စကားလုံးမဲ့ ဆေးလုံး ဖော်စပ်နည်း
Vol. 5 Ch. 65
ရှန်းလျဲ့က ယန်အာရဲ့ ခုတင်အစွန်းသို့ လျှောက်လာပြီး ထိုင်ခုံပေါ် ထိုင်လိုက်သည်။ ခြောက်သွေ့ပြီး ခပ်ကျဲကျဲ ဝါညစ်ညစ် ဆံသားတွေနှင့် အရိုးသာသာ ရှိသော ခန္ဓာကိုယ်၊ သူမ၏ ချစ်စရာကောင်းသော မျက်နှာပေါ်ရှိ မျက်တောင် ရှည်ရှည်တွေကို ရှန်းလျဲ့က ကြည့်နေရင်း မေးခွန်းများစွာ ပေါ်လာလေသည်။ ဤမိန်းကလေးက အခက်အခဲများ မည်မျှပင် ခံစားဖြတ်သန်းခဲ့ ရသနည်း ... သူမက အမှန်တကယ် ဤမျှ တောင့်ခံ ခဲ့ရသည်လား ... ပြီးတော့ သူမနှင့် မိုဝူကျီ၏ ဆက်ဆံရေးကား မည်သို့ ဖြစ်မည်နည်း ... ... သူ့ကို ထိုမျှအထိ စိတ်ပူစေနိုင်တာလား ...
ရှန်းလျဲ့က မျက်လုံး မှိတ်ထားကာ ယန်အာ၏ လက်ကောက်ဝတ်ပေါ်သို့ စမ်းကြည့်လိုက်သည်။။ ဆယ်စက္ကန့် အကြာတွင် သူမ မျက်လုံးက ဒေါသရိပ်များဖြင့် ပြန်ပွင့်လာလေသည်။ သူမ လက်များပင် ဒေါသကြောင့် တဆတ်ဆတ် တုန်ခါနေလေ၏။
“ဘယ်လိုလဲဟင် ...” မိုဝူကျီက ထိတ်ထိတ်ပျာပျာ မေးလိုက်သည်။ ယန်အာသည် ရှန်းလျဲ့အတွက် အစိမ်းသက်သက် ဖြစ်နေကာ ထိုအခြေအနေက သူ့အား အနည်းငယ် ချောက်ချားစေ၏။
ရှန်းလျဲ့က လက်ကို ပြန်ဖြေလိုက်ပြီး သက်ပြင်းချကာ ပြောပြလိုက်သည်။
“သူမမှာ အရမ်းကောင်းတဲ့ ဝိညာဉ်ကြော ရှိတာလား ...” မိုဝူကျီက ချက်ချင်းပင် ခေါင်းညိတ်ပြ လိုက်၏။
“ဟုတ်တယ် ... ယန်အာမှာ အသာလွန်ဆုံး အဆင့် သစ်သားဝိညာဉ်ကြော ရှိတယ် ... ”
ထိုထူးဆန်းလှသည့် အစိမ်းရောင် အလင်းကား သစ်သားဓာတ်ကို ကိုယ်စားပြုခြင်း ဖြစ်၏။ နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံတွင် အချိန်အကြာကြီး နေခဲ့ရသည့် အတွက် မိုဝူကျီပင် ဝိညာဉ်ကြော စမ်းသပ်မှုများ အတွက် တော်တော်လေး နားလည်နေလေပြီ။
ရှန်းလျဲ့ မျက်နှာတွင် စာနာသနားသည့် အရိပ်အယောင် ပေါ်လာပြီး မိုဝူကျီကို ကြည့်ကာ ပြောလိုက်လေ၏။
“ကျင့်ကြံခြင်း ကမ္ဘာမှာ တချို့သုံးတဲ့ ဝိညာဉ်ကြော ကူးပြောင်းခြင်း ဆိုတဲ့ အလွန် စက်ဆုပ်ဖွယ် နည်းလမ်းရှိတယ် ... အဲဒီလူတွေက တခြားသူရဲ့ ပိုကောင်းတဲ့ ဝိညာဉ်ကြောကို သူတို့ ခန္ဓာထဲ ကူးပြောင်းပြီး သူတို့ရဲ့ အရည်အချင်းတွေကို တိုးပွားအောင် လုပ်ကြတယ် ... ”
