အကြီးအကဲ… အတူတူစားမလား
Vol. 6 Ch. 75
“လေက မီးကို ထောက်ပံ့တဲ့အခါ မိုင်တစ်ထောင် လောင်ကျွမ်းတယ်”
ချီမင်ယွမ် မော့ကြည့်သည်။ ဟန်မူယဲ့၏ဘယ်လက်မှ အစိမ်းရောင်ဓားသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဓားသိုင်းကွက်မှာလည်း တိမ်ခွင်းဓားသိုင်း ဖြစ်သည်။
တိမ်များ စုစည်းခြင်း ဖြန့်ကျက်ခြင်း နှင့် လေများ ပြင်းထန်စွာ တိုက်ခတ်ခြင်း…
သူ ခေါင်းကို မလှည့်ရသေးခင်တွင်ပင် မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာသည်။
သူ့ရှေ့တွင် အစိမ်းရောင်လေလှိုင်းများသည် အနီရောင်လှိုင်းကို ရိုက်ခတ်သွားသည်။ လေများ၏အထောက်အပံ့ဖြင့် မီးတောက်မီးလျှံများသည် အလျှံညီးညီး တောက်လောင်ကြတော့သည်။
လေနှင့်မီးတို့ တွဲဖက်တည်ရှိကာ ဓားဆန္ဒမှာလည်း ပေါင်းစပ်နေသည်။
ချီမင်ယွမ်သည် စိတ်ထဲတွင် ကြီးစွာ တုန်လှုပ်သွား၏။ ထိုမီးလျှံများသည် ကောင်းကင်တခွင် ပြည့်နှက်သွားသည့်အလား သူ ခံစားနေရ၏။
ဤသည်ကား တိမ်ခွင်းဓားသိုင်း၏တတိယအဆင့် ဖြစ်သည်။
ချက်ချင်းပင် သူသည် အကန့်အသတ်မဲ့သော မီးလောင်ပြင်ထဲ ရောက်သွားသလို ခံစားရ၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးတွင် မီးလျှံများ တောက်လောင်နေပြီး ထွက်ပေါက်မဲ့သော အခြေအနေသို့ ရောက်လာခဲ့သည်။
အကယ်၍ သူသာ ထွက်မပြေးပါက သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။
ကလင်…
သူက ဓားကို ထုတ်လိုက်ကာ ပြင်းထန်သော လေလှိုင်းအား ဖန်တီးလိုက်သည်။
တိမ်နှင်ခြင်း…
ဤကား ဓားဆန္ဒ ဖြစ်သည်။
ဝုန်း…
လေများက တိမ်ကို တွန်းထုတ်သောအခါ မီးတောက်များလည်း ပေါက်ကွဲကြသည်။
တိမ်နှင်ခြင်းက မီးတောက်ကို မဖိနှိပ်နိုင်သည့်အပြင် ၎င်းမီးလျှံများကို ပိုမိုအားကောင်းစွာ တောက်လောင်စေတော့သည်။
ချီမင်ယွမ်သည် အကန့်အသတ်မဲ့သော မီးလောင်ပြင်ထဲ၌ ပုန်းကွယ်စရာ နေရာမရှိတော့ပါချေ။ သူက ဓားကို ပြန်သိမ်းလိုက်ကာ သက်ပြင်းချလျှက် မျက်လုံးများကို မှိတ်လိုက်တော့သည်။
လေသည် မီးကို ထောက်ပံ့သည်။
ထိုအခိုက်တွင် လင်ကြွယ်ဓားဂိုဏ်း၏အခြေခံအုတ်မြစ်မှာ အားနည်းသည်ဟု ဟန်မူယဲ့ အဘယ်ကြောင့် ပြောသည်ကို နားလည်လိုက်၏။
လင်ကြွယ်ဓားဂိုဏ်း၏သိုင်းမှာ အထောက်အပံ့ပညာရပ်မျှသာဖြစ်ကာ စစ်မှန်သော သတ်ဖြတ်သိုင်း မဟုတ်ပေ။
