← Chapters

ဆေးလုံးဖော်စပ်ခြင်း အဆင့်ကိုးဆင့်

Vol. 5 Ch. 64

ဆေးလုံးဖော်စပ်ခြင်း အဆင့်ကိုးဆင့်

Vol. 5 Ch. 64

“သခင်လေး ... သခင်လေး ... ” မိုဝူကျီက ယန်အာနှင့် နီးကပ်လာသည့်အခါ သူမ၏ ရေရွတ်သံကို ဆက်တိုက် ကြားလိုက်ရ၏။

သူမ မျက်လုံးများကား နုံးချည့်နေ၍ အဝတ်အစားများ သည်လည်း စုတ်ပြတ်နေကာ သူမဆီမှ အနံ့များပင် ထွက်နေလေ၏။ သူမသည် သူမ၏ သခင်လေးကို တမ်းတ နေပေမဲ့လည်း မိုဝူကျီကို မမှတ်မိချေ။ သို့သော် ထိုစကားလုံးများက သူမ ရေရွတ်နေသည့် စကားလုံးများသာ ဖြစ်လေ၏။

“ဂျင်...ဖေး ... လန် ... ” မိုဝူကျီက ထိုစကားသုံးလုံးကို တစ်ချိန်တည်း ဒေါသတကြီး ရေရွတ်လိုက်သည်။။ ယန်အာကို ခေါ်ဆောင်သွားသည့် အမျိုးသမီးက ဂျင်ဖေးလန် ဖြစ်ကြောင်း သိ၏။ သူမ ခေါ်ဆောင်သွားပြီး နောက်တွင် ယန်အာက ထိုသို့သော လမ်းပေါ်တွင် အဆုံးသတ်ရ၏။ အကယ်၍ သူသာ ထိုအမျိုးသမီးကို မသတ်ပါက သူ့ဘဝတစ်လျှောက်လုံး အချည်းနှီး နေသကဲ့သို့ ဖြစ်နေလိမ့်မည်။

ယန်အာ ခန္ဓာကိုယ်ကား အညစ်အကြေးများနှင့် ဖုံးလွှမ်းနေပြီး သူမ ဆံပင်များပင် ခြောက်ကပ်ကပ် ဝါကြင်ကြင် ဖြစ်နေလေသည်။ မိုဝူကျီက သူမကို ပွေ့ထားလိုက်သည့် အခါ သူမ၏ ကိုယ်အလေးချိန်ကား ၁၀ မှ ၂၀ ကီလိုဂရမ်လောက် လျော့ကျသွားမှန်း သိလိုက်၏။ သူမက များစွာ ခံစားခဲ့ရကြောင်း အလွယ်တကူ သိနိုင်၏။

သူ့နှလုံးသားမှ ဒေါသကြောင့် မိုဝူကျီက လက်သည်းကို လက်ဖဝါးထဲ စူးဝင်မတတ် ဒေါသကြီးစွာ လက်သီးဆုပ် ထားလိုက်သည်။ သွေးများ ထွက်လာသော်လည်း သူက မမှုပေ။

“အခု ... ခင်ဗျားက ယန်အာကို ကန်လိုက်တာလား. ...” ယန်အာကို ထိန်းကိုင် ထားလိုက်ပြီး မိုဝူကျီက ယန်အာကို ကန်လိုက်သော သူဆီသွားပြီး ပြောလိုက်သည်။။

အရင်က သူသည် ယန်အာကို ထပ်၍ ဒုက္ခတရားများကို မခံစားခိုင်းတော့ဟု ကျိန်ဆိုခဲ့၏။ သို့သော်လည်း တိုတောင်းလှသည့် အချိန်အတွင်း သူမက ဉာဏ်မမီ လောက်သည့်အထိ ဖြစ်လာလေခဲ့၏။ သူမကား အိမ်ရာမရှိအဖြစ် အဆုံးသတ်ရုံ သာမက သူမကို အကြောင်းပြချက်မရှိ အနိုင်ကျင့်ခံရသေး၏။ ထို့မှသာ သူမ နာကျင်မှု သက်သာနိုင်လေမည် ဆိုလျှင် မိုဝူကျီသည် ယန်အာ ကြုံတွေ့ခဲ့ရသော နာကျင်မှု အားလုံးကို လွှဲပြောင်းယူရန် ဆန္ဒရှိလေ၏။ ထို့အပြင် သူမကား သူ့ကို စောင့်ရှောက်ရင်းဖြင့် ဒုက္ခများစွာ ခံခဲ့ရ၏။

အမျိုးသားက မိုဝူကျီအား မျက်လုံး ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဟုတ်တယ် ... ဒီသခင်က သူမကို ကန်လိုက်တာပဲ ... မင်း ငါ့ကို ဘာလုပ်ချင်လို့လဲ ...”

