အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ ကျင့်ကြံသူ
Vol. 7 Ch. 88
ရေကန်စံအိမ်…
အမျိုးသမီးကျင့်ကြံသူ ကျင်းယွမ်သည် သေတ္တာတစ်လုံးအား ကိုင်ကာ ရောက်လာသော ဟန်မူယဲ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်သည်။
ဓားစံအိမ်အကြီးအကဲသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထွက်သွားခဲ့ကာ ထိုကိစ္စနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေသည်။
သည်တစ်ကြိမ် ဓားစံအိမ်အကြီးအကဲ မုချ သေဆုံးတော့မည်ဟု လူအများအပြားက ပြောနေကြ၏။
ယခု သည်ဓားထိန်းက သူမ၏ဆရာထံမှ မည့်သည့်အရာကို အလိုရှိနေသနည်း။
‘သူက ဓားစံအိမ်မှ ထွက်ခွာလိုသည်လား’
“စီနီယာအစ်ကိုဟန်… ကျွန်မဆရာက အကြီးအကဲဆိုပေမဲ့ သူမက ဂိုဏ်းအရေးကိစ္စမှာ ဝင်မပါဘူး”
“သူမက တပည့်တွေ နေရာပြောင်းရွှေ့တာကို တာဝန်မယူဘူး”
ကျင်းယွမ်၏စကားတွင် စိတ်မရှည်မှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုများ ပါဝင်နေသည်။
သူသည် ဓားထိန်းဖြစ်လာမှတော့ ဓားစံအိမ်ကို ကာကွယ်နေရမည် မဟုတ်ပေဘူးလား။
အန္တရာယ်ရှိပါက သူသည် အကာကွယ်တောင်းခံနိုင်သည်။
ကျင့်ကြံသူတစ်ဦးက ထိုမျှ ကြောက်တတ်၍ ဖြစ်ပါမည်လော။
“ကျုပ် သိတယ်”
ဟန်မူယဲ့ ရှေ့ကို လျှောက်သွားရင်း ကျင်းယွမ်၏စကားကို လျစ်လျူရှုထားသည်။
ကျင်းယွမ်က သူ၏အမူအရာကို မြင်ကာ ခေါင်းယမ်းပြီး ထပ်မပြောတော့ချေ။
သူတို့သည် အကြီးအကဲစုလျန့်၏ဝါးအိမ်ကလေးသို့ ရောက်သောအခါ ကျင်းယွမ်က လှမ်းအကြောင်းကြားပေးပြီး ဟန်မူယဲ့ အတွင်းသို့ ဝင်လာခဲ့သည်။
“မင်းက စီနီယာအစ်ကိုကောင်းကိစ္စကြောင့် လာခဲ့တာမလား”
စုလျန့်က ဟန်မူယဲ့အား မေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“အကြီးအကဲ… သမင်တောင်ကုန်းမှာ အခြေအနေ ဘယ်လိုရှိပါသလဲ”
စုလျန့်က ဟန်မူယဲ့အား ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
“ငါတို့ဂိုဏ်းနဲ့ ကျင့်ရှန်းဓားဂိုဏ်းတို့က အချင်းချင်း ရင်ဆိုင်နေကြပေမဲ့ တကယ့်တိုက်ပွဲတော့ မဖြစ်သေးဘူး”
ဆိုလိုသည်က ကျင့်ရှန်းဓားဂိုဏ်းမှ မူထျဲယန်မှ အသက်ရှင်နေသေးသလို ဓားစံအိမ်အကြီးအကဲသည်လည်း မတိုက်ခိုက်ရသေးပေ။
ဤသည်ကား သတင်းကောင်း ဖြစ်သည်။
ဟန်မူယဲ့ အနည်းငယ် စိတ်သက်သာရာ ရသါားကာ ပြောသည်။
“အကြီးအကဲ… ကျုပ်တို့က ချင်သုံးပါးဓားဂိုဏ်း တောင်းဆိုတဲ့ ပျက်သုန်းရောင်ခြည်ဓားကို ပို့ပေးလိုက်ရင် ဒီကိစ္စတွေ ချုပ်ငြိမ်းသွားနိုင်မလား”