ရှန်းလျဲ့ စကားမဆုံးခင်ပင် မိုဝူကျီ၏ အမူအရာကား ပြောင်းလဲသွားကာ ရုတ်တရက် မတ်တတ်ရပ် လိုက်ပြီး ရှန်းလျဲ့ကို အလန့်တကြား ကြည့်ကာ ပြောလိုက်သည်။
“ဆိုလိုချင်တာက ယန်အာက ... ”
သူမက မိုဝူကျီ၏ စိတ်ကို ဖတ်နိုင်သည့် အလား ခေါင်းညိတ်ပြ လိုက်သည်။
“ဟုတ်တယ် ... ယန်အာက သူမ ဝိညာဉ်ကြော ကူးပြောင်း ခံလိုက်ရပြီ ... ”
“အဲဒီ လူ့တိရစ္ဆာန်တွေက ...” မိုဝူကျီစိတ်ထဲတွင် ဒေါသူပုန် ထလာပြီး လက်ဝါးပေါ် ထိုးချမိလိုက်သည်။။ မိုဝူကျီက စားပွဲကို အစိတ်စိတ် အပိုင်းပိုင်း ရိုက်ချိုးပစ် လိုက်သော်ငြား နာကျင်မှုကို မခံစားရချေ။ ရှန်းလျဲ့က သက်ပြင်းချကာ ဆက်၍ ပြောလိုက်၏။
“ဒီလို နည်းလမ်းက အလွန်ကို အောက်တန်းကျတယ် ... သူတို့တွေက နောက်ခံ မရှိတဲ့ သေမျိုးတွေကို ရွေးချယ်ကြတာ များတယ် ... အကြောင်းက သတင်းသာ ပြန့်သွားခဲ့ရင် သူတို့ရဲ့ ဂုဏ်သတင်းက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ် ပြီးတော့ အဲဒီလိုလူမျိုးက ဘယ်နေရာကို သွားသွား အပြစ်တင် ဝေဖန်ရှုတ်ချ ခံရမယ် ... ”
နောက်ဆုံးတွင် မိုဝူကျီက ငြိမ်သက် သွားလေသည်။ သူ့အမူအရာများက ခဏတိုင်း ပြောင်းလဲနေပြီးနောက် မေးလိုက်လေ၏။
“တကယ်လို့ အဲဒီလိုဆိုရင် ယန်အာက ဘာလို့ အခုထိ အသက်ရှင်နေတာလဲ ... ပြီးတော့ ဒီနွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံအထိကို တစ်ယောက်တည်း ရောက်လာသေးတယ် ...” ထိုသို့သော ဝိညာဉ်ကြော ကူးပြောင်း ခံရပြီးနောက် ယန်အာ အသက်ရှင်နေသည်က မယုံကြည်နိုင်ဖွယ် ဖြစ်၏။
ရှန်းလျဲ့က မျက်မှောင်ကြုတ် လိုက်ပြီး
“ကျွန်မလည်း နားမလည်ဘူး ... ပုံမှန်ဆိုရင် ယန်အာက သေမျိုး ပြန်ဖြစ် သွားရင်တောင် သူမကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး ... ဝိညာဉ်ကြော ယူထားတဲ့သူက သူဒီလိုလုပ်တာကို လူသိခံမှာ မဟုတ်တာ သေချာတယ် ... သူမကို အသက်ရှင်ရက် ထားရုံမကဘဲ ထွက်ပြေးဖို့ ခွင့်ပြုခဲ့တာလား ... ဒါက အဓိပ္ပာယ်မရှိဘူး ...”
