လောကပါလအသွင်
Vol. 113 Ch. 1578
အချုပ်အနှောင်သံကြိုးများအား ဖြတ်တောက်သော ထိုအခိုက်အတန့်တွင် မန်ဟို၏ကျင့်ကြံအဆင့်သည် မြင့်တက်သွား၏။ ဘိုးဘေးနယ်ပယ်တစ်ပိုင်းအဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း များစွာတိုးတက်ခဲ့လေသည်။
မန်ဟို၏ဆံပင်များသည် တလွင့်လွင့်ပျံဝဲနေပြီး သူ၏တန်ခိုးလှိုင်းများက တအိအိဖြာဆင်းနေသည်။ မန်ဟိုက အသက်ဝဝတစ်ချက်ရှူလိုက်သည့်အခါ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး လှုပ်ခတ်သွားလေသည်။ လောကပါလနတ်မင်းကိုယ်ပွား၏ မျက်လုံးများ ပြူးကျယ်လာသည်။
“ငါက ကြယ်တာရာကောင်းကင်ရဲ့စိတ်ဆန္ဒ၊ ကြယ်တာရာကောင်းကင်ရဲ့ ဝိညာဉ်” လောကပါလနတ်မင်းကိုယ်ပွားက ပြောသည်။ “ငါ့စကားတွေက သဘာဝနိယာမ၊ ငါ့အတွေးတွေက မှော်ဥပဒေတွေပဲ
“ဒီကနေ့ ငါ ဥပဒေအသစ်တစ်ရပ် ပြဌာန်းတယ်။ ငါ ရပ်တည်တဲ့နေရာတိုင်းမှာ ဤကျင့်ကြံသူအတွက် နေရာမရှိပါစေသား”
စကားလုံးများ ကိုယ်ပွား၏နှုတ်မှ ထွက်သွားလျှင်ချင်း ကြယ်တာရာကောင်းကင်သည် တုန်ခါစပြုလာ၏။
ဂျုန်းးးးးးးးးးးးဂျုန်းးးးးးးးးးးးး
မိုးခြိမ်းသံများ ကြားလာရပြီး အက်ကွဲကြောင်းများ ပွင့်ထွက်လာသည်။ အက်ကြောင်းများသည် တချွတ်ချွတ်မြည်သံများကို ထုတ်လွှတ်လျက် မြွေလိမ်မြေကောက် ဖြာထွက်ကာ စုဆုံကုန်ကြ၏။ ဥပဒေအသစ်တစ်ရပ် ပေါ်ပေါက်လာသဖြင့် ... မိုးနှင့်မြေကို ချေမှုန်းနိုင်သည့်စွမ်းအားများ လိမ့်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ဧရာမတွင်းနက်ကြီးအသွင်ပြောင်းလျက် ကျွံကျသွားသည်။ ဤဥပဒေက မည်သည့်ဖြစ်တည်မှုကိုမှ မန်ဟို့အနား၌ ရှိမနေစေချင်သည့်အလားပင်။ ဤဥပဒေအရ ဤကြယ်တာရာကောင်းကင်တွင် မန်ဟို့အတွက် နေရာမရှိပေ။
တွင်းနက်ကြီးသည် တွင်းနက်အစစ်တော့မဟုတ်၊ ကြယ်တာရာကောင်းကင်နှင့် ဟင်းလင်းပြင်က မန်ဟို့အတွက် နေရာပေးပိုင်ခွင့်မရှိတော့ကြောင့် ဖော်ပြနေသည့် သက်သေဖြစ်၏။ ၎င်းတို့ ဆုတ်ခွာသွားသဖြင့် အာကာပြင်ကျယ်စကြဝဠာ၏အပြင်၊ အနန္တစကြဝဠာကြီးနှင့်ဆက်သွယ်နေသော အဆုံးမရှိမှောင်မိုက်နေသည့် တွင်းနက်ကြီးတစ်တွင်းသာ ကျန်ခဲ့သည်။ မန်ဟိုသာ ၎င်းအထဲကျသွားလျှင် ဤအာကာပြင်ကျယ်မှ ထာဝရနှင်ထုတ်ခံလိုက်ရလိမ့်မည်။
