ကျောက်သားတံခါးကြီး၏နောက်ကွယ်
Vol. 51 Ch. 712
အခန်း (၇၁၂) ကျောက်သားတံခါးကြီး၏နောက်ကွယ်
ကျိုးဟောက်ရှန်းမျက်နှာက နီရဲနေပြီး ပိုးသားဝိညာဉ်အလံရှည်ကို ဝှေ့ယမ်းလျှက် လော့ကျီးထောင်အား စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။
အဆုံးမရှိသောအမှောင်ထုက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားပြီး ပရမ်းပတာဗလာနယ်တစ်ခုလုံး အမှောင်ထုအတွင်း လုံးဝကျဆင်းသွားသည်။ အလင်းရောင်နှင့်အပူလှိုင်းများအားလုံးပျောက်ကွယ်သွားသည့်အခါ လေထုထဲတွင် ပကတိအေးစိမ့်မှုသာလျှင် ကျန်ရစ်ခဲ့၏။
စကြာဝဠာအစွန်းသို့ ရောက်ရှိနေသည့်အလား အရာအားလုံးက အေးစက်နေပြီး တိတ်ဆိတ်ငြမ်သက်လျှက် ရှိသည်။ မိုးမြေကွဲကွာသွားပြီး ရှေးဦးအမှောင်ထုမှ ပြန်လည်မွေးဖွားလာသော စကြာဝဠာအသစ်တစ်ခုအလား ထင်မှတ်ရသည်။
ထို့နောက်မှာတော့ ရှေးဦးအမှောင်ထု ပျောက်ကွယ်သွားပြီး ပထမဆုံးအလင်းတန်း မွေးဖွားဖြစ်တည်လာသည်။ ဤသည်က ယိုးမင်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သော “မူလအမှောင်ထု” သိုင်းပညာ ဖြစ်သည်။
ကျိုးဟောက်ရှန်းက စွမ်းအားပြည့်ဖြင့် လော့ကျီးထောင်၏ အရေးကြီးသောအစိတ်အပိုင်းများကို တိုက်ခိုက်လိုက်သည်။ သူ၏ ရည်ရွယ်ချက်က ယိုးမင်ကျွမ်းကျင်သူ’ နှင့် ယိုးမင်တစ္ဆေမီးအိမ်တို့ကို အန္တရယ်အတွင်းမှ ဖယ်ထုတ်နိုင်ရန် ဖြစ်သည်။
သို့သော် ရွှေရောင်ချပ်ဝတ်တစ်ခု လော့ကျီးထောင်ခန္ဓာကိုယ်ထက် ပေါ်လာသည်။ ထိုအရာက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မငြိမ်းသောအလင်းချပ်ဝတ်’ ဖြစ်၏။ ပိုးသားဝိညာဉ်အလံရှည်ကို ဝှေ့ယမ်းလျှက် အပြင်းထန်ဆုံးတိုက်ခိုက်လိုက်သော ကျိုးဟောက်ရှန်း၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို ၎င်းချပ်ဝတ်က ဖိအားအပြည့်ဖြင့် ခုခံလိုက်သည်။
တစ်ဆက်တည်းပင် သူက ယိုးမင်တစ္ဆေမီးအိမ်ရှေ့တွင်ရှိနေသော ယိုးမင်ကျွမ်းကျင်သူကို နေလစကြာဖြင့် ပိတ်ဆို့ထားပြီး တတိယမြောက်သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။
လေ့ကျီးထောင်က သူ၏လက်ညှိုးလက်ခလယ်ကိုအသုံးပြုကာ ဓားအလင်းတန်းတစ်ခု ထုတ်ဖော်လိုက်ပြီး ယိုးမင်ကျွမ်းကျင်သူကို ထိုးနှက်တိုက်ခိုက်လိုက်သည်။
ထိုဓားချက်ထိမိလျှင် ယိုးမင်ကျွမ်းကျင်သူ ချက်ချင်းပျက်ဆီးသွားမည်ပင်။
လော့ကျီးထောင်ထံမှဝင်ရောက်လာသော အလင်းဓားကို ယိုးမင်ကျွမ်းကျင်သူက လက်ဝါးရိုက်ချက်ဖြင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
ထိုအချိန်မှာပင် ကျိုးဟောက်ရှန်းက ပိုးသားဝိညာဉ်အလံရှည်ကို လှံရှည်တစ်လက်ပမာအသုံးပြုပြီး ‘မငြိမ်းသောအလင်းချပ်ဝတ်’ ကို ပြင်းထန်စွာထိုးနှက်လိုက်သည်။
ချက်ချင်းပင် ချပ်ဝတ်မှအလင်းတန်းများ ငြိမ်းသတ်သွား၏။
