← Chapters

သွေးပဒုမ္မာ ကြာကန်

Vol. 5 Ch. 68

သွေးပဒုမ္မာ ကြာကန်

Vol. 5 Ch. 68

မိုဝူကျီနှင့် ချင်ရှုန်းယု နှစ်ယောက်လုံးက ဝူခိုင်း၏ စီစဉ်ပေးမှုကို အလွန် ကျေနပ်နေကြ၏။

ထိုနေ့ညတွင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း သင်္ဘောပျံနှင့် အတူ ထွက်ခွာလာစဉ် မိုဝူကျီ၏ စိတ်ထဲတွင် အလွန်အမင်း ပေါ့ပါးသွားလေ၏။ သူကား ချန်လောင်မှ ထွက်မလာခင်တွင် အထွတ်အထိပ် ဓားမြို့တော်မှ လူများ ရောက်လာမည်ကို စိုးရိမ်နေမိသည်။

အကယ်၍ အထွတ်အထိပ် ဓားမြို့တော်မှ ရှာတွေ့သွားပါက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသည် သူတို့ကို ပစ်ပယ်လိမ့်မည်ကို သေသေချာချာ သိ၏။

တစ်ရက်တာ ခရီးနှင်ပြီးနောက်တွင် သင်္ဘောပျံကား ဆင်းသက်လိုက်လေ၏။ အစေခံတပည့် တစ်ယောက်အနေနှင့် မိုဝူကျီသည် ဝူခိုင်းနောက်မှ နီးကပ်စွာ လိုက်ပါသွားလေသည်။

သင်္ဘောပျံသည် ကြီးမားကျယ်ပြန့်သော နေရာတွင် ဆင်းသက်လိုက်လေ၏။ ထိုနေရာတွင် လှေကားထစ်ပေါင်း ၄၀၀ မှ ၅၀၀ အထိ ရှိနေသာ မြင့်မားလှသည့် လှေကားရှိ၏။

လှေကားအဆုံးတွင် ဓားနှင့် ရေးထွင်းထားသော ကြီးမားသော စာလုံးသုံးလုံး “သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း” ရှိလေ၏။ မိုဝူကျီက ဓားပညာရပ်များနှင့် မရင်းနှီးသော်လည်း ထိုမှ ထွက်ပေါ်နေသည့် ခြိမ်းခြောက်ဖွယ် အငွေ့အသက်ကို ခံစားမိ၏။

ထိုသို့ ရောက်ရှိပြီးနောက်တွင် အတွင်းစည်းနှင့် အပြင်စည်းတပည့် အသစ်များသည် ဂိုဏ်းအတွင်းသို့ ဝင်သွားကာ လူသစ်ကြိုဆိုခြင်း အခမ်းအနားကို ပါဝင်ဆင်နွှဲရမည် ဖြစ်၏။ ချင်ရှုန်းယုက အခမ်းအနားသို့ တက်ရောက်ရမည် ဖြစ်သောကြောင့် မိုဝူကျီကို နှုတ်ဆက်စကား ပြောချိန်ပင် မရလိုက်ပေ။

အတွင်းစည်းနှင့် အပြင်စည်း တပည့်တို့ ဝင်သွားပြီးနောက်တွင် ဝူခိုင်းက အစေခံတပည့် ရာကျော်ကို ဦးဆောင် ခေါ်သွားလိုက်လေ၏။ ထိုအစေခံ တပည့်များသည် သူတို့ကား အခမ်းအနားတွင် မတက်ရောက်နိုင်ချေ။ အကြောင်းမှာ သူတို့သည် ကျင့်ကြံဖို့မဟုတ်ဘဲ တခြားသော လုပ်စရာများ လုပ်ရန်အတွက် ဖြစ်လေ၏။

လှေကားထစ် ၄၀၀-၅၀၀ နောက်တွင် တခြားသော နေရာလပ်တစ်ခု ရှိနေသေး၏။ နေရာအလယ်တွင် ကျယ်ဝန်းသော စကျင်ကျောက် လျှောက်လမ်းရှိ၏။ ထိုလျှောက်လမ်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ အဓိက ခန်းမသို့ ဦးတည်ထားကာ လျှောက်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ကျောက်စားပွဲ ကိုးလုံး ရှိ၏။

