← Chapters

အကြီးအကဲမရှိတော့ရင် ဓားစံအိမ်ကို ငါ ဂရုစိုက်ပေးမယ်

Vol. 7 Ch. 87

အကြီးအကဲမရှိတော့ရင် ဓားစံအိမ်ကို ငါ ဂရုစိုက်ပေးမယ်

Vol. 7 Ch. 87

“အာ… ကောင်းတယ်… ကောင်းတယ်”

လုကောသည် သူ၏လက်ကို ပွတ်သပ်ကာ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လျှက် ဟွမ်လောင်လျှိုအား ဦးညွှတ်ကာ ပြေးထွက်သွားတော့သည်။

ဟွမ်လောင်လျှို ခေါင်းယမ်းကာ ရယ်မောလိုက်၏။ သူက ရင်ဘတ်ကို လက်ဖြင့် ဖိကာ ဓားစံအိမ်ရှေ့တွင် ရပ်ကာ အဝေးကို ငေးကြည့်နေမိသည်။

သူ၏အိတ်ကပ်ထဲ၌ ဝိညာဉ်ကျောက်တုံး မရှိစဉ်က သူသည် ဝိညာဉ်ကျောက်တုံး ၁၀၀ ခန့် စုမိလျှင်ပင် အလွန်ဝမ်းသာရ၏။

ယခု သူ၏အိတ်ကပ်ထဲတွင် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၄တုံး ရှိနေလေပြီ။ သူ ဘာလုပ်ရမည် မသိတော့ချေ။

“ငါ့ ခန္ဓာကိုယ်ကို သန်မာစေတဲ့ ဆေးလုံးနည်းနည်း ဝယ်ရင်ကောင်းမလား။ ငါ တောင်ခြေကို ရောက်တုန်းက ငါ့ခါးကို သက်သာစေတဲ့ ဆေးလုံးရှိတယ်လို့လည်း ကြားခဲ့သေးတယ်”

…

သူ့အခန်းထဲတွင် ဟန်မူယဲ့သည် ဓားသေတ္တာအား ဖွင့်လိုက်၏။

သေတ္တာထဲတွင်ကား သုံးပေခန့်ရှည်သော ဓားရှည်တစ်လက် ရှိနေသည်။ ၎င်းမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။

လက်ဆန့်တန်းကာ သူသည် ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။

ဟူး…

ဓားအော်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

အားကောင်းသော ဓားချီသည် ဟန်မူယဲ့၏သွေးကြောများထဲ စီးဆင်းသွားပြီး ချီပင်လယ်သို့ သက်ဆင်းကြ၏။

သည်ဓားတွင် ထောင်ပေါင်းများစွာသော ဓားချီများ ရှိနေကြသည်။ တခြားတစ်ယောက်သာဆိုပါက ဓားချီများကြောင့်ပင် သွေးကြောများ ပွင့်ထွက်သွားနိုင်သည်။

ဓားချီသည် သူ့ချီပင်လယ်ထဲသို့ ရောက်သည်နှင့် စတင်လှည့်ပတ်ကြ၏။

ဟန်မူယဲ့၏ချီပင်လယ်တွင် ဓားဆန္ဒများ နေရာအနှံ့ နေရာယူထားကြသည်။ အသစ်ဝင်လာသော ဓားချီများသည် နဂိုရှိနေသော ဓားဆန္ဒများနှင့် ပေါင်းစပ်သွားကြ၏။

ထိုဓားချီများ စုပ်ယူခံလိုက်ရလျှင် ဓားသွန်းလုပ်သော မြင်ကွင်းသည် ဟန်မူယဲ့၏အာရုံ၌ ပေါ်လာတော့သည်။