“အဲဒါဆို ယန်အာရဲ့ ဝိညာဉ်ကြောက ကူးပြောင်းခံ လိုက်ရပြီလား ... ” မိုဝူကျီက စိတ်ထဲမှ တောက်လောင်နေသည့် ဒေါသများကို ချိုးနှိမ်ကာ မေးလိုက်သည်။ သူက တည်ငြိမ်အောင် ကြိုးစား နေလေသည်။ ဒေါသနှင့် ကမူးရှူးထိုး အပြုအမူများက သူ့အား လက်စားချေဖို့ရန် မကူညီနိုင်ချေ။
ရှန်းလျဲ့က ခေါင်းကို ခါလိုက်သည်။
“ယန်အာရဲ့ ဝိညာဉ်ကြောမှာ အပြင်းအထန် ဒဏ်ရာ ရထားတယ် ... အဲဒါက ကူးပြောင်းဖြစ်စဉ် ကျရှုံးတယ်လို့ ဆိုလိုတာပဲ ... ဒီနတ်ဆိုး နည်းလမ်းရဲ့ အောင်မြင်နိုင်ချေက တော်တော်ကို နည်းပါးတယ် တစ်ရာခိုင်နှုန်းတောင် မရှိဘူး ... ”
မိုဝူကျီ ကြားသောအခါ လက်သီးဆုပ် ထားလိုက်ပြီး
“နတ်ဆိုး နည်းလမ်းက အောင်မြင်နိုင်ချေ တစ်ရာခိုင်နှုန်းတောင် မရှိတာကို လုပ်ချင်တဲ့သူက တခြားသူရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ဆက်လုပ်သေးတယ် ... ”
ထိုအရာကို ရှန်းလျဲ့က ပြန်ဖြေ လိုက်လေ၏။
“ရှင်က တော်တော်ကို ရိုးစင်းလွန်း နေတယ် ... တခြားသူရဲ့ သေခြင်းကို ဂရုမစိုက်ဘူးတဲ့လား ... ရှင့်ကို ပြောပြမယ် ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ သေမျိုးတွေက သူတို့သတ်ချင်တိုင်း သတ်လို့ရတဲ့ ပုရွက်ဆိတ်လို မျိုးပဲ ... ဘယ်လောက်ပဲ ဝိညာဉ်ကြော ကောင်းကောင်း မကျင့်ကြံရသေးဘဲ သူတို့က သေမျိုးတွေပဲ ... သေမျိုးတွေနဲ့ဆိုရင် အောင်နိုင်ခြေ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိရင်တောင် လုပ်တဲ့သူတွေက လုပ်နေဦးမှာပဲ ...”
ထိုအခိုက်အတန့်တွင် ရှန်းလျဲ့က တစ်ခုခုကို အမှတ်ရဟန်ဖြင့် ထပ်ပေါင်း ပြောလိုက်သည်။
“ယန်အာ ဘယ်လို လွတ်လာတယ် ဆိုတာ အသာထား ... ရှင်တို့တွေ ဒီနေရာက တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးရမယ် ... နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံရဲ့ နောက်ဆုံးအဆင့်ကို မပါဝင်တာ အကောင်းဆုံးပဲ ... တကယ်တမ်းကျ အစေခံတပည့်နဲ့ အပြင်စည်း တပည့်က ကွာခြားချက် အရမ်းကြီးလွန်းတယ် ... အစေခံ တပည့်တွေက ဂိုဏ်းကို ဝင်ခွင့်မရတဲ့ သူတွေနဲ့ ဘာမှ မထူးဘူးဆိုတာ ရှင်လည်း သိလာမှာပါ ... ”
