ရန်ကျောက်ကဲကိုဆွဲခေါ်သည့်တစ်စုံတစ်ရာ
Vol. 51 Ch. 709
အခန်း (၇၀၉) ရန်ကျောက်ကဲကိုဆွဲခေါ်သည့်တစ်စုံတစ်ရာ
ဒဏ္ဍာရီလာ ယိုးမင်တစ္ဆေမီးအမ်ကိုရယူရန် ကျိုးဟောက်ရှန်း လက်လှမ်းလိုက်စဉ် ရန်ကျောက်ကဲက သတိပေးစကားဆိုလိုက်၏။
“’ကျိုး’ ဂိုဏ်းချုပ် ၊ သတိထားတာတော့ မမှားဘူးထင်တယ်နော်”
ထိုစကားကြားတော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲများ၏ မျက်လုံးများက ရန်ကျောက်ကဲအပေါ် ကျရောက်လာသည်။ သူတို့မျက်ဝန်းများအတွင်းမှ အဓိပ္ပါယ်ကို သိရှိရန်မခက်ခဲပေ။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...
“အရင်က တစ်စုံတစ်ယောက် ဒီနေရာကိုဝင်လာခဲ့တယ်လို့ ငါတို့အားလုံး သံသယရှိကြတယ် မဟုတ်လား ၊ အခု ကျောက်ခေါင်းတလားထဲမှာလည်း ယိုးမင်ဧကရာဇ်ရုပ်အလောင်းက မရှိတော့ဘူး ၊ ဒီတော့ တခြားသူဝင်လာတာဖြစ်စေ.. ဧကရာဇ်မင်း အသက်ပြန်ရှင်လာတာဖြစ်စေ အခြေအနေက ထူးဆန်းလွန်းတယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ ဒီနေရာမှာ ဘာမှမရှိတော့ဘူးဆိုပေမယ့် ယိုးမင်တစ္ဆေမီးအိမ်က ရှိနေတုန်းပဲ ၊ ဘယ်သူမှ ယူမသွားကြဘူး ၊ ဒါက ပုံမှန်ဟုတ်ပါ့မလား”
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
“ဒီနေရာကို ကွမ်းမင်ဂိုဏ်းထက်အရင်ရောက်လာတာဆိုပေမဲ့ ဒီနေရာက အရံအတားတွေနဲ့ ယန္တရားတွေရဲ့ဒဏ်ကိုတော့ ငါတို့က အရင်ဆုံးကြုံတွေ့ခံစားရမှာပဲ ၊ စောစောရောက်လာတာကကောင်းပေမယ့် ထောင်ချောက်တွေလိုက်ရှာရတာကတော့ မကောင်းဘူးပေါ့”
ယိုးမင်ဂိုဏ်းမှအကြီးအကဲများက စကားမဆိုကြသော်လည်း သူတို့မျက်နှာအမူအရာက ရန်ကျောက်ကဲပြောစကားကို သဘောတူဟန်ရှိသည်။
ကျိုးဟောက်ရှန်းက တည်ကြည်သောမျက်နှာထားဖြင့်...