အဖိုးအိုတစ်ဦးသည် သံမဏိတူကြီးတစ်လက်ဖြင့် ဓားတစ်လက်ကို အဆက်မပြတ် ထုရိုက်နေသည်။

အနီရောင်မီးပွားများနှင့် မီးတောက်များသည် အဆက်မပြတ် ပေါက်ကွဲထွက်နေကြ၏။

သူသည် အကြိမ်တစ်ထောင်သန့်စင်ပညာရပ်အား တတ်ကျွမ်းခဲ့သည်။

သူသည် ဆတစ်ရာဝိညာဉ်စွမ်းအားစနစ်အား တတ်ကျွမ်းသွားသည်။

သူသည် ဝိညာဉ်သွန်းလုပ်စနစ်အား တတ်ကျွမ်းသွားသည်။

…

သည်ဓားမှ ဟန်မူယဲ့သည် ဓားသွန်းလုပ်ခြင်းပညာရပ် ငါးမျိုးကို တတ်ကျွမ်းခဲ့၏။

ကောင်းမိသားစုခေါင်းဆောင်သည်ကား ဓားသွန်းလုပ်ခြင်း၌ အမှန်တကယ် ပညာရှင် ဖြစ်သည်။ သူ့တွင် မျိုးစုံသော ဓားသွန်းလုပ်စနစ်များ ရှိသည်။

ဓားသွန်းလုပ်စနစ်ကို တတ်မြောက်သွားပြီးနောက် ဟန်မူယဲ့သည် ဓားကို လွှတ်လိုက်ကာ သေတ္တာထဲ၌ ပြန်ထားလိုက်၏။

လတ်တလောတွင် ဓားကို သန့်စင်ခြင်းမပြုသည်က ပိုကောင်းသည်။

သူ့တွင် ဓားကောင်း ၃လက်ရှိပြီး ဖြစ်သည်။ ဓားအပိုတစ်လက် ထပ်တိုးပါက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေမည်။

သူက သည်ဓားကို ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်ရန် တွေးတောထား၏။

ဆေးလုံးဖြစ်စေ၊ ကျင့်ကြံနည်းစနစ်ဖြစ်စေ အဆင်ပြေသည်။

ဟန်မူယဲ့ သူ့အခန်းထဲမှ ထွက်လာသောအခါ ဟွမ်လောင်လျှိုနှင့် လုကောတို့သည် ဓားစံအိမ်တံခါးဝတွင် ရပ်ကာ အချင်းချင်း ပြောနေသည်ကို တွေ့ရ၏။

ဟွမ်လောင်လျှို၏မျက်နှာက သိပ်မကောင်းပါ။

ဟန်မူယဲ့ ထွက်လာသည်ကိုမြင်လျှင် လုကောက ပြောသည်။

“စီနီယာအစ်ကိုဟန်… ကျုပ်မှာ အကြီးအကဲစုယွမ်ရဲ့ သတင်းရှိတယ်”

စုယွမ်နှင့် သူ့တပည့်များမှာ ကီလိုမီတာ ၅,၀၀၀ အဝေးရှိ သမင်တောင်ကုန်း၌ ပိတ်မိနေကြပြီး ဓားစံအိမ်အကြီးအကဲသည် သူတို့အား သွားရောက်ကယ်တင်သည်။

ဟန်မူယဲ့နှင့် တခြားလူများမှာ စုယွမ်နှင့် သူ့တပည့်များကို ပိတ်ဆို့ရန် မည်သည့်အဖွဲ့အစည်းက ကြံစည်သည်ကို မသိကြပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကီလိုမီတာ ၅၀,၀၀၀ ပတ်လည်ကို ထိန်းချုပ်ကာ အနီးအနားဒေသများမှာလည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မဟာမိတ်များဖြစ်ကြသည်။

ထိုသို့သော နေရာတွင် အကြီးအကဲစုယွမ်တို့အား ပိတ်ဆို့ထားခြင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီက ဓားစံအိမ်အကြီးအကဲကို သူတို့အား သွားရောက်ကယ်တင်ရန် တောင်းဆိုခဲ့သည်။ သူက ဓားစံအိမ်အကြီးအကဲ၏ဓားချက်ဖြင့် လူတိုင်းကို ကြောက်လန့်စေရန် ရည်ရွယ်ထား၏။

ထို့အပြင် ဓားစံအိမ်အကြီးအကဲ၏ဓားကို ချိုးဖျက်ခြင်းဖြင့် ဂိုဏ်းအသီးသီး၏စိုးရိမ်ပူပန်မှုကိုလည်း ပြေလျော့စေမည်။

