ကောင်းကင်ဘုံနန်းတော်အကြွင်းအကျန် “ကျောက်ဖြူတံခါး”
Vol. 51 Ch. 710
အခန်း (၇၁၀) ကောင်းကင်ဘုံနန်းတော်အကြွင်းအကျန် “ကျောက်ဖြူတံခါး”
ယခုတစ်ကြိမ်ဆွဲငင်အားက ယခင်တစ်ခေါက်ထက်ပင် ပိုမိုပြင်းထန်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
သေသေချာချာ အာရုံစူးစိုက်လိုက်သည့်အခါ ထိုအရာက သူ့ကိုဆွဲငင်နေခြင်းမဟုတ်ဘဲ အသင်္ချေနဂါးနန်းတော်ကို ဆွဲငင်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။
ဤသည်က ရန်ကျောက်ကဲနှလုံးသားကို လှိုက်ခနဲ ခုန်လှုပ်သွားစေသည်။
“တစ်ခုခုက အသင်္ချေနဂါးနန်းတော်ကို ဆွဲခေါ်နေတာလား...”
ပရမ်းပတာ ဗလာနယ်စီးကြောင်းများထဲတွင် လူတိုင်းမှာ ဦးတည်ရာလမ်းကြောင်းများစွာဆီသို့ ခဏအတွင်း ရွေ့လျားနေကြသည်။
ကျောက်ခေါင်းတလားနှင့် ယိုးမင်တစ္ဆေမီးအိမ်ဆီ လှည့်ကြည့်လိုက်တော့ ကျိုးဟောက်ရှန်းက ထိုနေရာသို့ချဉ်းကပ်ရန် ခက်ခက်ခဲခဲကြိုးစားနေသည်ကို တွေ့ရသည်။
သို့သော် ဂူဗိမာန်ခန်းမဆောင်ကတော့ ဗလာနယ်ထဲတွင် အစိတ်စိတ်အမွှာမွှာအက်ကွဲပြိုကျသွားပြီး မရှိမှုအဖြစ် ပြောင်းလဲသွားပေပြီ။
မှေးမှိန်သောအလင်းန်းများက ပတ်ဝန်းကျင်တွင် အသစ်တစ်ဖန်မြင့်တက်လာပြီး လေထုထဲတွင် လှည့်ပတ်နေသည်။
ဤသို့ဖြစ်ရသည်မှာ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ က နက်ရှိုင်းပြီး မသိမြင်နိုင်သောအပြောင်းအလဲများကို ပုံရိပ်ယောင်နှင့် အစစ်အမှန်လောကကြားတွင် ဖြစ်ပေါ်စေရန် စီရင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိလိုက်သည်။
များသောအားဖြင့် ထင်သာမြင်သာ ဂူဗိမာန်ကြီးတစ်ခုအားတွေ့နိုင်မည် ဖြစ်သော်လည်း ထိုဂူဗိမာန်သည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားပြီး ဗလာနယ်ထဲသို့ စီးဆင်းသွားနိုင်သည်။
ထိုသို့ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားပြောင်းလဲမှုအတွက် ထားရှိခဲ့သော ယန္တရားမှာ ‘ယိုးမင်တစ္ဆေမီးအိမ်’ ပင် ဖြစ်၏။
ကျိုးဟောက်ရှန်းနှင့် သူ့နံဘေးမှ ယိုးမင်ကျွမ်းကျင်သူက ယိုးမင်တစ္ဆေမီးအိမ်ဆီသို့ချဉ်းကပ်ရန် ကြိုးစားနေကြသည်။
ရန်ကျောက်ကဲက ဗလာနယ်အတွင်းမှ ပြောင်းလဲမှုများကို တည်ငြိမ်စွာကြည့်ရင်း အချိန်စီးဆင်းမှုက တစ်နေရာနှင့်တစ်နေရာ တူညီမှုမရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ထို့ကြောင့်ပင် ဗလာနယ်အတွင်း ပရမ်းပတာစီးဆင်းနေမှုသည် ပိုမိလှိုင်းထန်လာကာ ပုံပျက်အက်ကွဲနေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ထုတ်ယူလိုက်သည်။
ရှုတ်ထွေးနေသော ဗလာနယ်စီးကြောင်းများကြားတွင် စီးမျောနေရင်း နဂါးနန်းတော်က ပြင်းထန်စွာတုန်ခါသွားသည်။ ထူးဆန်းသည်မှာ အသင်္ချေနဂါးနန်းတော်က ပြိုကျတော့မည့်အလား ပြင်းထန်စွာတုန်ခါနေခြင်းပင်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်၏ အပြောင်းအလဲများကို တားဆီးခြင်းမပြုဘဲ သူ့ဘာသာ ရွေ့လျားခွင့်ပြုလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
