← Chapters

နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံ

Vol. 5 Ch. 62

နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံ

Vol. 5 Ch. 62

အပြန်ခရီးကား အရမ်းကို တိတ်ဆိတ်လှ၏။ သူတို့သည် လျှပ်စီးမိကျောင်းနှင့် မဆုံတွေ့သောကြောင့် မိုဝူကျီအား စိတ်ဓာတ် အနည်းငယ် ကျသွားစေ၏။ သူ့တွင် ဆေးပုလင်း ခုနစ်ပုလင်း လက်ဝယ် ကျန်ရှိသေး၏။ အကယ်၍ သူတို့သာ လျှပ်စီးမိကျောင်းနှင့် ဆုံတွေ့ခဲ့ပါက သူသည် ချီသွေးကြော ၃၀ ခုထိ ဖွင့်နိုင်ရန် မျှော်မှန်းထား၏။

နှစ်ရက်အကြာတွင် မိုဝူကျီနှင့် တင်းဘူအာတို့သည် ထျန်းလော် ဟိုတယ်သို့ ပြန်ရောက်လာကြ၏။ သူတို့ ပြန်ရောက်သည့် အခါ ရှန်းလျဲ့ကို မတွေ့သေးချေ။ မိုဝူကျီသည် ကျင့်ကြံရန် ရှိပြီး ရှန်းလျဲ့ကား အင်မော်တယ် ဖြစ်သည့်အတွက် တင်းဘူအာသည် ဧည့်ခန်းတွင် နေထိုင်ရန် ဆုံးဖြတ် လိုက်လေသည်။

မိုဝူကျီက တင်းဘူအာ အား ဟိုဟိုဒီဒီ လိုက်မပြနိုင်ချေ။ သူသည် ချီသွေးကြော ၂၇ခုကို ဖွင့်ပြီးခါစ ဖြစ်သည့်အတွက် ကျင့်ကြံရန် အချိန်ပိုလိုအပ်လေ၏။

မိုဝူကျီက ဝိညာဉ် စွမ်းအားများကို စုပ်ယူ၍ ခန္ဓာကိုယ်အတွင်း စတင် လှည့်ပတ်သောအခါ သူသည် အံ့ဩတကြီး ဖြစ်သွားလေသည်။ သူသည် ဝိညာဉ် စွမ်းအားများကို မည်မျှပင် စုပ်ယူစေကာမူ ပင်လယ်ထဲသို့ ကျရောက်လာသည့် ရေစက်ပမာ ဖြစ်နေကာ သူ့ကျင့်ကြံခြင်းတွင် အတားအဆီး သို့မဟုတ် ပိတ်ဆို့မှုလည်း ရှိမနေချေ။ ဝိညာဉ် လမ်းကြောင်း အဆင့်တစ်သို့ ရောက်ရှိရန် ကျင့်ကြံစဉ်က သူသည် အတားအဆီး ပိတ်ဆို့မှုကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သို့သော်လည်း သူ၏ ၂၇ခုသော ချီသွေးကြောများနှင့် စွမ်းအားများကို စုပ်ယူ၍ ဆက်တိုက် ကျင့်ကြံပါက သူ့ချီသွေးကြော များသည် ဝိညာဉ် စွမ်းအားများကို သယ်ဆောင် ထားနိုင်မည့် စွမ်းအင် ရှိလာမည်ဟု ခံစားမိလေ၏။

သူသည် စွမ်းအားများကို ဆက်တိုက် စုပ်ယူသောကြောင့် သူကျင့်ကြံခြင်းကား အဆက်မပြတ် တိုးတက်လာလေ၏။ မိုဝူကျီက ကျင့်ကြံခြင်းတွင် ပါရမီရှင်များကို မတွေ့ဖူးသော်လည်း ထိုပါရမီရှင်များပင် စွမ်းအားများကို သူကဲ့သို့ မြန်မြန် မစုပ်ယူနိုင် လောက်ချေ။ သူ့ချီသွေးကြော ၂၇ခုသည် ကျယ်ပြန့်လာပြီး သူလွတ်လပ်စွာ ကူးနိုင်သည့် ပင်လယ်သဖွယ် ဖြစ်လာလေသည်။