“မိတ်ဆွေလေး’ရန်’ စိတ်ပူတာ ဆီလျော်မှုရှိပါတယ် ၊ ဒါပေမဲ့ အခြေအနေကို ဖြည်းဖြည်းချင်းစောင့်ကြည့်ဖို့ ငါတို့မှာ အချိန်အများကြီး မရှိဘူး”
သူကဆက်ပြောသည်။
“တချို့အန္တရယ်တွေက ရှောင်လွှဲမရဘူး ၊ ရင်ဆိုင်ရုံပဲရှိတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါတော့ ဟုတ်ပါတယ်”
ကျိုးဟောက်ရှန်းက ယိုးမင်တစ္ဆေမီးအိမ်ဆီသို့ ပြန်ကြည့်လိုက်ပြီး သူ့လက်ကိုအရှေ့သို့ ဆန့်တန်းလိုက်သည်။
ယိုးမင်တစ္ဆေမီးအိမ်အနားသို့ ရောက်သွားသည်နှင့် ကျိုးဟောက်ရှန်း၏လက်က တစ်စုံတစ်ခုမူမမှန်တော့ကြောင်း သတိပြုမိပြီး ရန်ကျောက်ကဲ၏မျက်ဝန်းများ တုန်ခါသွားသည်။
မှေးမှိန်သောအလင်းတန်းများကြားတွင် အလွန်တရာတောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ယိုးမင်ဂိုဏ်း၏ သိုင်းပညာရပ်များထဲမှ ‘ပကတိအမှောင်အလင်းမွေးဖွား’ ရှေးဟောင်းကျမ်းစာပညာ ဖြစ်သည်။ သို့တိုင် အလင်းတန်းထဲတွင် အခြားသောတည်ရှိမှုတစ်ခု ပါဝင်နေလေသည်။
ထိုအလင်းရောင်အတွင်းမှ အသွင်သဏ္ဌန်တစ်ခု တဖြည်းဖြည်းပေါ်လာသည်။ ထိုအရာက ပြောင်းဖူးစေ့တစ်စေ့ပမာသေးငယ်သော်လည်း အတွင်းထဲတွင် ခမ်းနားထည်ဝါသော တန်ခိုးစွမ်းအားရောင်ဝါကို ခံစားမိသဖြင့် ရန်ကျောက်ကဲသည်ပင် တုန်လှုပ်သွားရသည်။
တကယ်တော့ ထိုအရာက ကျိုးဟောက်ရှန်းကဲ့သို့ပင် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်ဟန်တူ၏။
ထိုအရာက လူရိပ်တစ်ခုအဖြစ် ကြီးထွားလာသည်။ ထိုသူက တန်ခိုးစွမ်းအားအလွန်မြင့်မားသည့်တိုင် သိစိတ်ပျောက်ကွယ်နေဟန် ရှိသည်။ သူ့ကိုကြည့်ရသည်မှာ အစောပိုင်းက ဂူဗိမာန်အရံအတားထဲတွင်တွေ့ရှိခဲ့သော ရုပ်သေးရုပ်များနှင့် ဆင်တူ၏။
“ယိုးမင်ကျွမ်းကျင်သူလား...”
ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ဤသည်က နာမည်ကျော် ‘ယိုးမင်ကျွမ်းကျင်သူ’ ဖြစ်နိုင်ကြောင်း ရိပ်မိခဲ့သည်။
“ယိုးမင်ကျွမ်းကျင်သူ” ဆိုသည်က ကျူတောပင်လယ်ဒေသတွင် ယိုးမင်ဂိုဏ်း သြဇာလွှမ်းမိုးနိုင်စေရန် အခြေခံအုတ်မြစ်တစ်ခု ဖြစ်၏။ ယိုးမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်များ ကွယ်လွန်ဆုံးပါးသွားသည့်အခါ သူတို့က စိတ်ဆန္ဒရှိစွာပင် သူတို့၏ရုပ်အလောင်းကို လျှို့ဝှက်ပညာသုံးပြီး သန့်စင်ထားခဲ့သည်။
ထိုသို့သန့်စင်ရာတွင် တင်းကျပ်သောစည်းကမ်းချက်များရှိပြီး အောင်မြင်မှုနှုန်းလည်း နည်းပါးသည်။ သို့သော် သန့်စင်မှုအောင်မြင်သည်နှင့် သူတို့သေဆုံးသွားသည့်အခါ အသက်ရှင်နေစဉ်ကအတိုင်း တန်ခိုးစွမ်းအားမြင့်မားသော ကိုယ်ခွဲရုပ်အလောင်းတစ်ခု ရရှိမည်ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းအဆင့်ကတော့ ထပ်မံမြင့်တက်လာနိုင်ခြင်း မရှိတော့ပေ။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသည့်တိုင် ယိုးမင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းနှင့် ရင်ပေါင်တန်းရပ်တည်နိုင်ခြင်းမှာ အဆိုပါ ‘ယိုးမင်ကျင့်ကြံသူများ’ ရှိနေခြင်းက အကြောင်းရင်းတစ်ခု ဖြစ်၏။