စွမ်းအားမြင့်မားလှသည့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မငြိမ်းသောအလင်းချပ်ဝတ်’ မှာ ကျိုးဟောက်ရှန်းနှင့် ဝိညာဉ်ပိုးသားအလံရှည်တို့ကြောင့် တိုက်ရိုက်ဖျက်ဆီးခံခဲ့ရသည်။
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုက ထိုသို့ပင် ပျက်ဆီးသွားခဲ့သည်။
သို့သော် လော့ကျီးယွမ်က ကွမ်းမင်ကျွမ်းကျင်သူထံဝင်ရောက်သွားသော အလင်းဓားကို ကြီးမားသောဓားကြီးအဖြစ် ပြောင်းလဲကာ ယိုးမင်တစ္ဆေမီးအိမ်အားဆုပ်ကိုင်ထားသည့် ယိုးမင်ကျွမ်းကျင်သူ၏ လက်မောင်းကို ဖြတ်တောက်ပစ်ရန် ‘မငြိမ်းသောအလင်းချပ်ဝတ်’ က အလုံအလောက် အချိန်ဆွဲပေးနိုင်ခဲ့သည်။
ပိုင်ရှင်မဲ့ဖြစ်နေသော ယိုးမင်တစ္ဆေမီးအိမ်ကို ကျိုးဟောက်ရှန်းက သန့်စင်နိုင်လုနီးပါးဖြစ်နေသည်ကိုကြည့်ရင်း ယိုးမင်ဂုဏ်းမှ အကြီးအကဲများက နောက်မဆုတ်တမ်း ကြုံးဝါးအော်ဟစ်လိုက်ကြသည်။
မီးအိမ်မျက်နှာပြင်ထက်မှ အနက်ရောင်သင်္ကေတများမှာ ပင်လယ်ဒီရေလှိုင်းများပမာ မှိန်ဖျော့ပျောက်ကွယ်သွားကြသည်။
ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်လိုက်ပြီး အင်္ချေနဂါးနန်းတော်နှင့် သူ့အနောက်မှ ကျောက်သားတံခါးကြီးကို ချိတ်ဆက်ပေးလိုက်သည်။
ထို့ကြောင့် တိုက်ပွဲကို အာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။
အသင်္ချေနဂါးနန်းတော်မှ ဖြစ်တည်လာသော အလင်းနဂါးသည် ကျောက်သားတံခါးနှင့် လုံးဝနီးပါးပေါင်းစပ်သွားပြီ ဖြစ်သည်။
အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ရင်း ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေ၏။
အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းပမာအစွမ်းထက်သော ပိုးသားဝိညာဉ်အလံရှည်နှင့် မူလပိုင်ဆိုင်ထားသော အားသာချက်အနည်းငယ်ကိုဆုပ်ကိုင်ကာ ယိုးမင်ဂိုဏ်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်ပါမည်လား။
‘မငြိမ်းသောအလင်းချပ်ဝတ်’ ကို ဖျက်ဆီးလိုက်ပြီးနောက် ကျိုးဟောက်ရှန်းက လော့ကျီးထောင်ကို ချက်ချင်းပင် ဆက်လက်တိုက်ခိုက်သည်။ သို့သော် အတိုင်းအဆမရှိ ပြန်လည်တောက်ပလာသော ‘နေလစကြာ’ က ကျိုးဟောက်ရှန်းကို ပိတ်ဆို့ထားလိုက်၏။
ယခုတစ်ကြိမ်မှာတော့ ကျိုးဟောက်ရှန်းအနေဖြင့် ရန်သူ၏တိုက်ခိုက်မှုအား ဖြတ်ကျော်ရန် မလွယ်ကူတော့ပေ။
လော့ကျီးထောင်က ဒဏ်ရာအပြင်းအထန်ရနေသော ယိုးမင်ကျွမ်းကျင်သူကို နောက်ထပ်တစ်ချက် ထပ်မံတိုက်ခိုက်ကာ ယိုးမင်တစ္ဆေမီးအိမ်ကို လှမ်းယူဆုပ်ကိုင်လိုက်သည်။
ချက်ချင်းပင် မီးအိမ်မျက်နှာပြင်ထက်မှ အနက်ရောင်သင်္ကေတများ လွင့်ပျံပျောက်ကွယ်သွားပြီး လင်းလက်တောက်ပသော သင်္ကေတများ ပျံ့နှံ့သွားသည်။