အားလုံးက ဓားစံအိမ်အကြီးအကဲ တိုက်ခိုက်ကာ ဓားဂိုဏ်း၏အရှိန်အဝါအား ပြသမည်ကို လိုလားနေကြသော်လည်း ဟန်မူယဲ့က ထိုသို့မဟုတ်ပေ။
“မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေက အရေးကိစ္စတွေထဲ ငါ့ကို ဝင်ပါဖို့ ပြောနေတာပဲ”
အကြီးအကဲစုလျန့်က ခေါင်းယမ်းသည်။
“ငါ ဝင်မပါတာ မဟုတ်ဘူး။ ငါက ဝင်ပါဖို့ မစွမ်းတာ…။ ငါက အာခီမီကလွဲပြီး တခြား တတ်နိုင်တာ မရှိဘူး”
အကြီးအကဲစုလျန့်က သူမသည် ဝင်ပါရန် မစွမ်းသာဟု ပြောသည်။ ဆိုလိုသည်က သည်ကိစ္စမှာ ပြောင်းလဲရန် အလွန်ခဲယဉ်း၏။
အကယ်၍ ဓားစံအိမ်အကြီးအကဲကသာ ကျင့်ရှန်းဓားဂိုဏ်းမှ မူထျဲယန်ကို သတ်ဖြတ်ခဲ့ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကောင်းကင်ဘုံအဆင့် အကြီးအကဲတစ်ဦးကို ဆုံးရှုံးသွားမည်ဖြစ်ကာ ကျင့်ရှန်းဓားဂိုဏ်းသည်လည်း ကောင်းကင်ဘုံတစ်ဝက်အဆင့် အကြီးအကဲတစ်ဦးကို ဆုံးရှုံးပေမည်။
ဂိုဏ်းနှစ်ခုသည် အင်အားများစွာ ဆုတ်ယုတ်သွားနိုင်ပြီး ဂိုဏ်းကြီးလေးခုတွင် နောက်ဆုံးအဆင့်သို့ ကျရောက်သွားပေမည်။ ထိုကိစ္စက တခြားပင်မဂိုဏ်းများအား စိတ်သက်သာရာ ရစေပေမည်။
တစ်ဘက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မျိုးဆက်ငါးခုသည် စုစည်ညီညွတ်သွားကာ ထိုကိစ္စကြောင့် ဂိုဏ်းသည် ကြီးမားစွာ အကျိုးဖြစ်ထွန်းပေမည်။
ပျက်သုန်းရောင်စဉ်ဓားကို ပို့ဆောင်ခြင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေနိုင်၏။
ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲသုံးပါးသည် ထိုကိစ္စကို ခွင့်ပြုမည် မဟုတ်ချေ။
ဟန်မူယဲ့ တိတ်ဆိတ်နေသည်ကို ကြည့်ကာ အကြီးအကဲစုလျန့်က မေးသည်။
“မင်းက ဒီကိစ္စအတွက်ပဲ လာခဲ့တာလား”
ကျင်းယွမ်က ဟန်မူယဲ့အား ကြည့်သည်။
သူမ၏ဆရာ အကြီးအကဲစုလျန့်သည် အခြေအနေကို မည်သို့မှ ပြောင်းလဲနိုင်စွမ်းမရှိတော့သည်ကို သိရပါက သူသည် သေချာပေါက် ဓားစံအိမ်မှ ပြောင်းခွင့်ရရန် တောင်းဆိုမည် မဟုတ်ပေဘူးလား။
သူက စကားစကို မည်သို့ စရမည် မသိခြင်းပဲ ဖြစ်နိုင်သည်။
အမှန်တကယ်လည်း…
ဟန်မူယဲ့က သူ၏လက်ထဲမှ သေတ္တာကို ဖွင့်လိုက်သည်။
ထိုသို့သော သေတ္တာများမှာ ဝိညာဉ်ကျောက်တုံးများ သိမ်းဆည်းလေ့ရှိသည်။
“အကြီးအကဲကို တစ်ခုတောင်းဆိုချင်ပါတယ်”
ဟန်မူယဲ့က ပြောသည်။
အကြီးအကဲစုလျန်က သေတ္တာလေးအား ကြည့်ကာ ဘာမှ မပြောပေ။