မိုဝူကျီက ရှန်းလျဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်လေ၏။ သို့သော် ယန်အာက ထိုသို့သော အခြေအနေမျိုး ဖြစ်နေသောကြောင့် သူ မည်သည့်နေရာသို့ သွားနိုင်မည်နည်း ... ကံကောင်းစွာ ချန်လောင်ကား မြို့ကြီးဖြစ်သည့် အတွက် ယန်အာ၏ ဒဏ်ရာများကို ကုသပေးနိုင်သည့် နေရာရှိလိမ့်မည်ဟု မျှော်လင့်မိ၏။
“စီနီယာရှန်း ... ယန်အာရဲ့ ပျက်စီးနေတဲ့ ဝိညာဉ်ကြောက ပြန်ကုသလို့ ရနိုင်မလား ... သူမ ကျန်းမာရေးကရော ပြန်ကောင်းလာနိုင်ဦး မလား ... ” မိုဝူကျီက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
ထိုသည်က ယခု သူဂရုအစိုက်ဆုံး အရာ ဖြစ်လေ၏။ ကံဆိုးလှစွာ ရှန်းလျဲ့က ခေါင်းကို ခါရင်း
“သူမရဲ့ ဒဏ်ရာတွေက ကုသဖို့ တော်တော်ခက်ခဲမှာ ... ဝိညာဉ် လမ်းကြောင်းတွေက ဖျက်ဆီး ခံရလိုက်ပြီး သူမခန္ဓာကိုယ် ကလည်း နာမကျန်း ဖြစ်နေတယ် ... ကျွန်မ အဖေအတွက်တောင် ကုသဖို့ မဖြစ်နိုင်ဘူး ... ဖြစ်နိုင်တာက သူမသာ နောက်ထပ် ဆယ်နှစ်လောက် အသက်ရှင်ရင်ကို အံ့ဩဖို့ ကောင်းနေပြီ ...”
လက်တွေ့တွင် ရှန်းလျဲ့၏ သုံးသပ်ချက်အရ ယန်အာသည် နောက်ထပ် အများဆုံး သုံးနှစ်လောက်သာ နေနိုင်လိမ့်မည်။ သို့သော် မိုဝူကျီက ယန်အာအပေါ် အလွန် ဂရုစိုက်သည့် အတွက် သူမက သူ့အား နှစ်သိမ့်ရန် ဆယ်နှစ်အထိ တိုးပြောလိုက်ခြင်း ဖြစ်၏။
“ကျွန်တော် ယန်အာကို ပြန်လည် ကျန်းမာလာအောင် လုပ်ပေးမယ် ... ” မိုဝူကျီက တစ်ဝက်က ရှန်းလျဲ့ကို ပြောသလိုလို ဖြင့် တစ်ဝက်ကား သူကိုယ်သူ ပြန်ပြောလိုက်၏။ ရှန်းလျဲ့၏ ဖခင်ကား ကမ္ဘာမြေအဆင့် ဆေးဆရာ ဖြစ်ပြီး သူပင် ယန်အာကို မကုသနိုင်လျှင် ကောင်းကင်အဆင့် ဆေးဆရာ ဆိုရင်ရော ... ရှင်းဟန် အင်ပါယာတွင် ကောင်းကင်အဆင့် ဆေးဆရာ မရှိလျှင် တခြား တစ်နေရာရာတွင် မရှိတော့ဘူးဟု ဆိုလိုခြင်း မဟုတ်ချေ။ အကယ်၍ တစ်ယောက်မှ မရှိလျှင်ပင် သူကိုယ်တိုင် ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူလိုက်မည်။