ကမ္ဘာမြေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် လေနှင့်မီး ပေါင်းစပ်သိုင်းကွက်အောက်တွင် ကူရာမဲ့နေခဲ့သည်။
လေနှင့်မီး ပျက်ပြယ်သွားသောအခါ တိမ်များမှာလည်း လွင့်ပါးသွားသည်။
ဟန်မူယဲ့၏လက်ထဲမှ ဓားအလင်းမှာ ပျက်ပြယ်သွားကာ ဓားဆန္ဒမှာလည်း ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားသည်။
သူက ကမ္ဘာမြေအဆင့်တစ်ဦးကို အမှန်တကယ် သတ်ဖြတ်ခြင်းကား မဟုတ်ပါချေ။ သူက တန်ဖိုးကြီးသော ဓားဆန္ဒတစ်ခုအား အလဟသ မဖြန်းတီးလိုပေ။
သူ၏အသံသည် ချီမင်ယွမ်၏နားထဲကို ရောက်လာသည်။
“စီနီယာ… ခင်ဗျား နားလည်ပါပြီလား။ တိမ်ခွင်းသိုင်းပဲ ဖြစ်ဖြစ် တိမ်နှင်သိုင်းပဲ ဖြစ်ဖြစ် ဒါက အထောက်အပံ့သိုင်းအဆင့်ပဲရှိတယ်”
“တကယ်လို့ ခင်ဗျားက တတိယအဆင့်ကို လေ့ကျင့်ချင်ရင် ရေနဲ့မီး ဓားသိုင်းတစ်ခုခုကို လေ့ကျင့်ရလိမ့်မယ်”
“အဲဒီသိုင်းတွေကို လေ့ကျင့်ပြီးတဲ့အခါ လင်ကြွယ်ဓားဂိုဏ်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”
“ချီတောက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ လေ့ကျင့်ခိုင်းတဲ့အကြောင်းအရင်းကို နားလည်ပါပြီလား”
ဟန်မူယဲ့၏အဆိုအရ လင်ကြွယ်ဂိုဏ်း၏အခြေခံအုတ်မြစ်မှာ အားနည်းသည်။ ဂိုဏ်း၏မူပိုင်ဓားသိုင်းသည် အထောက်အပံ့ဓားသိုင်းအဆင့်သာ ရှိသည်။
ဟန်မူယဲ့က ချီတောက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ လေ့ကျင့်စေခြင်းမှာ ကျင့်ကြံခြင်းတစ်ခုတည်းအတွက်မဟုတ်ဘဲ လင်ကြွယ်ဓားဂိုဏ်းအားလည်း သစ္စာဖောက်မည့် အရေးမှ ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်သည်။ အကယ်၍ သူတို့ကသာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်လိုပါက ချီတောက်ကို ဓားစာခံအနေဖြင့် အသုံးချနိုင်သည်။
ချီမင်ယွမ်က မျက်လုံးများကို ဖွင့်ကာ ခေါင်းညိတ်သည်။ သူက ဟန်မူယဲ့အား ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“စိတ်မပူပါနဲ့… လင်ကြွယ်ဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”
ဟန်မူယဲ့က ပြုံးလျှက် မိမိကိုယ်ကို ရေရွက်သည်။
“တချို့ကိစ္စတွေ… ဘယ်သူ ပြောနိုင်မှာလဲ”
ချီမင်ယွမ်က ပါးစပ်ဟလိုက်ပြီးနောက် ဓားစံအိမ်ကို လှမ်းကြည့်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောသည်။
“ကောင်းပြီ… ကျုပ်က ချီတောက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ၁၀ နှစ် သင်ယူစေမယ်”
