယ်ကာ ပုတုတု အမျိုးသားတစ်ယောက် ရှိ၏။
“ခင်ဗျားတို့ သုံးယောက်က လျှပ်စီးမိကျောင်းကို အမဲလိုက်မှာပဲလား ... ” မိုဝူကျီသည် တိုက်ဆိုင်ခြင်းများကို မယုံကြည်သည့်အလျောက် သံသယဖြင့် မေးလိုက်သည်။။
ထိုဗလတောင့်တောင့် အမျိုးသားက ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
“မင်းတို့ စိုးရိမ်ဖို့ မလိုပါဘူး ... ငါတို့က လျှပ်စီးမိကျောင်းကို အမဲလိုက်မှာ မဟုတ်ဘူး ... ငါတို့သွားရမဲ့ လမ်းမှာ လျှပ်စီးမိကျောင်းတွေ ရှိနေတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အသုံးဝင်တာပေါ့. ...”
“ဘာရှာနေတာလဲ မေးလို့ရမလား...” မိုဝူကျီက တစ်ယောက်နှင့် တစ်ယောက် ကူညီကြလျှင် သူတို့၏အကြံကို သိရန် အရေးကြီးသောကြောင့် မေးလိုက်ခြင်း ဖြစ်၏။
“မင်းဆီက လျှို့ဝှက်စရာ မလိုပါဘူး ... ငါတို့က ပင်လယ်ကျားသစ်ပျံရဲ့ ဥကို သွားရှာကြမှာ ... အဲဒီဥတွေရဲ့ ဈေးနှုန်းက နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ နီးလာတာနဲ့အမျှ ဈေးက ထောင်တက်လာတာ. ... တကယ်လို့ ငါတို့ကံကောင်းရင် ဂိုဏ်းတစ်ခုမှာ အစေခံဖြစ်ခွင့်နဲ့ လဲလို့ ရလိမ့်မယ် ... ဘေးကို ကြည့်ကြည့် ထွက်လာတဲ့ အဖွဲ့တွေ အကုန်လုံးက ပင်လယ် ကျားသစ်ပျံရဲ့ ဥတွေရှာဖို့ ထွက်လာကြတာ. ...”
“ဘယ်လို ပင်လယ် သားရဲမျိုးလဲ ...” မိုဝူကျီသည် ထိုသားရဲများ အကြောင်း တော်တော်လေး ရောထွေးနေလေ၏။
ဗလတောင့်တောင့် အမျိုးသားသည် ပြန်ဖြေလိုက်ပြီး
“ဟားဟား ... တကယ်လို့ မင်းက လျှပ်စီးမိကျောင်း နှစ်ကောင်သတ်ခဲ့တာကို မကြားခဲ့ရင် မင်းအင်အားကို သံသယဖြစ်မိမှာပဲ ... ပင်လယ် ကျားသစ်ပျံက ပင်လယ်သားရဲ မဟုတ်ဘူး ... သားရဲထက် အဆင့်နိမ့်တယ် ဒါပေမဲ့ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်က ပျံသန်းနိုင်တာပဲ ... ကျင့်ကြံသူ အများစုက သူတို့ရဲ့ သယ်ယူ ပို့ဆောင်ရေးမှာ အသုံးပြုကြတယ် ... မင်းမှာ သူတို့ဥ ရှိသရွေ့ သူတို့ကို ထိန်းရလွယ်ကူ လာလိမ့်မယ် ... အဲဒါအပြင် ပင်လယ်ကျားသစ်ပျံက ကုန်းပေါ်ရော ရေထဲပါ လှုပ်ရှားသွားလာ နိုင်ကြတယ် ... ချန်လောင်ကမ်းခြေ တစ်လျှောက်မှာ ပုန်းကွယ်နေတဲ့ ပင်လယ် ကျားသစ်ပျံ အရိုင်းတွေ ရှိသေးတယ် ... သူတို့ရဲ တိုက်ခိုက်နှုန်းက လျှပ်စီးမိကျောင်းလောက် အားမကြီးဘူး ဒါပေမဲ့ စိတ်ရှုပ်စရာ ကောင်းတာက ပင်လယ် ကျားသစ်ပျံက လျှပ်စီးမိကျောင်းတွေ နေတဲ့နေရာ အနီးအနားမှာ နေတတ်ကြတာပဲ ... ... လျှပ်စီးမိကျောင်းတွေက အဝေး တိုက်ခိုက်မှုတွေမှာ အားကောင်းပြီးတော့ သူတို့ရဲ့လျှပ်စီး တိုက်ခိုက်မှုက ကာကွယ်ဖို့ ခက်ခဲတယ် ...”