မိုဝူကျီက ထိုစားပွဲများပေါ်တွင် လူတစ်ယောက် ဓားရေးပြနေသည့် ပုံကို ဝိုးတိုးဝါးတား မြင်နိုင်လေ၏။ အနီးကပ် ကြည့်ပါက သူ့အတွက် ဘယ်အရာမှန်း သေချာမပြောနိုင်ပေ။

အစေခံတပည့်များကို အဓိက လျှောက်လမ်းကို ဖြတ်လျှောက်ရန် ခွင့်မပြုသော်လည်း ဘေးမှ လျှောက်လမ်း အသေးလေး နှစ်ခုပေါ်မှ ဖြတ်ကာ သူတို့၏ သက်ဆိုင်ရာ ဌာနများသို့ သွားရောက်နိုင်၏။

မိုဝူကျီက သက်ပြင်းသာ ချလိုက်မိသည်။ ထိုသည်က ကမ္ဘာမြေ အဆင့်ဂိုဏ်း ဖြစ်ကာ ကောင်းကင်အဆင့် ဂိုဏ်းဆိုလျှင် မည်သို့ ဖြစ်နေမည်နည်း ...

“ဒါက အရမ်းကို မခမ်းနား နေဘူးလား ... ” မီးခိုးရောင်အင်္ကျီနှင့် လူငယ်က ပြောလိုက်သည်။။

မိုဝူကျီက ထိုမီးခိုအင်္ကျီနှင့် လူငယ်ကို မှတ်မိ၏။ သူ့နာမည်က ရှန်းကျီချန်းဖြစ်ကာ မိုဝူကျီနှင့် မတူညီသည်ကား သူ့တွင် ဝိညာဉ်ကြော ရှိလေ၏။ သို့သော် အဆင့်နိမ့်ဆုံး ဖြစ်နေသောကြောင့် သူသည် အစေခံတပည့် အဖြစ် ခေါ်လာခြင်း ဖြစ်လေ၏။

“ဟုတ်ပ အမှန်တကယ်ကို ခမ်းနားတာပဲ ... ဂိုဏ်းကြီးတစ်ခုရဲ့ အငွေ့အသက်တွေ ပေါ့ဗျာ ... ”  မိုဝူကျီက အတွေးများကို ပြောပြရင်း ခေါင်းညိတ် လိုက်လေ၏။ ခန်းမအတွင်းတွင် မှုန်မှိုင်းနေကာ အထဲကို သိရှိရန် ခက်ခဲလှ၏။ သို့သော်လည်း သူက ခန်းမ ပြင်ပမှ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ အရှိန်အဝါတွေကို ခံစားနေရပြီ ဖြစ်၏။

ရှန်းကျီချန်းက ရေရွတ် လိုက်လေသည်။

“သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို ကမ္ဘာမြေဂိုဏ်း အဆင့်ဖြစ်လို့ နှိမ့်ချကြည့်လို့ မရဘူးကွ ... ကြားဖူးတာက ကောင်းကင်တစ်ပိုင်း အဆင့် ဂိုဏ်းတချို့တောင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းလောက် ကြောက်ဖို့ မကောင်းဘူးတဲ့ ... ”

“လျှောက်စကားများ မနေနဲ့တော့ ... ဖက်တီးကွမ်း မိုဝူကျီကို ခေါ်သွားပြီးတော့ သူ့အလုပ်နေရာ လိုက်ပြပေးလိုက် ... ကျန်တဲ့သူတွေ ငါ့နောက်လိုက်ခဲ့ ... ” ဝူခိုင်းက ဤနေရာရှိ ဆူညံပူညံ စကားများကို ဖြတ်ပြောလိုက်လေ၏။

မိုဝူကျီက ဖက်တီးကွမ်းသည် ဝူခိုင်း၏ သစ္စာရှိနောက်လိုက် ဖြစ်ကြောင်း မှတ်မိလိုက်၏။ သူက အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုး ရှိသော်လည်း ကိစ္စများကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စွမ်းရှိ၏။ ဝူခိုင်းက သူ့အတွက် သီးသန့်စီစဉ် ပေးသည်ကို မြင်သောအခါ မိုဝူကျီက ပင်လယ် ကျားသစ်ပျံဥကား အမှန်တကယ်ပင် ထိရောက်မှု ရှိကြောင်း သိရှိလိုက်လေ၏။