“နောက်ဆုံးတော့... ဧကရာဇ်ရဲ့ မြင့်မြတ်တဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ရှာတွေ့ပြီပေါ့”
လော့ကျီးထောင် ခေါင်းကိုမော့ပြီး ကျယ်လောင်စွာ ကြုံးဝါးအော်ဟစ်လိုက်သည်။
ထိုအခါ နေလစကြာက ကြီးမားသော ရွှေရောင်နေဝန်းကြီးနှင့် တောက်ပသောငွေရောင်လဝန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဘယ်တော့မှ မငြိမ်းသတ်တော့သည့်အလား သူ၏ဦးခေါင်းထက်တွင် တည်နေသည်။
ကျိုးဟောက်ရှန်းနှင့် ယိုးမင်ဂိုဏ်းမှ အကြီးအကဲများ၏မျက်ဝန်းများတွင် စိတ်ပျက်အားငယ်မှုများနှင့် မလိုလားမှုများ ထွက်ပေါ်လာသည်။
သူတို့ အလွန်တရာ ကြိုးစားခဲ့ကြသည့်တိုင် အဆုံးသတ်မှာတော့ ကွမ်းမင်ဂိုဏ်းကို ရှုံးနိမ့်ခဲ့ရပြီ။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ပိုင်ဆိုင်ထားသော ကွမ်းမင်ဂိုဏ်းကို သူတို့ မည်သို့အနိုင်ယူနိုင်ပါမည်နည်း။
လေတိုက်သည့်ဘက်က ချက်ချင်းပြောင်းလဲသွားပြီး ခံစစ်နှင့်တိုက်စစ်သည်လည်း ပြောင်းပြန်ဖြစ်သွားသည်။ ယခု ဦးဆောင်နေသူက ‘ကွမ်းမင်ဂိုဏ်း’ ဖြစ်၏။
ယခုတော့ လော့ကျီးထောင် ယိုးမင်တစ္ဆေမီးအိမ်သန့်စင်ခြင်းအား ကျိုးဟောက်ရှန်းတို့အုပ်စုက ဝိုင်းဝန်းတားဆီးကြသည်။ သို့သော် ‘နေလစကြာ’ က သူ့ကိုကာကွယ်ပေးထားသဖြင့် လော့ကျီးထောင်ကို အခက်တွေ့အောင် မလုပ်နိုင်ကြပေ။
လော့ကျီးထောင်က ကျိုးဟောက်ရှန်းနှင့် တိုက်ခိုက်ခြင်း မရှိပေ။ သူက တည်ငြိမ်သောခြေလှမ်းဖြင့် အောင်ပွဲခံနိုင်မည်ဟု လက်တွေ့ကျကျ ယုံကြည်ထားပြီး အချိန်တိုအတွင်းမှာပင် ယိုးမင်တစ္ဆေမီးအိမ်ကို သန့်စင်နိုင်မည် ဖြစ်သည်။
ယခင်ကဆိုလျှင် ယခုကဲ့သို့အသာစီးရပါက ကွမ်းမင်ဂိုဏ်းအနေဖြင့် ယိုးမင်ဂိုဏ်းမှလူအားလုံးကို အမေးအမြန်းမရှိ လူမဆန်စွာသတ်ဖြတ်ပစ်မည် ဖြစ်သည်။
ကျိုးဟောက်ရှန်းမျက်လုံးများက စစ်မှန်သောလက်တွေ့ပြဿနာကိုစွန်းစားနေဟန် တည်ကြည်လေးနက်သွား၏။
သူတို့အနေဖြင့် အောင်မြင်ရန် မျှော်လင့်ချက်မရှိတော့ပေ။ နေလစကြာ၏အကာအကွယ်ကို ဖြတ်ကျော်ပြီး လော့ကျီးထောင်လက်ထဲမှ ယိုးမင်တစ္ဆေမီးအိမ်ကို ရယူရန်မှာ မဖြစ်နိုင်တော့ပေ။
လော့ကျီးထောင်က ယိုးမင်တစ္ဆေမီးအိမ်အား သန့်စင်နေသည်ကို ဒီအတိုင်းပင် ကြည့်နေကြရသည်။ ထို့နောက်မှာတော့ သူတို့အားလုံး သင်္ချိုင်းမြေပင်မရှီဘဲ ဤနေရာတွင် အသက်ပျောက်ကြရမည်မှာ သံသယဝင်စရာ မလိုပေ။
သို့ဆိုလျှင် သူတို့အနေဖြင့် လော့ကျီးထောင် ယိုးမင်တစ္ဆေမီးအိမ်ကိုသန့်စင်နေသော အချိန်တိုအတွင်း အခွင့်ကောင်းယူကာ ယိုးမင်ဂူဗိမာန်အတွင်းမှ ထွက်ပြေးသင့်သည် မဟုတ်ပါလား။ သို့သော် ဤသည်က ယိုးမင်ဂိုဏ်းချုပ်အတွက် အလွန်မှ ရှက်ဖွယ်လိလိ ရွေးချယ်မှုတစ်ခုဖြစ်မည်မှာ သေချာလှသည်။
