အမှောင်ထုထဲ
Vol. 5 Ch. 70
ဆေးဖော်စပ်ခန်း ၁၉ကား မိုဝူကျီ နေရာနှင့် တော်တော်လေး အလှမ်းကွာ၏။ သူသည် လမ်းတစ်လျှောက်လုံး အမြန် ပြေးလာခဲ့သော်လည်း ဆေးဖော်စပ်ခန်း ၁၉ ဝင်ပေါက်သို့ ရောက်ရန် သုံးမိနစ် အချိန်ယူခဲ့ရ၏။
ဆေးဖော်စပ်ခန်း တစ်ခုချင်းစီတွင် ဆေးလုံး စမ်းသပ်ခန်း ကိုယ်စီ ရှိကြ၏။ ထို့ကြောင့် ဆေးဖော်စပ်ခန်း ၁၉နှင့် သက်ဆိုင်သော ဆေးစမ်းသပ် ခန်းကား ဆေးစမ်းသပ်ခန်း ၁၉ပင် ဖြစ်၏။ မိုဝူကျီသည် အဘယ်ကြောင့် ဆေးဖော်စပ်ခန်း ၁၉တွင် ဆေးလုံးဖော်စပ်သူ အနည်းငယ်ပင် လာရောက် ဖော်စပ်ကြောင်း သိရှိသွားလေ၏။
အဖြေကား ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းသည် ဤဆေးဖော်စပ်ခန်းတွင် အလွန်နိမ့်လေ၏။ မည်သူမဆို ဤနေရာသို့ လာရောက် ဆေးဖော်စပ်လျှင် တခြားသော ဆေးဖော်စပ် ခန်းများထက် ကျရှုံးမှုနှုန်း ပို၍ မြင့်မားပေ၏။ ခြားနားချက်ကား ရာခိုင်နှုန်း အနည်းမျှပင် မကချေ။ လူတော်တော် များများက ထိုအကြောင်းကို ကြားသောအခါ သူတို့သည် ဆေးဖော်စပ်ခန်း ၁၉သို့ လာရောက်ခြင်းကို ရပ်တန့်လိုက်ကြ၏။
ဝူခိုင်း၏ မိုဝူကျီအတွက် ဤနေရာတွင် အလုပ်လုပ်ရန် စီစဉ်ပေးမှုသည် မိုဝူကျီက ဤအတွက် အမြဲကျေးဇူး တင်ရမည့်ပုံ ပေါ်နေ၏။ သို့သော် ထိုသည်က မိုဝူကျီ၏ အနာဂတ် အလားအလာများကို ချိုးနှိမ်ထားလေ၏။ ထို့အပြင် မိုဝူကျီ၏ ဆေးလုံးများ အကြောင်း ပိုမို သိရှိလိုသည့် ရည်ရွယ်ချက်ကို ဝူခိုင်းက အစကတည်းမှ သိလေ၏။
ဤနေရာတွင် ဆေးလုံး ဖော်စပ်သူ မရှိဘဲ သူသည် မည်သို့ သင်ယူနိုင်မည်နည်း ...