ဟန်မူယဲ့ သေတ္တာလေးကို ဖွင့်လိုက်လျှင် စူးရှတောက်ပသော ဝိညာဉ်ကျောက်တုံး ၂၀ ထွက်ပေါ်လာသည်။
အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂၀ ကား သူ၏ကြွယ်ဝမှုအားလုံး ဖြစ်သည်။
ကျင်းယွမ်က သေတ္တာလေးအား ကြည့်ကာ မျက်လုံးပြူးနေသည်။
ဟန်မူယဲ့က ထိုမျှ ချမ်းသာကြွယ်ဝမည်ဟု သူမ, မထင်ထားပေ။
ဓားစံအိမ်၏ဓားထိန်းတစ်ဦးက မည်သို့ ထိုမျှ ချမ်းသာနေသနည်း။
စုလျန့် မျက်မှောင်ကြုတ်လိုက်သည်။ သူမက စကားပြောမည်ပြုစဉ်မှာပင် ဟန်မူယဲ့က ဦးညွှတ်ကာ ပြောသည်။
“အကြီးအကဲဆီက စွမ်းအင်အသွင်ပြောင်းဆေးလုံးဖော်စပ်နည်း သိချင်ပါတယ်”
စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် ချီစုဆောင်းခြင်းအဆင့်၌ ကျင့်ကြံဆင့်မြှင့်ရန် အကောင်းဆုံးဆေးလုံးဖြစ်သည်။
သူက ဓားစံအိမ်မှ ပြောင်းရွှေ့ပေးရန် တောင်းဆိုနေရမည် မဟုတ်ပေဘူးလား။
ကျင်းယွမ် နားမလည်ပါ။
“ဒါပဲလား”
အကြီးအကဲစုလျန့်ကလည်း တအံ့သဩမေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
အကြီးအကဲစုလျန့်က ခေါင်းညိတ်ကာ ပြောသည်။
“စီနီယာအစ်ကိုကောင်း လူရွေးမှန်တာပဲ”
သူမ ထရပ်ကာ နောက်မှ သစ်သားစင်ထံသို့ သွားလျှက် ဆေးပင်ဆေးမြစ်တချို့ကို ရွေးယူသည်။ ထို့နောက် သူမက ပြောသည်။
“မူဝမ်က မင်းဟာ အာခီမီပညာရပ်မှာ ပါရမီမြင့်တယ် ပြောတယ်။ ငါ မင်းကြည့်ဖို့ နှစ်ခေါက် သရုပ်ပြပေးမယ်။ နားမလည်တာရှိရင် ငါ့ကို မေးပါ”
ဆေးအမယ်များကို ရှာယူပြီးနောက်တွင် စုလျန့်က လက်ကို မြှောက်လိုက်လျှင် အစိမ်းရောင်မီးတောက် ထွက်ပေါ်လာသည်။
ဝုန်း…
ထိုအခိုက်တွင် ကောင်းကင်တစ်ခုလုံးတုန်ခါသွားအောင် ဟိန်းသံတစ်ခု ကြားရရာ အကြီးအကဲစုလျန့်၏အမူအရာ ပြောင်းလဲသွားကာ မီးတောက်ကို ပြန်သိမ်းလိုက်သည်။
ဟန်မူယဲ့ကလည်း ဝါးစံအိမ်အပြင်ဘက်သို့ လှမ်းကြည့်၏။
ကောင်းကင်တစ်ခုလုံး ဓားအလင်းများဖြင့် ထိန်လင်းနေသည်ကို တွေ့ရသည်။
ကောင်းကင်တွင် ဓားကွန်ချာတစ်ခုသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးကို ခြုံလွှမ်းထား၏။
“ဘာဖြစ်တာလဲ… ဂိုဏ်းကာကွယ်ရေးအစီအရင် အသက်ဝင်လာတယ်”
အကြီးအကဲစုလျန့် မျက်မှောင်ကြုတ်သည်။ ထိုစဉ် သဘာဝစွမ်းအင်အလင်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ သူမရှေ့သို့ ရောက်လာသည်။
သူမက လက်ဆန့်တန်းလိုက်လျှင် ထိုအလင်းသည် သူမ၏လက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
သူမ၏အမူအရာမှာလည်း တည်ကြည်သွားသည်။ သူမက ဟန်မူယဲ့နှင့် ကျင်းယွမ်ကို ကြည့်သည်။