လောကပါလနတ်မင်းနှင့် မန်ဟို၏တိုက်ပွဲကား နတ်ဘုရားစွမ်းရည်များကို အသုံးပြုသောနယ်ပယ်ကို ကျော်လွန်၍ သဘာဝနိယာမဖြင့် တိုက်ခိုက်သောနယ်ပယ်သို့ ရောက်ရှိသွားခဲ့ချေပြီ။ ဤတိုက်ပွဲသည် ကျင့်ကြံသူအများစု စိတ်ကူးပင်မယဉ်နိုင်သော ကြောက်ခမန်းလိလိတိုက်ပွဲနယ်ပယ်ဖြစ်၏။ ၎င်းကား တန်ခိုးရှင်ကျင့်ကြံသူများအတွက်သာ ဖြစ်ပေသည်။
လက်ရှိအဆင့်တွင် မန်ဟိုသည် စကားလေးတစ်ခွန်းဖြင့် သဘာဝနိယာမများနှင့် ဥပဒေအသစ်များကို မဖန်တီးနိုင်ပေ။ သို့သော် ပြောင်းလဲနိုင်၏။
သူက မျက်လုံးများတောက်ပနေလျက် ပြောသည်။ “ငါ့တာအိုဟာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ တာအို၊ အချုပ်အနှောင်ကင်းရှင်းတဲ့ တာအိုဖြစ်တယ်။ ငါ့ခေါင်းပေါ်မှာ တခြားသူတစ်ယောက်ရဲ့ ကောင်းကင် အုပ်မိုးနေတာ ငါ မလိုချင်ဘူး။ ငါ့တာအိုက ငါ့ရဲ့အနှစ်သာရ၊ ငါ ရပ်နေတဲ့နေရာတိုင်းမှာ သဘာဝနိယာမတွေနဲ့ မှော်ဥပဒေတွေကို ဖယ်ရှားဖြိုခွင်းဖို့ ငါ့တာအိုရဲ့အနှစ်သာရကို စိတ်တိုင်းကျဆင့်ခေါ်နိုင်တယ်။ ဘယ်သူမှ ငါ့ကို ဒီနေရာကနေ မနှင်ထုတ်နိုင်ဘူး” သူက အင်္ကျီလက်စခါကာ သူ့တာအိုအနှစ်သာရ၏စွမ်းအား,အား ဝုန်းခနဲ ဖြာထွက်သွားစေရင်း သဘာဝနိယာမများနှင့် မှော်ဥပဒေများအား ပြောင်းလဲလိုက်သည်။ သဘာဝနိယာမများနှင့် မှော်ဥပဒေတို့သည် တွန့်လိမ်ကာ ကြေမွကုန်၏။
သူ့အောက်ရှိ တွင်းနက်ကြီး ပျောက်ကွယ်ကာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ မှန်သည်၊ ဤသဘာဝနိယာမနှင့် မှော်ဥပဒေတိုက်ပွဲသည် သာမန်ကျင့်ကြံသူများ တွေးနိုင်သည်ထက် များစွာပို၍အန္တရာယ်များကြောင်း လောကပါလနတ်မင်းတစ်ယောက်တည်းသာ သိ၏။
လောကပါလနတ်မင်း၏မျက်လုံးများ လင်းလက်သွားပြီး သူက ပြောသည်။ “ဓာတ်ငါးပါးအပေါ် မင်းရဲ့ထိန်းချုပ်နိုင်စွမ်းကို ငါ ပြန်ရုပ်သိမ်းပြီး မှော်ဥပဒေအသစ် ထုတ်ပြန်တယ်”
မန်ဟိုက အင်္ကျီလက်စခါသည်။ “ဓာတ်ငါးပါးက ငါ့တာအိုအနှစ်သာရအတွင်းမှ တည်ရှိတယ်။ ငါ့တာအိုအရောင်အဝါ တောက်ပတဲ့နေရာတိုင်းမှာ ဓာတ်ငါးပါးကို ဖယ်ရှားလို့မရဘူး”
