နဂါးဧကရာဇ်အသွင်
Vol. 113 Ch. 1579
နဂါးကိုးခေါင်းထဲတွင် ယောက်ျားခေါင်း၊ မိန်းမခေါင်း၊ ကလေးခေါင်း လူအိုခေါင်း၊ လူသားခေါင်းများနှင့် သားရဲခေါင်းများ ပါသည်။ သူတို့၏ဟိန်းသံက မန်ဟို၏သူငယ်အိမ်များအား ကျဉ်းမြောင်းသွားစေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဤအခိုက်အတန့်တွင် လောကပါလနတ်မင်းနှင့်ပတ်သက်၍ တစ်ခုခုမူမမှန်သယောင် ထင်ရလေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လောကပါလမြွေခန္ဓာကိုယ်ကြီး၏ အကြေးခွံများအပေါ်တွင် မျက်နှာများအား မြင်ရနိုင်ရာ အားလုံး လုံးဝကြောက်စရာကောင်းနေစေတော့သည်။
ခေါင်းကိုးလုံး၏ဟိန်းသံမှ ဟပ်လိုက်သော လေ၏အဟုန်ကို အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များသာ သတိမမေ့ဘဲ တောင့်ခံနိုင်လိမ့်မည်။ ဤခေါင်းကိုးလုံးမြွေကြီးသည် မည်သူမှ မှတ်မိသော ဖြစ်တည်မှုဖြစ်သည့်တိုင် အကုန်လုံးအား ကြောက်လန့်တုန်ရီသွားစေ၏။
အားလုံးနှင့်ဆန့်ကျင်ဘက်တွင် ... ပုတ်သင်ဘုရင်ကြီးမှာ ထိုခေါင်းကိုးခေါင်းအနက်မှ တစ်ခေါင်းကို မြင်လိုက်သည်နှင့် မယုံကြည်နိုင်စွာ အော်မိလိုက်သည်။ ၎င်းခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအားလုံး ထောင်မတ်သွား၏။
“ခေါင်းကိုးလုံးမျိုးနွယ်စု” ပုတ်သင်ဘုရင်က အော်သည်။ “ခေါင်းကိုးလုံးမျိုးနွယ်စုကပဲ
“အရှေ့ခေတ်တုန်းက သူတို့ဖျက်စီးခံခဲ့ရတာ။ ဒဏ္ဍာရီတွေအရ အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင် စစဖန်ဆင်းခံခဲ့ရတုန်းက သူတို့တွေဟာ အင်အားအကြီးမားဆုံး သားရဲမျိုးနွယ်စုတွေထဲက တစ်စုပဲ
“ခေါင်းကိုးလုံးမျိုးနွယ်စုက ခေတ်ဆယ်ခေတ်တိုင်တိုင် ပြိုင်ဘက်ကင်း ဩဇာကြီးမားခဲ့တာ.....” ပုတ်သင်ဘုရင်ကြီးသည် ခေါင်းကိုးလုံးမျိုးနွယ်စုအကြောင်း သိသည့် တစ်ယောက်တည်းသောပုဂ္ဂိုလ် ဖြစ်နိုင်သည်။ ထိုသို့သိရသည့်အကြောင်းရင်းမှာလည်း ၎င်းတွင် အဆိုပါမျိုးနွယ်စု၏သွေးတချို့ စီးဆင်းနေ၍ပင်။
ပုတ်သင်ဘုရင် ကြောက်လန့်တုန်ရီနေသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများ လင်းလက်လာသည်။ ခေါင်းကိုးလုံးမြွေကို ကြည့်လိုက်သောအခါ သူသည် အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေအကြောင်း ပြန်မတွေးမိဘဲမနေပေ။
“ဒီကြယ်တာရာကောင်းကင်မှာ တည်ရှိတဲ့အရာအားလုံးကို လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒက မှတ်ထားတယ်။ အဲဒီမှတ်ဉာဏ်အပေါ် မူတည်ပြီး လောကပါလနတ်မင်းက ဘာမှမရှိတဲ့အရာကနေ ပြန်ဖန်ဆင်းနိုင်တယ်....”
