← Chapters

မလုပ်နိုင်လည်း လုပ်ကိုလုပ်ရမယ်

Vol. 110 Ch. 1638

မလုပ်နိုင်လည်း လုပ်ကိုလုပ်ရမယ်

Vol. 110 Ch. 1638

“ဘုန်း”

ကျယ်လောင်သော အသံတစ်သံ ထွက်လာသော်လည်း ယဲ့ဖန်က အံ့ဩနေသော မျက်နှာနှင့် နေရာ၌ ရပ်မြဲ ရပ်နေဆဲသာ။ သို့သော် အိုးရန်လင်းကတော့ လွင့်ထွက်သွားလေသည်။

ထိုအခိုက်တွင် လီဟွမ်ဟွမ်က မျက်နှာထား မာနေပြီး မကျေနပ်ပုံ ပေါ်နေသည်။

“လီဟွမ်ဟွမ် မင်း ရူးနေလား”

အိုးရန်လင်းသည် ရွှံ့ထဲမှ ထလာပြီး လီဟွမ်ဟွမ်အား ဒေါသတကြီး စိုက်ကြည့်လေသည်။ လီဟွမ်ဟွမ်၏ သိုင်းအဆင့်က နတ်ဘုရင်အဆင့်သာ ဖြစ်ပြီး သူ့အား မည်သို့သော နာကျင်မှုမှ မဖြစ်စေပါ။ သို့သော် သူ့အား တူဖြစ်သောရှေ့၌ ရိုက်လိုက်ခြင်းက မျက်နှာပျက်စရာပင်။

“ရှင် ရူးနေတာ မဟုတ်လား၊ သူ့မှာ ဘာကျင့်ကြံခြင်း အခြေခံမှမရှိဘူးလေ၊ ဒီလိုရိုက်ရင် သူ့ကို သတ်သလို ဖြစ်မသွားဘူးလား”

လီဟွမ်ဟွမ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“သူ့ကို အသေသတ်တာ ဖြစ်သွားမယ် ဟုတ်လား၊ သောက်ကျိုးနည်း တစ်လောက ယွင်နိုင်ငံ ပျက်စီးသွားတာ ဘယ်သူ့ကြောင့်လို့ မင်း ထင်လဲ”

အိုးရန်လင်း ဒေါသတကြီး ပြန်ပြောလိုက်လေသည်။ လီဟွမ်ဟွမ်၏ အမူအရာ ပြောင်းလဲသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်သည်။

“မင်း မိခင်ဘုရင်မကို သတ်လိုက်တာလား”

ယဲ့ဖန် အနေရခက်စွာ ပြုံးလိုက်သည်။

“ထင်ရတာပဲ …”

လီဟွမ်ဟွမ် အံ့အားသင့်သွားသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် ယန်စွမ်းအင် နည်းနည်းလေးမျှ စီးဆင်းခြင်း မရှိသည်ကို သူမ အသေအချာ ခံစားနေရသည်။

*ဘယ်လိုလုပ် ဒီကလေးက မိခင်ဘုရင်မလို စုန်းမအိုကြီးကို သတ်လိုက်တာလဲ*

ချက်ချင်းဆိုသလိုပင် လီဟွမ်ဟွမ်က ရယ်မောလာ၏။

“တကယ်ကို အစ်မရဲ့သား ပီသပါပေတယ်”

လီဟွမ်ဟွမ်၏ အမြင်တွင် ယဲ့ဖန်သည် အိုးရန်ချင်ရွှယ်၏ သားအရင်း ပီသသည်ဟု ယူဆလိုက်သည်။ အိုးရန်ချင်ရွှယ်သည်လည်း ယခင်က အလွန်‌ ကြောက်စရာကောင်းခဲ့သည်။

လီဟွမ်ဟွမ်၏ ယူဆချက်တွင် အိုးရန်ချင်ရွှယ်၏ လက်ထဲ၌ မည်သူမှ ဆယ်ကွက်ထက်ပို၍ အသက်မရှင်နိုင်ဟု မှတ်ယူထားသည်။ သူမ အိုးရန်မိသားစုထဲသို့ လက်ထပ်ပြီး ဝင်ရောက်လာချိန်တွင် အိုးရန်ချင်ရွှယ်က အိုးရန် မိသားစုအတွင်း၌ အသန်မာဆုံးသူ ဖြစ်နေလေပြီ။