ဗလာနယ်နက်ရှိုင်းရာသို့ တရွေ့ရွေ့ဝင်ရောက်လာသည်နှင့်အမျှ နားမလည်နိုင်သော စွမ်းအားတစ်ခုက အသင်္ချေနဂါးနန်းတော်အတွင်း တိုးဝင်လာသည်။
ရန်ကျောက်ကဲမျက်လုံးရှေ့တွင် အလင်းရောင်တစ်ချက်တောက်ပသွားပြီး အလင်းတန်းများနှင့် ပုံရိပ်ယောင်အမှုံများက အတူတကွ စုစည်းလာပြီး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသော ယိုးမင်ဂူဗိမာန်ကြီးမှာ တဖြည်းဖြည်း ထင်သာမြင်သာ ပြန်လည်ဖြစ်တည်လာ၏။
ရန်ကျောက်ကဲ၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် နောက်တစ်ကြိမ် မြင်သာထင်သာရှိလာပြီး ဂူဗိမာန်၏ လမ်းကြောင်းများ နံရံများက သူ့ပတ်ဝန်းကျင်တွင် ပြန်လည်ထွက်ပေါ်လာသည်။
သူ့အရှေ့မှာတော့ ပိတ်ထားသည့် ကျောက်သားတံခါးတစ်ချပ် ရှိနေသည်။
နောက်သို့လှည့်ကြည့်လိုက်တော့ အရာအားလုံးက မှောင်အတိကျနေပြီး ကျိုးဟောက်ရှန်းတို့အုပ်စုရော ယိုးမင်တစ္ဆေမီးအိမ်ကိုပါ မတွေ့ရတော့ပေ။
“ပုံရိပ်ယောင်နဲ့ အစစ်အမှန် အပြောင်းအလဲကြားမှာ မတူညီတဲ့ဗလာနယ်ထဲ ပျံ့ကျဲကျသွားတဲ့လူတွေက အခု မတူညီတဲ့ ဂူဗိမာန်အပိုင်းတွေဆီ ရောက်လာကြတာလား”
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့ရင်း တွေးလိုက်သည်။
“ဒါဆိုရင် ဒီဖြစ်စဉ်က ဂူဗိမာန်အပြင်ဘက်က ဗလာနယ်ကိုရော သက်ရောက်မှု ရှိနိုင်မလား ၊ အဲဒီလိုသာဆိုရင်တော့ အပြင်ဘက်မှာရောက်နေတဲ့ ကွမ်းမင်ဂိုဏ်းကလူတွေ အထဲကိုဝင်လာနိုင်မလားပဲ”
ရန်ကျောက်ကဲ ခေါင်းကိုခါယမ်းလိုက်ပြီး အသုံးမကျသောအတွေးများကိုဖယ်ရှားကာ သူ့ရှေ့မှ ကျောက်တံခါးကို အာရုံစိုက်လိုက်သည်။
အသင်္ချေနဂါးနန်းတော်က ကျုံ့ဝင်သွားပြီဖြစ်သည့်တိုင် ကျောက်တံခါးရှေ့တွင် မရပ်မနားတုန်ခါနေဆဲပင်။
ထိုခဏတွင် အလုံပိတ်ထားသော ကျောက်တံခါးသည်လည်း တုန်ခါလာသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲ ကျောက်တံခါးကို စူးစိုက်ကြည့်နေစဉ်မှာပင် တံခါးမျက်နှာပြင်ထက်မှ ရောင်စဉ်ခုနစ်သွယ် တောက်ပစွာထွက်ပေါ်လာလေ၏။ ဤ ရောင်စဉ်ခုနစ်သွယ်က ဂူဗိမာန်အတွင်းမှ မှိန်ဖျော့သောအလင်းရောင်နှင့် ပေါင်းစပ်သွားပြီး လိုက်ဖက်ညီသော ဖြစ်တည်မှုအဖြစ် သန့်စင်လျှက် ရှိသည်။
မတူညီသောအယူအဆများစွာထဲမှ ယိုးမင်ဂူဗိမာန်အတွင်းမှ မှိန်ဖျော့သောအလင်းရောင်နှင့်ယှည်လျှင် ရန်ကျောက်ကဲက ရောင်စဉ်ခုနစ်သွယ်နှင့် ပိုမိုရင်းနှီးသလို ခံစားရသည်။
အလင်းရောင်များကို တစ်ချက်အကဲခတ်လိုက်ပြီး ရန်ကျောက်ကဲက ကျောက်သားတံခါးမျက်နှာပြင်ထက်မှ နက်နဲသည့် ကမ္ပည်းစာများကိုကြည့်ရင်း ရေရွတ်လိုက်သည်။
“တကယ်ပဲ ကောင်းကင်ဘုံနန်းတော်က အကြွင်းအကျန်တစ်ခုပဲ...”