အမှန်က ဝူခိုင်းတွင် မိုဝူကျီအား ဆေးဖော်စပ်ခြင်း မသင်ယူနိုင်ရန် ဆန္ဒရှိလေ၏။ ပြောရလျှင် မိုဝူကျီသည် နှစ်၁၀၀နေ၍ သင်ယူလျှင်ပင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမည် မဟုတ်ပေ။ သို့သော်လည်း ဝူခိုင်းက မိုဝူကျီသည် ဆေးလုံး ဖော်စပ်ခြင်း ပါရမီရှင် ဖြစ်နိုင်ချေနှင့် ဆေးလုံးသခင်၏ တပည့်အဖြစ် လက်ခံနိုင်ခြေကို ထည့်သွင်း မစဉ်းစားလိုပေ။
အကယ်၍ မိုဝူကျီက ဆေးလုံးသခင်၏ တပည့်ဖြစ်လာပါက သူသည်ပင် ဦးညွှတ်၍ အရိုအသေ ပေးရမည့် အဖြစ်ကို စိတ်ကူးကြည့်၍ မရပေ။
“မင်းက စည်းကမ်းတွေကို မသိဘူးလား ... ဘာလို့ နောက်ကျနေတာလဲ ... ”
မိုဝူကျီသည် ဆေးဖော်စပ်ခန်းသို့ ခြေချလိုက်သည်နှင့် အထဲမှ ဒေါသ ထွက်နေသည့် အသံကို ကြားလိုက်ရ၏။
မိုဝူကျီ၏ နားစည် ကွဲလုမတတ် ဖြစ်လာသောကြောင့် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်လေ၏။ သူ့ကို အော်လိုက်သည့်လူကို တွေ့လိုက် ရသည့်အခါ ထိုလူတွင် ရှုပ်ယှက်ခတ်နေသော မုတ်ဆိတ်မွေးများ နည်းတူ ရှုပ်ပွနေသော ဆံပင်များရှိ၏။ ထို့အပြင် သူ့ခန္ဓာတွင် ဆေးအပေအကျံများ တင်ရှိနေလေ၏။
မိုဝူကျီက ဆက်၍ မကြည့်ရဲပဲ အလျင်အမြန် အရိုအသေ ပြုလိုက်လေ၏။
“သခင်လိုမျိုး ဆေးလုံးသခင် တစ်ယောက်နဲ့ တွေ့ဖို့ ကျွန်တော် ပြင်ဆင်နေရလို့ပါ ... အဲဒါကြောင့် ကျွန်တော် နောက်ကျနေတာပါ ... ”
တကယ်တမ်းက မိုဝူကျီသည် အိပ်စက်ချိန်ပင် မရခဲ့ပေ။ မိုဝူကျီသည် သူ့နေရာနှင့် ဤနေရာက ကွာဝေးလွန်းကြောင်း ပြောမိလျှင် ကျာပွတ် ပြစ်ဒဏ်ခံရမည်ကို စိုးရိမ်မိလေ၏။
မိုဝူကျီအပေါ် လူအိုကြီး၏ အသံနှင့် သဘောထားသည် မိုဝူကျီ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့် အချိန်တွင် ပြောင်းလဲ သွားလေ၏။ ထို့အပြင် သူက မိုဝူကျီကို ခေါ်လိုက်သည့်အခါ ကောင်းကင်တွင် အလင်းရောင် မှိန်ပျပျပင် ရှိသေး၏။
“ငါ့ စာရွက်ကို ယူပြီးတော့ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းကနေ ဆေးပင်တွေ သွားယူလာခဲ့ ... မြန်မြန်လုပ် ... တစ်စက္ကန့်လောက် နှောင့်နှေးရင် ဒီမှာ အလုပ်လုပ်ဖို့ မေ့ထားလိုက်တော့ ... ” လူအိုကြီးက မိုဝူကျီကို ကျောက်စိမ်း အပိုင်းလေးနှင့်အတူ သားရေ စာရွက်ကိုပေးကာ ပြောလိုက်၏။ ထို့နောက် ဆေးဖော်စပ်ခန်းသို့ ပြန်ဝင်သွားလေ၏။
မိုဝူကျီက သူနှင့် ပြဿနာဖြစ်ရမည်ကို ထိတ်လန့်မိ၏။ ထို့ကြောင့် ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ သုတ်ခြေတင် ပြေးတော့သည်။
သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသည် မိုဝူကျီ အရင်က စပ်စုခဲ့သည့် အလုပ်ခန်းမ အတွင်း တည်ရှိလေ၏။ အလုပ်ခန်းမတွင် အစေခံ တပည့်များက ကျင့်ကြံခြင်း အတွက် အရင်းအမြစ်များကို လာရောက် စုဆောင်းတတ်ကြကာ ချမှတ်ထားသော တာဝန်မစ်ရှင်များနှင့် တောင်းဆိုချက်များ အပြင် သူတို့၏ ရမှတ်များလည်း ရရှိနိုင်၏။ ထို့အပြင် ရမှတ်များ ရှိသရွေ့ သူလိုချင်သမျှ ဝယ်ယူနိုင်လေသည်။ အချုပ်အားဖြင့် ဤနေရာကား သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း တစ်ခုလုံးတွင် အစည်ကားဆုံးနေရာ ဖြစ်သည်။