ဝူခိုင်းတွင် စုတ်ချာချာနှင့် မျက်ခွက်ရှိပြီး အကျိုးကိုသာ ကြည့်တတ်သော်လည်း အကယ်၍ သူ့အတွက် အကျိုးမြတ်ရရှိပါက ကိစ္စများကို သေချာစီစဉ်ကာ ပြုလုပ်ပေး၏။ ထို့ကြောင့်သာ အချိန်အတော်ကြာ သူ့နေရာတွင် မြဲနေခြင်း ဖြစ်လေ၏။

“ညီလေးဝူကျီ ... ငါတို့ တာဝန်ခံက မင်းကို သေချာ ဂရုစိုက်ပေးတာပဲ ... ပုံမှန်ဆိုရင် လူသစ်တွေကို သုံးရက်တာ လေ့ကျင့်ပေးပေမဲ့ မင်းကိုတော့ တာဝန်ခံက လွတ်ငြိမ်းခွင့် ပေးလိုက်တာပဲ. ...” ဖက်တီးကွမ်းက မိုတူကျီအတွက် ဝူခိုင်းသည် မည်မျှ ကျေးဇူးတင်စရာ ကောင်းကြောင်း လမ်းလျှောက်လာရင်း ပြောပြနေမိသည်။

မိုဝူကျီက စိတ်မဝင်စားပေ။ အကြောင်းမှာ ထိုအခွင့်အရေးများကို သူ၏ ပင်လယ် ကျားသစ်ပျံနှင့် လဲလှယ်ကာ ရလာခြင်း ဖြစ်၏။ အမှန်တကယ်က သူပို၍ ဂရုစိုက်သည်မှာ ဤနေရာတွင် ဆောင်ရွက်ရမည့် ကိစ္စအဖုံဖုံသာ ဖြစ်လေသည်။

လူအများကြီထံမှ ကြားပြီးနောက်တွင် ဂိုဏ်းအတွင်းမှ ဘဝကို ခန့်မှန်းမိ၏။ အစေခံ တပည့်များသည် အမှန်တကယ်ပင် သူတို့ကိုယ်ပိုင် လုပ်စရာများ ရှိ၏။ ထူးခြားသော အခြေအနေ အောက်တွင်သာ သူတို့သည် ဂိုဏ်း၏ နေရာဒေသသို့ ဝင်ခွင့်ရ၏။ အကယ်၍ အစေခံ တပည့်များသည် အတွင်းစည်း၊ အပြင်စည်း တပည့်များနှင့် တွေ့ဆုံပါက သူတို့ လုပ်လက်စများကို ရပ်တန့်ကာ အရိုအသေပြုရ၏။ စစ်မှန်သော တပည့်များ အရင် သွားပြီးမှသာ အစေခံတပည့်များက လုပ်စရာရှိတာ ဆက်လုပ်ကြရ၏။

အစေခံတပည့်များက သူတို့အလုပ် ပြီးဆုံးသွားသည့်အခါ ပို၍ လွတ်လပ်လေ၏။ သူတို့သည် အစေခံဈေးကွက်ကို သွားရောက်ခြင်း ဖြစ်စေ သို့မဟုတ် သူတို့လုပ်ချင်တာ လုပ်ခြင်း ဖြစ်စေ ပြုလုပ်ခွင့်ရှိ၏။

ဝူခိုင်း စီစဉ်ပေးထားသည့် မိုဝူကျီနေရာကား အမှန်တကယ်ပင် အစွန်အဖျားတွင် ဖြစ်လေ၏။ အနီးအနားရှိ ရေကန်မှ လွဲလျှင် အနီးဆုံးရှိ အစေခံအဆောင်ပင် မီတာ ၁၀၀လောက် ကွာဝေးပေ၏။

ထိုသည်က အလွန်ရိုးရှင်းသော ကျောက်တုံးအိမ် ဖြစ်သော်လည်း အထဲရှိ အရာအားလုံးကိုမူ သပ်သပ်ရပ်ရပ် စီစဉ်ထားလေ၏။ အခန်းနှစ်ခန်း ပါရှိပြီး မီးဖိုချောင်နှင့် သိုလှောင်ခန်းပါ ပါရှိလေသည်။

ဝူခိုင်းက အဘယ်ကြောင့် ထိုမျှ ကောင်းမွန်သော နေရာတွင် ကိုယ်တိုင် မနေသနည်း ... ဖြစ်နိုင်တာက သူ့နေရာက ဤနေရာထက် ပို၍ သာလို့များလား ...