ဤကျောက်တံခါးကြီးက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ကိုးထပ်အထက်တွင်တည်ရှိခဲ့သော ကောင်းကင်ဘုံနန်းတော်နှင့် ဆက်စပ်နေပေသည်။
ရန်ကျောက်ကဲက များပြားလှစွာသော နဂါးရုပ်အလောင်းများကို သန့်စင်ကာ အဆင့်နိမ့်မှော်ဝင်ပစ္စည်းဖြစ်သော ‘နဂါးကိုးကောင်လက်ချောင်း’ ဖြင့် ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့ပြုပြီး အသင်္ချေနဂါးနန်းတော်ကို တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် နဂါးနန်းတော်၏ ပင်မထောက်တိုင်ကြီးနှင့် ထုတ်တန်းကြီးတို့မှာ ကောင်းကင်ဘုံနန်းတော်မှ ကြွင်းကျန်ရစ်သည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော် ထုတ်တန်းတို့ ဖြစ်ကြ၏။
ယခု သူ့အရှေ့တွင် ချိတ်ပိတ်ထားသော ကျောက်သားတံခါးကြီးမှာလည်း ကောင်းကင်ဘုံနန်းတော်ထောက်တိုင် ၊ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကဲ့သို့ တူညီသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲ ကျောက်တံခါး၏မျက်နှာပြင်ကို လှမ်းကိုင်လိုက်သည်နှင့် အတွင်းမှသဘောတရားကို သေသေချာချာ နားလည်သွားသည်။
သူ့အရှေ့တွင် ပြောင်းလဲနေသောမြင်ကွင်းများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းများက အချိန်နှင့်အမျှ မှတ်တမ်းတင်ထားသော ပုံရိပ်များပမာ မီးအိမ်များပမာ တစ်ခုပြီးတစ်ခု တောက်ပစွာ ဖြတ်သန်းသွားကြသည်။
အဆုံးသတ်မှာတော့ ရုပ်ပုံများက ခမ်းနားထည်ဝါသော လူတစ်ယောက်အသွင်နှင့် ပြီးဆုံးသွားသည်။
ထိုသူက အနက်ရောင်အဝတ်များထက် အဖြူရောင်ဝတ်ရုံကိုခြုံထားပြီး အနက်ရောင်ဆံနွယ်များရှိသည့်တိုင် အဖြူရောင်မျက်ခုံးမွှေးများ ရှိနေသည်။ ထိုသူက တင်ပျဉ်ခွေထိုင်လျှက် မျက်လုံးအစုံကို မှေးမှိတ်ထား၏။
ပြီးပြည့်စုံခြင်းမရှိသော အပိုင်းအစများစွာသည် လေထုထဲတွင် ပျံတက်လျှက် ကြီးမားသောပလ္လင်ကြီးတစ်ခုနှင့်ဆင်တူသည့် ဗိသုကာလက်ရာတစ်ခုကို ဖြည်းညင်းစွာ ထုလုပ်နေသည်။
“ဒါက ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ သေလွန်ပြီးတဲ့နောက် ယိုးမင်ဂူဗိမာန်ကို တည်ဆောက်နေတဲ့မြင်ကွင်းပဲ”
ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“ဒါက...”
