လူသတ်သမား
Vol. 5 Ch. 66
မိုဝူကျီက တင်းဘူအာသည် သူတို့အတွက် စိုးရိမ်နေသော်လည်း သူ့မျက်လုံးမှ ချုပ်တည်းမရသော ပျော်ရွှင်မှုကို တွေ့မြင်နိုင်၏။
“ဂိုဏ်းကနေ ရွေးချယ် ခံလိုက်ရပြီလား ... ဂုဏ်ယူပါတယ်ကွာ ... ” မိုဝူကျီက တင်းဘူအာသည် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံက ရွေးချယ်ပွဲတွင် အောင်မြင်လာကြောင်း တန်းပြောနိုင်၏။
တင်းဘူအာက သူ့စိတ်လှုပ်ရှားမှုကို အကောင်းဆုံး ထိန်းချုပ်ကာ ရှင်းပြလိုက်သည်။
“ဟုတ်တယ် ... ကောင်းကင် မြေကမ္ဘာဂိုဏ်းရဲ့ ပြင်ပစည်းတပည့် အဖြစ် အရွေးခံလိုက်ရပြီ ... ဝူကျီ မင်းဝိညာဉ်ကြောတွေက သိပ်မကောင်းဘူးဆိုရင် မင်းလည်း ငါနဲ့အတူ ကောင်းကင်မြေကမ္ဘာ ဂိုဏ်းကို လိုက်ခဲ့ပါ့လား ... ”
မိုဝူကျီက လက်ပြတားလိုက်ပြီး
“ရပါတယ်ကွာ ... ငါက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို သွားဖို့ လုပ်ထားတယ် ... ”
သူက ရှန်းလျဲ့ ပြောသည့်အတိုင်း ဤနေရာမှ ထွက်သွားရန် နားမထောင်ခဲ့ပေ။ သူသည် ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ဖို့ လိုအပ်လေ၏။ သူက တခြားသော သေမျိုးများကဲ့သို့ မကျင့်ကြံနိုင်သူ မဟုတ်ပေ။ သူ့တွင် သေမျိုး ဝိညာဉ်ကြော ရှိသော်လည်း ကျင့်ကြံနိုင်၏။
အရေးကြီးဆုံးက အကယ်၍ သူထွက်သွားလျှင် ယန်အာကို မကယ်တင် နိုင်လောက်ချေ။
“ယန်အာ အဆင်ပြေရဲ့လား ... ” တင်းဘူအာသည် မိုဝူကျီက သူ့အတွက် ပျော်ပေးမှန်း သိ၏။
မိုဝူကျီက ပြန်မဖြေခင် သက်ပြင်း ချလိုက်မိသည်။
“သူမက ဆိုးဆိုးရွားရွား ထိခိုက်ထားတာ ... ငါ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို ဝင်ပြီးတော့မှ သူမကို ကယ်ပေးဖို့ တောင်းဆိုကြည့်ရမှာ ... ငါ့ကိစ္စကို စိတ်မပူပါနဲ့ မင်းသာ ကောင်းကင်မြေ ကမ္ဘာဂိုဏ်းကို ဝင်ပြီးတာနဲ့ ကျင့်ကြံဖို့ အာရုံစိုက်ထား ... ”
“ငါ သေချာကို အာရုံစိုက်ပြီး လေ့ကျင့်ပါ့မယ် ... နောက်တစ်ခါ ငါတို့တွေ ပြန်ဆုံတဲ့ အချိန်ကျ အစ်ကိုကျန်းရီတို့ ဒေါ်လေးဆယ့်တစ်နဲ့ မင်းရယ် ငါတို့အားလုံး အခုနဲ့ လုံးဝခြားနား သွားလောက်ပြီ ... ” တင်းဘူအာက စိတ်အား တက်ကြွစွာ ပြောလိုက်လေသည်။