“ကျင့်ရှန်းဓားဂိုဏ်းက ချင်ယွမ်ဟယ်ဟာ ကောင်းမိသားစုခေါင်းဆောင်ကို အံ့ဖွယ်ကိုးပါးတောင်ခြေမှာ အလစ်တိုက်ခိုက်ခဲ့တယ်။ ကောင်းမိသားစုဟာ အန္တရာယ်နဲ့ ကြုံနေပြီ။ ငါ သွားမှ ဖြစ်မယ်”
ချင်ယွမ်ဟယ်က ကောင်းမိသားစုကို တိုက်ခိုက်ခဲ့သည်လား။
ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားသည်။
သူက ကောင်းမိသားစုခေါင်းဆောင်နှင့် ခုနကမှ ပြောဆိုခဲ့သေးသည်။
ကောင်းမိသားစုသည် ပန်းပဲမိသားစုဖြစ်ကာ ဓားစံအိမ်၏ ၃၀ရာနှုန်းသော ဓားများမှာ ကောင်းမိသားစုထံမှ ထောက်ပံ့ထားခြင်း ဖြစ်သည်။
ကောင်းမိသားစုသာ တစ်ခုခုဖြစ်သွားပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးဖြစ်သည်။
“ဒီတစ်ခေါက် ဂိုဏ်းချုပ် တကယ် လှုပ်ရှားတော့မယ်ထင်တယ်”
အကြီးအကဲစုလျှန့်က သက်ပြင်းချကာ သူမထံမှ စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်။
“ဂိုဏ်းချုပ်ဟာ ထိုက်ရီဓားဂိုဏ်းသို့ ကိုယ်တိုင် သွားရောက်လည်ပတ်တယ်။ မူထျဲယန် သေချာပေါက် အဆုံးသတ်ပြီပဲ”
ထိုက်ရီဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ တတိယအင်အားအကြီးဆုံးဂိုဏ်းဖြစ်ကာ ဂိုဏ်းကြီးလေးဂိုဏ်း၏ခေါင်းဆောင်လည်းဖြစ်သည်။ ဂိုဏ်း၏အကြီးအကဲချုပ် ထူစွန်းရှစ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ နံပါတ် ၁ဓားပညာရှင်လည်း ဖြစ်သည်။
သူသည် ဝိညာဉ်သူငယ်အဆင့်၊ ကောင်းကင်ဘုံပညာရှင် ဖြစ်သည်။
ဂိုဏ်းချုပ်က ထိုက်ရီဓားဂိုဏ်းသို့ သွားရောက်ခြင်းမှာ မူထျဲယန်ကို သတ်ဖြတ်ရန် တစ်ဘက်တစ်လမ်းမှ တွန်းအားပေးနေခြင်း မဟုတ်ပေဘူးလော။
အကယ်၍ မူထျဲယန် သေဆုံးသွားခဲ့လျှင် ဓားစံအိမ်အကြီးအကဲသည်လည်း ပြန်လာနိုင်တော့မည် မဟုတ်ပေ။
“ဒါက ငါ့ရဲ့ရေကန်စံအိမ်မှာ ရှိတဲ့ ဆေးဖော်စပ်နည်းတချို့ပဲ။ ဒါတွေကို ယူပြီး လေ့လာပါ”
“နားမလည်တာရှိရင် ကျင်းယွမ်ကို မေး”
“ဝိညာဉ်ကျောက်တုံးတွေ မလိုဘူး”
အကြီးအကဲစုလျန့်က ဟန်မူယဲ့အား ကျောက်စိမ်းပြားတစ်ခုအား ပစ်ပေးလိုက်သည်။ ထို့နောက် သူမသည် အဝေးသို့ ပျံသန်းထွက်ခွာသွား၏။
ကျောက်စိမ်းပြားတွင် နတ်အာရုံဖြင့်သာ ဖတ်နိုင်သော စာလုံးများ ရေးထွင်းထားသည်။ ၎င်းသည် ကျင့်ကြံခြင်းလောက၌ အချက်အလက်များ မှတ်သားရန် အသုံးများသော နည်းစနစ်လည်း ဖြစ်သည်။
ဟန်မူယဲ့သည် ကျောက်စိမ်းပြားအား လက်တွင်ကိုင်ကာ သက်ပြင်းချသည်။
“စီနီယာအစ်ကိုဟန်… ကျွန်မ….”