မိုဝူကျီသည်သာ ရမှတ် မရရှိသေးသော တစ်ဦးတည်းသော အစေခံတပည့် ဖြစ်လေ၏။ ရမှတ်များကို စုဆောင်းနိုင်သည့် အရည်ချင်း ပြည့်မီရန် အနည်းဆုံး တစ်နှစ်လောက် အလုပ်အကျွေးပြုရန် လိုအပ်ပေ၏။
မိုဝူကျီက သားရေစာရွက်ကို ကြည့်ကာ ဆေးလုံးဖော်မြူလာ ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်၏။
စာရွက်တွင် မိုဝူကျီ သိသည့် အမျိုးအမည် ဆယ်မျိုးနှင့် အထက် ပါရှိပြီး သံဓာတ် ကြွယ်ဝသော အစက်ပြောက်ပန်း၊ မီးခိုးရောင် လျှော်စေ့၊ အစိမ်းရောင် နဂါးမောက်သီး အစရှိသဖြင့် ပါဝင်လေ၏။ ဆေးပင်များ၏ ပင်ကို လက္ခဏာအရ မိုဝူကျီသည် ထိုဖော်မြူလာကား တည်ငြိမ်မည့် ဆေးဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်၏။ ထိုသည်က ဝိညာဉ် လမ်းကြောင်းမျာကို တည်ငြိမ်နိုင်သည့် ဆေးဖြစ်လိမ့်မည်။
မိုဝူကျီသည် အရင်က တစ်ခါမှ မမြင်တွေ့ဖူး သော်လည်း ထိုဖော်မြူလာတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သူ့ဆေး ဖော်စပ်နိုင်စွမ်းက ထိုလူအိုထက် သာလွန်နေခြင်း မဟုတ်ပေမဲ့ ဆေးနည်းစာအုပ်မှ သူ့ဗဟုသုတများနှင့် ဆေးပင်များ၏ ပင်ကို လက္ခဏာကြောင့်သာ ဖြစ်၏။
အစက်ပြောက်ပန်းနှင့် တိမ်တိုက်ဝါးနု ရောစပ်လိုက်ခြင်းသည် အစိမ်းရောင် နဂါးမောက်သီး၏ ဆေးအာနိသင်ကို မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူ့အနေနှင့် ယုံကြည်၏။ အပင်တစ်ပင်မှ အဆင့်မြင့် ဝိညာဉ် ဆေးပင်များပင် ဖြစ်နိုင်ကြောင်း ယုံကြည်မိသည်။ ဝိညာဉ်ဆေးပင် များလျှင် ဇီဝဗေဒ၏ သဘောသဘာဝမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ပေ။
အစက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ကို ဆေးနည်းစာအုပ်မှ ဖော်ပြချက်အရ သူတို့နှစ်ခု၏ ရောစပ်မှုသည် အစိမ်းရောင် နဂါးမောက်သီး၏ သစ်သားဓာတ်ကို ပျောက်ဆုံး စေလိမ့်မည်။ ဆေးလုံးဖော်စပ်သူ အများစုသည် အစိမ်းရောင် နဂါးမောက်သီးကို အသုံးပြုသည်မှာ သူ၏ သစ်သားဓာတ် ကြွယ်ဝမှုကြောင့် ဖြစ်ကာ ထိုအရာ၏ဓာတ်များ ဆုံးရှုံးသွားပါက သုံးရန် အကြောင်းမရှိတော့ပေ။
အဆင့်မြင့် ဆေးလုံး ဖော်စပ်သူက ထိုအရာ သုံးမျိုးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်မှာ မှန်ကန်ပေ၏။ သို့သော်လည်း မိုဝူကျီက ထိုလူအိုသည် ထိုမျှ စွမ်းဆောင် နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
မိုဝူကျီတွင် ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရန် ထိုအစိမ်းရောင် နဂါးမောက်သီးသည် မည်မျှ အရေးပါ၍ အရေးကြီးလှကြောင်း မသိပေ။
ဆေးလုံးသခင် ရှီရဲ့ ရည်ရွယ်ချက်က အစိမ်းရောင် နဂါးမောက်သီးမှ သစ်သားဓာတ်ကို လျော့ကျ စေဖို့ဆိုတာ မည်သူ သိမည်နည်း ...