ဟန်မူယဲ့က ထိုအချက်များကို ဓားစံအိမ်အကြီးအကဲ၏စကားများမှ တွေးဆထားခြင်း ဖြစ်သည်။

“အဲဒါက ကျန့်ရှန်းဓားဂိုဏ်းပဲ”

“အကြီးအကဲချုပ်မူထျဲယန်ဟာ နောက်လိုက်တချို့ကို ဦးဆောင်ပြီး အကြီးအကဲစုယွမ်ကို တားဆီးထားတယ်”

“အကြီးအကဲစုယွမ်နဲ့ အံ့ဖွယ်ဓားအကြီးအကဲတို့ နှစ်ယောက်ပေါင်းပြီး မူထျဲယန်ရဲ့ဓားချက်ကို မတားဆီးခဲ့ဘူးဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မီးဓာတ်မျိုးဆက်ဟာ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ကြုံရပြီပဲ”

“မူထျဲယန်က ချင်သုံးပါးဓားဂိုဏ်းဟာ သူတို့ရဲ့ ဝိညာဉ်လက်နက်ကို ကျင့်ရှန်းဓားဂိုဏ်းသို့ ပေါင်နှံထားတဲ့ သက်သေကို ယူပြီးတော့ ကျုပ်တို့ ဓားဂိုဏ်းကို ‘ပျက်သုန်းရောင်ခြည်ဓား’ ကို ပြန်ပေးဖို့ တောင်းဆိုတယ်”

အလယ်အလတ်ဝိညာဉ်လက်နက်အား ပြန်ပေးရမည်လား။

၎င်းကား မည်သည့်ဂိုဏ်းတွင်မဆို ရတနာအဆင့်ရှိသော လက်နက်ဖြစ်သည်။

“တကယ်လည်း ပျက်သုန်းရောင်ခြည်ဓားဟာ ကျင့်ရှန်းဓားဂိုဏ်းရဲ့ဓားပဲ”

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ ပြောသည်။

“၁၂ နှစ်အကြာက ကျင့်ရှန်းဓားဂိုဏ်းရဲ့ ပထမဓားနတ်ဘုရားချင်စီဟာ မီးတောက်မိစ္ဆာတောင်ကြားမှာ အကြီးအကဲထို့ပါ့ သတ်ဖြတ်တာ ခံခဲ့ရတယ်”

“ပျက်သုန်းရောင်ခြည်ဓားဟာ ချင်စီရဲ့ဓားပဲ”

“ချင်သုံးပါးဓားဂိုဏ်းဟာ အဲဒီဓားကို လှဲလှယ်ဖို့ ကြီးမားတဲ့ တန်ဖိုးပေးခဲ့ရတယ်”

“စကားမစပ် ချင်သုံးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည်ဟာ ချင်သွမ့်ယာလို့ ခေါ်တယ်”

ဟန်မူယဲ့က ထိုမျှ များပြားသော ပုံပြင်များ ရှိမည်ဟု မထင်ထားပေ။

သို့သော်လည်း ကျင့်ရှန်းဓားဂိုဏ်း၏အကြီးအကဲချုပ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း နယ်နိမိတ်အတွင်းသို့ ရောက်လာခြင်းအတွက် မိမိတို့ဘက်မှ မည်သည့် တန်ပြန်အစီအစဉ်မျှ ပြင်ဆင်ထားခြင်း မရှိပေဘူးလား။

“ဟင်း… ဂိုဏ်းချုပ်ဟာ တကယ် ရက်စက်တာပဲ။ ဒီတစ်ခေါက် သူက မူထျဲယန်ကို သတ်တော့မှာ ထင်တယ်”

ဟွမ်လောင်လျှိုက သူ့နောက်မှ ဓားစံအိမ်ကို လှည့်ကြည့်သည်။

ဓားစံအိမ်သည် နေရောင်အောက်တွင် တောက်ပလင်းလက်နေသည်။

“ဒီနှစ် ၁၀၀ အတွင်းမှာ ဂိုဏ်းကြီးဂိုဏ်းကိုးရဲ့ အကြီးအကဲချုပ်တစ်ယောက် သေဆုံးတာမျိုး ငါမကြားမိသေးဘူး”

“တကယ်လို့ မူထျဲယန်သာ အသတ်ခံရရင် အနောက်ဘက်နယ်စပ်ကုန်းမြေဟာ တစ်ခါထပ်ပြီး ပရမ်းပတာ ဖြစ်တော့မှာပဲ”

