← Chapters

စိုးရိမ်ဖွယ် ပြန်လည် တွေ့ဆုံမှု

Vol. 5 Ch. 63

စိုးရိမ်ဖွယ် ပြန်လည် တွေ့ဆုံမှု

Vol. 5 Ch. 63

“နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံက တရားဝင် ဖွင့်လှစ်လိုက်ပါပြီ ... ဂိုဏ်းအသီးသီးလည်း ထူးချွန် ထက်မြက်တဲ့ တပည့်များစွာ ရှာတွေ့ကြပါစေလို့ ဆုမွန်တောင်းပါတယ်. ... ပြီးတော့ ငါတို့ရဲ့ ပါရမီရှင်များ အနေနဲ့လည်း အင်မော်တယ် ... လူသား အဆင့်လွန်သို့ တက်လှမ်းနိုင်ကြပါစေ”

ရှင်းဟန်အင်ပါယာ ဘုရင်၏ မိန့်ခွန်းအပြီးတွင် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံ အခမ်းအနားကို ဖွင့်လှစ်လိုက်လေသည်။ မီတာအနည်းငယ် ကျယ်ဝန်းသော လူတန်းကြီးက စင်မြင့်ရှေ့သို့ ရောက်ရှိလာကြသည်။

ရှင်းဟန်အင်ပါယာ ဘုရင်က ဆင်းလာသောအခါ စစ်ဆေးမှုရလဒ်ကို မှတ်သားရန် တာဝန်ရှိသော အရာရှိ နှစ်ယောက်သည် ကျောက်တိုင် ဘေးတစ်ဖက် တစ်ချက်စီတွင် မတ်တတ်ရပ်ကာ နေရာယူထားလေ၏။

သူတို့အထဲမှ တစ်ယောက်က ရှည်လျားလှသော သားရေစာလိပ်ကို ဖွင့်ကာ စတင် ကြေညာလိုက်သည်။

“ချန်လောင်စီရင်စုမှ အော့ကျိုးစီ စမ်းသပ်မှု ခံယူပါ ... ချန်လောင်စီရင်စုမှ ဝေရှီ အဆင်သင့် ပြင်ထားပါ ...”

အရာရှိက နာမည်နှစ်ခု ကြေညာပြီးနောက်တွင် ရွှေရောင်ဝတ်ရုံနှင့် လူငယ်သည် လူတန်းမှ ထွက်လာကာ စင်မြင့်ရှေ့သို့ အလောတကြီး လျှောက်လှမ်း လာလေသည်။ ခုန်လိုက်သောအခါ သူသည် စင်မြင့်ပေါ်သို့ ရောက်ရှိသွား၏။ ထိုအပေါ် ရောက်ရှိပြီးနောက်တွင် သူသည် ကျောက်တိုင်ဆီ တန်းတန်းမတ်မတ် လျှောက်မသွားသေးပဲ လူထုကို လှည့်ကာ မျက်နှာချင်း ဆိုင်လိုက်သည်။။

ဤလူငယ်တွင် ဆွဲဆောင်မှုရှိသော အင်္ဂါရပ်များ ရှိလေ၏။ ဘေးမှ တချို့သော မိန်းကလေးများပင် အော်ဟစ် နေကြလေသည်။

ရှန်းလျဲ့က နှာခေါင်းရှုံ့ကာ

“ဒီလူက တကယ်ကို အကြွားသန်တဲ့လူပဲ ... သူ့မှာသာ ကောင်းကင်ကို အာခံနိုင်တဲ့ ဝိညာဉ်ကြော မပါလို့ကတော့ ကျောင်းတော်တော် များများနဲ့ ဂိုဏ်းတွေက သူ့ကို အလိုရှိကြမှာ မဟုတ်ဘူး. ...”

ရွှေရောင်ဝတ်ရုံနှင့် လူငယ်က ကျောက်တိုင်ရှေ့တွင် ရပ်လိုက်သည်။။ ကျောက်တိုင်မှ အညိုနုရောင် (ကာကီရောင်) အလင်းကား ကျောက်တိုင်၏ ၁မီတာခွဲအထိ ရောက်ရှိသွားလေ၏။

ကျောက်တိုင်ဘေးမှ အရာရှိက ကြေညာ ပေးလိုက်သည်။

“ချန်လောင်စီရင်စုမှ အော့ကျိုးစီ အလယ်အလတ် မြေဝိညာဉ်ကြော ရှိတယ် ... အရည်အချင်း... အလယ်အလတ် အဆင့်နိမ့် ...”