မိုဝူကျီက ပျော်ရွှင်မှုကို ချိုးနှိမ် ထားလိုက်သည်။။ သူ့အတွက် ချီသွေးကြောများသည် ဝိညာဉ် လမ်းကြောင်းများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ အရေးမပါတော့ပေ။ သူ၏ မြန်ဆန်လှသည့် ကျင့်ကြံနှုန်းနှင့် ဝိညာဉ်ကြော ပါရှိသော ပါရမီရှင်များပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ချေ။

နှစ်ရက်တာသည် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားလေသည်။ မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်၏ ထိပ်ဆုံးသို့ ရောက်ရှိနေလေပြီ။ သူသည် ဝိညာဉ်လမ်းကြောင်း အဆင့်နှစ်သို့ တက်လှမ်းခါနီးတွင် ရပ်တန့်လိုက်ခြင်း ဖြစ်လေ၏။

ထိုသည်က သူ၏ ချီသွေးကြောများ ကန့်သတ်ချက်ကြောင့် မဟုတ်ပေ။ အတွေ့အကြုံ မရှိ၍သာ ဖြစ်လေ၏။ သူသည် ပြန်ပြင်ဆင်၍ မရနိုင်သော အမှားကို ပြုလုပ်ကာ မှားယွင်းစွာ အဆင့် မတက်လိုပေ။ ပို၍ အရေးကြီးသည်ကား နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံ စတင်တော့မည် ဖြစ်၏။ ထိုအဆင့်တက် ချိုးဖျက်မှုက မည်မျှ ကြာမည်ကို မသိနိုင်ချေ။

မိုဝူကျီက သူ့အခန်းမှ ထွက်လာသောအခါ ရှန်းလျဲ့က တင်းဘူအာကို မျက်လုံး အဝိုင်းသားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ မိုဝူကျီ ထွက်လာသည်ကို သတိ ပြုမိသောကြောင့် ရှန်းလျဲ့က မျက်မှောင်ကြုတ်ကာ ချက်ချင်း မေးလိုက်သည်။

“မိုဝူကျီ ... သူက ဘယ်သူလဲ ... ”

“သူက ကျွန်တော့် မိတ်ဆွေ ... ခင်ဗျားအခန်းက အစက သူ့အတွက် ရည်ရွယ် ထားတာလေ ... ဒါပေမဲ့ ခင်ဗျားမှာ သွားစရာမရှိတော့ ခင်ဗျားကို အရင်သုံးခိုင်းဖို့ ဆုံးဖြတ်လိုက်တာ ... တင်းဘူအာ ရောက်လာတဲ့ အခါကျ သူက ခင်ဗျားအခန်းကို မယူဘူး ငြင်းနေလို့ အခု သူက ဧည့်ခန်းမှာ ခဏနေလိမ့်မယ် ... ”

မိုဝူကျီ စကားများ ဆုံးသွားသောအခါ မူလက အပြစ်တင်နေသော ရှန်းလျဲ့ကား ပြောစရာ မဲ့သွားလေ၏။

အနည်းငယ်သော အပြစ်ရှိစိတ်ဖြင့် ရှန်းလျဲ့ကား မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

“နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံက ဖွင့်တော့မယ် ... ရှင်လည်း ကံစမ်းကြည့်ဖို့ လာခေါ်တာ ... ”

တင်းဘူအာကား မိုဝူကျီ၏ စကားများကို စိတ်ထဲတွင် ချီးကျူးထောပနာ ပြုနေလေသည်။ ရှန်းလျဲ့စကားများ ကြားသောအခါ တင်းဘူအာ၏ အကြည့်က သူမအပေါ် ရောက်ရှိလာလေသည်။

အရင်က သူသည် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံသို့ သွားရောက်ရန် အားတက်သရော ဖြစ်မနေခဲ့ပေ။ သို့သော် သူ့တွင် ပင်လယ် ကျားသစ်ပျံဥ ရရှိပြီးပြီ ဖြစ်၍ ကောင်းကောင်း အသုံးချနိုင်ပါက သူသည် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် ကျောင်းတော် တစ်ခုသို့ ဝင်ရောက်နိုင်လိမ့်မည်။ အစေခံတပည့် အဖြစ် လက်ခံခြင်း ခံရရင်ပင် အံ့ဩဖွယ် ဖြစ်နေပြီ ဖြစ်၏။

ထို့အပြင် မိုဝူကျီတွင် သေမျိုး ဝိညာဉ်ကြော ရှိသော်လည်း ကျင့်ကြံနိုင်၏။ ထို့ကြောင့် သူလည်း ကျင့်ကြံနိုင်လောက်၏။