“ဘမ်း ... (အား) ... ” လျင်မြန်သည့် အရှိန်ဖြင့် မိုဝူကျီသည် ထိုလူ၏ ဒူးကို ကန်လွှတ်လိုက်ကာ အရိုးကျိုးသံကိုပါ ကြားနိုင်လေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက ထိုလူပါးစပ်ကို ပိတ်ရိုက်လိုက်လေ၏။ အကယ်၍ ထိုသို့သော အပြုအမူများသည် သူ့အပေါ်တွင် ဖြစ်လာပါက သည်းခံကာ ပြန်လည် တုံ့ပြန်နိုင်သည့် အခွင့်အရေးကို စောင့်နိုင်သော်လည်း ယန်အာအပေါ် အနိုင်ကျင့်မှုကို သည်းခံနိုင်စွမ်း မရှိချေ။ တစ်ခါတစ်ရံတွင် အကယ်၍ အမှန်တကယ်ပင် သည်းမခံ နိုင်တော့ပါက အဘယ်ကြောင့် စိတ်ရှည်နေရမည်နည်း ...

ထိုလူ၏ ကျယ်လောင်စွာ အော်ဟစ် ညည်းတွားမှုကား အရပ် မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားလေသည်။ သူကား မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးကို ပိုက်ထားရင်း ထိုင်နေကာ သွားအနည်းပင် ကျွတ်ထွက်နေလေ၏။

များစွာသော လူများသည် ထိုနေရာတွင် ရှိနေသောကြောင့် သူ့အပြုအမူကား တစ်ခဏအတွင်း လူအများ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

ပတ်ဝန်းကျင်မှ လူများက မိုဝူကျီ၏ ရန်လိုမှုကို ခံစားမိသည့်အခါ ချက်ချင်းပင် ပြန်ဆုတ် သွားကြလေ၏။ မိုဝူကျီက ထိုလူကို ဂရုမစိုက်ဘဲ ယန်အာကို ခေါ်ဆောင်ကာ ထွက်သွားလေသည်။

“သူမက ရှင့်မိတ်ဆွေလား ... ” ရှန်းလျဲ့က အလောတကြီး ရောက်လာပြီး မိုဝူကျီ နားထဲသို့ တီးတိုး မေးလိုက်သည်။။

မိုဝူကျီက ပြန်ဖြေခါနီးတွင် စိတ်ပျက်စရာ ကောင်းသည့် အသံက ထွက်ပေါ်လာလေ၏။

“နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံမှာ လူတစ်ယောက်ကို ရိုက်ချင်တိုင်း ရိုက်ပြီး ထွက်သွားလို့ရမယ် ထင်နေလား ...”

ပြောသည့်သူကား မျက်နှာရှည်နှင့် မျက်လုံးမှေးသော လူငယ်ဖြစ်၏။ သူ့ကျောတွင် ဓားရှည်တစ်ခု သယ်ဆောင် ထားလေ၏။ သူ့ဆံပင်ကို ထုံးထား၍ ပေါ့ပါးသော ဖိနပ်ကို ဝတ်ဆင်ထားလေ၏။ မိုဝူကျီသည် လတ်တလောတွင် ကျင့်ကြံသူ အများအပြားနှင့် တွေ့ခဲ့ရသည့် အတွက် ထိုလူကား ကျင့်ကြံသူဖြစ်ကြောင်း ကြည့်ကာ ပြောနိုင်၏။

“ဝူဂျင်ဝူ ဒါက ဘာသဘောလဲ ... ” မိုဝူကျီဘေးမှ ရှန်းလျဲ့က မျက်မှောင်ကြုတ်ကာ မေးခွန်း ထုတ်လိုက်သည်။။

မိုဝူကျီက ထိုအမျိုးသားသည် ရှန်းလျဲ့အား မျက်စိ မှေးကြည့်နေကြောင်း သိ၏။ ထိုလူက သူနှင့် ရှန်းလျဲ့၏ ဆက်ဆံရေးကြောင့် သူ့အပေါ်တွင် ပြဿနာရှာရန် ရောက်လာခြင်း ဖြစ်ရမည်။