မန်ဟို ဤအကြောင်းများကို တွေးနေသည့်အချိန်မှာပင် လောကပါလနတ်မင်းသည် ရက်စက်ခက်ထန်သော မျက်လုံး ၁၈ လုံးဖြင့် မန်ဟို့အား ကြည့်၏။ ရုတ်တရက် လောကပါလနတ်မင်းက ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ သူ့အနောက် ပုံရိပ်များ ကျန်ခဲ့ပြီး လေပြင်းများ တိုက်ခတ်လာသည်။ သူသည် မန်ဟို့အရှေ့၌ ဝုန်းခနဲ ပေါ်လာကာ သူ့အမြီးကို ယမ်း၍ ရိုက်ချလိုက်၏။
အနှစ်သာရ ၉ ခုအဆင့်ထက် ကျော်လွန်သည့် အမြီး၏စွမ်းအားအောက်တွင် ကြယ်တာရာကောင်းကင်မှာ ကွေးညွတ်သွားသည်။ ဂြိုဟ်တာရာများလည်း ပြိုကွဲသွား၏။ မန်ဟိုကမူ မျက်လုံးများသွေးအေးအေး တောက်ပနေလျက် ညာလက်ကို လက်သီးဆုပ်၍ ထိုးချလိုက်သည်။
လက်သီး အမြီးနှင့် ထိသွားသောအခါ ဟင်းလင်းပြင်သည် ကြေမွသွားပြီး တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေ၏။ လောကပါလနတ်မင်းဖြစ်သည့် မြွေကြီးမှာ တဖျတ်ဖျတ် လူးလွန့်သွားလေသည်။ မန်ဟိုလည်း တုန်ရီစွာဖြင့် နောက်လွင့်ထွက်သွားသော်လည်း သူ နောက်ရောက်သွားသည့်အချိန်မှာပဲ ခေါင်းကိုးလုံးမြွေကြီး၏မျက်လုံးများ ပိတ်သွားသည်။
ပိတ်ထားသောမျက်လုံးတစ်လုံးစီ၊ စုစုပေါင်းမျက်လုံး ၁၈ လုံးမှ မျက်ရည်တစ်စက်စီ ထွက်လာသည်။ မျက်ရည်များထွက်လာသည့်အခါ မကျေမချမ်းဖြစ်နေသောအရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် မျက်ရည်များသည် တောက်ပလာပြီး အလင်းတန်းဆယ့်ရှစ်တန်းအသွင်ဖြင့် မန်ဟို့ဆီ ပြေးဝင်လာကြ၏။
တလက်လက်တောက်ပနေသော မျက်ရည်စက်များ သူ့အပေါ် ကျလာစဉ် မန်ဟို၏မျက်လုံးများ လင်းလက်သွားသော်လည်း သူက မရှောင်ပေ။ ရပ်နေရာတွင်သာ ပျံဝဲလျက် ညာလက်ကို မြှောက်၍ မျက်ရည်များဆီ တွန်းလိုက်သည်။
“အစ” သူက ပြောသည်။ ချက်ချင်းပင် မိစ္ဆာချုပ်နှောင်မန္တန်တစ်ခု ထုတ်လွှတ်ခံလိုက်ရသည်။ မန်ဟို၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းများက အလုံးစုံပြီးမြောက်နေခဲ့ပြီး တန်ခိုးရှင်အဆင့်စွမ်းအားမှ အားဖြည့်ပေးထားသည်ကို ထည့်တွက်လျှင် ၎င်းတို့၏အစွမ်းသည် အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးအား တုန်လှုပ်စေရန် လုံလောက်၏။
သူပြောလိုက်သည့် စကားတစ်ခွန်းကြောင့် မျက်ရည် ၁၈ စက်လုံးမှာ အချိန်မရွေး အရည်ပျော်တော့မည့်အလား ရပ်သွားသည်။ မန်ဟို ‘အစ-အဆုံးမန္တန်’ မှ ‘အစ’ ဆိုသောစကားလုံးကို ပြောလိုက်သည်နှင့် အရာအားလုံးသည် ၎င်းတို့၏အခြေခံအနှစ်သာရအဆင့်သို့ ပြန်ရောက်သွားကြ၏။