“သွားကြစို့ ... ငါ ဒီကိုလာတဲ့ အကြောင်းရင်းက နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံအတွက်ပဲ ... ”  မိုဝူကျီက အလောတကြီး ပြောလိုက်သည်။။

သူက သူ့အခြေအနေသူ နားလည်လေသည်။ သူ ကျင့်ကြံနှုန်းကား ပါရမီများထက် မဆိုးလှပေ။ သို့သော် သေမျိုး ဝိညာဉ်ကြော ရှိသူ တစ်ယောက် အနေနှင့် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံတွင် အသိမှတ်ပြု တပည့် ဖြစ်လာရန် မဖြစ်နိုင်လောက်ပေ။

သို့သော်လည်း မိုဝူကျီသည် စိတ်မရှိပေ။ သူ့အတွက် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အစေခံ တစ်နေရာစာ ရရှိထားပြီးပြီ ဖြစ်၏။ သူ့အဓိက ရည်ရွယ်ချက်ကား ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ပြီး အင်မော်တယ်များနှင့် အဆက်သွယ် ရရန်သာ ဖြစ်၏။ သူ နားမလည်နိုင်သည့် အရာများ ရှိတိုင်း မေး၍ ရနိုင်မည့် လူတစ်ယောက်ရှိရင် ကျေနပ်လှ၏။

မိုဝူကျီသည် ချန်လောက်က မည်မျှကြီးမား ကျယ်ဝန်းကြောင်း မသိရှိသေးပေ။ သူအနေနှင့် ချန်လောင်သည် ရှင်းဟန် အင်ပါယာ၏ မြို့တော် ဖြစ်ကြောင်းနှင့် ရှင်းဟန် အင်ပါယာတွင် အကြီးမားဆုံး မြို့ဖြစ်ကြောင်းသာ သိလေသည်။ ချန်လောင်တွင်‌ နေထိုင်သည့် လများတွင် သူသည် များများမလေ့လာ ဖြစ်ခဲ့ပေ။ ထို့ကြောင့် တော်ဝင် နန်းတော်ပင် မည်သည့် နေရာတွင် တည်ရှိကြောင်း မသိရှိချေ။

ရှန်းလျဲ့နောက်မှ လိုက်ပါ လာပြီးနောက် မိုဝူကျီသည် ချန်လောင်မြို့ ကြီးမား ကျယ်ပြန့်ကြောင်း သိရှိလာ၏။ ချန်လောင်မြို့ နေရာကျယ် အတွင်းတွင် လူများနှင့် ပြည့်နှက်နေလေ၏။ မိုဝူကျီနှင့် ရှန်းလျဲ့တို့သည် တော်တော်လေး နောက်ကျနေ၍ ဘေးမှသာ မြင်တွေ့နိုင်လေသည်။

မြို့အတွင်းတွင် အလွန်တရာ ကြီးမားသော စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော စင်မြင့် ရှိ၏။ လူသွားလမ်း အလယ်တွင် ခုနစ်မီတာ ရှည်လျားသော ကျောက်တိုင် တည်ရှိ၏။ မိုဝူကျီသည် ထိုအရာနှင့် ရင်းနှီးလှကာ ထိုသည်ကား ဝိညာဉ်ကြောများကို စမ်းသပ်ရာတွင် အသုံးပြုသော အရာ ဖြစ်လေသည်။

ကျောက်တိုင်ဘေးတွင် ဂိုဏ်းများ၊ ကျောင်းတော်များမှ တည်ဆောက် ထားသော စင်မြင့် ဆယ်ခုရှိနေ၏။ ဂိုဏ်းနာမည်ကို စင်ထိပ်တွင် ရေးထွင်း ထားလေ၏။ ဂိုဏ်းကြီးတွေသည် ပို၍ ကျယ်ဝန်းသော နေရာရှိကာ ကြီးကျယ် ခမ်းနားသောပုံစံ တည်ဆောက် ထားလေ၏။ ဥပမာအားဖြင့် ကောင်းကင် ဘုရားကျောင်း နာမည်ကား အလွန်အမင်း မျက်စိထဲ ထင်းနေကာ အခြားသော ဂိုဏ်းများ၏ နာမည်ထက် အဆများစွာ ပိုကြီးမားလေသည်။