သူမသည် အမျိုးသမီး ဖြစ်သော်ငြားလည်း မိသားစု တစ်ခုလုံးမှ ယောက်ျားသားများကို အနိုင်ယူနိုင်သည့် အစွမ်း ရှိနေခဲ့ပြီး မည်သူမှ ရှေ့တက်မလာရဲချေ။

အင်အားစုများအားလုံးတောင်မှ အိုးရန်ချင်ရွှယ်ကို အံ့ဩခဲ့ရသည်။ အိုးရန်ချင်ရွှယ်၏ ကျော်ကြားမှုကြောင့်ပင် လီဟွမ်ဟွမ်၏ မိသားစုက သူမအား အိုးရန်လင်းနှင့် လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ထိမ်းမြားခြင်းမှတစ်ဆင့် အိုးရန်ချင်ရွှယ်နှင့် ပတ်သက်ရန် ကြိုးစားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်၏ အနာဂတ်က သိုင်းပညာရှင်အားလုံး၏ အထက်၌ သေချာပေါက် ရပ်တည်လိမ့်မည်ကို လူတိုင်း မြင်နေရသောကြောင့်ပင်။

မာနကြီးသော ချွေးမဖြစ်သူ လီဟွမ်ဟွမ်ပင် အိုးရန်ချင်ရွှယ်၏ ပရိသတ် ဖြစ်ခဲ့လေသည်။

ယဲ့ဖန်သည်လည်း အိုးရန်ချင်ရွှယ်နှင့် အလွန်တူ၏။ ငယ်ရွယ်သေးသော်လည်း ရှေ့မျိုးဆက်မှ မည်သူမှ မယှဉ်နိုင်သော မိခင်ဘုရင်မကို သတ်နိုင်ခဲ့သည်။

“ငါ အခု သူ့ကို ရိုက်လို့ရပြီလား”

အိုးရန်လင်းက အားတက်သရော မေးလာသည်။

“မရဘူး၊ ဒီကလေးက ကလေးဘဝကတည်းက အများကြီး ဒုက္ခခံစားခဲ့ရတာ၊ ရှင် ဘယ်လိုလုပ် သူ့ကို သတ်ရက်တာလဲ”

လီဟွမ်ဟွမ်က အိုးရန်လင်းကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ ထို့နောက် လီဟွမ်ဟွမ်က ယဲ့ဖန်၏ ပါးကို ပွတ်သပ်၍ အလေးအနက် ပြောသည်။

“တူတယ်၊ သိပ်တူလွန်းတယ်၊ မင်းက မင်းအမေနဲ့ တစ်ပုံစံတည်းပဲ”

ဤအကြည့်၊ ဤအမူအရာ၊ ဤမျက်ခုံးမျိုးက မိခင်ဖြစ်သူနှင့် ရှစ်ဆယ် ရာခိုင်နှုန်း တူညီသည်။ ယဲ့ဖန်ကို သူမ တွေ့သောအခါ အိုးရန်ချင်ရွှယ်ကို မြင်နေရသည်ဟုပင် ထင်ရပြီး ဤသည်ကို သူမ အလွန် သဘောကျမိသည်။

ယဲ့ဖန် ရှက်သွားသော်လည်း ဘေးသို့မရှောင်ရဲပါ။ သူ့အရှေ့မှ အမျိုးသမီးက အမည်ခံအားဖြင့် သူ့အဒေါ် ဖြစ်နေသည် မဟုတ်ပါလော။

ထို့နောက် လီဟွမ်ဟွမ်က အိုးရန်လင်းကို မျက်နှာ ရှစ်ခေါက်ချိုးဖြင့် ကြည့်လိုက်သည်။

“သူက အစ်မကြီးနဲ့ သိပ်တူတာ၊ သူ့ကို တွေ့တဲ့လူတိုင်း သိနိုင်တာကို ရှင်က မသိဘူး၊ ရှင် ကန်းနေတာလား”

“ငါ …”

အိုးရန်လင်း မည်သို့ ချေပရမှန်းမသိဖြစ်ကာ စိတ်ဓာတ်ကျသော မျက်နှာ ဖြစ်သွားသည်။

“ကလေး ငါတို့နဲ့ အိမ်ပြန်လိုက်ခဲ့၊ မင်းအဘိုးက မင်းကိုတွေ့ရင် သိပ်ပျော်သွားမှာ”

လီဟွမ်ဟွမ်က ယဲ့ဖန်၏ လက်ကိုကိုင်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်၊ ငါနဲ့ ချက်ချင်း အိမ်ပြန်လိုက်ခဲ့”