“ငါ နားမလည်တာက ဘာလို့ မီးဓာတ်မျိုးဆက်မှလဲ”
“ငါ သိသလောက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မီးဓာတ်မျိုးဆက်က ဆုတ်ယုတ်နေတယ်ဆို”
ဟန်မူယဲ့က သူ့အား ကြည့်ကာ ပြောသည်။
“မီးဓာတ်မျိုးဆက် ဆုတ်ယုတ်နေတာကြောင့်ပဲ ချီတောက်ဟာ ဆယ်နှစ်ကြာပြီးနောက် ထွက်သွားခွင့်ရမှာ မဟုတ်ဘူးလား”
“တကယ်လို့ သူသာ ရေဓာတ်မျိုးဆက်ဖြစ်စေ၊ တခြား အကြီးအကဲတွေ အုပ်ချုပ်တဲ့ မျိုးဆက်ဆီသို့ ရောက်သွားရင် လင်ကြွယ်ဂိုဏ်းသို့ ၁၀ နှစ်အကြာ ပြန်သွားဖို့ ခက်လိမ့်မယ်”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် မျိုးဆက်ငါးခုရှိကာ ၎င်းတို့မှာ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် ကမ္ဘာမြေတို့ ဖြစ်သည်။ ၎င်းတို့အထဲတွင် မီးဓာတ်မျိုးဆက်မှ အကြီးအကဲမှာ ဂိုဏ်းကို သစ္စာဖောက်သွားခဲ့၏။ သူတို့တွင် ကမ္ဘာမြေအဆင့် ပညာရှင် ရှိသေးသော်လည်း ထိပ်သီးအဆင့်များ မရှိတော့ပါချေ။
တခြားသော မျိုးဆက်သုံးခုဖြစ်သော သတ္တု၊ သစ်သားနှင့် ရေဓာတ်မျိုးဆက်တို့တွင်ကား ထိပ်သီးအဆင့် ကမ္ဘာမြေပညာရှင်တစ်ဦးစီ တည်ရှိသည်။ သူတို့မှာ အမြုတေဖွဲ့စည်းစာ ဝိညာဉ်သူငယ်အဆင့်သို့ တက်လှမ်းခါနီး ဖြစ်သည်။
ထိုသို့သော ပညာရှင်များ ထောက်ပံ့ထားသော မျိုးဆက်တွင် ချီတောက်သည် ဆယ်နှစ်မျှဖြင့် လွတ်လပ်ခွင့်ရမည် မဟုတ်ပေ။
ထို့အပြင် ထိုသို့သော ပညာရှင်လက်အောက်တွင် သင်ယူလေ့လာပြီးနောက် ချီတောက်မှာလည်း ထွက်သွားလိုစိတ် ရှိမည် မဟုတ်တော့ပေ။
ချီမင်ယွမ် ခေါင်းညိတ်သည်။
ဟန်မူယဲ့၏အကြံပေးမှုကို ရရှိပြီးနောက်တွင် သူသည် တိမ်ခွင်းဓားသိုင်း၏တတိယအဆင့်ကို မည်သို့ လေ့ကျင့်ရမည်အား နားလည်သွားခဲ့သည်။
ချီမင်ယွမ် ထွက်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့သည် အဝေးကို ငေးနေမိသည်။
သူသည် မီးဓာတ်ပညာရပ်များအား နားလည်နိုင်ပါက မီးဓာတ်မျိုးဆက်မှ ပညာရှင်များကလည်း သေချာပေါက် နားလည်နိုင်ပေလိမ့်မည်။
ချင်သုံးပါးဓားဂိုဏ်းသို့ သွားရောက်တိုက်ခိုက်သော ထိုမီးဓာတ်မျိုးဆက်ပညာရှင် စုယွင်သည် ‘မီးလောက်ပြင်ဓားသိုင်း’ ကို တတ်မြောက်နေလေပြီ။
ထိုသို့သော ဓားသိုင်းဖြင့်ဆိုပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မီးဓာတ်မျိုးဆက်မှာ သေချာပေါက် ပြန်လည်ရှင်သန်နိုင်ပေလိမ့်မည်။