ဝူဂျင်ဝူက ရှန်းလျဲ့ကို ကြည့်ကာ ပြောလိုက်လေ၏။

“ဂိုဏ်းတူ ညီမလေး ... ဒီလို အဆင့်နိမ့်တဲ့ သေမျိုးတွေနဲ့ သွားသွားလာလာ မလုပ်လို့ မရဘူးလား ... ဒီဟာက မင်းအဆင့်ကို နိမ့်စေလိမ့်မယ် ... ဆရာက မင်းကို ရှာမတွေ့လို့တဲ့ ... သူက မင်း နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံမှာ ရောက်နေတာ သိနေတယ် ... ဒါပေမဲ့ မင်းအတွက် ကြိုးစားကြည့်ဖို့ မလိုပါဘူး ... ငါသာ မင်း အဆင့်အတန်းကို ဖော်ထုတ်လိုက်တာနဲ့ တခြား ဂိုဏ်းတွေက မင်းကို လက်ခံရဲမယ် ထင်နေလား ...”

ပြောပြီးနောက် ဝူဂျင်ဝူက နောက်ပြန်ဆုတ်ကာ လူအများကို ခေါ်ဖို့ရန် ကြိုးစားလိုက်သည်။။

ရှန်းလျဲ့က အေးစက်စက် ပြောလိုက်ကာ

“ဝူဂျင်ဝူ ... မိုဝူကျီအပေါ် တစ်ခုခု ကြံစည်ရဲ ကြံစည်ကြည့် ရှင့်ကို အလွတ်မပေးဘူး ... ကျွန်မ ရှန်းလျဲ့က ပြောတဲ့အတိုင်း လုပ်တတ်တယ် ...”

ဝူဂျင်ဝူ၏ အမူအရာကား မြင်မကောင်း ရှုမကောင်း ဖြစ်လာပြီး မိုဝူကျီကို ကြည့်ကာ မေးလိုက်သည်။

“ဒီလူက ဘယ်သူလဲ ...”

မိုဝူကျီက ရှန်းလျဲ့ကို လှည့်ကာ ပြောလိုက်သည်။

“စီနီယာရှန်း ... အရင် သွားနှင့်လိုက်မယ် ... တကယ်လို့ ကံပါရင် ပြန်ဆုံကြတာပေါ့ ...”

ထိုသို့ဖြင့် မိုဝူကျီသည် ယန်အာနှင့် အတူ လှည့်ထွက် သွားလိုက်သည်။။ ဝူဂျင်ဝူကိုကား လုံးဝ လျစ်လျူရှုထားလေ၏။

“ဝူကျီ ... ဘာဖြစ်တာလဲ ... ” တင်းဘူအာလည်း ရောက်ရှိလာ၏။

မိုဝူကျီက တင်းဘူအာကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

“ဘူအာ ... မင်းက ဆက်ပြီး အကောင်းဆုံးကြိုးစား ... မင်း ဂိုဏ်းတစ်ဂိုဏ်းက အရွေးခံရရင် ကောင်းလိမ့်မယ် ...”

“အင်း ... ငါ့စမ်းသပ်မှု ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ် ...” တင်းဘူအာက ယန်အာကို မသိပေ။ သို့သော် ရေးတေးတေး ခန့်မှန်းမိ၏။

မိုဝူကျီ အခန်းသို့ ပြန်ရောက် လာသောအခါ ချက်ချင်းပင် ယန်အာကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။။ သူသည် ယန်အာက ထိုသို့ ဖြစ်လာလိမ့်မည်ဟု မသိခဲ့သော်ငြား သူမကို ကြည့်ပြီး နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံတွင် တိုက်တိုက်ဆိုင်ဆိုင် ရှာမတွေ့ခဲ့ပါက သူမကို ထပ်၍ မတွေ့နိုင်တော့ကြောင်း သိနေ၏။

ယန်အာ အသိစိတ် ပျောက်ပြီးနောက်တွင် သူမက ‘သခင်လေး’ဟုသာ ဆက်တိုက် ရေရွတ်နေလေသည်။ မိုဝူကျီက ယန်အာသည် သူ့ကို ရှာဖွေနေကြောင်း သိ၏။ ထိုသည်ကား ဇွဲပင် ဖြစ်၏။ ဇွဲလုံ့လက သူမကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်၏။

မိုဝူကျီသည် ယန်အာအတွက် ဆန်ပြုတ် ကိုယ်တိုင် ချက်ပြုတ်လိုက်ပြီး ကျွေးလိုက်သည်။။ သူမ အိပ်သွားသည့်အခါ သူသည် ဆေးပင်များနှင့် ယန်အာအတွက် အဝတ်အစား အချို့ ဝယ်ယူရန် ထွက်လာလိုက်၏။