အိုးရန်လင်းက ယဲ့ဖန်ကို အမိန့်ပေးလိုက်သည်။ ယဲ့ဖန် ပြန်လာသရွေ့ သူ့အစ်မက ချက်ချင်း အိမ်ပြန်လာမှာ အသေအချာပင်။

သို့သော် ယဲ့ဖန်က ခါးသက်သော အပြုံးနှင့်အတူ ခေါင်းခါလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်”

“ဘာလဲ၊ ခုနစ်နိုင်ငံရဲ့ မဟာမိတ် အင်အားစုလား၊ စိတ်မပူနဲ့ ငါ ဒီကိစ္စကို ရှင်းလိုက်မယ်”

အိုးရန်လင်းက သူ့ရင်ဘတ်သူပုတ်၍ ပြောလိုက်သည်။ သူတို့မိသားစုသည်လည်း ကိုးပြည်နယ် တစ်ခုလုံးတွင် မြင့်မားသော အဆင့်အတန်း ရှိပြီး နိုင်ငံခုနစ်နိုင်ငံလောက်က အရေးတယူ လုပ်စရာ မလိုပေ။

သူတို့၏ မိသားစုကြောင့် သူတို့အား ကောင်းကင် တိုက်ခိုက်ရေး မျိုးနွယ်ဟု ခေါ်ကြသည်။

ကောင်းကင်တမျှ မြင့်မားနေပါစေ သူတို့ ယှဉ်ပြိုင်နိုင်သလို နေနှင့်လကဲ့သို့ မြင့်မားလျင်လည်း တိုက်ခိုက်နိုင်၏။ ဤသည်မှာ သူတို့မိသားစု၏ အရည်အချင်းပင်။

“ခုနစ်နိုင်ငံ မဟာမိတ် အင်အားစုတင် မကဘူး၊ နတ်နန်းတော်လည်း ပါသေးတယ်”

ယဲ့ဖန် ပြောလိုက်သည်။

“ဘာ”

အိုးရန်လင်း အမူအရာ ပြောင်းလဲသွားပြီး တအံ့တဩ မေးလိုက်သည်။

“မင်း အဲ့အရူးတွေကို ဘယ်လိုလုပ် ရန်စမိတာလဲ”

နတ်နန်းတော်သည် အိုးရန်ချင်ရွှယ်ကို သတ်ချင်နေသော အရူး မကောင်းဆိုးဝါးအိုကြီးများ စုဝေးနေသော နေရာ ဖြစ်သည်။ သူတို့အားလုံး အိုးရန်ချင်ရွှယ်ကို ရှုံးခဲ့သဖြင့် ယင်းကို မကျေမနပ် ဖြစ်ကာ အငြိုးထားခဲ့ပြီး အိုးရန်ချင်ရွှယ်အား တမင်သက်သက် လိုက်သတ်ချင်နေခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူတို့က မိမိတို့ အိုးရန်မိသားစုကို အတော်လေး ဒုက္ခရောက်စေခဲ့သည်။

“ပြောရရင်တော့ အရှည်ကြီးပဲ”

“ထားလိုက်တော့ ကိစ္စမရှိဘူး၊ အစကတည်းက မတည့်တဲ့ ဆက်ဆံရေးပဲ၊ မင်းက သူတို့ရဲ့ ရန်သူ ဖြစ်နေရင်တောင်မှ ကိစ္စမရှိဘူး”

အိုးရန်လင်း ပြောလိုက်သည်။

“နတ်နန်းတော်အပြင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်လည်း ရှိသေးတယ်၊ ကျွန်တော် သူတို့နဲ့ ရန်ငြိုး ကြီးကြီးမားမား ရှိတယ်”

ယဲ့ဖန်က ခေါင်းကုတ်၍ ရှက်နေ၏။

*ဟမ်*

အိုးရန်လင်း၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေပြီး ယဲ့ဖန်မား မယုံသလို ကြည့်နေသည်။

“သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်က နတ်နန်းတော်ထက် ထက်ဝက်နီးပါး ပိုအင်အားကြီးတဲ့ အင်အားစုပဲ၊ သူတို့က ငါတို့ အိုးရန်မိသားစုလိုပဲ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ ခေတ်ဟောင်း အင်အားစုလေ၊ မင်း သူတို့ကို ဘယ်လို ရန်စမိတာလဲ”

“ပြောရရင်တော့ အရှည်ကြီးပဲ”

အိုးရန်လင်း အားမရှိတော့သလို ခံစားလိုက်ရပြီး နုံးချည့်စွာ မေးလိုက်သည်။

“ထပ်ရှိသေးလား”