လက်ရှိတွင် ကျိုးဟောက်ရှန်းက အန္တရယ်များသည့်အလုပ်ကို လုပ်နေသော်လည်း အလျင်စလို လုပ်ဆောင်နေခြင်း မရှိပေ။
သူက ယိုးမင်တစ္ဆေမီးအိမ်ကို လက်လှမ်းယူရန်ဟန်ပြင်နေသော်လည်း အမှန်တကယ် မီးအိမ်ကို ယူဆောင်နေသူက ယိုးမင်ကျွမ်းကျင်သူ ဖြစ်သည်။
ဤ ယိုးမင်ကျွမ်းကျင်သူက ကျိုးဟောက်ရှန်း စိတ်စေစားသည့်အတိုင်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည်။
သို့သော် တကယ်တမ်း အန္တရယ်ကျရောက်ခဲ့လျှင် ကျိုးဟောက်ရှန်းတစ်ယောက်တည်းသာ အန္တရယ်ရှိခြင်း မဟုတ်ပေ။ သူတို့သာ ရှုံးနိမ့်ခဲ့မည်ဆိုလျှင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်နှင့်ညီမျှသော ‘ယိုးမင်ကျွမ်းကျင်သူ’ ကိုလည်း ဆုံးရှုံးရမည်ဖြစ်သည်။
ဤသည်က ယိုးမင်ဂိုဏ်းအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သလို ဂိုဏ်း၏အင်အားကိုလည်း ကြီးမားစွာ ထိခိုက်စေနိုင်သည်။ သို့သော် အဆင့်မြင့်မားသော ‘ယိုးမင်ကျွမ်းကျင်သူ’ အား အသုံးပြုသည်ကို ကြည့်ခြင်းအားဖြင့် ယိုးမင်ဂူဗိမာန်သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး ကျိုးဟောက်ရှန်းတို့အုပ်စု မည်မျှဆုံးဖြတ်ချက်ပြတ်သားခဲ့ကြောင်း တွေ့မြင်နိုင်သည်။
ရန်ကျောက်ကဲက စကားတစ်ခွန်းမဆိုဘဲ အနက်ရောင်တစ်ဝက် အဖြူရောင်တစ်ဝက် မီးအိမ်ကိုကြည့်နေသည်။ ဤမီးအိမ်က စွဲဆောင်နိုင်စွမ်းရှိသည့် ပစ္စည်းကောင်းတစ်ခုဖြစ်သော်လည်း သူ့စိတ်ထဲ သံသယအနည်းငယ် ရှိနေဆဲပင်။
တစ်စုံတစ်ယောက်က ယိုးမင်ဂူဗိမာန်အတွင်းဝင်ရောက်လာပြီး ယိုးမင်ဧကရာဇ်ရုပ်အလောင်းကို ယူဆောင်သွားခြင်း ဟုတ်ပါရဲ့လား။
ရန်ကျောက်ကဲ ဂူဗိမာန်အတွင်း ဝင်ရောက်လာစဉ်က အထဲမှတစ်စုံတစ်ရာက သူ့အားခေါ်ငင်နေသကဲ့သို့ မရေမရာ ခံစားရသည်။ သို့သော် ဂူဗိမာန်အတွင်း ဝင်လာပြီးနောက် မည်သည့်အရာမှ အာရုံခံမိခြင်း မရှိတော့ပေ။
သူ့ကို ခေါ်ငင်နေသည့်အရာက ယိုးမင်တစ္ဆေမီးအိမ် မဟုတ်သည်က သေချာသည်။
သို့ဆိုလျှင် မည်သည့်အရာဖြစ်မည်နည်း။
သူ့ကို သတိထားအကဲခတ်နေကြသော ယိုးမင်ဂိုဏ်းအကြီးအကဲများ၏ မျက်ဝန်းများကို လျစ်လျူရှုရင်း ရန်ကျောက်ကဲက ဂူဗိမာန်ခန်းမကြီးအတွင်း ဖြည်းညင်းစွာ အကဲခတ်နေသည်။
ဤနေရာက ဂူဗိမာန်ခန်းမတစ်ခုဖြစ်သော်လည်း နန်းတော်ကြီးတစ်ခုပမာ အလွန်တရာ ခမ်းနားသည်။
မှေးမှိန်သောအလင်းရောင်က နေရာတိုင်းတွင်ရှိနေသဖြင့် အနီးအဝေးခွဲခြားမရဘဲ အကွာအဝေးအာရုံကို ပျက်ပြားစေသည်။
အစောပိုင်းတွေ့ခဲ့သည့် ရုပ်သေးရုပ်များအပြင် အခြားသော စောင့်ကြပ်သူများကိုတော့ တွေ့ရခြင်း မရှိပေ။