မိုဝူကျီပင် လက်ရှိ ယန်အာ၏ အခြေအနေကို ကုသနိုင်မည်လား ဆိုတာ မသေချာသေးပေ။

ညနှောင်းပိုင်း ရောက်လာသော်လည်း တင်းဘူအာက ပြန်၍ ရောက်မလာပေ။ ဆန့်ကျင်ဘက် အနေဖြင့် ရှန်းလျဲ့က ပြန်ရောက်လာ၏။

“တောင်းပန်ပါတယ် ... ကျွန်မ ပြဿနာထဲ ဆွဲသွင်းမိတယ် ... ” သူမ ပြန်ရောက် လာလာချင်း မိုဝူကျီကို ချက်ချင်း တောင်းပန်လိုက်လေသည်။

မိုဝူကျီက လက်ပြလိုက်ပြီး

“ရပါတယ် ... နောက်ဆုံးထိ ဆွဲသွင်း မခံလိုက်ရပါဘူး ... အဲဒီလူက ခင်ဗျားရဲ့ စီနီယာလား ... ”

မိုဝူကျီက ရိုးရိုး ပြောလိုက်သော်ငြား နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံတုန်းက အခြေအနေကား အလွန်အမင်း အန္တရာယ်များကြောင်း သိ၏။ အကယ်၍ အင်မော်တယ် သခင်များသာ သတိပြုမိ သွားပါက သူသည် သေခြင်းနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ ထိုသို့သော အင်မော်တယ်များ ရှေ့တွင် သူ့အသက်ကား ပုရွက်ဆိတ်မျှသာ ဖြစ်လေ၏။

ရှန်းလျဲ့က ခေါင်းကို ခါလိုက်ပြီး မိုဝူကျီနှင့် ဝူဂျင်ဝူအကြောင်း မပြောလိုပေ။ မိုဝူကျီက ဆေးဖော်စပ် နေသည်ကို မြင်သောအခါ သူမက မိုဝူကျီ အခန်းဘက် လှည့်လိုက်ပြီး မေးလိုက်သည်။

“ရှင့် မိတ်ဆွေကို ကျွန်မ ဝင်ပြီး ကြည့်ပေးရမလား ... ”

“ခင်ဗျားက ဆေးပညာရော နားလည်တာလား...” မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။။

ရှန်းလျဲ့က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

“ကျွန်မ အဖေက ကမ္ဘာမြေအဆင့် ဆေးလုံး ဖော်စပ်သူလေ. ...”

“ကမ္ဘာမြေအဆင့် ဆေးလုံး ဖော်စပ်သူက ဘာလဲ...” မိုဝူကျီက နားမလည်ပေ။

ရှန်းလျဲ့က မိုဝူကျီကို မျက်လုံးပြူး မျက်ဆန်ပြူး ကြည့်ကာ ပြောစရာ မဲ့သွားလေ၏။ ခဏကြာပြီး နောက်တွင် သူမက မေးလိုက်သည်။

“ရှင်ရော ဆေးဖော်စပ်သူ မဟုတ်ဘူးလား ... ဆေးဖော်စပ်ရေး ကိရိယာဝယ်ဖို့ ရွှေပြား ၃၇၀၀၀၀တောင် သုံးခဲ့တာလေ ... ကမ္ဘာမြေအဆင့် ဆေးလုံးဖော်စပ်သူ အကြောင်းကျ မသိဘူးလား ... ”

မိုဝူကျီက နေရခက်စွာ ပြန်ပြောလိုက်သည်။

“ကျွန်တော်က အသိမှတ်ပြု ဆေးဖော်စပ်သူ မဟုတ်သေးဘူး ... ကိုယ့်ဘာသာ ဆေးပင်တွေ ဝယ်ပြီး စမ်းကြည့်နေတာ. ...”