ဟွမ်လောင်လျှိုက ရေရွက်သည်။

“အဲဒီတုန်းက ဓားစံအိမ်အကြီးအကဲ သုံးပါး သေဆုံးခဲ့တာကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေဟာ အခေါင်းပေါက်တွေ ဖြစ်သွားခဲ့ရတယ်”

တစ်စုံတစ်ခုကို တွေးမိကာ သူက ဟန်မူယဲ့အား ကြည့်သည်။

မော့ယွမ်က လွန်ခဲ့သော နှစ် ၂၀၀ က ဓားစံအိမ်အကြီးအကဲသုံးပါး လှုပ်ရှားသည်ကို မြင်သည်ဟု ဆို၏။

ဓားအလင်းများသည် ဥက္ကာခဲများအလား တောင်နှင့် မြစ်များကို ပြိုလဲစေခဲ့သည်။

“ကျင့်ရှန်းဓားဂိုဏ်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးပြီထင်တယ်”

ဟန်မူယဲ့က မျက်မှောင်ကြုတ်ကာ ပြောသည်။

‘ဒါက မလိုအပ်ဘူးမလား’

ထိုစဉ်က သူတို့၏အကြီးအကဲတစ်ဦးကို သတ်ဖြတ်ကာ တတိယအဆင့်နေရာကို မိမိတို့ဂိုဏ်းက ရယူခဲ့သည်။ သို့သော်လည်း ထိုကိစ္စက ထိုမျှ ပြင်းထန်ပါသလော။

“ညီလေးဟန်… ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဂိုဏ်းကြီးလေးဂိုဏ်းထဲ ဒုတိယနေရာမှာရှိတဲ့ ဖုန်းလင်ဓားဂိုဏ်းထက် အားမနည်းဘူး”

ဟွမ်လောင်လျှိုက ပြောသည်။

ပင်မဂိုဏ်းကြီးလေးခုတွင် ဒုတိယလား။

သည်ကိစ္စတွင် နောက်ကွယ်မှ လက်မဲကြီးများ ပါဝင်နိုင်ပေသေးသည်။

“မဟာအကြီးအကဲသုံးပါးက ကီလိုမီတာ တစ်သောင်းကို ခရီးနှင်ပြီးတော့ သူတို့အားလုံးကို ဖိနှိပ်ခဲ့တာပဲမလား”

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ တီးတိုးပြောသည်။

“ငါစိုးရိမ်တာက ဓားစံအိမ်အကြီးအကဲ ဒီတစ်ခေါက် ဘေးကင်းကင်းနဲ့ ပြန်မလာနိုင်မှာကိုပဲ”

လုကောကလည်း ခေါင်းယမ်းကာ ပြောသည်။

“ကျုပ် ဟိုဟိုဒီဒီ မေးကြည့်တော့လည်း သူတို့အားလုံးက… သူတို့အားလုံး ပြောတာက…”

ဟန်မူယဲ့ မျက်မှောင်ကျုံ့ကာ အဝေးကို လှမ်းကြည့်သည်။

သည်တစ်ကြိမ် အားလုံးက ဓားစံအိမ်အကြီးအကဲ တိုက်ခိုက်မည်ကို စောင့်ဆိုင်းနေကြ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့၏ခွန်အားကို ဖုံးကွယ်ကာ အချိန်ဆွဲလျှက် အတွင်းပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်နေသည်။

ဖုန်းလင်ဓားဂိုဏ်းနှင့် ကျင့်ရှန်းဓားဂိုဏ်းတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဖိနှိပ်လိုနေသည်များလား။

ဓားစံအိမ်အကြီးအကဲက အားလုံးနှင့် အတူတူ လာရောက်စားသောက်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

သူ လာရောက်ခဲ့ခြင်းမှာ ဟွမ်လောင်လျှိုအား နှုတ်ဆက်ရန် မဟုတ်ချေ။

သူက မိမိကိုယ်ကို နှုတ်ဆက်ရန်အတွက် ဖြစ်ပေသည်။

ဟန်မူယဲ့ လက်သီးဆုပ်ထားမိကာ စိတ်တွင်း၌ ထိန်းချုပ်မရသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