ယဲ့ဖန် ခေါင်းကုတ်၍ ဆက်ပြောလေသည်။

“ယွိကျဲ့နယ်မြေလည်း ရှိသေးတယ်”

*ယွိကျဲ့နယ်မြေလား”

အိုးရန်လင်း သွေးအန်ချင်သလို ခံစားလိုက်ရသည်။ ဧကရာဇ် သွမ့်မူသည် နာမည်ကြီးတစ်ယောက် ဖြစ်ပြီး သူ့လက်အောက်မှ မိစ္ဆာတိုင်းက မကောင်းချေ။

*ဒီကောင်က တကယ့် ပြဿနာအိုးပဲ၊ ငါ့အစ်ထက်တောင် ပိုပြီး ပြဿနာ ရှာသေးတယ်*

သူ့အစ်မဖြစ်သူသည် အစပိုင်းက လူပေါင်းများစွာနှင့် ရန်စရှိခဲ့သော်လည်း ယဲ့ဖန်လောက် အင်အားကြီးသူများကို ရန်မစခဲ့ပါ။

အကြိမ်တိုင်း နိုင်ငံများစွာနှင့် အင်အားစုများစွာနှင့် ရန်ငြိုး ရှိနေ၏။ ယင်းက သူ့အစ်မထက်ပင် ပို၍ ရူးချင်စရာ ကောင်းလှသည်။

“အခြားဘာရှိသေးလဲ”

အိုးရန်လင် တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်နေပြီး ယဲ့ဖန်က အံ့ဩစရာ ကောင်းသော အရာတစ်ခုအား ထပ်ပြောလာမည်ကို စိုးရွံ့နေ၏။

“နောက်ဆုံးတစ်ခု ရှိသေးတယ်”

အိုးရန်လင်း၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး ဒေါသတကြီး‌ အော်လိုက်သည်။

“ဘယ်သူလဲ”

“တရှားနိုင်ငံ”

“မင်းပြောတာက ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ရှားနိုင်ငံကို ပြောတာလား”

အိုးရန်လင်း သတိလစ်ချင်လာသည်။ ရှားနိုင်ငံ၏ သမိုင်းကြောင်းသည် သူတို့ အိုးရန်မိသားစုထက်တောင်မှ ရှည်လျားသေးသည်။

၎င်းသည် ကမ္ဘာလောက စတည်ရှိလာကတည်းက ပထမဆုံးရှိခဲ့သည့် နိုင်ငံတော် ဖြစ်သည်။

မရေတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း ယခုအထိ မားမားမတ်မတ် တည်ရှိနေဆဲပင်။ မရေတွက်နိုင်သော စစ်ပွဲများနှင့် ပဋိပက္ခများ ရှိခဲ့သော်ငြားလည်း ယခုအထိ အင်အားကြီးဆဲသာ။

သူတို့နိုင်ငံ၏ မင်းသားများထဲမှ တစ်ပါးဖြစ်သူက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်သဖြင့် သူတို့မျိုးနွယ်က မည်မျှ သန်မာသလဲ သိသာပေသည်။

အိုးရန်လင်း သတိလစ်မတတ် ဖြစ်ကာ ငိုချင်နေ၏။

*အဲ့ဒါ ရှားနိုင်ငံလေကွာ*

“မင်း ဘာလုပ်ခဲ့တာလဲ”

အိုးရန်လင်းသည် ယဲ့ဖန်အား လည်ပင်းညှစ်ချင်စိတ်ကို ထိန်း၍ မေးလိုက်သည်။

“ကျွန်တော် သူတို့မင်းသားတစ်ပါးကို သတ်လိုက်တယ်”

အိုးရန်လင်း မြေကြီးပေါ် လဲကျသွားပြီး မြေကြီးကို အားပါးတရ ရိုက်နေတော့သည်။

“ယောက်ျား၊ ယောက်ျား”

လီဟွမ်ဟွမ် စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ အိုးရန်လင်းသည် အလွန် ဒေါသထွက်နေပြီး လီဟွမ်ဟွမ်က သူ့ကို တားနေသော်လည်း အတင်းရုန်းနေသည်။

နာရီဝက်အကြာ၌ အိုးရန်လင်းကို လီဟွမ်ဟွမ် တားလိုက်နိုင်သည်။

သူ၏ အကြည့်များက ဓားသဖွယ် စူးရှနေပြီး ယဲ့ဖန်၏ မျက်နှာကို သေချာကြည့်နေသည်။ ယဲ့ဖန်သည်လည်း ရှက်နေသော မျက်နှာမျိုး ဖြစ်နေကာ ဘာမှမပြောချေ။ ယခု သူ ဘာပြောပြော သူသာ မှားနေသည် မဟုတ်ပါလား။