မိုဝူကျီ မျက်လုံးထဲတွင် ထိုကဲ့သို့သော လူသစ် ခေါ်ယူမှုသည် တရားမျှတလေသည်။ ကြီးမားသော လုပ်ငန်းစုများနှင့် လုပ်ငန်း အသေးစားများကို ရှင်းရှင်းလင်းလင်း သိနိုင်၏။

စင်၏ အစွန်းတွင် များစွာသော ဂိုဏ်းလမ်းညွှန်များ ရှိ၏။ သို့သော်လည်း ထိုဂိုဏ်းများသည် အစေခံတပည့် ရှာနေခြင်းသာ ဖြစ်လေသည်။ မိုဝူကျီသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ လမ်းညွှန်ကို မြင်သောအခါ မိုဝူကျီက ထိုဂိုဏ်းကား သာမန်ထက် မဆိုစလောက်လေး အပေါ်မှ ဖြစ်ကြောင်း သိမြင်နိုင်၏။

ရှန်းလျဲ့က မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည်။

“ရှင် မြင်လား ... ဒီနွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံက အတိတ်တုန်းကနဲ့ မတူဘူး ... အရင်တုန်းက ပါရမီရှင်တွေပဲ စမ်းသပ်မှု ခံယူပြီး ပါဝင်လို့ ရတာ ... ပြီးတော့ သူတို့ကို ဂိုဏ်းတွေက ရွေးချယ်တယ် ... ဒီတစ်ကြိမ်ကျ ပါရမီရှင်တွေအပြင် သူတို့မှာ သင့်တော်တဲ့ ဝိညာဉ်ကြော ရှိတယ်လို့ ယူဆတဲ့သူ အားလုံး စမ်းသပ်လို့ ရတယ် ... ရှင့်လိုမျိုး အိမ်တော် နောက်လိုက်တွေလည်း ပါဝင်ပြီး ရွေးချယ်ခံလို့ ရတယ် ... ”

ထူထပ်လှသည့် လူအုပ်ကြီးကို ကြည့်ပြီး မိုဝူကျီသည် မယုံနိုင်ဖွယ် မေးလိုက်သည်။

“တကယ်လို့ အားလုံးက ဝင်ရွေးချယ်ခံနေရင် ရွေးချယ်ပွဲက ဘယ်တော့ပြီးမှာလဲ ... ”

ရှန်းလျဲ့က ရယ်မောလိုက်ကာ

“အားလုံးကို အဲဒီကျောက်တိုင်မှာ စမ်းသပ်ခံရမယ်လို့ ထင်နေတာလား ... အဓိက တက်ရောက်တဲ့ လူတွေပဲ စမ်းသပ်ရမှာ ... ကျန်တဲ့လူတွေက သူတို့က ပဏာမ စမ်းသပ်ချက် တချို့ကို အောင်မြင်မှ စမ်းသပ်ဖို့ အရည်ချင်း ပြည့်မီမှာ ... ”

သူမ‌ ပြောရင်း ချန်လောင် နေရာဘေးမှ အဆောက်အဦ အမြင့်ကို ညွှန်ပြလိုက်ကာ

“ဒါက ပဏာမ စမ်းသပ်ချက် ပြုလုပ်တဲ့နေရာပဲ ... စမ်းသပ်မှုတွေက မဆိုးပါဘူး ... ပထမဆုံး ဈေးသက်သာတယ် ... ဒုတိယက မင်းမှာ အပြင်စည်းတပည့် ဖြစ်ဖို့ အရည်ချင်းမရှိဘူး ဆိုရင်တောင် အစေခံတပည့် အဖြစ် လျှောက်လို့ ရသေးတယ် ... ”

“ဝူကျီ ... ငါသွားပြီး ဝိညာဉ်ကြော စမ်းသပ်လိုက်ဦးမယ် ... ” တင်းဘူအာက လူအများကြီးသည် ထိုအဆောက်အဦမြင့်သို့ ဦးတည်နေသည်ကို တွေ့သောအခါ စိတ်တက်ကြွလာ၏။

မိုဝူကျီကား သူ့ဝိညာဉ်ကြောကို စမ်းသပ်ဖို့ မရည်ရွယ်ထားပေ။ ထို့ကြောင့် တင်းဘူအာကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“အင်း ... ကံကောင်းပါစေ ... ”