ရှန်းလျဲ့ကား ကိုယ့်မျက်နှာကို ပြန်ရိုက်မိလိုက်သည်။။ သို့သော် သူမက ဆက်လက်၍ ပြောလိုက်သည်။

“ဆေးလုံး ဖော်စပ်ခြင်းမှာ အဆင့်ကိုးဆင့် သတ်မှတ်လို့ရတယ် ... အဆင့်တစ်ကနေ သုံးအထိက လူသားအဆင့် ဝိညာဉ်ဆေးလုံးလို့ သတ်မှတ်တယ် ... အဆင့် လေးကနေ ခြောက်အထိက ကမ္ဘာမြေအဆင့် ဝိညာဉ်ဆေးလုံး ... အဆင့် ခုနစ်ကနေ ကိုးအထိက ကောင်းကင်အဆင့် ဝိညာဉ် ဆေးလုံးလို့ ခွဲခြားထားတယ် ... အဲဒါအထက်မှာ အင်မော်တယ် အဆင့် ဝိညာဉ် ဆေးလုံးပဲ ရှိတယ် ... တူညီတဲ့ ဝိညာဉ် ဆေးလုံးအဆင့် ဖော်စပ်နိုင်တာနဲ့ တူညီတဲ့ အဆင့်ထဲက ဆေးဖော်စပ်သူလို့ ယူဆလို့ ရတယ် ... အဲဒါကြောင့် ဆေးလုံး ဖော်စပ်ခြင်းမှာ ကိုးဆင့်ရှိပြီး ဆေးဖော်စပ်သူက အဆင့်သုံးဆင့် ရှိတယ် ...”

“အဲဒါဆို ကမ္ဘာမြေ အဆင့် ဆေးလုံးဖော်စပ်သူက အဆင့်လေး ဝိညာဉ်ဆေးလုံးတွေကို အနိမ့်ဆုံး ဖော်စပ်နိုင်တာပေါ့ ... ခင်ဗျား အဖေက ဘယ်အဆင့်လဲ ... ကမ္ဘာမြေအဆင့် ဆေးဖော်စပ် သူတွေက အရမ်းကို အံ့ဩဖို့ ကောင်းလား ...” မိုဝူကျီက ရှန်းလျဲ့ကို မေးခွန်း အစုလိုက် မေးလိုက်လေသည်။

ရှန်းလျဲ့က ပို၍ပင် ပြောစရာ မဲ့လာလေ၏။ သူမ ပြန်ပြောဖို့ရန် ဆယ်စက္ကန့် ကြာမြင့်ခဲ့၏။

“ရှင်းဟန်အင်ပါယာ တစ်ခုလုံးမှာ ကောင်းကင်အဆင့် ဆေးဖော်စပ်သူ တစ်ယောက်မှ မရှိဘူး ... ကမ္ဘာမြေအဆင့် ဆေးဖော်စပ်သူက အံ့ဩဖွယ် ထင်သေးလား ...”

မိုဝူကျီက အလျင်အမြန် မတ်တတ်ရပ်ကာ ရှန်းလျဲ့ကို ပြောလိုက်သည်။

“စီနီယာရှန်း ... ယန်အာကို ကျေးဇူးပြုပြီး ကြည့်ပေးပါဦး ...”

“သူ့နာမည်က ယန်အာနဲ့လား ... နာမည်လေးက ကောင်းလိုက်တာ...” ရှန်းလျဲ့က မိုဝူကျီအခန်းကို ဦးတည်ရင်း ပြောလိုက်သည်။။ သူမက မိုဝူကျီ ဂရုစိုက်လှသည့် ထိုမိန်းကလေးအား မည်သို့လဲဆိုတာ မြင်တွေ့ချင်လေ၏။

သူမက မိုဝူကျီနှင် တစ်လနီးပါးလောက် အတူတူ နေခဲ့သော်လည်း သူတို့ နှစ်ယောက်ကား သိပ်၍ အဆက်အဆံ မရှိချေ။ မိုဝူကျီကို အနည်းငယ်သာ နားလည်လေ၏။ သူမအလှကား သေချာပေါက် ကမ္ဘာအဆင့်မီကာ သူမပုံပန်း သဏ္ဌာန်သည် အမျိုးသမီးများကြားတွင် ၉၉ရာခိုင်နှုန်း လောက်က မနာလိုကာ အားကျကြလေ့ရှိ၏။ သို့သော်လည်း မိုဝူကျီက သူမအား နွေးနွေးထွေးထွေး ဆက်ဆံသည်မှာ သူမ၏ အလှတရား သို့မဟုတ် ပုံပန်း သွင်ပြင်ကြောင့် မဟုတ်ဘဲ ကျင့်ကြံခြင်း၌ အသိပညာများကြောင့်သာ ဖြစ်လေ၏။ ထို့ကြောင့်သာ အခန်းအတွင်းသို့ ဝင်ခွင့် ပြုခဲ့ခြင်း ဖြစ်၏။ သူမသွင်ပြင်နှင့် ဆက်စပ်မှု မရှိချေ။

***

All Chapters