မီးတောက်ပြင်ဓားသိုင်း၊ တိမ်ခွင်းဓားသိုင်း၊ တိမ်နှင်ဓားသိုင်း။
ဟန်မူယဲ့ မျက်မှောင်ကျုံ့လိုက်ကာ သူ့လက်မှ ဓားအလင်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
သူ၏ဘယ်လက်မှ ‘ကံကြမ္မာဓား’သည် လေကို ပြင်းထန်စွာ ရိုက်ခတ်စေ၏။
သူ၏ညာလက်မှ ‘ခရမ်းမီးတောက်ဓား’သည် မိုင်တစ်ထောင်အထိ လောင်ကျွမ်းစေသည်။
တိမ်ခွင်းဓားသိုင်းနှင့် တိမ်နှင်ဓားသိုင်းတို့၏ပေါင်းစပ်ဓားသိုင်းသည် အံ့ဖွယ်ငါးပါးဓားသိုင်းထက် အဆင့်မနိမ့်သော တည်ရှိမှု ဖြစ်လာ၏။
မီးလောင်ပြင်ဓားသိုင်းသည်ကား နံပါတ်၅ အဆင့် အံ့ဖွယ်ဓားသိုင်း ဖြစ်သည်။
အဆုံးမဲ့သော ဓားအလင်းသည် လေနှင့်မီးအသွင်သို့ ပြောင်းလဲသွားကာ ဟန်မူယဲ့၏ခန္ဓာကိုယ်မှ လွင့်ပျံ့လာကြသည်။
လေမှာလည်း ပြင်းထန်လွန်းသည်။
မီးတောက်များမှာလည်း အားကောင်းစွာ လောင်ကျွမ်းကြ၏။
ဤဓားကွက်သာ အောင်မြင်ပါက ၎င်းတွင် လေနှင့်မီးတို့၏ အဆုံးစွန်သော စွမ်းအားများ ပါဝင်ပေလိမ့်မည်။
ဟန်မူယဲ့၏မျက်လုံးများက စူးရှနေသည်။
အသက်တစ်ကြိမ်ရှုလိုက်ပြီးနောက်တွင် သူ၏မျက်နှာက ပြာနှမ်းသွား၏။ ဓားနှစ်လက်မှ ဓားချီများ ပြယ်လွင့်သွားကာ သူတို့သည် ဓားစံအိမ်ထံသို့ ပြန်လည် ပျံသန်းထွက်ခွာသွားကြသည်။
“လေနဲ့မီးဓာတ်တွေက တကယ်ပဲ အသုံးပြုရ မလွယ်ဘူးပဲ”
“ဓားမာန်ဟုန်… ဟဟ…”
တီးတိုးရေရွက်ရင်း ဟန်မူယဲ့က မျက်တောင်ပင့်လိုက်သည်။
တိမ်ခွင်းဓားသိုင်းနှင့် တိမ်နှင်ဓားသိုင်းတို့အား အံ့ဖွယ်ငါးပါးဓားသိုင်းဖြင့် ပေါင်းစပ်ပါက ဓားမာန်ဟုန်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်သည်။
ကံမကောင်းစွာဖြင့် သူသည် ဓားမာန်ဟုန်ကို စုစည်းနိုင်သော နည်းလမ်းကို သိရှိနားလည်သွားပါသော်လည်း သူ့ကျင့်ကြံဆင့်က မထောက်ပံ့နိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် ထိုဓားသိုင်းကို သုံးရန် အားနည်းလွန်းနေသည်။
သို့မဟုတ် သူက ထိုဓားသိုင်းကို သုံးရန် တန်ဖိုးကြီးကြီး ပေးဆပ်ရနိုင်သည်။
သို့သော်လည်း သူက ဓားသိုင်းကို နားလည်သွားပြီးမှတော့ ၎င်းကို အသုံးပြုရန် အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။
…
“အာ… ငွေထုပ်ကြီး ထွက်သွားပြီလား”
အစားအသောက်များကို ယူလာသော လုကောက စိတ်မကောင်းစွာ ပြောသည်။
လင်းရှန်ကား ပတ်ဝန်းကျင်ကို သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်သည်။