မိုဝူကျီသည် သူ့စကားများကို ယုံကြည်သော်ငြား သူတို့သည် သူနှင့် တင်းဘူအာတို့ဖြင့် အဘယ်ကြောင့် အဖွဲ့ဖွဲ့လိုမှန်း အကြောင်းရင်းကို နားမလည်ပေ။ သူသည် လျှပ်စီးမိကျောင်း နှစ်ကောင်ကို သတ်ဖူးသည်ဟု ပြောခဲ့သော်လည်း သူ့ဘာနည်းလမ်းဖြင့် သတ်ခဲ့သည်ကို မည်သူက သိသနည်း ... သူတို့ သုံးယောက်လုံးသည် သူတို့က အင်အားကြီးသည်ဟု မည်သို့ အလွယ်တကူ ယုံကြည်သလဲ...
သို့သော်လည်း မိုဝူကျီက ထိုသူများနှင့် အဖွဲ့ဖွဲ့ခြင်းမှာ ဆုံးရှုံးနိုင်စရာ မရှိကြောင်း ထင်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ ... ခင်ဗျားတို့နဲ့ အခြေအနေတစ်ခု ညှိနှိုင်းစရာရှိတယ် ... တကယ်လို့ ကျွန်တော်တို့တွေ လျှပ်စီးမိကျောင်း တိုက်ခိုက်ခံရရင် အားလုံးက ကူညီပေးရမယ် ... ပြီးတော့ ကျွန်တော်တို့တွေ ဥတွေများများ တွေ့ခဲ့ရင် ခွဲတမ်းလိုချင်တယ် ...”
“ငါသဘောတူတယ် ... ငါ့နာမည်က ဂျီကွမ်း ... သူတို့က ငါ့အဖော်တွေ ဂေါင်ကျွမ်းနဲ့ စွန်းလီယင် ... မင်းတို့ ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ ... အဆင်သင့် ဖြစ်တာနဲ့ သွားလို့ရပြီ ...”
မိုဝူကျီသည် သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။
“အခုဘာလို့ မသွားတာလဲ ... ငါ့မှာ ဘာမှပြင်ဆင်စရာ မရှိဘူး ... ဒါနဲ့ ဒီခရီးက ဘယ်လောက်ကြာမှာလဲ ...”
ဂျီကွမ်းက ပြန်ဖြေလိုက်ပြီး
“ငါတို့က သတ္တမထောင့် ပင်လယ်ကိုရောက်ဖို့ အများဆုံး တစ်ရက်အချိန် ယူရမယ် ... ကံကောင်းရင် နှစ်ရက်လောက်နဲ့ ဥတွေတွေ့နိုင်မယ် ... မဟုတ်ရင်တော့ နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံစတဲ့ အထိ ရှာတွေ့မှာ မဟုတ်ဘူး. ... ဒါပေမဲ့ စိတ်မပူပါနဲ့ ငါတို့ သုံးယောက်လုံးက ညီလာခံကို သွားကြည့်ချင်သေးတာ ဆိုတော့ ဟိုမှာ အချိန်အကြာကြီး မဖြုန်းပါဘူး ... ”