“ဒီရေကန်ကို သွေးပဒုမ္မာ ကြာကန်လို့ ခေါ်တယ်လို့ ကြားဖူးတယ် ... ဒီနေရာက ရတနာသွေး ပဒုမ္မာကြာ စိုက်ပျိုးဖို့ အတွက် ကောင်းတဲ့နေရာ ဖြစ်ခဲ့တာ ... ပြီးတော့ ဒီအိမ်က စိုက်ပျိုးပေးသူတွေ နေဖို့ လုပ်ပေးထားတာ ... ” ဖက်တီးကွမ်းက မိုဝူကျီ၏ အိမ်ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။။

“ရတနာ သွေးပဒုမ္မာကြာလား ... ” မိုဝူကျီက ထိုအရာကို တစ်ခါမျှ မကြားဖူးပေ။ ရှန်းလျဲ့ပေးသည့် စာအုပ်ကို ကြည့်ရန်ပင် အချိန်မရခဲ့ပေ။

ဖက်တီးကွမ်းက ရှင်းပြလိုက်လေသည်။

“ရတနာ သွေးပဒုမ္မာကြာက ဝိညာဉ်ဆေးပင် ဖြစ်သလို အရမ်း အရသာရှိတဲ့ စားစရာလည်း ဖြစ်တယ်ကွ ... ပြီးတော့ သူ့မှာ ဆေးတန်ဖိုး အလွန်မြင့်လို့ တချို့သော လူတွေပဲ စားနိုင်ကြတာ ... ကြားဖူးတာ တစ်ခုက ရတနာ သွေးပဒုမ္မာကြာက ဝိညာဉ် လမ်းကြောင်းကိုတောင် ဖွင့်နိုင်တယ်တဲ့ ... မင်းရော အဖိုးတန် လွန်းတယ်လို့ မထင်ဘူးလား ... ”

“အခု ဘာလို့ ဒီနေရာမှာ မရှိတော့တာလဲ ...” မိုဝူကျီက မေးလိုက်၏။

ဖက်တီးကွမ်းက ရယ်မောလိုက်ပြီး

“သူတို့ ဒီမှာရှိနေရင် မင်းကို နေခွင့်တောင် ပေးမှာမဟုတ်ဘူး ... ရတနာ သွေးပဒုမ္မာကြာက အရမ်းကောင်းတဲ့ ဆေးပင် ဖြစ်ပေမဲ့ ဆိုးကျိုး အကြီးကြီး တစ်ခုရှိတယ်ကွ ... ဝိညာဉ် စွမ်းအားတွေကို စုပ်ယူနိုင်စွမ်းက အရမ်းကို ကြောက်ဖို့ ကောင်းတယ် ... ငါကြားတာတော့ ကြာတွေက ဒီမှာ စိုက်ထားလို့ ဒီနားက ဝိညာဉ်စွမ်းအားတွေ အကုန်လုံး စုပ်ယူခံလိုက်ရပြီတဲ့ ...”

မိုဝူကျီက နောက်ဆုံးတွင် ဝူခိုင်းက အဘယ်ကြောင့် ဤနေရာကို မရွေးလဲဟု နားလည်သွား၏။ ဝူခိုင်းတွင် အဆင့်နိမ့် ဝိညာဉ်ကြော ရှိနေလျှင်ပင် သူသည် ကျင့်ကြံနိုင်သေး၏။ ထို့ကြောင့် ကျင့်ကြံနိုင်သူ တစ်ယောက်က ကျင့်ကြံခြင်း မသင့်တော်သည့် နေရာကို ရွေးချယ်ပြီး နေလိမ့်မည် မဟုတ်ပေ။

အစေခံများတွင်လည်း ဝိညာဉ်ကြောပါသူများ ရှိကြ၏။ အများစုက ငြီးငွေ့ဖွယ် ကောင်းသော အလုပ်များကို လုပ်ရန်မဟုတ်ဘဲ ကျင့်ကြံရန် မျှော်လင့်ချက်နှင့် ရောက်ရှိလာကြ၏။ ထို့ကြောင့် သူတို့ကား ဝိညာဉ်စွမ်းအား ကင်းမဲ့နေသော နေရာတွင် မနေချင်ကြပေ။ ထို့အပြင် တခြားသော အစေခံ တပည့်များသည် တောင်းဆိုမှုများ ပြုလုပ်ရန် ဝူခိုင်းအတွက် အဖိုးတန်အရာများ မရှိကြပေ။