သူလည်း အပြင်စည်း တပည့်ဖြစ်သည့် အတွက် မိုဝူကျီအား ယန်အာကို ကယ်တင်ပေးပါ့မည်ဟု အာမ မခံနိုင်ပေ။ အကယ်၍ သူသာ ယန်အာကို ကယ်နိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့လျှင် မိုဝူကျီ ရှိနေမည့် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို သွားရှာရန် ဆုံးဖြတ်လိုက်၏။
“ငါတို့အတွက် မပူနဲ့ သွားတော့ ... ” မိုဝူကျီက ထိုသည်ကား တင်းဘူအာအတွက် ဘဝတွင် တစ်ခါသာ ရနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း သိ၏။ သူ့ဖြေဆေးက တင်းဘူအာအပေါ်တွင် အလုပ်ဖြစ်မလား မသေချာသေးပေ။ ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ တင်းဘူအာအတွက် သူ့နောက်သို့ ဘုမသိဘမသိ လိုက်မည့်အစား ဂိုဏ်းကို ဝင်လိုက်ခြင်းက ပိုအကျိုးများ၏။ ယခုတွင် မိုဝူကျီကိုယ်တိုင်ပင် ဝင်ရန် ဂိုဏ်းရှာဖို့ လိုအပ်နေ၏။
“ဒါနဲ့ ဟုတ်သား ဝူကျီ ... အထွတ်အထိပ် ဓားမြို့တော် အတိုက်ခိုက် ခံလိုက်ရလို့ အိမ်နောက်လိုက်တွေ တော်တော်များများ လွတ်သွားတယ်လို့ ကြားလိုက်တယ် ... အခု အထွတ်အထိပ် ဓားမြို့တော်က လူတွေက သူတို့ရဲ့ အစေခံတွေကို လိုက်ရှာနေတယ်လို့ ကြားတယ် ... ယန်အာကိုလည်း အထွတ်အထိပ် ဓားမြို့တော်က လူတွေခေါ်သွားတာ ခံလိုက်ရတာလား ... ”
“အထွတ်အထိပ် ဓားမြို့တော်လား ... ” မိုဝူကျီက ခဏရပ်လိုက်ပြီး တင်းဘူအာ ခန့်မှန်းချက်ကား မှန်လောက်သည်ဟု သုံးသပ်လိုက်လေ၏။ ယန်အာသည် အထွတ်အထိပ် ဓားမြို့တော်မှ လွတ်မြောက်လာတာ ဖြစ်ရမည်။ အထွတ်အထိပ် ဓားမြို့တော်ကို တိုက်ခိုက်သည့် သူ၏ ရည်ရွယ်ချက်သည် ထိုမြို့၏ မကောင်းသော လုပ်ရပ်များကို ထုတ်ဖော်ချင်၍ အစေခံများကိုပါ လွှတ်ပေးခဲ့ခြင်း ဖြစ်ရမည်။
သို့သော် အထွတ်အထိပ် ဓားမြို့တော်က အစေခံများကို နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံသို့ အဘယ်ကြောင့် ခေါ်လာသနည်း ...
“ပြီးတော့ နောက်တစ်ခုက မင်းထွက်သွားပြီးတော့ နောက်ထပ် အသာလွန်ဆုံး အဆင့်နဲ့ ဝိညာဉ်ကြောပိုင်ရှင် တစ်ယောက် ထွက်ပေါ်လာသေးတယ် ... သူ့မှာ ရွှေရောင် အသာလွန်ဆုံး အဆင့် ဝိညာဉ်ကြောရှိတယ် ... သူက အထွတ်အထိပ် ဓားမြို့တော်ရဲ့ အုပ်ချုပ်သူ လူငယ် တုံ့လွန်တဲ့ ... အထူးဆန်းဆုံးက သူက အထွတ်အထိပ် ဓားမြို့တော်က ဖြစ်ပြီးတော့ ကောင်းကင် ဘုရားကျောင်းဂိုဏ်းကို ရွေးသွားတာ ... ” တင်းဘူအာက မိုဝူကျီနား ကပ်ကာ ပြောလိုက်သည်။။
အသာလွန်ဆုံး ဝိညာဉ်ကြော ... ဝိညာဉ်ကြော ကူးပြောင်းမှု ... အထွတ်အထိပ် ဓားမြို့တော် ...