မိုဝူကျီက ထိုရွှေရောင်ဝတ်ရုံနှင့် လူငယ်သည် ကျေနပ်နေကြောင်း တွေ့မြင်နိုင်၏။ သိသာလှစွာ သူက သူ့ဝိညာဉ်ကြော အဆင့်ကို ရှင်းလင်းစွာ သိရှိသည့်အပြင် တချို့သော ဂိုဏ်းများ၏ အပြင်စည်း တပည့်ဖြစ်ရန် လုံလောက်ကြောင်းလည်း ကောင်းကောင်း သိပေ၏။

သို့သော်လည်း လူငယ်၏ အမူအရာကား ချက်ချင်းပင် တည်တံ့လာလေ၏။ မည်သည့် ဂိုဏ်းကမှ သူ့အား ခေါ်ယူရန် စိတ်မဝင်စားချေ။

ရှင်းဟန်အင်ပါယာ ဘုရင်က ဝိညာဉ်ကြော ရှိသူများသည် ရွေးချယ်ခွင့် ရှိသည်ဟု ဆိုသော်လည်း သူတို့ကို ခေါ်ယူရန် စိတ်ဝင်စားသည့် ဂိုဏ်းတော့ မရှိမဖြစ် လိုအပ်လေသည်။ အကယ်၍ ဂိုဏ်းက ခေါ်ယူရန် စိတ်မဝင်စားပါက အဆင့်မြင့် ဝိညာဉ်ကြော ရှိလျှင်ပင် အသုံးမဝင်ချေ။

ရွှေရောင် ဝတ်ရုံနှင့်လူက ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲ ဖြစ်၏။ အော့ကျိုးစီကို စင်မြင့်ထက်တွင် ရှိနေသေးသည်ကို မြင်သောအခါ အကဲဖြတ် အရာရှိက စိတ်တိုစွာ ပြောလိုက်သည်။

“မင်း ရွေးချယ် မခံရဘူး မြန်မြန် ဆင်းသွားတော့. ...”

“ဟင် ... ဟုတ်ကဲ့ ... ” အော့ကျိုးစီက နောက်ဆုံးတွင် အသိပြန်ကပ်လာပြီး ရှက်ရွံ့စွာဖြင့် စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။

မိုဝူကျီက ခေါင်းကို ခါယမ်းလိုက်လေ၏။ ထိုလူငယ်ကား ဂိုဏ်းတစ်ဂိုဏ်းမှ ရွေးချယ်ခံရလျှင်ပင် များစွာ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ သူသည် ရလဒ်မထွက်ခင်က ကြွားဝါခဲ့သော်ငြား အဆုံးသတ်တွင် အရှက်တကွဲ အကျိုးနည်းသာ ဖြစ်ရ၏။ ထိုသည်က ထူးချွန် ပြောင်မြောက်သော လူတစ်ယောက်၏ စိတ်ဓာတ် မဟုတ်ပေ။

ထိုစဉ် သုံးမီတာ ရှည်လျားသော ကာကီရောင် အလင်းကား ကျောက်တိုင်တွင် ပေါ်လာလေ၏။

“ချန်လောင်စီရင်စုက ဝေရှီ ... အဆင့်မြင့် မြေဝိညာဉ်ကြော ... အရည်အချင်း ... အလယ်အလတ် အဆင့်မြင့် ...” အကဲဖြတ် တာဝန်ခံက နောက်တစ်ခါ ထပ်ကြေညာလိုက်သည်။။

ထိုအခိုက်အတန့်တွင် ဂိုဏ်းနှစ်ခု၏ နာမည်များက ရွှေရောင် လင်းလာလေ၏။ မိုဝူကျီသည် နားမလည်စွာ ရှန်းလျဲ့အား မေးလိုက်လေ၏။

“ရှန်းလျဲ့ ဒီနှစ်ဂိုဏ်းက ဝေရှီကို စိတ်ဝင်စား နေတာလား ... အဆင့်မြင့် ဝိညာဉ်ကြော ရှိတာတောင် နှစ်ဂိုဏ်းထဲပဲ စိတ်ဝင်စားတာလား ... ဂိုဏ်းတွေက အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်တွေပဲ ရှာနေတာတော့ မဟုတ်ပါဘူးနော့ ...”