ချန်လောင်မြို့တော်ဟု အမည်ရလာခြင်းမှာ ချန်လောင် ပင်လယ်နားတွင် တည်ရှိနေသောကြောင့် ဖြစ်၏။ ပင်လယ်မြို့တော် ဟု၍လည်း သိကြ၏။ ချန်လောင် ပင်လယ်သည် ကျယ်ပြောလှပြီး အန္တရာယ်များလှသည့် နေရာများက နယ်နိမိတ်မရှိချေ။ ချန်လောင်မြို့တော်နှင့် အနီးကပ်ဆုံး အန္တရာယ်ရှိလှသော နေရာကား သတ္တမထောင့် ပင်လယ်သာ ဖြစ်လေ၏။
သတ္တမထောင့် ပင်လယ်တွင် ပင်လယ်ချောက်ကြီး ခုနစ်ခုပါဝင်ပြီး ထိုကြားတွင် ပင်လယ် ဖြစ်ပေါ်နေခြင်း ဖြစ်၏။ ထိုသည်က ချန်လောင်နှင့် အနီးကပ်ဆုံး ပင်လယ် ကျားသစ်ပျံကို အများဆုံး တွေ့ရသော နေရာဖြစ်လေသည်။ လတ်တလောတွင် ဖမ်းမိသော ပင်လယ်ကျားသစ်ပျံ အရေအတွက်ကား ပို၍ များပြားလာလေသည်။ ထို့ကြောင့် သတ္တမထောင့် ပင်လယ်တွင် ပင်လယ် ကျားသစ်ပျံများကို သိပ်၍ မတွေ့ရတော့ချေ။ ပင်လယ် ကျားသစ်ပျံကို ဖမ်းဆီးရန် သူတို့သည် ပင်လယ်သို့ တစ်ရက်တာ ထွက်ရလိမ့်မည်။
မိုဝူကျီနှင့် သူ့အဖွဲ့သည် နေမဝင်ခင် ထွက်လာကြကာ သတ္တမထောင့် ပင်လယ်သို့ မနက်တွင် ရောက်ရှိလာကြသည်။
“ဒီမှာ လူတွေများသားပဲ ...” မိုဝူကျီသည် များပြားလှသော သားရဲလှည်းများနှင့် တချို့ သားရဲပျံများပင် ရပ်နားထားကြောင်း သတိပြုမိသောအခါ ပြောလိုက်သည်။။
ဂျီကွမ်းက ဆက်၍ ပြောလိုက်သည်။
“ဒီမှာ အများစုက ပင်လယ်ကျားသစ်ပျံ အတွက် ရောက်နေတာဆိုတော့ အားလုံး ဂရုတစိုက်နေကြပါ ... ငါတို့က ဒီကလူတွေနဲ့ ရှောင်တာ အကောင်းဆုံးပဲ ... အများစုက သူများရလာတဲ့ ဥတွေကို လုယက်တတ်ကြတယ် ... ငါတို့လဲ ဥရှာဖို့ ပင်လယ်ထဲ သွားချိန်တန်ပြီပဲ. ...”
“ပင်လယ်ထွက်ဖို့ ငါတို့မှာ လှေရှိတယ်မလား ... ငါတို့က လူအများကြီးနဲ့ သွားကြမှာလား ... ” နားမလည်သည့် တင်းဘူအာက ဂျီကွမ်းအား မေးလိုက်သည်။။
တိတ်ဆိတ်နေသည့် ဂေါင်ကျွမ်းက တင်းဘူအာကို လှောင်လိုက်ကာ ပြောလိုက်သည်။
“အားလုံးအတူတူ ထွက်မှတော့ ဥ ဘယ်လိုလုပ် ရတော့မှာလဲ ... ”
ဂျီကွမ်းက ထပ်ပြောလိုက်သည်။
“ဒီနားမှာ လှေဌားတာ ရှိပေမဲ့ ငါက လှေငှားဖို့ မရည်ရွယ်ထားဘူး ... ငါတို့က ကိုယ့်ဘာသာ ယူလာတာ ရှိတယ် ...”