“ခင်ဗျားက ဘယ်ဂိုဏ်းကလဲ ... ” မိုဝူကျီက ရုတ်တရက် ရှန်းလျဲ့ကို တွေးမိလိုက်လေသည်။ သူမသည် အမှန်တကယ်ပင် ဗဟုသုတကြွယ်ဝပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးပင် ရောက်ရှိနေပြီ ဖြစ်၏။ သူမတွင် ကျောထောက်နောက်ခံ တချို့ရှိရမည်။

“ရှင့်ကို ပြောပြရင်တောင် သိမှာ မဟုတ်ဘူး ... ” ရှန်းလျဲ့က ဆက်ပြောဖို့ ဆန္ဒမရှိဘဲ ပုံမှန် ပြန်ပြောလိုက်သည်။

မိုဝူကျီသည်လည်း ဆက်၍ မမေးတော့ပေ။ သူသည် စင်မြင့်ပေါ်ရှိ ကျောက်တိုင်ဘေးတွင် မတ်တတ်ရပ် နေသော အရပ်မြင့်မြင့် လူကို တွေ့၏။

လူအုပ်ကြီးကား တိတ်ဆိတ်သွားပြီး အာရုံ အလုံးစုံသည် ထိုလူအပေါ်တွင် ကျရောက် သွားလေသည်။

“ရှင်းဟန် အင်ပါယာကို ကိုယ်စားပြုပြီးတော့ ဂိုဏ်းအသီးသီးမှ ချန်လောင်ကို တပည့်ရွေးချယ်ပွဲ အတွက် တက်ရောက်လာသော ဂိုဏ်းများအားလုံးကို နှုတ်ခွန်း ဆက်ပါတယ် ... ဒီရွေးချယ်ပွဲမှာ တက်ရောက် ဆင်နွှဲဖို့ ရောက်ရှိလာတဲ့ ပါရမီရှင် လူငယ် အားလုံးကိုလည်း ကြိုဆိုပါတယ် ... မင်္ဂလာရှိသော အချိန်အခါ ကျရောက်ပြီ ... မင်္ဂလာ အမြောက် ပစ်ဖောက်လိုက်တော့ ... ”

တစ်ချိန်တည်းမှာပင် စင်မြင့်ဘေးမှ အမြောက် ကိုးမြောက်ကို ပစ်ဖောက် လိုက်လေသည်။

“ဒါက ဘယ်သူလဲ ... ရှင်းဟန် အင်ပါယာရဲ့ ဘုရင်လား ... ” မိုဝူကျီက ရှန်းလျဲ့နား ကပ်ကာ ပြောလိုက်သည်။။

“သူက ဘုရင်လေ ... ဘယ်သူလို့ ထင်နေတာလဲ ... ” ရှန်းလျဲ့က မိုဝူကျီကို မျက်လုံး ဝေ့ကြည့်ရင်း ပြောလိုက်သည်။။

မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။

“ဘုရင်က တကယ်လို့ ထူးခြားတဲ့လူ ဆိုတာတော့ မှန်ပါတယ် ... ဒါပေမဲ့ ဒါက ကျင့်ကြံသူတွေ အတွက် ပွဲလေ ... ဒီမှာ အများကြီးလုပ်စရာ မရှိဘူးမလား ... ”

ရှန်းလျဲ့ကား မိုဝူကျီကို ဘာပြန်ပြောရမှန်း မသိတော့ချေ။

“အင်ပါယာ တစ်ခုရဲ့ ဘုရင်ဖြစ်ဖို့ ရိုးရှင်းမယ် ထင်နေလား ... သူ့စွမ်းအားက တချို့ ဂိုဏ်းတွေရဲ့ တချို့ ပုဂ္ဂိုလ်တွေနဲ့ ယှဉ်လို့မရပေမဲ့ သူက အင်အားကြီးနေဆဲပဲ ... အဲဒီအပြင် အဲဒီတကယ့် ထိပ်သီး အင်မော်တယ်တွေက ဒီနွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံအတွက် လာမယ် ထင်နေလား ... သူတို့တွေ လာရင်တောင် တစ်ယောက်စ နှစ်ယောက်စပဲ ရှိလိမ့်မယ် ... ပြီးတော့ သူတို့က အရည်ချင်းရှိတဲ့ ဇာမဏီတွေ လာရွေးတာပဲ ဖြစ်လိမ့်မယ် ... သူတို့ကိုယ် သူတို့ ပြောနေမှာ မဟုတ်ဘူး ... ”

***

All Chapters