ရှန်းလျဲ့က ပြန်ဖြေလိုက်သည်။

“ပုံမှန်ဆိုရင် အဲဒါကြောင့်တော့ မဟုတ်ဘူး ... ထိပ်ဆုံးအဆင့် ပါရမီရှင်အတွက် မဟုတ်ရင် ဂိုဏ်းတွေက တပည့်ရဖို့ရာ မပြိုင်ဆိုင်ကြဘူး ... ဖြစ်နိုင်တာက ဒီဂိုဏ်းနှစ်ခုက တစ်ပြိုင်တည်း စိတ်ဝင်စားမိတာ နေမှာ ... ပုံမှန်ဆိုရင် တစ်ခုတည်းပဲ မြင်ရမှာ ...”

“မြေကမ္ဘာအဆင့် ဂိုဏ်းတွေဖြစ်တဲ့ ရွှေသားလှံဂိုဏ်းနဲ့ မီးတောက်ဖီးနစ် ကျောင်းတော်တို့က ဝေရှီကို တစ်ပြိုင်တည်း ရွေးချယ်လိုက်ပါပြီ ... ဝေရှီက ပြန်လည် ရွေးချယ်နိုင်ပါပြီ ... နောက်တစ်ယောက်က ချန်လောင် စီရင်စုက ချောင်ဖေး စမ်းသပ်မှု ခံယူရန် တက်လာပါ. ...”

အရာရှိများက ဆက်လက်၍ ပြောလိုက်သည်။။

အများစု၏ အားကျသော အကြည့်များကား ဝေရှီအပေါ်သို့ ကျရောက်လာလေ၏။ သူသည် ကမ္ဘာမြေ အဆင့်ဂိုဏ်းမှ မျက်နှာသာ ပေးခံရရုံသာမက သူ့တွင် ပြန်လည် ရွေးချယ်နိုင်ခွင့် ရရှိလေ၏။

အားလုံး၏ အကြည့်များက ဝေရှီအပေါ် ရှိနေသော်ငြား သူတို့မျက်လုံးတွင် ကျောက်တိုင်ပေါ်မှ အနီရောင်အလင်း တစ်ဟုန်ထိုး မြင့်တက်လာမှုကို မြင်လိုက်ရ၏။ ထိုအလင်းကား လေးမီတာခွဲ ရှည်လျားလေ၏။ အကယ်၍ အနည်းငယ်သာ ရှည်လျားလာပါက ထိပ်ဆုံးသို့ ရောက်ရှိလာလိမ့်မည်။ သို့သော်လည်း ထိုအရာကား မှင်တက်စရာ ကောင်းသော အလင်းပင် ဖြစ်လေ၏။

ထိုသည်က မိုဝူကျီအား ယန်အာကို ပြန်လည် အမှတ်ရစေ၏။ သူမက သူမ ဝိညာဉ်ကြော စမ်းသပ်စဉ်က တူညီလှသော အလင်းကား ထိုးတက်လာဖူး၏။ သူမအလင်းကား ဤချောင်ဖေးလောက် မမြင့်မားချေ။ သူမ ဝိညာဉ်ကြောကို စစ်ဆေးသည့် ကျောက်တိုင်ကား အဆင့်နိမ့်ဖြစ်၏။

“ချန်လောင် စီရင်စုက ချောင်ဖေး ... မီး အသာလွန်ဆုံးအဆင့် ဝိညာဉ်ကြော ... အရည်အချင်း အဆင့်မြင့် အဆင့်မြင့် ... ” အရာရှိက တုန်တုန်ယင်ယင် ပြောလိုက်လေ၏။