‘မင်း … မင်း ငါ့ကို စိတ်တိုအောင် လုပ်နေတာပဲ”

အိုးရန်လင်းက ယဲ့ဖန်ကို လက်ညှိုးထိုး၍ ဆဲဆိုတော့သည်။

“ဟုတ်ပါပြီ ယောက်ျားရယ်၊ ဖြစ်ပြီးနေပြီပဲကို ဘယ်လို ဖြေရှင်းမလဲကိုသာ မြန်မြန် စဉ်းစားကြတာပေါ့”

လီဟွမ်ဟွမ်က အိုးရန်လင်းကို ဖြတ်ပြောလိုက်သည်။ သူမ အချိန်ကိုက် ဝင်ပြောလိုက်ချင်းသာ။

အိုးရန်လင်း ပြောလိုက်သည်။

“မင်း တမင်သက်သက် ကာကွယ်ပေးနေတာလား”

“ရှင့်တူကို ကာကွယ်တော့ ဘာဖြစ်လဲ၊ သူက ရှင့်အိုးရန်မိသားစုရဲ့ မျိုးဆက် မဟုတ်ဘူးလား၊ သူက အစ်မကြီးနဲ့ မတူဘူးလား၊ အရင်တုန်းက အစ်မ ပြဿနာရှာတုန်းက သခင်ကြီးက သူမ မှားတယ်လို့ ပြောတာ မတွေ့ဘူးပါဘူး”

“ဒီကောင်လေးက ပိုပြဿနာ ရှာနိုင်တာလို့ပဲ ပြောရတော့မယ်”

အိုးရန်လင်း မတတ်သာဘဲ သက်ပြင်းချလိုက်သည်။ သူ ဘာများ တတ်နိုင်ဦးမည်နည်း။ မည်မျှ ဆိုးနေပါစေ သူတို့မိသားစု၏ ကလေး ဖြစ်နေသေးသည် မဟုတ်ပါလော။ သူ ယဲ့ဖန်ကို လျစ်လျူရှု၍ အသေခံခွင့် ပေးရမည်လား။

“ကောင်းပြီလေ ငါနဲ့ အိမ်လိုက်ခဲ့တော၊ ဒီကိစ္စကို ငါ မင်းအဘိုးကို ဖြေရှင်းခိုင်းလိုက်မယ်”

အိုးရန်လင်းက သုန်မှုန်စွာ ပြောလိုက်သည်။ သို့သော် ယဲ့ဖန်က ခေါင်းခါမြဲခါ၍ အပြုံးနှင့် ပြောလိုက်သည်။

“ကျွန်တော်လုပ်ခဲ့တဲ့ အန္တရာယ်ကို ကျွန်တော်ပဲ ရင်ဆိုင်မယ်”

“မင်း ရင်ဆိုင်မယ် ဟုတ်လား၊ မင်း လုပ်နိုင်လို့လား”

အိုးရန်လင်း စားပွဲကို ဖြန်းခနဲ ရိုက်၍ တင်းမာခက်ထန်စွာ ကြည့်နေသည်။

*ငါ ဘယ်တော့ သေရမှာလဲ*

“ကျွန်တော် မလုပ်နိုင်လည်း လုပ်ကိုလုပ်ရမှာပဲ”

“မင်း”

အိုးရန်လင်း ဒေါသထွက်သွားသည်။ ယဲ့ဖန်က အလွန် ထောင်လွှားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူက ကြင်နာစွာ ကူညီမည်ကိုလည်း လက်မခံချေ။

သို့သော် လီဟွမ်ဟွမ်က အိုးရန်လင်းလောင် စိတ်လိုက်မာန်ပါ ဖြစ်သူ မဟုတ်ပေ။ အမျိုးသမီး အများစုက တွေးတောတတ်သူများ ဖြစ်သောကြော့် သူမသည်လည်း ပို၍ စဉ်းစားတတ်သည်။ ထို့ကြောင့် သူမ ဝင်မေးလိုက်သည်။

“မင်း ငါတို့ကိုပါ ဆွဲထည့်မိသွားမှာကို စိုးရိမ်နေတာလား”