သို့သော် ဤ မှိန်ဖျော့သောအလင်းရောင်က သဏ္ဌန်မဲ့လူသတ်နိုင်စွမ်းရှိသဖြင့် အခြားသော အစောင့်များလည်း မလိုအပ်ပါပေ။ ထိုအလင်းရောင်က ကျူးကျော်လာသူများအားလုံးကို ရုပ်သေးရုပ်များအဖြစ်ပြောင်းလဲပေးမည် ဖြစ်သည်။
နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်နှင့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များပင်လျှင် ထိုအလင်းရောင်ကို သေချာစွာ မခုခံနိုင်ပေ။
ရန်ကျောက်ကဲနှင့် အခြားသူများက ဂူဗိမာန်အပိုင်းအစ အမွေအနှစ်များကြောင့် အတွင်းသို့ဝင်ရောက်နိုင်ပြီး ဤအလင်းတန်းဒဏ်ကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။
ခဏမျှတွေးပြီးနောက် ရန်ကျောက်ကဲ သေချာသွားသည်။
“အရင်က ဝင်ခဲ့ဖူးတဲ့သူရှိတာကတော့ သေချာတယ် ၊ မဟုတ်ရင် အပြင်ဘက်မှ ရုပ်သေးရုပ်ဖြစ်သွားတဲ့ သိုင်းကျင့်ကြံသူတွေက ဘယ်ကရောက်လာမှာလဲ”
ခေါင်းမော့ကြည့်လိုက်တော့ ‘ယိုးမင်ကျွမ်းကျင်သူ’ မှာ သာမန်လူသားတစ်ယောက်အသွင်မရှိတော့ဘဲ ကျိုးဟောက်ရှန်း၏ လက်ဖဝါးထက်တွင် ပြောင်းဖူးစေ့အရွယ်လေးဖြစ်နေသည်ကို တွေ့ရသည်။
သို့သော် ဤ ယိုးမင်ကျွမ်းကျင်သူက လက်ကိုဆန့်တန်းလျှက် မိုးမြေတစ်ခုလုံး လက်ဖြင့်ဆုပ်ကိုင်ပြီး ယိုးမင်တစ္ဆေမီးအိမ်ကို လက်ဖဝါးဖြင့် ဖမ်းယူနေသည့်အလား ဖြစ်သည်။
ရုတ်တရက်...
အမှောင်ထု လွင့်ပြယ်သွားသည်။
ကြိုတင်သတိပေးခြင်းမရှိဘဲ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာပြီး မီးအိမ်တွင် မှိန်ဖျော့ဖျော့အလင်းရောင် ထွန်းလင်းလာ၏။
ထိုအလင်းရောင်က ဂူဗိမာန်တစ်ခုလုံးအား ချက်ချင်းလွှမ်းခြုံသွားပြီး မူလက မှေးမှိန်သောအလင်းရောင်များကို ဖုံးလွှမ်းသွားကာ လင်းလက်တောက်ပနေတော့သည်။
အကယ်၍ ဤမီးအိမ်က ပိုင်ရှင်မဲ့လျှက် ပျက်ဆိးနေသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဆိုလျှင် ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့အုပ်စုအတွက် များစွာထိခိုက်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုတော့ ယိုးမင်တစ္ဆေမီးအိမ်သည် ယိုးမင်ဂူဗိမာန်တစ်ခုလုံးကို နှိုးဆွပေးလိုက်ပြီး ချက်ချင်းပင် နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။
ကျိုးဟောက်ရှန်းလက်ဖဝါးထက်မှ ‘ယိုးမင်ကျွမ်းကျင်သူ’ က ရုတ်တရက် အရွယ်အစားကြီးမားလာပြီး အရပ်မြင့်မြင့်အဘိုးအိုတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
အနက်ရောင်ချီစွမ်းအားစီးကြောင်းများက အဘိုးအို၏ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့လွှမ်းခြုံသွားကာ အမှောင်ထု ဖုံးလွှမ်းလာသည်။
ကျိုးဟောက်ရှန်း၏ လက်ဖဝါးကို ရှေ့သို့တွန်းထုတ်ရင်း တည်ငြိမ်သောမျက်နှာထားဖြင့် ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်သည်။