သူ ရလဒ်ကို ကြေညာသောအခါ ဂိုဏ်းများ၏ နာမည်ဆယ်ခု အထက်က ရွှေရောင် လင်းလက်လာလေ၏။ သိသာစွာပင် ဤချောင်ဖေးအား ဂိုဏ်းဆယ်ခုထက် မနည်း စိတ်ဝင်စားကြ၏။

“ကောင်းကင် တစ်ပိုင်း အဆင့် ကောင်းကင် ဘုရားကျောင်းဂိုဏ်း ... မီးတောက် လွင့်ပါးဂိုဏ်း ... ကျောက်စိမ်း ကွန်ရက်ဂိုဏ်း ... နတ်ဆိုးဂိုဏ်း. ...”

အရာရှိက စိတ်ဝင်စားသော ဂိုဏ်းများကို ကြေညာ လိုက်သောအခါ ရှန်းလျဲ့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“ဘယ်လိုတောင်လား ... ရှင်းဟန် အင်ပါယာထဲက ကောင်းကင် တစ်ပိုင်းအဆင့်ဂိုဏ်း အကုန်လုံးနီးပါးက ဒီထဲ ပါဝင်ကြတာပဲ ...”

မိုဝူကျီက လက်သီးကို ဆုပ်လိုက်ပြီး ယန်အာကို လုယူကာ ခေါ်ဆောင်သွားသည့် ထိုအမျိုးသမီးကို တွေးမိ၍ ဒေါသ ထွက်လာလေ၏။ ဤနေရာကား ယန်အာရှိသင့်သော နေရာ ဖြစ်လေ၏။ သူမက လုယူခေါ်ဆောင် ခံရမည့်အစား ဤနေရာတွင် ဂိုဏ်းများကို ပြန်လည်ရွေးချယ် နေသင့်ပေသည်။

ရွေးချယ်ဖို့ရန် ကောင်းကင် တစ်ပိုင်း အဆင့်ဂိုဏ်းများစွာ ရှိလေ၏။ ထိုသည်က ဂေါင်ကန်ကျောင်းသား (တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် စာမေးပွဲ ဖြေဆိုသူ) အနေနှင့် ကြုံတွေ့ရမည့် အပြုအမူသာ ဖြစ်လေ၏။ လူထု၏ အားကျသော အကြည့်များအောက်တွင် ချောင်ဖေးသည် ကောင်းကင် ဘုရားကျောင်းဂိုဏ်းကို ရွေးချယ်လိုက်လေသည်။

နောက်ပိုင်း စမ်းသပ်မှုများတွင် အသာလွန်ဆုံး ဝိညာဉ်ကြောပိုင်ရှင် သိပ်မတွေ့တော့ပေ။ အကောင်းဆုံးကား အဆင့်မြင့် ဝိညာဉ်ကြောသာ ဖြစ်လေ၏။ တက်ရောက်သူ အများစုတွင် အဆင့်နိမ့် ဝိညာဉ်ကြောနှင့် အလယ်အလတ် ဝိညာဉ်ကြောအဆင့် ရှိကြလေ၏။

“ဝူကျီ ... ငါ့မှာ အလယ်အလတ် အဆင့် မြေဝိညာဉ်ကြော ရှိတယ်တဲ့ ... ငါ ရွေးချယ်မှုမှာ ပါဝင်လို့ ရတယ်တဲ့. ...” တင်းဘူအာက အပြေးအလွှား ပြေးလာရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ပြောလိုက်သည်။။

“ဘူအာ ... မင်းအတွက် ဝမ်းသာပါတယ် ...” မိုဝူကျီက တင်းဘူအာအတွက် အမှန်တကယ်ပင် ဝမ်းသာ ပျော်ရွှင်နေလေ၏။

“ရှင်လဲ သွားပြီး မစစ်ဆေး ကြည့်ဖူးလား ... ” ရှန်းလျဲ့က မိုဝူကျီကို သိချင်စိတ်ဖြင့် ပြောလိုက်သည်။။

မိုဝူကျီက ဘာမှ ပြန်၍ မပြောပေ။ သူ့တွင် သေမျိုး ဝိညာဉ်ကြောသာ ရှိသောကြောင့် စမ်းသပ်ကြည့်ဖို့ရန် မလိုအပ်ပေ။