ထိုစကားက အိုးရန်လင်းကို ချက်ချင်း ငြိမ်ကျသွားစေပြီး ယဲ့ဖန်အား အံ့ဩတကြီး ကြည့်လိုက်သည်။

ယဲ့ဖန်က ပြုံး၍ ဝန်ခံသည်လည်းမဟုတ်၊ ငြင်းသည်လည်း မဟုတ်သော စကားကို ပြောလေသည်။

“ကျွန်တော် ရှာတဲ့ ပြဿနာကို ကျွန်တော် ခံမယ်လို့ ပြောခဲ့သားပဲ”

အိုးရန်လင်းက နောက်ခံကြီးမားသော်လည်း အရာရာတိုင်းကို ရင်မဆိုင်နိုင်ပါ။ သူ့ကြောင့်နှင့် အိုးရန် မိသားစုကို သူ ဒုက္ခမဖြစ်စေချင်ပေ။

အိုးရန်လင်း၏ အပြုအမူအရ ယဲ့ဖန် ရန်စလိုက်သော အင်အားစုများသည် အိုးရန်မိသားစုအတွက်တောင်မှ ခေါင်းကိုက်စရာ ဖြစ်သည့်ပုံပင်။ ယင်းက အခြားသူများကို ဆွဲမထည့်ချင်သော ယဲ့ဖန်၏ အတွေးကို ပို၍ ခိုင်မာသွားစေ၏။

ထို့ကြောင့်ပင် ယဲ့ဖန်က အစကတည်းက အိုးရန်လင်းနှင့် မတွေ့လိုခြင်း ဖြစ်သည်။ သူက ရန်သူများကို မကြောက်သော်လည်း အိုးရန်မိသားစုက မကြောက်ဟု မပြောနိုင်ပါ။

“ငါတို့အိုးရန်မိသားစုက မိသားစုဝင်ကို ဘယ်တော့မှ မစွန့်ပစ်ဘူး”

အိုးရန်လင်းက အေးစက်စွာ ပြောလိုက်သည်။

“ယဲ့ဖန်ဆိုတဲ့ ကျွန်တော်ကလည်း အခြားသူရဲ့ အကူအညီကို ဘယ်တော့မှ မလိုဘူး”

ယဲ့ဖန်က သူ့ကို ပြန်ပက်၍ ပြောလိုက်သည်။ ယဲ့ဖန်နှင့် အိုးရန်လင်းတို့သည် ရုတ်တရက် အချင်းချင်း တင်းမာစွာ ကြည့်လာပြီး မျက်လုံးများက အ‌ရောင်လက်နေပြီး ဘယ်သူမှ အလျှော့မပေးချေ။

“ငါတို့ ကူညီချင်တယ်ဆိုရင် နင် ငြင်းဦးမှာလား”

လီဟွမ်ဟွမ်ကလည်း ကူ၍ ပြောလာသည်။

“ဒါဆို ကျွန်တော် ဦးလေးတို့နှစ်ယောက်ကို အိမ်အကျယ်ချုပ် ထားရုံပဲ ရှိတော့မယ်”

ယဲ့ဖန် အသာပြုံးလိုက်သည်။ ရုတ်တရက် နဂါးကိုးကောင် မီးလင်းဖိုက တောက်ပစွာ ထွက်ပေါ်လာပြီး ပြင်းထန်သော ခရမ်းရောင် ချီက အိုးရန်လင်းတို့ နှစ်ယောက်ကို ဖုံးအုပ်သွားသည်။

“ခွေးသားလေး မင်း လုပ်ရဲလား”

အိုးရန်လင်း အံ့ဩကာ မျက်နှာဖြူရော်သွားသည်။ သူတောင်မှ ဤစွမ်းအင်ကို မခုခံနိုင်ပါ။

“ကျွန်တော် တောင်းပန်ပါတယ်”

“ခွေးသားလေး ငါ ထွက်မလာနိုင်အောင် လုပ်ထား၊ မဟုတ်လို့ကတော့ ငါ မင်းကို အရေခွံနွှာပစ်မယ်”

အိုးရန်လင်း ဒေါသတကြီး ကြွေးကြော်လေသည်။

“ကျွန်တော် တောင်းပန်ပါတယ်၊ ဦးလေး”

ယဲ့ဖန် ခါးသက်စွာ ပြုံးလိုက်ပြီးနောက် နောက်သို့လှည့်လိုက်သည်။ နောက်သို့ လှည့်လိုက်သည့်အခိုက်မှာပင် သူ့မျက်လုံးများက အေးစက်ကာ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်လာ၏။

All Chapters