ကျင့်ကြံခြင်း…

‘အသက်ရှုကြိမ်တစ်ရာ’ အဆင့်၌ ရှိသော ဓားစံအိမ်အကြီးအကဲအတွက်ပင် မိမိကိုယ်တိုင်၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်ရန် ခက်လှသည်။

“ညီလေးဟန်… ဒါက ငါတို့ ဓားထိန်းတွေအတွက် သတ်မှတ်ထားတဲ့ ကံတရားပဲ”

“မင်းအနေနဲ့ ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်ကို ရောက်ရင် ဒီလိုနေ့ရက်က ရောက်လာမှာပဲ”

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ သူပုခုံးကို ပုတ်သည်။

“မင်း အဲဒီလမ်းစဉ်ကို မလိုက်ချင်ရင် မြန်မြန်ထွက်သွားပါ။ အချိန်ရှိပါသေးတယ်”

“အကြီးအကဲမရှိတော့ရင် ဓားစံအိမ်ကို ငါ ဂရုစိုက်လိုက်မယ်”

ဟွမ်လောင်လျှိုက ရိုးသားစွာ ပြောသည်။

သူ၏စိတ်ရင်းဖြင့် ပြောသည်ကို ဟန်မူယဲ့ သိသည်။

ဟန်မူယဲ့ ထွက်သွားသည်နှင့် သူသည် သေချာပေါက် ဓားစံအိမ်ကို တာဝန်ယူပေလိမ့်မည်။

သူက လုချန်းဖျင်နှင့် ဇတ်မြုတ်ထွက်ခွာရန် ပြင်ဆင်ထားသည့်တိုင် သူ သေချာပေါက် ဓားစံအိမ်တွင် ဆက်နေဖြစ်ပေလိမ့်မည်။

“အစ်ကို… ကျုပ်တို့က အဲဒီအခြေအနေ မရောက်သေးပါဘူး”

ဟန်မူယဲ့က အတင်းပြုံးလိုက်ကာ သက်ပြင်းရှည်တစ်ချက် ရှိုက်လိုက်သည်။

“အကြီးအကဲတွေ ဘယ်လိုလုပ်နေလဲ မေးကြည့်ပါဦးမယ်”

လုကော၏သတင်းသည် အပြင်စည်းဂိုဏ်းသားများမှ တစ်ဆင့် လာခြင်း ဖြစ်သည်။ ထိုအထဲတွင် အမှန်အမှားများ ရောစွက်နေ၏။

သူက အကြီးအကဲစုလျှန့်ကို မေးမြန်းသင့်သည်ဟု တွေးလိုက်သည်။

သူမသည် သေချာပေါက် သတင်းတချို့ သိပေလိမ့်မည်။

“ဘာဖြစ်ဖြစ် ငါတို့ တစ်ခုခုလုပ်သင့်တယ်။ အကြီးအကဲ သေတာ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူး”

“ငါတို့အားလုံးက ဓားထိန်းတွေပဲ”

ဟန်မူယဲ့ သူ၏အခန်းထဲကို ပြန်ကာ သေတ္တာငယ်လေးတစ်လုံးကို ယူလာသည်။ သူက ဓားစံအိမ်တံခါးဝသို့ ရောက်သောအခါ အသံတိုးတိုးဖြင့် အပြင်သွားမည့်အကြောင်းပြောကာ အဝေးကို ထွက်သွားခဲ့သည်။

“ညီလေးဟန်က တကယ့်ဓားထိန်းပဲ။ အကြီးအကဲ သူ့ကို ရွေးခဲ့တာ မမှားဘူးပဲ”

ဟွမ်လောင်လျှိုက သက်ပြင်းချကာ ပြောသည်။

“သူက ဒီလို ကူရာမဲ့တဲ့အခြေအနေမှာတောင် စိတ်ဓာတ်ခိုင်ခိုင်ထားနိုင်တယ်။ သူ့စိတ်ဓာတ်က သံမဏိလို မာကြောခိုင်ခန့်တာပဲ”

လုကောက လက်သီးဆုပ်ကာ လေးစားစွာ ပြောသည်။

All Chapters