ဂျီကွမ်းက သူ့အိတ်မှ အိတ်အကြီးကြီးကို ထုတ်ယူလိုက်ကာ မိုဝူကျီပင် အထဲက ဘယ်အရာဖြစ်မလဲဟု သိချင်နေမိ၏။
“ဘာကြီးလဲ...” တင်းဘူအာက မမေးဘဲ မနေနိုင်တော့ချေ။
မိုဝူကျီက ထိုသည်က လေထိုးနိုင်သည့် ရော်ဘာလှေ ဖြစ်ကြောင်း သိလိုက်၏။ သို့သော်လည်း ထိုအရာက သာမာန် ရော်ဘာလှေကဲ့သို့ မရိုးရှင်းချေ။
“ဒါက လေထိုးနိုင်တဲ့ ရော်ဘာလှေလေ ...” ဂျီကွမ်းက ဦးထုပ်ဆောင်း လိုက်ကာ ကိုယ့်ဘာသာ လေထိုးလိုက်၏။ စက္ကန့်အနည်းငယ် အတွင်း ရော်ဘာလှေသည် ခုနစ်မီတာ ရှည်လျားပြီး သုံးမီတာ ကျယ်ဝန်းသည့် အထိ ပြန့်လာလေသည်။
“ဒါက တော်တော် အဆင်ပြေတာပဲ ... ” တင်းဘူအာက အံ့ဩတကြီး ပြောလိုက်လေ၏။
မိုဝူကျီကား တိတ်တဆိတ်သာ နေလေ၏။ အကြောင်းမှာ သူသည် ထိုအရာက အန္တရာယ် များလွန်းကြောင်း သိ၏။ သူတို့သည် ပင်လယ်ထဲသို့ ထွက်ကာ သားရဲများနှင့် တွေ့သည်နှင့် ထိုအရာအား တစ်ကိုက်တည်းဖြင့် ဝါးမျိုပစ်လိမ့်မည်။ ထိုသည်က သူ၏ အဓိက ပူပင်ခြင်း မဟုတ်ပေ။ သူ့အဓိက ပူပင်မှုကား ထိုလှေပေါ်တွင် မော်တာမပါရှိခြင်း ဖြစ်၏။ ငါတို့တွေ ဘယ်လိုလုပ် ရွေ့နိုင်မှာလဲ ...
ဂျီကွမ်းသည် နောက်တစ်အိတ်မှ လှော်တက်များကို ထုတ်ယူလိုက်ကာ
“ညီလေးမိုက လွဲရင် ငါတို့လေးယောက်က တစ်ယောက် တစ်ချောင်းစီယူပြီး ငါတို့အမြန်နှုန်းနဲ့ နေမဝင်ခင် ရည်မှန်းထားတဲ့ နေရာ ရောက်အောင် သွားကြမယ် ... ဒီဒေသမှာ လျှပ်စီးမိကျောင်း တွေပဲရှိတာ တခြားသားရဲတွေ မရှိဘူး ... ”
သူ့စကားဆုံးသည်နှင့် အကြည့်သည် မိုဝူကျီအပေါ်တွင် ကျရောက်လာပြီး
“ညီလေးမို ... မင်းက လျှပ်စီးဒဏ်ခံနိုင်တယ် ဆိုတော့ ငါတို့ လျှပ်စီးမိကျောင်းတွေ ကနေ တိုက်ခိုက်ခံရရင် လျှပ်စီးတွေကို ကာပေးပါ ... တကယ်လို့ ငါတို့လေးယောက်သာ အားကုန်လှော်မယ် ဆိုရင် ငါတို့အဲဒီနေရာကို ကျော်သွားတာနဲ့ လျှပ်စီးမိကျောင်းတွေက နောက်က လိုက်မလာတော့ဘူး ...”
နောက်ဆုံးတွင် မိုဝူကျီသည် သူတို့က သူနှင့်တင်းဘူအာအား ကြည့်သည်နှင့် အားမကောင်းမှန်း သိလျက်နှင့် ခေါ်လာရသည့် အကြောင်းကို သဘောပေါက်သွား၏။ တင်းဘူအာနှင့် သူ့အား အဖွဲ့ထဲသို့ ပါလာခြင်းက သူတို့အတွက် လှော်ပေးမည့်လူ တစ်ယောက်နှင့် လျှပ်စီးမိကျောင်းမှ လျှပ်စီး ကာပေးမည့် လူတစ်ယောက် ရလာခြင်းသာ ဖြစ်လေ၏။
***