ကျင်းယွမ်က ဟန်မူယဲ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်သည်။ ထို့နောက် သူမက ခေါင်းငုံ့ကာ ပြောသည်။
“ကျွန်မက ဝိညာဉ်အသွင်ပြောင်းဆေးလုံး တစ်ဖုံ ဖော်စပ်ပေးပါ့မယ်။ ရေကန်စံအိမ်မှာ ကျွန်မ ဆေးအမယ်တွေ သိပ်အများကြီး ရှာမရဘူး”
ဝိညာဉ်အသွင်ပြောင်းဆေးလုံးများမှာ တန်ဖိုးကြီးမားသည်။ သူတို့မှာ ဖော်စပ်ရန် ခက်ခဲသလို ဆေးအမယ်များမှာလည်း ရှားပါး၏။
ကျင်းယွမ်ကား အားနာနေသည်။ သူမက စီနီယာအစ်ကိုဟန်အပေါ် ဆိုးဝါးသော အမြင်များ ရှိခဲ့၏။
ဟန်မူယဲ့က ခေါင်းယမ်းကာ ကျောက်စိမ်းပြားအား သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် စားပွဲပေါ်မှ ဆေးအမယ်များကို သိမ်းဆည်းလိုက်သည်။
“မိန်ကလေးကျင်း… ကျုပ် ကိုယ့်ဘာသာ လေ့လာလိုက်ပါ့မယ်”
“ဒီဆေးနှစ်ဖုံစာအတွက် ဝိညာဉ်ကျောက်တုံးတွေကို ဆိုင်ရှင်ပိုင်နဲ့ ရှင်းခိုင်းလိုက်ပါ့မယ်”
ထို့နောက် ဟန်မူယဲ့ ထွက်ခွာသွားသည်။
အကယ်၍ သူသည် ဓားချီဖြင့် သည်ဆေး၂ဖုံကို ဖော်စပ်ပါက အရည်အသွေးမြင့် ဆေးလုံးများကို ရနိုင်သည်။
သူက ကျင်းယွမ်ကို ဖော်စပ်စေပါက သူ မည်သည့်နေရာတွင် သွားငိုရမည် မသိ ဖြစ်သွားနိုင်သည်။
ဟန်မူယဲ့ ထွက်သွားသည်ကို ကြည့်ကာ ကျင်းယွမ် နှုတ်ခမ်းကို ကိုက်ပြီး မည်သည့်စကားမှ မဆိုချေ။
…
ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။ သူ ရောက်သွားသောအခါ ဟွမ်လောင်လျှိုနှင့် လုကောတို့မှာ တံခါးဝ၌ စိုးရိမ်ပူပန်စွာ စောင့်နေကြ၏။
“အကုန်ရှုပ်ကုန်ပြီ… ဒီတစ်ခါ ရှုပ်ကုန်ပြီ”
ဟန်မူယဲ့အား မြင်လျှင် လုကောက အလျင်အမြန် ပြောသည်။
“ကျင့်ရှန်းဓားဂိုဏ်းက ကျုပ်တို့ကို ပေါ်ပေါ်ထင်ထင် ရန်စနေပြီ။ သူတို့က အကြီးအကဲကောင်းကို အတင်းသေခိုင်းနေတာပဲ”
ဟွမ်လောင်လျှိုကလည်း မျက်နှာသိပ်မကောင်းစွာဖြင့် ပြောသည်။
“အခုပဲ အတွင်းစည်းဂိုဏ်းစီမံခန့်ခွဲရေးမှူးတစ်ယောက် ရောက်လာပြီးတော့ အကြီးအကဲကောင်းဟာ ငါ့ရဲ့ဓားထိန်းသက်တန်း ဆယ်နှစ်ပြည့်တာနဲ့ ငါဟာ စီမံခန့်ခွဲရေးမှူးအဖြစ်နဲ့ ထွက်ခွာခွင့်ရမယ်လို့ ညွန်ကြားခဲ့တယ်တဲ့”
“အကြီးအကဲကောင်းက ငါ့ရဲ့စိုးရိမ်ပူပန်မှုကို ဖြေးရှင်းပေးသွားခဲ့တာပဲ”