အသေတိုက်ကွက် အချည်းနှီးဖြစ်သွားသည်ကို သိလိုက်လျှင် ခေါင်းကိုးလုံးမြွေကြီး၏ မျက်လုံး ၁၈ လုံးပွင့်လာပြီး ၎င်းက ဟိန်းလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ၎င်း၏ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားလေသည်။
ကိုယ်အတွင်းထဲမှ အရိပ်များစွာ ထိုးထွက်လာပြီး အနီးကပ်ကြည့်လျှင် ၎င်းတို့သည် အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ခေါင်းကိုးလုံးမြွေများဖြစ်ကြကြောင်း မြင်ရလိမ့်မည်။ စုစုပေါင်း အကောင်တစ်သိန်းကျော်သည့်အပြင် အကုန်လုံးက မကျေမချမ်းသောအငွေ့အသက်များကို ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်လာကြတော့သည်။
“မျိုးနွယ်မရဏတိုက်ကွက်၊ အဲဒါ ခေါင်းကိုးလုံးမျိုးနွယ်စုရဲ့ မျိုးနွယ်မရဏတိုက်ကွက်ဆိုတာ ယုံတောင်မယုံနိုင်ဘူး
“ခေါင်းကိုးလုံးမျိုးနွယ်ဝင်တွေအနေနဲ့ ဒီတိုက်ကွက်ကို အသတ်မခံရခင် အခိုက်အတန့်မှာ ထုတ်လွှတ်နိုင်တယ်ပြောကြတယ်။ မိမိကိုယ်ကိုပါ စတေးရင်း ရန်သူကိုပါ အပါခေါ်သွားတာမျိုး” ပုတ်သင်ဘုရင်မှာ မြင်နေရသောအရာကြောင့် တုန်ရီနေလေသည်။
ခေါင်းကိုးလုံးမြွေပေါင်းများစွာသည် ခပ်စူးစူးတွန်လျက် ဧရာမရေလှိုင်းကြီးပမာ မန်ဟို့ဆီ သည်းသည်းမဲမဲ လာနေကြ၏။
“ခေါင်းကိုးလုံးမျိုးနွယ်စုက အင်အားကြီးကောင်း အင်အားကြီးလိမ့်မယ်။ ဒါပေမဲ့ တန်ခိုးရှင်တစ်ယောက်ကိုမှ မမွေးထုတ်ပေးနိုင်ခဲ့ဘူး” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူတို့ထဲက တစ်ယောက် အပြင်အားကိုယ်တန်ခိုးရှင်အဆင့် တက်ခဲ့ရင်တောင်မှ မလုံလောက်သေးဘူး
“အဲဒီမျိုးနွယ်စုရဲ့ ဒီအသွင်ကို လောကပါလနတ်မင်း ပထမအသွင်က ဖန်ဆင်းခဲ့တာ။ ဆိုတော့ သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ဘူး။ ဒါဟာ စိတ်ကူးအသွင်ထက် မပိုဘူး” ထို့နောက် မန်ဟိုသည် ညာလက်အား လက်သီးဆုပ်လိုက်၏။
“အဆုံး” သူက ဟိန်းဟောက်သည်။
အစ-အဆုံးမန္တန် အပြည့်အဝ ထုတ်လွှတ်ခံလိုက်ရသဖြင့် ဂျိန်းခနဲမြည်သံကြီးအား ကြားလိုက်ရသည်။ မန်ဟို၏တာအိုအနှစ်သာရမှ အနန္တတန်ခိုး ထွက်ပေါ်လာပြီး သူ၏လက်ထဲ၌ စုဝေးလာသည်။ ထို့နောက် မန်ဟိုက လက်သီးဆုပ်ကား ဖြည်းဖြည်းချင်း လက်ဝါးဖြန့်လိုက်လာသည်။ ထိုအခါ ကြယ်တာရာကောင်းကင်တစ်ခုလုံး သူ့လက်ဝယ်၌ တည်ရှိလာပြီး သူ့လက်ဝါးထဲရှိ မည်သည့်အရာကိုမဆို လက်သီးဆုပ်လိုက်ရုံနှင့် ဖျက်စီးနိုင်သည့်အလား ထင်ရလေသည်။
အုန်းးးးးးးးးးးးးးးးးးးးးး
မျက်ရည် ၁၈ စက် ဖျက်စီးခံလိုက်ရပြီး ခေါင်းကိုးခေါင်းလုံးပေါက်ကွဲသွားသည်။ ၎င်းတို့သည် မန်ဟို့အရှေ့၌ လွင့်မျောနေသော ပြာမှုန့်များထက် မပိုတော့ပေ။