“စီနီယာရှန်း ... ဒီတောင်းဆိုချက်က စီနီယာအတွက် အလွန် ခက်ခဲမှန်းသိပေမဲ့ ကျွန်တော့်ကို ခင်ဗျားနဲ့အတူ ခေါ်သွားလို့ ရမလား ... ပြီးတော့ ခင်ဗျားအဖေဆီကနေ ကျွန်တော် ဆေးလုံးဖော်စပ်ခြင်း အကြောင်း သင်ယူလို့ရမလား ... ” မိုဝူကျီက မတ်တတ်ရပ် လိုက်ကာ ရှန်းလျဲ့ကို ခါးညွှတ် အရိုအသေပေးကာ တောင်းဆိုလိုက်သည်။။ အကယ်၍ ယန်အာအတွက်သာ မဟုတ်လျှင် သူသည် ရှန်းလျဲ့အား ထိုမျှ တောင်းဆိုမည် မဟုတ်ပေ။ ရှန်းလျဲ့က သူ့အား အတူ ခေါ်သွားဖို့ရန် မဖြစ်နိုင်မှန်း သိ၏။ သူမတွင် ထိုသို့ လုပ်ပိုင်ခွင့်ရှိပါက လုပ်ပြီးလောက်လေပြီ။ ထို့အပြင် သူမနောက်မှ လိုက်နေသည့် ဝူဂျင်ဝူကား ဖော်ရွေတတ်သောသူ မဟုတ်ချေ။
မျှော်လင့်ထားသည့် အတိုင်း ရှန်းလျဲ့ မျက်နှာတွင် စိတ်မသက်မသာ ဖြစ်လာကာ ပြန်ပြောလိုက်၏။
“ဒါက မဖြစ်နိုင်လောက်ဘူး ... ရှင်က ကျွန်မကို သိရုံနဲ့ ကျွန်မအဖေက ရှင့်ကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး ပြီးတော့ ဆေးလုံး ဖော်စပ်ခြင်းကိုလည်း သင်ပေးမှာ မဟုတ်ဘူး ... အဲဒါကြောင့် ကျွန်မ ရှင့်ကို ခေါ်မသွားနိုင်ဘူး ...” သူမက ခါးသီးစွာ ခံစားနေရ၏။
တကယ်၍ သူမဖခင်အား ဖျောင်းဖျရန် လွယ်ကူနေပါက သူမလည်း ခိုးထွက်လာမည် မဟုတ်ပေ။ ကံကောင်းသောကြောင့် ထိုမေးခွန်းကို မေးသူကား မိုဝူကျီ ဖြစ်နေသည့်အတွက် သူ့နေရာတွင် တခြားသူဆိုပါက ဝက်ဝက်ကွဲ ရယ်မောကြလိမ့်မည်။ အကယ်၍ မိုဝူကျီသာ သူမဖခင်ကို ထိုသို့ ပြောလိုက်ပါက သူသည် မိုဝူကျီကို သတ်မည်မှာ ရာခိုင်နှုန်းပြည့် သေချာလှ၏။ ထို့ကြောင့်ပင် သူမက မိုဝူကျီအား သူမဖခင်ဆီ ဆေးလုံးဖော်စပ်ရန် ခေါ်မသွားခြင်း ဖြစ်လေသည်။ ထိုသည်က မိုဝူကျီကို အမှန်အကန် အနာတရ ဖြစ်စေလိမ့်မည်။
စိတ်ပျက်လှစွာ မိုဝူကျီက သူ၏ တောင်းဆိုချက်ကား အတင်းကျပ် ဖြစ်စေမှန်း သိ၏။ လေထုကား နေရခက်စွာ တိတ်ဆိတ်သွားကာ ခဏအကြာတွင် ရှန်းလျဲ့က တစ်ခုခုကို ထုတ်ယူကာ မိုဝူကျီကို ပေးလိုက်သည်။
“ဒီဟာက ဆေးလုံး ဖော်စပ်နည်းပဲ ... ဈေးထဲက တွေ့တာနဲ့ ဝယ်လာလိုက်တာ ... ဒါပေမဲ့ ကျွန်မ ဖွင့်ကြည့်တဲ့အခါ ဘာစာမှ မပါဘူး ... ဖြစ်နိုင်တာက တချို့ ဆေးရည်စိမ်ပြီးမှ ပေါ်လာမှာလား မသိဘူး ... နည်းလမ်းမျိုးစုံ ကြိုးစားကြည့်ပြီးပြီ ... ဒါပေမဲ့ အခုထိ မရသေးဘူး ... ရှင်လည်း ကံစမ်းကြည့်ပေါ့ ရှင် ဖွင့်နိုင်ရင် ဖွင့်နိုင်မှာ ... ဆေးလုံး ဖော်စပ်နည်းတွေက ဝယ်ယူဖို့ ခက်ခဲတယ် ပြီးတော့ ဒါကသာ ဆေးလုံး ဖော်စပ်နည်း ဖြစ်နေရင် တခြား သူတွေကို ရှင့်မှာ ဒီလိုပစ္စည်းရှိကြောင်း ထုတ်မပြောရဘူး ... ”