မိုဝူကျီက လက်သီးဆုပ် ထားလိုက်မိ၏။ ယန်အာ ဝိညာဉ် လမ်းကြောင်းများ ဖျက်ဆီးခံရခြင်းမှာ အထွတ်အထိပ် ဓားမြို့တော်၏ ဝိညာဉ်ကြော ကူးပြောင်းခြင်း ကျရှုံးမှုကြောင့် ဖြစ်ရမည်။
အဘယ်ကြောင့် အစေခံများပါ ချန်လောင်သို့ ခေါ်လာသနည်း ... ထိုသည်က အထွတ်အထိပ် ဓားမြို့တော်မှ အုပ်ချုပ်သူက နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံတွင် လာရောက် ပါဝင်ဆင်နွှဲခြင်း ကြောင့်လား ... သို့သော် သူသည် ဝိညာဉ်ကြောများကို သူ့အထဲ အောင်အောင်မြင်မြင် မလွှဲပြောင်း ရသေးသည့် အတွက် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံကို အချိန်မနှောင့်နှေး စေရန်နှင့် ချန်လောင်တွင် ဆက်လက်၍ လွှဲပြောင်းရန် ထိုအသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်များကိုပါ ခေါ်ဆောင် လာခဲ့ခြင်းလား ...
သူ၏ ရွှေရောင် အသာလွန်ဆုံး အဆင့် ဝိညာဉ်ကြောသည် တခြား တစ်ယောက်စီမှ လွှဲပြောင်း ယူထားခြင်း ဖြစ်ရမည်။
“အထွတ်အထိပ် ဓားမြို့တော် ...” ထိုစကား သုံးလုံးကား ဂျင်ဖေးလန်နှင့် အတူ မိုဝူကျီ၏ နှလုံးသားအထိ နက်ရှိုင်းစွာ မှတ်သားထား၏။ တစ်နေ့နေ့ကျ သူထိပ်ဆုံးသို့ ရောက်ခဲ့လျှင် သူက အရင်ဆုံး အထွတ်အထိပ် ဓားမြို့တော်ကို ဖျက်ဆီးပစ်ကာ တုံ့လွန်နှင့် ဂျင်ဖေးလန်ကို သတ်ပစ်မည်ဟု ကျိန်ဆို၏။
“ဝူကျီ ... ငါတို့က ယန်အာကို အထွတ်အထိပ် ဓားမြို့တော်က ခေါ်သွားတယ်လို့ သံသယ ရှိပေမဲ့လည်း ငါတို့ဘာမှ လုပ်လို့မရဘူး ... သူတို့က ငါတို့ကို အလွယ်တကူ ဖယ်ရှား ပစ်လိမ့်မယ် ... ” တင်းဘူအာက မိုဝူကျီကို မြန်မြန် သတိပေးလိုက်၏။
“စိတ်မပူပါနဲ့ ... လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ငါသိပါတယ် ... မင်းလည်း ဂိုဏ်းကို ဝင်ရတော့မှာမလား ... ငါလည်း သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို သွားဖို့ ပြင်ဆင်ရဦးမယ် ... ” တင်းဘူအာ သတိမပေးလျှင်ပင် သူသည် လက်စားချေဖို့ရန် ရူးရူးမိုက်မိုက် မလုပ်ချေ။
တင်းဘူအာက အိတ်ကို ယူကာ မိုဝူကျီအား လှမ်းပေးလိုက်ပြီး
“ဝူကျီ ... ဒါက ပင်လယ် ကျားသစ်ပျံရဲ့ ဥတွေ ... အခု ငါက ဂိုဏ်းဝင်ပြီးသွားပြီ ဆိုတော့ အခု အသုံးမဝင်တော့ဘူး ... ပြီးတော့ ငါ့ရဲ့ အပြင်စည်း တပည့် အဆင့်အတန်းက သားရဲတစ်ကောင်ကို မွေးနိုင်မယ် မထင်ဘူးကွ ... မင်းပဲ သိမ်းထားလိုက်တော့ မင်းအတွက် အသုံးဝင်မှာပါ ...”