သူ၏ကျင့်ကြံဆင့်သည် လုကောထက် များစွာ မြင့်မားရာ ဓားစံအိမ်အနီးတဝိုက်တွင် ပျက်ပြယ်သွားသော ဓားဆန္ဒအား ခံစားမိသည်။
ထိုစွမ်းအားက သူ၏စိတ်နှလုံးအား တုန်လှုပ်စေ၏။
၎င်းသည် ဒဏ္ဌာရီထဲက ဓားမာန်ဟုန်လား။
ဟန်မူယဲ့က ခေါင်းယမ်းကာ သစ်သားခုံကလေးကို ယူလာပြီး အစားအသောက်များအား ပြင်ဆင်သည်။
“အကြီးအကဲ… ကျွန်တော်တို့နဲ့ အတူတူလာစားပါလား”
သူက ဓားစံအိမ်တတိယထပ်သို့ မော့ကြည့်ကာ ပြောသည်။
လုကောသည် လှုပ်ရှားနေရာမှ တောင့်တင်းသွား၏။
“မလိုဘူး… ကျေးဇူးပဲ”
ဓားစံအိမ်အကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။
လင်းရှန်က ဓားစံအိမ်တတိယထပ်မှ ဖွင့်ထားသော ပြင်တင်းပေါက်အား ကြည့်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မဟာအကြီးအကဲသုံးပါးနှင့် အဆင့်အတန်းတူသော ဓားစံအိမ်အကြီးအကဲသည် ထိုသို့ ရင်းနှီးဖော်ရွေပါသလော။
ဓားစံအိမ်အကြီးအကဲက အမှန်တကယ် စကားပြန်ပြောနေသည်။
ဟန်မူယဲ့က လုကော မျက်စိကျနေသော ကြက်သားတုံးအား ဟန်လုပ်မနေဘဲ လှမ်းဆွဲလိုက်သည်။
သူသည် ဓားဆန္ဒအား အသုံးပြုခဲ့သည်ကို ဓားစံအိမ်အကြီးအကဲက သေချာပေါက် သိပေသည်။
ဓားစံအိမ်အကြီးအကဲသည် သူ၏သေးငယ်သော လှုပ်ရှားမှုများကိုပင် သိနားလည်၏။
သို့သော်လည်း ဓားစံအိမ်အကြီးအကဲကဲ့သို့ ပညာရှင်တစ်ဦး၏အမြင်တွင် ထိုသို့သော နည်းလမ်းများက အသေးအမွှားသာ ဖြစ်သည်။
ညနေပိုင်း၌ ဟွမ်လောင်လျှို ဝမ်းသာအားရ ပြန်လာခဲ့သည်။
လုချန်းဖျင်အပြင် လင်းယွီရှလည်း ရောက်လာခဲ့သည်။
နားလည်သိတတ်သော လုကောသည် အစားအသောက် အများအပြား ယူလာရုံသာမက သူသည် စားပွဲရှည်ကြီးတစ်လုံးကိုပင် ထမ်းလာခဲ့သည်။
နေဝင်ရီတရောအချိန်၌ ဓားစံအိမ်သည် ရွှေရောင်အလင်းများ လင်းဖြာနေသည်။
ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့သည် ဓားစံအိမ်ကို ကျောခိုင်းကာ ထိုင်နေကြ၏။ လင်းရှန်မှာ သူ၏ညီမနှင့်အတူ ထိုင်နေသည်။
ဟန်မူယဲ့နှင့် လုကောတို့သည် စားပွဲတစ်ဖက်တစ်ချက်တွင် ထိုင်ကြသည်။
“ဒီအစားအသောက်တွေက အတော်လေးကောင်းတယ်… အစ်ကိုလုက သေချာပေါက် အများကြီးသုံးခဲ့ရမှာပဲ”
ဟန်မူယဲ့က စားပွဲပေါ်မှ အလျှံပယ်အစားအသောက်များကို ကြည့်ကာ ပြုံးလျှက် ပြောသည်။
“အသေးအမွှားပါပဲ…”
လုကောက ပြုံးလျှက် ပြောသည်။