“အာ ... ဝမ်မန်ကျုက စင်မြင့် တက်သွားပြီ ...” တင်းဘူအာက စကားတစ်ဝက် တစ်ပျက်‌ ပြောရင်း ဝမ်မန်ကျူနှင့် မိုဝူကျီကြားမှ ကောလာဟလများကို အမှတ်ရသွားလေ၏။

ကျောက်တိုင်မှ အနီရောင် အလင်းကား နှစ်မီတာခွဲအထိ ထွက်ပေါ်လာလေ၏။ မိုဝူကျီက စိတ်ထဲတွင် သက်ပြင်း ချလိုက်မိ၏။ ဝမ်မန်ကျူတွင် ဆိုးရွားသော ဝိညာဉ်ကြောမရှိပေ။

ပုံမှန်အတိုင်း အရာရှိက ကြေညာလိုက်သည်။

“ချန်ယွီပြည်နယ်က ဝမ်မန်ကျု ... မီးအဆင့်မြင့် ဝိညာဉ်ကြော ... အရည်ချင်း... အလယ်အလတ် အဆင့်မြင့် ...”

ဝမ်မန်ကျူ၏ မီးဝိညာဉ်ကြော အပေါ်တွင် စိတ်ဝင်စားကာ ရွှေရောင်အလင်း သုံးခုကား ဆက်တိုက် လင်းလာလေ၏။ မိုဝူကျီက ကောင်းကင် ဘုရားကျောင်း ဂိုဏ်းမှ လင်းလာသည်ကို မြင်လိုက်ရကာ ချက်ချင်းပင် ဝမ်မန်ကျူလည်း ကောင်းကင် ဘုရားကျောင်းဂိုဏ်းကို ရွေးချယ် လိုက်လေသည်။

“ဒီမိန်းကလေးက တကယ်ကို ကံကောင်းလိုက်တာ ...” တင်းဘူအာက စိတ်ပျက်ဖွယ် ပြောလိုက်လေသည်။

မိုဝူကျီက ရယ်မော လိုက်လေသည်။ အဆင့်မြင့် ဝိညာဉ်ကြောတဲ့လား... အဲဒီလိုဆိုလည်း ဘာဖြစ်လဲ ... သူ့တွင် ဝိညာဉ်ကြော မရှိသော်လည်း အဆင့်မြင့် ဝိညာဉ်ကြော ပါရမီရှင်များထက် မနိမ့်ကျပေ။

“ဒီကို ထွက်သွားစမ်း ... မင်းလို သူတောင်းစားမျိုးက နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံမှာ ဘာလာလုပ် နေတာလဲ ... ဒီကြီးမြတ်လှတဲ့ အခမ်းအနားကို စော်ကားနေတာပဲ ...” မိုဝူကျီအနားတွင် ခပ်စွာစွာ အသံတစ်ခု ထွက်ပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင် မိုဝူကျီက နာကျင်စွာ ညည်းညူသည့် အသံကိုပါ ကြားလိုက်ရ၏။

မိုဝူကျီက နောက်ကို ကြည့်လိုက်သောအခါ ပိန်ချုံး ချည့်နဲ့နေသော ဖိုသီဖတ်သီဖြင့် မိန်းကလေးက အကန်ခံ နေရသည်ကို တွေ့လိုက်ရ၏။ သူမ လဲကျသွားသည့် အခါ မိုဝူကျီ၏ နှလုံးခုန် တစ်ချက်မြန်သွား၏။ နောက်အခိုက်အတန့်တွင် မိုဝူကျီသည် ချက်ချင်း ပြေးသွား လိုက်လေသည်။

ယန်အာ ... သူမက ယန်အာ ဖြစ်ရမည် ...

သူ မြင်တာ မမှားနိုင်ချေ။ သို့သော် ယန်အာက အဘယ်ကြောင့် ဤနေရာတွင် ရှိနေသနည်း ... မည်သို့ကြောင့် သူမက ဒီလို အခြေအနေမျိုးအထိ ကျရောက်သွားသနည်း ...

***

All Chapters