ယိုးမင်ကျွမ်းကျင်သူကလည်း အလားတူပင် လိုက်လံလုပ်ဆောင်၏။
သူတို့၏လက်ဖဝါးများက အမှောင်ထုအစွန်းတွင် ရုတ်တရက် တောက်ပသွားပြီး စူးရှသောအလင်းရောင်ကို မွေးဖွားပေးသည်။ ထိုအလင်းရောင်က ဂူဗိမာန်အတွင်းထွက်ပေါ်လာသောအလင်းရောင်နှင့် ထိတွေ့မိပြီး ပဲ့တင်ထပ်သွားသည်။
ယိုးမင်ဂိုဏ်းမှအကြီးအကဲများကလည်း အလားတူလုပ်ဆောင်ချက်ကို ဝိုင်းဝန်းလုပ်ဆောင်ကြသည်။
အလွန်တရာတောက်ပသောအလင်းတန်းများက ထိပ်တန်းအဆင့် သန့်စင်ပြီး မည်သည့်အရာကိုမဆို တွန်းလှန်နိုင်သည်။ ထပ်တူတည်ရှိနေသောအရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်ပြီးနောက် သန့်စင်စွာဖြင့် ငြိမ်းသတ်သွားမည် ဖြစ်သည်။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ နက်နဲသိမ်မွေ့သောသဘောတရားများကို လှည့်ပတ်လိုက်ပြီး သူ၏မျက်ဝန်းများက နက်ရှိုင်းဝေးကွာသွားသည်။
ထို့နောက်မှာတော့...
အလွန်တရာတောက်ပနေသော အလင်းတန်းများ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး ယိုးမင်တစ္ဆေမီးအိမ်မှ အလင်းရောင်သည်လည်း ငြိမ်းသတ်သွား၏။
လူတိုင်း၏မျက်စိရှေ့တွင်မှောင်မိုက်နေပြီး မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိတော့ပေ။
ဂူဗိမာန်အတွင်းပိုင်းပျောက်ကွယ်သွားပြီး ကျောက်ခေါင်းတလားကြီးသည်လည်းပျောက်ကွယ်သွားကာ ယိုးမင်တစ္ဆေမီးအိမ်ကိုလည်းတွေ့မြင်ရခြင်းမရှိတော့ပေ။
အရာအားလုံးက ပကတိအမှောင်ထုသာလျှင် တည်ရှိတော့သည်။
ထိုခဏတွင် သူတို့အားလုံးမှာ အပေါင်းအဖော်များရှိနေသေးကြောင်း အာရုံမခံနိုင်ကြတော့ပေ။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်သည့်အခါ အလင်း အမှောင် အရာအားလုံးက သဏ္ဌန်မဲ့ဖြစ်တည်မှုသို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူ ယခု ရောက်ရှိနေသောနေရာသည့် ဆက်တိုက်ဆိုသလိုပြောင်းလဲနေသည့် ဗလာနယ်ထဲတွင်ဖြစ်နေကြောင်း သိရှိလိုက်သည်။
မူလက ခမ်းနားထည်ဝါသောဂူဗိမာန်ကြီးသည် ယခုတော့ ပရမ်းပတာဗလာနယ်တစ်ခုအဖြစ် စီးဆင်းပြောင်းလဲသွားသည်။
ရန်ကျောက်ကဲနှင့် အခြားသူများမှာ အတတ်နိုင်ဆုံး သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် ကြိုးစားခဲ့ကြသည်။ သို့တိုင် သူတို့အားလုံး မတူညီသောနေရာများသို့ တွန်းပို့ခံရပြီး ရပ်တန့်မရနိုင်ခဲ့ပေ။
အားလုံးထဲတွင် ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်သော ကျိုးဟောက်ရှန်းက ပိုးသားဝိညာဉ်အလံရှည်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ဘေးနားမှ ယိုးမင်ကျွမ်းကျင်သူနှင့်အတူ ကျောက်ခေါင်းတရားနှင့် ယိုးမင်တစ္ဆေမီးအိမ်တည်ရှိရာကို လိုက်ရှာနေသည်။
ထိုအချိန်...
သူ့ကို တစ်စုံတစ်ရာက ခေါ်ငင်ဆွဲယူနေသည့်ခံစားချက်အား ရန်ကျောက်ကဲ ထပ်မံခံစားလိုက်ရလေ၏။