လောကပါလနတ်မင်း၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် ကျယ်လောင်စွာ ဟိန်းထွက်လာ၏။ “အို ကြယ်တာရာကောင်းကင်၏အလင်းရောင်တို့ ဤကျင့်ကြံသူအပေါ် ဘယ်တော့မှ ဖြာမကျနှင့်လော့။ ငါ ဒီလူသားရဲ့ အလင်းရောင်မြင်နိုင်စွမ်းကို ရုပ်သိမ်းတယ်”
ရုတ်တရက် မန်ဟို့ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်ပိတ်ပိန်း မှောင်မည်းသွားသည်။ သူသည် မည်သည့်အလင်းရောင်ကိုမှ မခံစားရတော့သည့်အလား၊ အမှောင်ထုနှင့် တစ်သားတည်းဖြစ်သွားသည့်အလားပင်။
မန်ဟိုက အေးစက်စက် နှာမှုတ်သည်။ “ငါက ဘိုးဘေးတစ်ပိုင်းအဆင့် တန်ခိုးရှင်။ ကြယ်တာရာကောင်းကင်ရဲ့အလင်းရောင်ဟာ ငါ့ကို ထိပိုင်ခွင့်မရှိဘူး။ မင်း ရုပ်သိမ်းဖို့ မလိုဘူး။ ငါကိုယ်တိုင် ကြယ်တာရာကောင်းကင်ရဲ့အလင်းရောင်ကို မောင်းထုတ်တယ်”
စောစောက သူသည် မှေးမှိန်နေခဲ့သော်လည်း ယနေ့တွင် ထင်ရှားလာ၏။ မန်ဟိုကား အလင်းရောင်ကို ဖယ်ရှားခဲ့သည်သာမက .. အမှောင်ထုကိုလည်း မောင်းထုတ်လိုက်လေပြီ။
လောကပါလနတ်မင်း၏မျက်နှာမှာ ဒေါသကြောင့် အကျည်းတန်တော့သည်။ ဤသဘာဝနိယာမနှင့် မှော်ဥပဒေတိုက်ပွဲတွင် သူသည် အသာစီးရသလို၊ လက်ဦးမှုလည်း ရယူခဲ့သော်လည်း မန်ဟို့ကို ရင်ဆိုင်ရင်း ကူကယ်ရာမဲ့သလို ခံစားလာရ၏။ “မင်းရဲ့ဝိညာဉ်ဟာ မင်းရဲ့မီးတောက်၊ မင်းရဲ့တောင်ပင်လယ်တွေဟာ မင်းရဲ့မြေ၊ အခုကစပြီး တောင်ပင်လယ်တွေရဲ့ တည်ရှိမှုကို ခွင့်မပြုတော့ဘူး။ မင်းဝိညာဉ်လည်း အသက်ဓာတ်တို့နဲ့ တောက်လောင်ခွင့် မရှိတော့ဘူး”
“ငါ မတည်ရှိရင် ကြယ်တာရာကောင်းကင်တစ်ခုလုံးလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်” လောကပါလနတ်မင်း၏ ဤဥပဒေများကို ရင်ဆိုင်နေစဉ် မန်ဟို့မျက်နှာပေါ်တွင် အထင်သေးနေသောအမူအရာအား မြင်ရနိုင်သည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှ ဩဇာကြီးမားသည့်အငွေ့အသက်တို့ ထွက်ပေါ်လာ၏။
“ငါ့စကားကြောင့် ဒီကမ္ဘာမှာ သက်ရှိတွေ တည်ရှိလာတယ်။ အခု ငါ့စကားနဲ့ပဲ မင်းရဲ့ခန္ဓာနဲ့ဝိညာဉ်ကို သတ်မယ်။ မင်း ဘယ်လိုအသက်ရှင်မလဲ” လောကပါလနတ်မင်းသည် ရှေ့လျှောက်လာပြီး သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ကြယ်တာရာကောင်းကင်အား တုန်ရီလာစေတော့သည်။