ဝူခိုင်းက မိုဝူကျီကို မကျင့်ကြံနိုင်ဘူးဟု ထင်၏။ သို့သော် မိုဝူကျီ ကျင့်ကြံနိုင်လည်း သိပ်၍ ဂရုမစိုက်ပေ။ ထို့ကြောင့် သူ့အတွက် ဤနေရာ စီစဉ်ပေးခဲ့ခြင်း ဖြစ်လေ၏။ ဝူခိုင်းက ထိုသို့သော အစွန်အဖျားတွင် နေစရာ ပေးခဲ့ခြင်းက အပေးအယူအတွင်း ဘောင်ဝင်နေသေး၏။

မိုဝူကျီက ထိုအရာကို တွေးမိလိုက်သော်လည်း စိတ်ထဲ မထားချေ။ သူသည် ဝိညာဉ်စွမ်းအား ရှိသရွေ့ ကျင့်ကြံနိုင်ကာ ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်၏။ ထို့ကြောင့် သူ့အတွက် ကျင့်ကြံဖို့ရန် လုံလောက် ပေလိမ့်မည်။ ထို့အပြင် သူ မည်မျှပင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်သည် ဖြစ်စေ သူ့ချီသွေးကြောများကား အရေအတွက် နည်းပါးနေသေး၏။ ထို့ကြောင့် လေထဲတွင် ဝိညာဉ်စွမ်းအား ရှိခြင်း၊ မရှိခြင်းက သိပ်၍ အရေးမပါပေ။

“ကျေးဇူးတင်ပါတယ် ဖက်တီးကွမ်း ... ကျွန်တော် ဒီနေရာကို သဘောကျပါတယ် ... ” မိုဝူကျီက အမှန်အကန် ပြောလိုက်လေ၏။

ဖက်တီးကွမ်းက မိုဝူကျီ၏ အဖြေကို ကျေနပ်သွားလေ၏။ အကြောင်းမှာ ဤနေရာတွင် ဝိညာဉ်စွမ်းအားများ ပြတ်လပ်နေခြင်းက မိုဝူကျီကို စိတ်အနှောင့်ယှက်ဖြစ်မှာ စိုးရိမ်နေမိ၏။

“ဒါက ဆေးဖော်စပ်ခန်း ၁၉ရဲ့ အချက်ပြမီး ... အဲဒီမှာ မီးလင်းလာတာနဲ့ ဆေးလုံးသခင် တစ်ယောက်က ဆေးဖော်စပ်ဖို့ မင်းကို ရှာနေတယ်ဆိုတာပဲ ... အဲဒီလိုဆို မင်းက ဆေးဖော်စပ်ခန်း ၁၉ကို တတ်နိုင်သမျှ မြန်မြန် ရောက်အောင် သွားရမယ် ... သေချာမှတ်ထား ... ”

ဖက်တီးကွမ်းက မိုဝူကျီကို ကျောက်စိမ်းကဲ့သို့ အချက်ပြမီးနှင့် မြေပုံကိုပါ ပေးလိုက်ပြီး

“ဒါတွေက မင်းသွားလို့ရတဲ့ နေရာတွေ ... ဒါတွေက မင်းသွားလို့ မရဘူး ... ဆေးဖော်စပ်ခန်း ၁၉ကို မြေပုံပေါ် မှတ်ထားပေးတယ် ... တကယ်လို့ ညီလေးမိုက ထပ်မေးစရာ မရှိတော့ရင် သွားလိုက်ဦးမယ် ... ”

ဖက်တီးကွမ်းက မိုဝူကျီ ထပ်မေးစရာ မရှိအောင်ပင် အသေးစိတ် ရှင်းပြလိုက်၏။ ဖက်တီးကွမ်း ပြန်သွားသည်နှင့် သူက ချက်ချင်းပင် သန့်ရှင်းရေးလုပ်ကာ ယန်အာအတွက် နေရာပြင်ဆင် ပေးလိုက်၏။

***

All Chapters