မိုဝူကျီက ထပ်မစဉ်းစားတော့ပေ။ သူသည် ဆေးပင်တစ်ခုချင်းစီ၏ ပင်ကို လက္ခဏာကို နားလည်ရုံမျှသာ ရှိသေး၏။ သူက ဆေးနည်း ဖော်မြူလာများကို လုံးဝ မသိရှိသေးချေ။
အလုပ်ခန်းမတွင် မနက်စောစော ကတည်းက အလုပ်ရှုပ်ကာ စည်ကားနေလေ၏။ မိုဝူကျီက ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ သွားလိုက်ပြီး ကျောက်စိမ်းနှင့်အတူ သားရေစာရွက်ကိုပါ “ဆေးဖော်စပ်ခန်း ၁၉” ဟု ပြောရင်း လှမ်းပေးလိုက်သည်။
ဝိညာဉ် ဆေးပင်များကို စီစဉ်ပေးရသည့် လူမြင်သောအခါ ရယ်မောလိုက်ပြီး မိုဝူကျီ လိုသည့် အရာများကို စနစ်တကျ ထုတ်ပေးလိုက်လေသည်။
“ဆေးဖော်စပ်ခန်း ၁၉က အားယားနေပုံပဲ ... ” တာဝန်ရှိ လူက မိုဝူကျီကို ဆေးပင်များ လှမ်းပေးရင်း ပြောလိုက်သည်။
မိုဝူကျီက သူ၏ ထေ့ငေါ့မှုကို မခံစားရသောကြောင့် ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပါ့ဗျာ ... လဝက်အတွင်း ပထမဆုံး အလုပ်ရှိတာပဲဗျို့ ... ”
တာဝန်ရှိသူက ရုတ်တရက် အံ့ဩပြီး ရေရွတ်လိုက်လေသည်။
“ညီလေး ... မြန်မြန်သာ နေရာပြောင်းဖို့ လုပ်တော့ ... ”
“ဘာလို့လဲ ... ”
“မင်းက ဒီဖော်မြူလာက ဘာအတွက် ဆိုတာရော သိရဲ့လား ... ဒီဖော်မြူလာက ဆေးလုံးသခင်ရှီ လိုအပ်နေတဲ့ ဝိညာဉ်လမ်းကြောင်း ခဲခြင်းဆေးလုံး ဖော်စပ်ဖို့ကွ ... ကြားတာကတော့ ဒီဆေးလုံးက ဝိညာဉ် လမ်းကြောင်းတွေကို ခဲသွားစေပြီးတော့ ကျင့်ကြံသူ ဖြစ်လာစေတဲ့ အလားအလာ ရှိတယ် ... ဒီဆေးက အဆင့်သုံး ဝိညာဉ်ဆေးလုံးထဲ ပါတာ ... ဆေးလုံးသခင်ရှီက အဆင့်နှစ် ဆေးလုံးတွေပဲ ဖော်စပ်နိုင်လို့ အဲဒါကြောင့် သူ့အတွက် အရမ်း ခက်ခဲတယ် ... မင်းကို သတိပေးတာ ... ဆေးလုံးသခင်ရှီက သူ့စမ်းသပ်မှု ကျရှုံးတိုင်း လူလဲလေ့ရှိတယ် ... သူက စမ်းသပ်ခန်းနဲ့ အတူ သူ့အောက်က အစေခံတွေပါ ပြောင်းပစ်လေ့ ရှိတယ် ... ”
မိုဝူကျီက ထိုအရာကို ကြားပြီး စိုးရိမ်လာလေ၏။ သူ့စွမ်းဆောင်ရည်ကို အပြစ်တင်ရမည့် အစား အစေခံအပေါ် မည်သို့ ပုံချရဲတာလဲ ... အကယ်၍ ထိုအရာသာ အမှန်ဖြစ်ပါက သူသည် ဝရုန်းသုန်းကား အခြေအနေ အတွင်းသို့ ကျရောက်နေလေပြီ။ အကယ်၍ ဆေးလုံးသခင်ရှီမှ မောင်းထုတ်ခြင်း ခံလိုက်ရပါက ဝူခိုင်းက ဆေးလုံးသခင်ရှီကို ဖျောင်းဖျပေးကာ သွေးပဒုမ္မာ ကြာကန်တွင် ဆက်နေခွင့် ပေးမလားတော့ သံသယ ဖြစ်မိလေ၏။