လော့ကျီးထောင်က ယိုးမင်တစ္ဆေမီးအိမ်ကိုသန့်စင်နေရင်း အေးစက်စွာပြုံးလျှက် ကျိုးဟောက်ရှန်းတို့အုပ်စုအား လှမ်းကြည့်လိုက်သည်။
“မင်းတို့အတွက် တစ်ခုတည်းသောရွေးချယ်မှုက အခုချိန်မှာ ထွက်ပြေးဖို့ပဲ ၊ ဒါဆိုရင် ဒီနေရာက အသက်ရှင်လျှက် လွတ်ကောင်းလွတ်သွားနိုင်တယ်”
သူက ဆက်ပြောသည်။
“ဒါတောင်မှ မင်းတို့ ယိုးမင်ဂိုဏ်းရဲ့ အဓိကပလ္လင်ဖျက်ဆီးခံလိုက်ရပြီမို့ ပုန်းရှောင်စရာ နေရာမရှိတော့ဘူး ၊ ငါတို့စိတ်တိုင်းကျ မင်းတို့ကို လိုက်ရှာပြီး သုတ်သင်ပစ်နိုင်တယ် ၊ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မှာလဲ ၊ ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ သစ္စာဖောက်တွေ... နောက်ဆုံးတော့ မင်းတို့အဆုံးသတ်ရောက်လာပြီ”
လော့ကျီးထောင်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သက်ပြင်းချလိုက်သည်။
“ဧကရာဇ်မင်းရဲ့ အမွေအနှစ်တွေက ငါတို့ဂိုဏ်းပိုင်ဆိုင်ရမယ့်အရာတွေပဲ ၊ ယိုးမင်ဂူဗိမာန်ဟာလည်း အနာဂတ်မှာ ငါတို့ဂိုဏ်းရဲ့ ကိုးကွယ်ရာအဖြစ် တည်ရှိလိမ့်မယ် ၊ ငါတို့က ဧကရာဇ်ရဲ့ အစစ်မှန်ဆုံး မျိုးဆက်ဖြစ်လို့ ဒါက အမှန်တရားပဲ ၊ မင်းတို့လို သစ္စာဖောက်တွေကို ရှင်းပစ်နိုင်တာသာသိရင် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဧကရာဇ်မင်းလည်း အနာဂတ်မျိုးဆက်အတွက် စိတ်သက်သာရာရမှာ အမှန်ပဲ”
ကျိုးဟောက်ရှန်းနှင့် ယိုးမင်ဂိုဏ်းမှသိုင်းသမားများ၏ မျက်နှာများက နီရဲနေကြပြီး ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများကတော့ စိတ်ဓာတ်တက်ကြွလျှက် ရှိကြသည်
နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော တိုက်ပွဲက ယခုတော့ နိဂုံးချုပ်ပေတော့မည်။
လော့ကျီးထောင်လက်ထဲမှ ယိုးမင်တစ္ဆေမီးအိမ်ကိုကြည့်ရင်း ရန်ကျောက်ကဲသည်လည်း မျက်ခုံးများတွန့်ချိုးလိုက်သည်။
လော့ကျီးထောင်က ရန်ကျောက်ကဲရှိရာသို့ လှည့်ကြည့်လာပြီး အလွန်အေးစက်သော လေသံဖြင့် စကားဆိုသည်။
“ကောင်စုတ်လေး ၊ မင်း ဒီမှာရှိနေတာ ကောင်းတယ်”
သူက ဆက်ပြောသည်။
“အရင်က မင်းကိုငါ မကိုင်တွယ်နိုင်ခဲ့ဘူး ၊ မင်းက ငါတို့ဂိုဏ်းကို အဆက်မပြတ် ဒုက္ခပေးခဲ့ပြီး ငါတို့ဂိုဏ်းရဲ့ တပည့်အတော်များများကို သတ်ဖြတ်ပစ်ခဲ့တယ်”
“သိုင်းသူတော်စင်ပထမအဆင့်လောက်နဲ့ ဒီလို ကြီးကြီးမားမား အနှောက်အယှက်ပေးနိုင်တဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူးဆိုတာကိုတော့ ဝန်ခံရမယ် ၊ ဒါပေမဲ့ မင်းအတွက် ငါတို့ဂိုဏ်းကို ဆန့်ကျင်ဖို့ စောလွန်းနေသေးတယ် ၊ မင်း ဒီလောက်ကြာကြာ အသက်ရှင်နေသေးတာက မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘူး ၊ ငါတို့ဂိုဏ်းက မင်းကို တကယ်တမ်း အာရုံမစိုက်သေးလို့ပဲ”
လော့ကျီးထောင်က အေးစက်စွာဖြင့်...