မန်ဟိုလည်း ရှေ့လျှောက်သွားသည်။ သူ လှမ်းသည့် ခြေလှမ်းတိုင်းကလည်း အရာအားလုံးအား တုန်ခါလာစေလေသည်။ “ငါ့ခန္ဓာကိုယ်ကို ဖျက်စီးပြီး ငါ့ကျင့်ကြံခြင်းအခြေကို မင်း ဖြိုခွဲနိုင်တယ်။ ဒါပေမဲ့ ငါ့ဝိညာဉ်နဲ့ ငါ့တာအိုအနှစ်သာရက တည်ရှိနေဦးမှာပဲ။ ဒီကြယ်တာရာကောင်းကင်ရဲ့ စိတ်ဆန္ဒ မင်းက အဆုံးမဲ့ပင်လယ်တစ်စင်းဆိုရင် ငါက အဲဒီရေတွေထဲမှာ ထာဝရရပ်တည်နေတဲ့ တောင်တစ်လုံးပဲ။ မင်းရဲ့လှိုင်းလုံးတွေ ငါ့ကို ဘယ်လောက်ရိုက်ခတ်ရိုက်ခတ်၊ ငါဟာ အမြဲတည်ရှိနေမှာ”
မန်ဟိုသည် လောကပါလနတ်မင်း၏ မမြင်ရသောတန်ခိုးအား အဆက်မပြတ်တိုက်ခိုက်နေ၏။ ဥပဒေအသစ်များ မည်မျှစွမ်းအားကြီးမားပါစေ၊ မန်ဟိုက နောက်တွန့်မသွားသည့်အပြင် ၎င်းတို့အား နင်းခြေနေ၏။
လောကပါလနတ်မင်းက ၎င်းတို့ကို ဖန်တီးသည်၊ မန်ဟိုက ဖျက်စီးသည်။ မန်ဟိုသည် လောကပါလနတ်မင်းနှင့် ရာခိုင်နှုန်းပြည့်မယှဉ်နိုင်သေးသော်လည်း သဘာဝနိယာမများကို ဖန်တီးခြင်းထက် ဖျက်စီးခြင်းက များစွာလွယ်ကူလေသည်။
အာကာပြင်ကျယ်ကျောင်းတော်သားများမှာ အမြန်ဆုံး နောက်ဆုတ်နေကြသည်။ မန်ဟိုနှင့် လောကပါလနတ်မင်း၏တိုက်ပွဲမှာ သူတို့ပါဝင်နိုင်သောတိုက်ပွဲမဟုတ်ပေ။ သူတို့မှာ စိတ်နှလုံးများချာချာလည်လျက်သာ နောက်ဆုတ်နေကြရလေသည်။
ပါရာဂွန်များနှင့် အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူများမှာလည်း လုံးလုံးလျားလျား တုန်လှုပ်မှင်သက်နေကြသည်။ သူတို့သည် တုန်ရီနေပြီး မျက်စိရှေ့မှောက်၌ ဖြစ်ပျက်နေသော သဘာဝနိယာမတိုက်ပွဲမှ တစ်ခုခုလေ့လာသိရှိဖို့ အကောင်းဆုံးကြိုးစားရင်း မျက်လုံးများပြူးကျယ်နေကြ၏။
ထိုလူတို့သည် တန်ခိုးရှင်အဆင့်မှ ခြေလှမ်းတစ်ဝက်သာ ကွာဝေးတော့သည့်တိုင် ထိုခြေလှမ်းတစ်ဝက်သည် အောင်အောင်မြင်မြင်လှမ်းဖို့ ကြီးမားဝေးကွာလွန်း၏။ သို့သော် ယခုတော့ ဤတိုက်ပွဲကို မျက်မြင်တွေ့နေရသည့်အတွက် မကြားခဲ့ဖူးသောအကျိုးအမြတ်များကို ရရှိနေကြလေပြီ။