မိုဝူကျီက နောက်ဆုံးတွင် အတည်တကျ ဖြစ်ကာ ကျင့်ကြံနိုင်သည့် နေရာကို တွေ့ရှိပြီး အနာဂတ်တွင် ကျင့်ကြံခြင်း အကြောင်း ပိုမို သိရှိရန် အခွင့်အရေး ရကာစ ဖြစ်လေ၏။ သူသည် ထွက်မသွားချင်ပေ။
သူက မိုဝူကျီ၏ ကြောင်တောင်တောင် ပုံစံကို သတိပြုမိပြီး တာဝန်ခံက ဆက်ပြောလိုက်လေ၏။
“ညီလေး ... မင်း မြန်မြန်သွားပြီး ဆေးပင်တွေ သွားပေးတာ ကောင်းလိမ့်မယ် ... ပြီးတော့ အဖြေရှာဖို့ တာဝန်ခံဝူကို ရှာကြည့်ပေါ့ ... ”
မိုဝူကျီက ဆေးဖော်စပ်ခန်း ၁၉သို့ ရောက်လာခြင်းမှာ တာဝန်ခံဝူက နောက်ကွယ်က ရှိကြောင်း ယုံကြည်၏။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ... ဒါနဲ့လေ ဒီမှာ ရေဗေဒါပင် ရှိလား ...” မိုဝူကျီက သူ့အတွက်သူ မေးခြင်း ဖြစ်လေသည်။ အစက်ပြောက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ နှစ်မျိုးကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်း မဟုတ်လျှင် ဆေးလုံးသခင်ရှီ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်နိုင်လေသည်။
အမျိုးသားက ခေါင်းညိတ် ပြလိုက်ပြီး
“ရှိတယ် ဒါပေမဲ့ ဆေးလုံးသခင်ရှီရဲ့ စာရင်းထဲ မပါဘူး တကယ်လို့ ကိုယ်တိုင် ဝယ်ချင်ရင် မင်းရဲ့ ရမှတ်နဲ့ လဲလို့ရမယ် ... ”
မိုဝူကျီက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်လေသည်။
“ကျွန်တော့်မှာ ရွှေပြားပဲ ပါတယ် ကျွန်တော်က ရမှတ်တွေ စုဆောင်းဖို့ အရည်ချင်း မမီသေးဘူး ... ရွှေပြား တစ်ထောင်ဆိုရင်ရော ရေဗေဒါအတွက် လဲလှယ်လို့ ရနိုင်မလား ... ”
အမျိုးသားက ရေဗေဒါပင်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး
“ရေဗေဒါက အတွေ့များတော့ အများဆုံး ရွှေပြား တစ်ရာဆို လုံလောက်ပါပြီ ... ”
“စီနီယာ အစ်ကိုကို ကျေးဇူးတင်ပါတယ် ... ကျွန်တော့် နာမည်က မိုဝူကျီပါ ...” မိုဝူကျီက ငွေရရှိမည့် အခွင့်အရေးကို မယူသည့် ထိုသို့သော အကျင့်ကောင်းသော လူကို အမှန်တကယ် ကျေးဇူးတင်လိုက်သည်။
“ငါ့နာမည်က ဖေးပင်းကျူပါ ... မြန်မြန်ပြန်တော့ ဆေးလုံးသခင်ရှီရဲ့ ဒေါသက သိပ်မကောင်းဘူးကွ ... ” အမျိုးသားက မိုဝူကျီကို ထပ်၍ သတိပေးလိုက်သည်။ ။