“အင်း အဲဒါဆို ငါသိမ်းထားလိုက်မယ် ... ” မိုဝူကျီက မငြင်းဆန်ပေ။ သူသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို တရားဝင် မဝင်ရောက် သေးသောကြောင့် လိုအပ်ကောင်း လိုအပ်လာနိုင်၏။
နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံကား သေမျိုးများ အားလုံးအတွက် ငါးက နဂါးဂိတ်ကို ဖြတ်သည့်အလား ဘဝကို ပြောင်းပြန် ပြောင်းပေးနိုင်သည့် အလွန်တရာ အရေးကြီးသော ပွဲဖြစ်၏။ သို့သော် ဂိုဏ်းများအတွက် နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံကား တပည့် ရွေးချယ်သည့် ပွဲသာ ဖြစ်လေ၏။
ညီလာခံက လူများစွာ အတွက် အရေးပါလျှင်ပင် နှစ်ရက်တာသာ ကျင်းပလေ၏။
ယန်အာက မိုဝူကျီကို တွယ်တာဟန် ရှိသေး၏။ သူမသည် သူ၏ ဂရုစိုက်မှုများနှင့် အာရုံစိုက်မှုများကို မငြင်းဆန်ချေ။ သို့သော်လည်း သူမက သခင်လေးဟုသာ ဆက်တိုက် ခေါ်နေပြီး အားအင်များ ကုန်ဆုံးသွားတတ်၏။
နောက်တစ်ရက်တွင် မိုဝူကျီသည် ယန်အာကို အဝတ်အစား အချို့ ဖုံးလွှမ်းပေးလိုက်၏။ သူက သူမကို ကျောပေါ်တင်ကာ သူ့ကိရိယာများနှင့် အတူ ထျန်းလော် ဟိုတယ်မှ ထွက်လာလိုက်သည်။။
သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက သူ့ကို လက်မခံလျှင် သူသည် ချန်လောင်မှ ထွက်သွားရမည် ဖြစ်ကြောင်း သိ၏။
သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကား အမှန်တကယ် မြေကမ္ဘာအဆင့် ဂိုဏ်းများထက် နိမ့်ကျသည့် အတွက် သူတို့၏ တည်နေရာကား အစွန်အဖျားတွင် ရှိလေ၏။
“အစ်ကိုမို ... ” မိုဝူကျီက ဂိုဏ်းအထဲ ဝင်ခါစတွင် ချင်ရှုန်းယု၏ အသံကို ကြားလိုက်ရ၏။
“တိုက်ဆိုင် လိုက်တာ ... ” မိုဝူကျီက ဂိုဏ်းသို့ ဝင်ရန် အစေခံ အမှတ်အသားပြား တစ်ခုဖြင့် မိမိဘာသာ နှုတ်ဆက်ရမည့် စိုးရိမ်မှုကား သူမကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် စိတ်အေးလက်အေး ဖြစ်ကာ ကွယ်ပျောက်သွားလေ၏။
ချင်ရှုန်းယုက ပျော်ပျော်ရွှင်ရွင် ပြောလိုက်လေ၏။
“ဟုတ်ပါ့ ကွက်တိပဲ ... ကျွန်မ ရှင့်ကို စာရင်းသွင်းဖို့ ခေါ်သွားပေးမယ် ...”