“တန်ခိုးရှင်... ဒါက တန်ခိုးရှင်ဆိုတာပဲ”
“တာအိုအရင်းအမြစ်နယ်ပယ်မှာ ... သဘာဝနိယာမတွေကို အမှန်တကယ် ဖန်တီးနိုင်သလို၊ ဖျက်လည်း ဖျက်စီးနိုင်တာပဲ” ဂိုဏ်းချုပ်နှင့်အခြားသူများမှာ ဖြစ်ပျက်နေသောအရာကို အာရုံအပြည့်အဝစူးစိုက်နေကြတော့သည်။
မန်ဟိုသည် ယခုလေးတင်မှ သူ၏သွေးဆက်ကို ဖြတ်တောက်ကာ စစ်မှန်သော လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုကို ရရှိခဲ့၏။ သူ့ဆီ ပစ်လွှတ်ခံနေရသည့် သဘာဝဥပဒေများပင်လျှင် သူ့အား ဘာမှမလုပ်နိုင်ပေ။ လောကပါလနတ်မင်းကိုယ်ပွား၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။
ကိုယ်ပွားက နောက်တစ်လှမ်းတက်လိုက်သည့်အချိန် သူ၏တန်ခိုးသည် ပို၍ပင်မြင့်မားသွား၏။
လေမုန်တိုင်းကြီးတစ်လုံး ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်သွားကာ အရာအားလုံး တဂျုန်းဂျုန်းမြည်လာသည်။ ကိုယ်ပွား၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။
“ပထမလောကပါလအသွင်”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူကား အရွယ်အစားစတင်ကြီးမားလာတော့သည်။ သူ့ပခုံးနှစ်ဖက်မှ အသားဘုကြီးရှစ်ဘု ဖောင်းထွက်လာပြီးနောက် ကွဲထွက်သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ၎င်းတို့က ခေါင်းရှစ်လုံးဖြစ်လာလေသည်။
သူ့တွင် မူလရှိပြီးသားခေါင်းကို ထည့်ပေါင်းပါက စုစုပေါင်း ခေါင်းကိုးလုံး ဖြစ်၏။
သူ၏ခန္ဓာကိုယ်သည်လည်း ပုံစံပြောင်းစပြုလာသည်။ သူကား လူအသွင်မရှိတော့၊ ထိုအစား မီတာ ၃,၀၀၀,၀၀၀ တိတိ ရှည်လျားသော မြွေကြီးအသွင် ဖြစ်နေချေပြီ။ သူ၏ပုံပန်းသွင်ပြင်ကား မိုးနှင့်မြေကို တုန်လှုပ်စေသည်အထိ မဖော်ပြနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်လှ၏။
ခေါင်းကိုးလုံးလုံးက မန်ဟို့ကို လှမ်းကြည့်၍ ဟိန်းလိုက်ရာ ကြောက်မက်ဖွယ်အသံလှိုင်းကြီးတစ်လှိုင်း ထွက်လာပြီး ၎င်းဖြတ်သွားသော ဂြိုဟ်တာရာတို့၏တည်နေရာများပင် ပြောင်းလဲကုန်ကာ ၊ ကျင့်ကြံသူများလည်း တွန်းထုတ်ခံလိုက်ကြရသည်။
၎င်းကား .... ပြိုင်ဘက်အကင်းဆုံးသော စွမ်းအားပင်။