ကြီးမားသော ကျောက်ဖြူတံခါးကြီးတစ်ခုက ယင်ထျန်းရှ၏ရုပ်အလောင်းနှင့်အတူ ယိုးမင်ဂူဗိမာန် ဗဟိုချက်အား ချိတ်ပိတ်လိုက်ကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။ ထိုတံခါးကြီးကို မဏ္ဍိုင်ထားပြီး အခြားပစ္စည်းများက ခမ်းနားစွာဖွဲ့စည်းလျှက် ယခုသူတို့ရောက်ရှိနေသည့် ကြီးကျယ်မြင့်မြတ်သော ဂူဗိမာန်ကြီးကို ဖြစ်တည်စေသည်။
အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်နှင့် ရန်ကျောက်ကဲက သူ့အရှေ့တွင် တင်းတင်းကျပ်ကျပ်ပိတ်ထားသော ကျောက်သားတံခါးကြီးကို လှမ်းကြည့်လိုက်သည်။
“ဒီတံခါးရဲ့ မူလပုံစံက ကျောက်ဖြူတံခါး မဟုတ်ဘူးလား ၊ ဘာလို့ အခုလိုပုံစံပြောင်းသွားရတာလဲ”
သေသေချာချာတွေးပြီးနောက် ကျောက်တံခါးနောက်ကွယ်တွင် ထူးခြားမှုတစ်ခုခု ရှိရမည်ဟု ရန်ကျောက်ကဲ ခံစားရသည်။ ထို့နောက် ရန်ကျောက်ကဲက သူ၏လက်တစ်ဖက်ကို အသင်္ချေနဂါးနန်းတော်ထက်သို့ တင်လိုက်သည်။
ဖန်းယွင်ရှန်း ၊ အားဟူ ၊ ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က အသင်္ချေနဂါးနန်းတော်ထဲမှ ခုန်ထွက်လာကြပြီးနောက် နဂါးနန်းတော်က အလင်းနဂါးအဖြစ် အသွင်ပြောင်းလဲသွားသည်။
အလင်းနဂါး၏ ခန္ဓာကိုယ်အပြင်ပိုင်းက ကြီးမားသောကျောက်တံခါးကြီးအလား ရောင်စဉ်ခုနစ်သွယ်ထွန်းလင်းနေပြီး တုန်လှုပ်လျှက် ရှိသည်။ ထို့နောက် ရန်ကျောက်ကဲ ထိန်းချုပ်ထားသည့် အလင်းနဂါးကြီးက တံခါးကြီးအတွင်း တဖြည်းဖြည်း စီးဝင်ပေါင်းစပ်သွားတော့၏။
အချိန်များတဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် တင်းကျပ်စွာပိတ်ထားသော ကျောက်သားတံခါးကြီး အနည်းငယ်ပြေလျော့သွားချိန် ဂူဗိမာန်ကြီးက နောက်တစ်ကြိမ်ထပ်မံ တုန်ခါသွားသည်။
မှေးမှိန်သောအလင်းတန်းများကြားတွင် အလင်းရောင်များ ရုတ်ချည်းတောက်ပသွားသဖြင့် ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
“တစ်ယောက်ယော်ကက ယိုးမင်တစ္ဆေမီးအိမ်ကို ထိလိုက်ပြန်ပြီလား”
ထို့နောက်မှာတော့ အလင်းရောင်များပျောက်ကွယ်သွားပြီး စောစောကလိုပင် အဆုံးမရှိသော အမှောင်ထုက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ယိုးမင်ဂူဗိမာန်သည် ပုံရိပ်ယောင်ဗလာနယ်အဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ပရမ်းပတာဗလာနယ်စီးဆင်းမှုများ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။
မှေးမှိန်သောအလင်းရောင်များ တစ်ဖန်ပြန်လည်မြင့်တက်လာပြီး အစစ်အမှန်မှသည် ပုံရိပ်ယောင်ဗလာနယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းတို့အားလုံးကို ကျောက်သားတံခါးကြီးနားတွင် ကပ်နေစေသည်။ ကျောက်သားတံခါးက ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်နိုင်ကြောင်း သေချာလေသည်။ မဟုတ်ပါက ဖန်းယွင်ရှန်းတို့အုပ်စုသည်လည်း ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း လွင့်မျောစီးဆင်းသွားမည် ဖြစ်၏။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်ကြည့်ရင်း ရန်ကျောက်ကဲက အမှောင်ထုထဲသို့ ထိုးဖောက်ကြည့်လိုက်သည်။ ထိုအခါ ပရမ်းပတာစီးဆင်းနေသော ဗလာနယ်ကြားတွင် ကျောက်ခေါင်းတလားတစ်လုံးနှင့် ခေါင်းတလားထက်မှ ယိုးမင်တစ္ဆေမီးအိမ်ကို တွေ့လိုက်ရသည်။