လက်တွေ့တွင် ထိုစာအုပ်ကား လမ်းဘေးဈေးမှ ဝယ်ယူလာခြင်း မဟုတ်ပေ။ သူမ ဖခင်၏ စာကြည့်ခန်းထဲမှ အိမ်က ထွက်မလာခင် ခိုးယူလာခြင်း ဖြစ်လေ၏။ ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံ စမ်းကြည့်သော်လည်း သူမအတွက် ဘာစာလုံးမှ ပေါ်မလာချေ။ ယခု မိုဝူကျီက ဆေးလုံး ဖော်စပ်ခြင်း သင်ယူလိုသောကြောင့် သူမက စာလုံးမဲ့ ဆေးဖော်စပ်နည်းကို ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
“စီနီယာ ရှန်းကို ကျေးဇူးတင်ပါတယ် ... ဒါက ဆေးလုံး ဖော်စပ်နည်း ဖြစ်စေ မဖြစ်စေ ကိစ္စမရှိပါဘူး ... ကျွန်တော် မိုဝူကျီက အနာဂတ်မှာ အောင်မြင်မှုတွေ ရလာခဲ့ရင် သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ... ” မိုဝူကျီက ဆေးလုံး ဖော်စပ်နည်းများသည် ဝယ်ယူ၍ မရသည်ကို မသိသော်လည်း ရှန်းလျဲ့အသံမှ ထိုအရာများကား အလွန် အဖိုးတန်ကြောင်း ပြောနိုင်၏။
ရှန်းလျဲ့ ပေးခဲ့သော စာအုပ် ပါးပါးလေးက ဆေးလုံးဖော်စပ်နည်း ဖြစ်လောက်၏။ အကြောင်းကား အဖုံးတွင် မှိန်ပျပျ ဆေးမီးပြင်းဖိုပုံ ပါရှိလေ၏။
“ဒါက ကျွန်မ အကူညီ အနိုင်ဆုံးပဲ ... နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံပြီးတာနဲ့ ကျွန်မက ချန်လောင်က ထွက်သွားပြီး အိမ်ပြန်ရမယ် ... နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့ ... ” ရှန်းလျဲ့က အခန်းမှ ထွက်မသွားခင် အိပ်ပျော်နေသော ယန်အာကို ကြည့်လိုက်လေ၏။
မိုဝူကျီက စကားအစား ခါးညွှတ်၍ အရိုအသေသာ ပြုလိုက်လေ၏။ ရှန်းလျဲ့ကို ကံတရားကြောင့် ဆုံတွေ့ခဲ့ရပြီး သူမကို အကူအညီ ပေးခဲ့သော်လည်း သူမအကူအညီနှင့် ယှဉ်လျှင် သူ့အားစိုက်မှုကား မြူမှုန်မျှသာ ဖြစ်လေ၏။ ကျေးဇူးတရားကား စကားဖြင့် ဖော်ပြ၍ မရပေ။ အပြုအမူဖြင့်သာ ဆုံးဖြတ်နိုင်လေ၏။ အကယ်၍ သူသာ သူမကို အနာဂတ်တွင် ပြန်ဆပ်ဖို့ ကြုံလာလျှင် သေချာပေါက် ပြန်ဆပ်မည်။ အကယ်၍ သူ မလုပ်နိုင်ပါက ရှန်းလျဲ့ကဲ့သို့ လူမျိုးက သေမျိုးတစ်ယောက် ဖြစ်သည့် သူ့ထံမှ ပြန်ပေးဆပ်မှုကို မျှော်လင့်နေမည် မဟုတ်ပေ။
“ဝူကျီ ... ” ရှန်းလျဲ့ ထွက်သွားပြီးသည့် နောက်တွင် တင်းဘူအာက ချက်ချင်း အခန်းထဲသို့ ဝင်လာလေ၏။
***