ချင်ရှန်ုးယုက သူမခါးနှင့် ကောက်ကြောင်း သိသာလှသည့် လှပသော အပြင်စည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူမ အလှတရားသည် ကမ္ဘာမြေပေါ်မှ ဒဏ္ဍာရီလာ နတ်သမီးများနှင့် တူလိမ့်မည်။ အခု သူမကို ကြည့်လိုက်ပြီး မိုဝူကျီသည် ချင်ရှုန်းယုကား လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် အိမ်နောက်လိုက် ဖြစ်ခဲ့ကြောင်း ထင်စရာ မရှိပေ။
မိုဝူကျီက ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်သူ ဖြစ်သည့်အတွက် ချင်ရှန်းယုကို ကြည့်ကာ သူတို့သည် ဤနေရာတွင် ဆုံတွေ့မှုက တိုက်ဆိုင်မှု မဟုတ်ကြောင်း ပြောနိုင်၏။ ဒီနေ့ညကား ဂိုဏ်းများသို့ ဝင်ရောက်ရမည့် နောက်ဆုံးရက် ဖြစ်သောကြောင့် သူမက စောင့်နေခြင်း ဖြစ်လိမ့်မည်။ ဂိုဏ်းအများစုက ဒီနေ့ညတွင် ချန်လောင်မှ ထွက်ခွာ သွားကြလိမ့်မည်။
“ကျေးဇူး အများကြီး တင်ပါတယ် ... အခု မင်းက အပြင်စည်း တပည့် ဖြစ်နေပြီ ... ငါက နောင်ကျရင်တောင် အများဆုံး အစေခံတပည့်ပဲ ဖြစ်နိုင်လိမ့်မယ် ... ကျေးဇူးပြုပြီး ငါ့ကို ဝူကျီ ဒါမှမဟုတ် ဂိုဏ်းတူ မောင်လေးလို့ ခေါ်ပါ ... ” မိုဝူကျီက ဂိုဏ်းသို့ မဝင်ရ သေးပေမဲ့လည်း အစေခံတပည့်က ဂိုဏ်းထဲတွင် ယင်ကောင်သာသာ ဖြစ်ကြောင်း သိ၏။
ချင်ရှုန်းယုက တည်တည်တံ့တံ့ ပြောလိုက်သည်။
“မဟုတ်ပါဘူး ... ကျွန်မ ငြင်းပယ်ပါ့ရစေ ... အစ်ကိုမိုနဲ့ အစ်ကိုကျန်းရီက လေးစားထိုက်တဲ့ အမျိုးသားတွေပါ ... ကျွန်မ အစ်ကိုမိုလို့ ခေါ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ကတည်းက ကျွန်မတို့ရဲ့ အဆင့်တန်းက အနာဂတ်မှာ ဘာပဲ ဖြစ်နေပါစေ ပြောင်းလဲသွားမှာ မဟုတ်ဘူး ...”
သင်္ဘောပေါ်တွင် သူမအတွက် ရပ်တည်ပေးခဲ့သော အစ်ကိုကျန်းရီနှင့် အစ်ကိုမိုတို့ကို လေးစားမှု ပြသသင့်၏။ ထို့အပြင် မိုဝူကျီ၏ သတ္တိကား အလွန် ရှားပါးလှကြောင်း သူမ ပြောနိုင်၏။
ထို့ကြောင့် သူ့အား သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အစေခံတပည့် လုပ်ရန် အမှတ်အသားပြား ပေးခဲ့ခြင်း ဖြစ်၏။ မိုဝူကျီကို ကျေးဇူးတင်သည့် အပြင် သူမက မိုဝူကျီနှင့် ဆက်ဆံရေး ပြေပြစ်ချင်၏။ မိုဝူကျီကဲ့သို့ တစ်မူထူးသည့် လူသည် အဆင့်နိမ့် ဝိညာဉ်ကြော ပိုင်ဆိုင်သော်လည်း ထိုကန့်သတ်များကို ကျော်လွန် နိုင်လောက်၏။
***