ကျောက်ခေါင်းတလားအနီးတွင် တန်ခိုးစွမ်းအားရှင် (၂)ယောက် အပြင်းအထန်တိုက်ခိုက်နေကြ၏။
တစ်ယောက်က အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အဆုံးမရှိသော အမှောင်ထုက လွှမ်းခြုံထားသည်။ နောက်တစ်ယောက်ကတော့ အနက်ရောင်ဝတ်ဆင်ထားပြီး ထိုသူတိုက်ခိုက်လိုက်တိုင်း အလင်းတန်းများ ထင်ရှားထွက်ပေါ်လာသည်။
ထိုသူများမှာ တစ်ယောက်က ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူ၏ ကမ္ဘာမကြေ မုန်းမာန်မပြေသော ရန်သူတော် ၊ ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ ပင် ဖြစ်၏။
အခြားသူဆိုလျှင် ပြင်ပမှအရံအတားများကို ဖြတ်ကျော်ကာ ဂူဗိမာန်အတွင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှ လူများသည်လည်း ယိုးမင်ဂိုဏ်းကဲ့သို့ပင် ယိုးမင်ဂူဗိမာန် အပိုင်းအစများကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် ယိုးမင်တစ္ဆေမီးအိမ်က အစစ်အမှန်ဂူဗိမာန်ကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲလိုက်သည့်အခါ လော့ကျီးထောင်တို့အနေဖြင့် လွတ်လပ်စွာ ဝင်ရောက်ရန် အခွင့်အရေး ရသွားကြသည်။ သို့ဖြစ်ရာ ယိုးမင်ဂိုဏ်းမှာ ပထမဆုံးဝင်ရောက်လာသည့် လက်ဦးမှသည်ပင် ဆုံးရှုံးသွားရသည်။
ကျိုးဟောက်ရှန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေ၏။
လော့ကျီးထောင်တို့အုပ်စု ဝင်ရောက်လာသည်ကို တွေ့ရှိသည်နှင့် သူက ယိုးမင်တစ္ဆေမီးအိမ်ကိုရရှိရန် မကြိုးစားတော့ပေ။ ကံကြမ္မာက ဤသို့ဖန်လာပြီဖြစ်ရာ ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းတိုက်ခိုက်ရန်သာ ရှိတော့သည်။
မည်သို့ပင်ဖြစ်စေ ယိုးမင်တစ္ဆေမီးအိမ်၏ တစ်စိတ်တစ်ပိုင်းကို ကျိုးဟောက်ရှန်းက သန့်စင်ထားနိုင်သဖြင့် အသာစီးတော့ ရသေးသည် ဆိုရမည်။
လော့ကျီးထောင်က ကျိုးဟောက်ရှန်းအကြည့်များကို တည့်တည့်ရင်ဆိုင်လိုက်ပြီး စကားမဆိုဘဲ စတင်တိုက်ခိုက်လိုက်သည်။
မည်သို့သောအခြေအနေရှိပါစေ လက်ရှိအချိန်မှာတော့ စကားလုံးများ မလိုအပ်တော့ပေ။
ရန်ကျောက်ကဲ အဝေးသို့ လှမ်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
အပိုင်းပိုင်းပြိုကျနေသည့် ဗလာနယ်ထဲတွင် ဂိုဏ်းနှစ်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများမှာ လွတ်မြောက်ရန် ရုန်းကန်နေပြီး ယိုးမင်တစ္ဆေမီးအိမ်ဆီသို့ ဆွဲယူခြင်း ခံနေရသည်ကို တွေ့မြင်ရလေ၏။