“မင်း လုပ်နေတာကို ငါ မြင်ပြီ လောကပါလနတ်မင်း... မင်းက ငါ့မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို လေ့လာချင်နေတာမလား။ ဒါဆိုလည်း ငါ မင်းကို ပြပေးရမှာပေါ့” မန်ဟိုသည် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ရှေ့တစ်လှမ်းတက်ကာ ဒုတိယမန္တန်အား ထုတ်ဖော်လိုက်၏။ မန်ဟိုသည် အခြားသူများအရင်စလှုပ်ရှားမည်ကို စောင့်နေမည့် လူစားမျိုးမဟုတ်ပေ။
“အစစ်အမှန်” သူက ပြောလိုက်သည်။ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ခါလာတော့သည်။
တစ်ချိန်တည်းမှာပင် ခေါင်းကိုးလုံးမြွေကြီး ပျောက်ကွယ်သွားသည့်အချိန်မှာပင် မန်ဟို့အရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် လောကပါလနတ်မင်းကိုယ်ပွားသည် ခေါင်းကိုးလုံးအသွင်၏ မျက်လုံး ၁၈ လုံးဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း အသစ်ပြန်ပေါ်လာ၏။ ဒုတိယမိစ္ဆာချုပ်နှောင်မန္တန်နှင့်တစ်ပြိုင်တည်း .. ဒုတိယလောကပါလအသွင် ထုတ်ဖော်ခံလိုက်ရသည်။
“ဒုတိယအသွင်၊ ခေါင်းကိုးလုံးမှ နဂါးဖြစ်သော ... နဂါးဧကရာဇ်အသွင်”
လောကပါလနတ်မင်းသည် ခေါင်းနောက်လှန်ကာ ဟစ်ကြွေးလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က ကြီးမားလာပြီး မြွေကြီးနှင့် မတူတော့ပေ။ သူ့ခေါင်းမှ ချိုများ ထိုးထွက်လာပြီး ရှေ့လက်များတွင် လက်သည်းကိုးချောင်းစီ ပိုင်ဆိုင်ထားသည်။ (ဗဟုသုတ - တရုတ်စာပေတွေထဲမှာ နဂါးတွေဟာ များသောအားဖြင့် ရှေ့လက်တစ်ဖက်စီမှာ လက်သည်းငါးချောင်းစီ ရှိကြပါတယ်။ အဲဒီလက်သည်းအရေအတွက်က နဂါးရဲ့အဆင့်အတန်းနဲ့ အာဏာကို ကိုယ်စားပြုတယ်။ လက်သည်းကိုးချောင်းဆိုတဲ့သဘောက အာဏာအရှိဆုံးနဂါး၊ အဆင့်အတန်းအမြင့်ဆုံးဆိုတဲ့ နဂါးကို ဆိုလိုတာပါ)
သူ၏ခေါင်းရှစ်ခေါင်းက ခြောက်ကပ်သွားရင်း နောက်ဆုံး ကျန်ခဲ့သည့်ခေါင်းပေါ်၌ သရဖူတစ်ဆူအဖြစ် တည်ရှိနေသည်။
ယခုတွင် လောကပါလနတ်မင်း၏ကိုယ်ပွားသည် ရင်သပ်ရှုမောဖွယ် နဂါးဧကရာဇ်တစ်ပါးအသွင်ကို ဆောင်ယူလျက် ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေလေပြီ။
***
(ခေါင်းကိုးလုံးနဂါးမျိုးနွယ်စုက အမှန်တရားရှာပုံတော်(စုမင်)ထဲက မျိုးနွယ်စုတစ်စုဖြစ်ဖို့များပါတယ်။ အဲဒီစာစဉ်ရဲ့ အစောပိုင်းလောက်မှာပဲ “ဧရာမပုတ်သင်ကြီးတစ်ကောင်” ဆိုတဲ့အရာ ပါဖူးတယ်။ ဆိုတော့ ဒီစာစဉ်ထဲက ပုတ်သင်ဘုရင်ကြီးက အဲဒီပုတ်သင်ဖြစ်နေရင် အံ့ဩစရာတော့မဟုတ်ပါဘူး။ ‘ခေတ်ဆယ်ခေတ်’ ဆိုတာလည်း စုမင်ရဲ့ နောက်ဆုံးပိုင်းလောက်မှာ တွေ့ရတယ်။ အခု နဂါးဧကရာဇ်ကတော့ နှောင်ဖွဲ့ကင်းတန်ခိုးရှင်နဲ့ ပတ်သက်နေမယ်ထင်တာပဲ)