ထိုနေ့က သူသည် အလယ်အလတ်အရည်အသွေး ဝိညာဉ်ကျောက်တုံး ၁တုံးကို ရခဲ့သည်။ စားပွဲပေါ်မှ အစားအသောက်များ၏တန်ဖိုးက မပြောပလောက်ပေ။
လုကောက လက်ဆန့်တန်းလိုက်ပြီးမှ ဟန်မူယဲ့ကို လှမ်းကြည့်သည်။
ဟန်မူယဲ့က ရယ်မောလိုက်ကာ ထပ်အော်လိုက်သည်။
“အကြီးအကဲ… အတူတူစားရအောင်”
ဟွမ်လောင်လျှို ကြောက်လန့်တကြား ဟန်မူယဲ့ကို ကြည့်သည်။
ကံကောင်းထောက်မစွာဖြင့် အပေါ်ထပ်မှ မည်သည့်တုန့်ပြန်မှုမှ မရပေ။
ယဉ်ကျေးမနေတော့ဘဲ သူတို့အားလုံး အစားအသောက်များကို စတင်စားသောက်ကြ၏။
လုချန်းဖျင်နှင့် လင်းယွီရှတို့မှာလည်း တွန့်ဆုတ်ခြင်း မရှိတော့ပေ။
“အစ်ကို၂… အစ်ကိုကျောက်ကို ညီမလေးအတွက် ပြိုင်ဘက်တွေ တမင်ရွေးခိုင်းထားတာလား။ သူတို့က ဘာလို့ အရမ်းအားနည်းရတာလဲ”
လင်းယွီရှက စားသောက်ရင်း မေးသည်။
လင်းရှန်က မည်သို့ပြောရမည်ကို မသိဘဲ ဟန်မူယဲ့ကို လှမ်းကြည့်သည်။
ဟန်မူယဲ့က ရယ်မောလိုက်ကာ သူ့ရှေ့မှ အစားအသောက်များထံ၌သာ အာရုံစိုက်ထားလိုက်သည်။
“ဆိုတော့ ကျွန်မရဲ့ ပြိုင်ဘက်တွေဟာလည်း တမင်စီစဉ်ထားတာပေါ့”
လုချန်းဖျင်ကလည်း ဟွမ်လောင်လျှိုကို ကြည့်ကာ မေးသည်။
“ဒါက…”
ဟွမ်လောင်လျှို၏မျက်နှာက နီမြန်းသွားသည်။ သူက မည်သို့ ရှင်းပြရမည်ကို မသိပေ။ သူက လုချန်းဖျင်အား မလိမ်လိုပေ။
“ဟမ်… အစ်ကိုကျန်းရှုံး… ကျွန်မက ပြိုင်ပွဲကို သေသေချာချာ ပြိုင်ပြီးတော့ သန့်စင်ရေကျောင်းတော်အတွက် အရင်းအမြစ်တချို့ ရအောင် တိုက်ခိုက်ပေးချင်တာ။ ပြီးတော့ ကျွန်မက ရှင်နဲ့အတူ မွေးရပ်မြေသို့ ပြန်မှာ”
လုချန်းဖျင်က မျက်နှာပုပ်သိုးလျှက် ပြောသည်။
စားပွဲဝိုင်း၌ တခဏချင်း တိတ်ဆိတ်သွားသည်။
လင်းရှန်က လင်းယွီရှအား ကြည့်ကာ မာန်မဲသည်။
“ဘာလဲ ဟွမ်ကျန်းရှုံး… မင်း ဓားထိန်းမလုပ်တော့ဘူးလား”
ထိုအခိုက်တွင် ဓားစံအိမ်၌ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံး၏အမူအရာ ပြောင်းလဲသွားကာ ထရပ်ကြ၏။
ဓားစံအိမ်အကြီးအကဲ…
“အစားအသောက်တွေက ကောင်းမဲ့ပုံပဲ”
“ဟန်မူယဲ့က ခုနက ငါ့ကို မခေါ်ဘူးလား။ ဘာလို့ မင်းတို့က ငါ့ကို မစောင့်တာလဲ”
“မင်းတို့မှာ သေရည်လည်း မရှိဘူး။ ကံကောင်းတာက ငါ သေရည်ယူလာခဲ့တယ်”
ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့ ဖယ်ပေး၍ လပ်သွားသော နေရာ၌ ဓားစံအိမ်အကြီးအကဲက ထိုင်လိုက်ပြီးနောက် သူ၏လက်ကို မြှောက်လိုက်လျှင် သေရည်အိုးတစ်လုံး ထွက်ပေါ်လာသည်။
“ထိုင်ကြ…”