မိုဝူကျီက နှုတ်ဆက်ကာ အလျင်အမြန် ထွက်လာလိုက်သည်။ သူသည် ရေဗေဒါကို လိုခြင်းမှာ အစိမ်းရောင် နဂါးမောက်သီး၏ ဂုဏ်သတ္တိကို ထိန်းထားနိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် ဆေးဖော်စပ်မှု အောင်မြင်နှုန်းကို တိုးမြင့်လာစေလိမ့်မည်။
ဆေးစာအုပ်၏ အစပျိုးချက်အရ အစက်ပြောက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ကို ပေါင်းစပ်ခြင်းက ရွှေရောင်စွမ်းအင်တွေ ရရှိလာလိမ့်မည်။ စွမ်းဆောင်နိုင်စွမ်း ရှိသည့် ဆေးလုံးဖော်စပ်သူ ဆိုလျှင် ထိုရွှေရောင် စွမ်းအားကို ဆေးအရည်အသွေး တိုးလာအောင် အသုံးပြုနိုင်လိမ့်မည်။ သို့သော်လည်း မကျွမ်းကျင်သည့် ဆေးလုံးဖော်စပ်သူ အတွက် ရွှေရောင်စွမ်းအားကို တလွဲအသုံးပြုပြီး အစိမ်းရောင် နဂါးမောက်သီး၏ အာနိသင်ကို ပျက်ပြယ်စေလိမ့်မည်။ ရေဓာတ်ကြွယ်ဝသော ရေဗေဒါက သစ်သားစွမ်းအင်ကို အစိုပြန်အောင် ပြုလုပ်ပေးပြီး သစ်သားစွမ်းအင် ကုန်ဆုံးခြင်းမှ လျှော့ချပေးလိမ့်မည်။
မိုဝူကျီက နောက်ဆုံး ဆေးလုံးရလဒ်တွင် အကျိုး သက်ရောက်မည်ကို စိုးရိမ်သောကြောင့် ရွှေရောင်စွမ်းအားကို ထိန်းချုပ်ပြီး အသုံးမပြုရဲပေ။ သို့သော်လည်း ယခု အစိမ်းရောင် နဂါးမောက်သီး၏ ဆေးအာနိသင်ကို လိုအပ်ကြောင်း သိလိုက်ရသည့် အတွက် ရေဗေဒါကို ထည့်၍ အသုံးပြုနိုင်လေ၏။ တခြား စကားဖြင့် ဆိုရလျှင် တတိယအဆင့် ဆေးလုံးကို အဆင့်နှစ်ဆေးလုံးကို ရေဗေဒါ ထည့်သုံးပေးခြင်းဖြင့် ဖော်စပ်နိုင်လေ၏။ တစ်ခုတည်းသော ဆိုးကျိုးကား ဆေးအရည်အသွေးက အနည်းငယ် လျော့ကျ သွားနိုင်လေသည်။
မိုဝူကျီက ရေဗေဒါကို ဒီအတိုင်း ယူမသွားနိုင်ချေ။ သူက ရေဗေဒါကို ပေါင်းစပ်မှုတွင် ထည့်ပြီးနောက် ထိုပေါင်းစပ်မှုကို အစိမ်းရောင် နဂါးမောက်သီး၏ အပေါ်ယံအလွှာတွင် ဖြန့်ပေးရမည် ဖြစ်၏။
ထိုချဉ်းကပ်မှု၏ အောင်မြင်နိုင်နှုန်းသည် ကံပေါ်မူတည်လေ၏။ အကြောင်းရင်းမှာ မီးကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါက ရေဗေဒါ၏ အာနိသင်သည် ကွယ်ပျောက်သွားပြီး အသုံးမဝင် ဖြစ်သွားလိမ့်မည်။ မိုဝူကျီသည် သူ့ကံကို ယုံ၏။ အကြောင်းမှာ အဆိုးရွားဆုံး အခြေအနေတွင် သူက ထွက်သွားရုံသာ ဖြစ်လေ၏။
***