“အခုတော့ မင်းရဲ့ကံကောင်းခြင်းတွေ အဆုံးသတ်သွားပြီ”
ထို့နောက် သူက ခေါင်းကိုအနည်းငယ်စောင်းရင်း...
“ဂိုဏ်းတူညီလေး’ကော’ ၊ ဒီကောင်လေးပြဿနာစရှာကတည်းက မင်းရှင်းပစ်ချင်နေတာ မဟုတ်လား ၊ ငါတို့ဂိုဏ်းထဲတောင်မဝင်ရသေးတဲ့ မင်းရဲ့တပည့်က ဒီကောင်လေးလက်ချက်နဲ့ သေသွားခဲ့တယ် ၊ ဒီနေ့ မင်း ဒီကိစ္စကို ရှင်းလိုက်တော့”
သူ့စကားဆုံးသွားသည်နှင့် ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က အလင်းခန္ဓာသိုင်းပညာကိုအသုံးပြုကာ ပရမ်းပတာစီးဆင်းနေသော ဗလာနယ်ကိုဖြတ်ကျော်ပြီး ရန်ကျောက်ကဲအနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ထိုသူက ကွမ်းမင်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ထာဝရအလင်းခန်းမ၏အကြီးအကဲ ‘ကောစုန်း’ ဖြစ်သည်။ သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် တန်ခိုးစွမ်းအားရှင်လည်း ဖြစ်၏။
ဟွမ်ကျိသာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ခဲ့ပါက ကောစုန်း၏တပည့်ဖြစ်လာပေမည်။
သိမ်းငှက်အသွင်မျက်လုံးများနှင့် ရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒါက ငါတို့ သုံးကြိမ်မြောက်တွေ့တာပဲ”
ပထမတစ်ကြိမ်က ကမ္ဘာအလင်းတောင်ထွတ်တွင် ဟွမ်ကျိ မသေဆုံးခင်အချိန်လေးတွင်ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ရန်ကျောက်ကဲက တာ့ရွှမ်မင်းဆက်ဆုတ်ခွားသွားပြီဖြစ်ကြောင်း တာ့ရွှမ်တော်လှန်ရေးအင်အားစုများကို သတင်းလာပေးချိန် ဆုံခဲ့ရခြင်း ဖြစ်သည်။
သို့တိုင် တွေ့ဆုံမှုနှစ်ခုက ဆက်စပ်မိခြင်းမရှိသဖြင့် ကောစုန်းကို ဟွမ်ကျိ၏ဆရာဖြစ်ကြောင်း ယခုမှ သိခွင့်ရခဲ့သည်။
ကောစုန်းက တည်ငြိမ်စွာဖြင့်...
“ဒီတစ်ခါ နောက်ဆုံးအကြိမ် ဖြစ်မှာပါ”
သူက သိမ်းငှက်အသွင်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်းက ဟွမ်ကျိထက်တောင်တော်တဲ့ လူငယ်တစ်ယောက်ပဲ... သူ မင်းလက်ထဲမှာသေရတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့ အတိုင်းအဆကိုမသိတဲ့ မင်းလိုလူငယ်တစ်ယောက်က ဒီနေ့ ဒီအဘိုးကြီးလက်ထဲမှာ သေရလိမ့်မယ် ၊ အဲဒါက ပိုပြီးသဘာဝကျပါတယ်”
ပြောပြီးသည်နှင့် သူက စွမ်းအားပြည့် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ရန်ကျောက်ကဲကို လိုက်ချလိုက်ရာ ဗလာနယ်တစ်ခုလုံး အလင်းတန်းများ ဖုံးလွှမ်းသွားလေသည်။
ရန်ကျော်ကဲက ကြောက်ရွံ့တုန်လှုပ်သွားခြင်းမရှိဘဲ တည်ငြိမ်စွာပြုံးရင်း...
“မင်းကတော့ အတွေးလွန်နေပြန်ပြီ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ နောက်သို့ဆုတ်လိုက်သည်။
တစ်ချိန်တည်းပင်...
သူ့အနောက်မှ ကျောက်သားတံခါးကြီးက ပွင့်ဟသွားလေ၏။