နတ်ဆိုးမျိုးနွယ်ကို ဖျက်သိမ်းလိုက်ပြီ
Vol. 110 Ch. 1639
“သတင်းပို့ပါတယ်”
ထိုသို့သောအချိန်၌ တံခါးဝမှ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာပြီး နတ်ဆိုး စစ်သည်တော် တစ်ယောက် ပြေးဝင်လာသည်။
“လေ့နိုင်ငံရဲ့ စစ်သည် တစ်သန်းက အင်ပါယာရဲ့ နယ်စပ်ထဲ ဝင်ရောက်နေပါပြီ”
“ယန်နိုင်ငံရဲ့ စစ်သည် ရှစ်သိန်းကလည်း မြောက်ဘက် နယ်စပ်မြို့ထဲကို ချိုးဖောက်ဝင်ရောက်ပြီး အင်ပါယာထဲ ဝင်လာနေပါတယ်”
“နတ်နန်းတော်က အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်၊ နတ်ဘုရင်အဆင့် ဆယ့်နှစ်ယောက်နဲ့ မရေတွက်နိုင်တဲ့ သူတော်စင်အဆင့်တွေက အင်ပါယာထဲ ခိုးဝင်လာပါတယ်”
“သတ်ဖြတ်ခြင်း နတ်ဘုရားနန်းတော်က လုပ်ကြံရေးသမားတွေ လွှတ်လိုက်ပါတယ်၊ အရေအတွက်ကိုလည်း မသိရသလို သိုင်းအဆင့်ကိုလည်း မသိရပါဘူး၊ အင်ပါယာမြို့တော်ထဲမှာ ပုန်းအောင်းပြီး အခွင့်အရေးကို စောင့်နေပါတယ်”
“ခုနစ်နိုင်ငံရဲ့ မဟာမိတ် အင်အားက ဆယ်သန်းကျော်ပြီးတော့ ရှေ့တန်းမှာ ဖိအားပေးနေပါတယ်”
“နတ်ဆိုးစစ်သည်တော်တွေ၊ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ယောက်နဲ့အတူ နတ်ဆိုးမျိုးနွယ် တစ်သိန်း သေဆုံးသွားပါပြီ၊ အဖမ်းခံရသူ မရှိပါဘူး”
သတင်းဆိုးများက ယဲ့ဖန်၏ နားထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။
“အမတ်တွေကို ခေါ်လိုက်၊ ညီလာခံ ကျင်းပမယ်”
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ တစ်ခဏကြာသော် ထန်မင်လီနှင့် အခြားသူများအားလုံး ရောက်လာသည်။ သတင်းပို့ချက်များကို ကြားပြီးနောက် သူတို့အားလုံး၏ မျက်နှာက တည်နေသည်။ တစ်ခုခု မှားနေမှန်း သူတို့အားလုံး သိနေသည်။
“မင်းတို့အားလုံး အခြေအနေကို နားလည်မယ်လို့ ငါ ထင်တယ်၊ မင်းတို့မှာ တန်ပြန်ရေး အစီအစဉ်တွေများ ရှိမလားလို့ ငါ မေးချင်တယ်”
ယဲ့ဖန် မေးလိုက်သည်။
*ဒါက …*
ထန်မင်လီနှင့် အခြားသူများသည် သူ့ကိုကိုယ်ကြည့်၊ ကိုယ့်ကိုသူကြည့်နှင့် အချင်းချင်း ကြည့်နေကြပြီး တုန်လှုပ်နေသည်။
ကျန်းကျန့်ရန်တောင်မှ လက်ရှိတွင် တိတ်ဆိတ်နေသည်။ အဘယ်ကြောင့်ဆိုသော် အခြေအနေက အလွန် ပြင်းထန်ပြီး နှစ်ဖက် စစ်သည်အင်အား ကွာဟချက်က ကြီးမားလွန်းသဖြင့် သူ သေချာပေါက် မပြောနိုင်ချေ။
“အရှင်မင်းမြတ် ဘာပဲဖြစ်နေပါစေ နတ်ဆိုးတွေက အရှုံးပေးမယ့်အစား အသေခံမှာပါ၊ အဲ့ဒီမျိုးမစစ်ကောင် တွေက ကျွန်တော်တို့ကို သေစေချင်နေတာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ သေရမယ်ဆိုရင်တောင်မှ သူတို့ကို တစ်ခါလောက် ကိုက်ပြီးမှပဲ သေပါမယ်”
နလန်ရှောင်က ပြတ်ပြတ်သားသား ပြောလာသည်။
“ဟုတ်ပါတယ်၊ သူတို့နဲ့ ရင်ဆိုင်ရတာက ကြီးမားတယ်ဆိုပင်မယ့် သေရမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ သူတို့ကို ထိခိုက်အောင် လုပ်မှာပါ”
ကင်းမြီးကောက် လူသတ်သမားကလည်း အလျင်အမြန် ထောက်ခံလေသည်။ လက်ရှိလူတိုင်းသည်လည်း ဆုံးဖြတ်ချက် ပြတ်သားကာ အဆုံးအထိ တိုက်ချင်နေကြသည်။
“ဟားဟား…”
သို့သော် ထိုအချိန်၌ ယဲ့ဖန်က လှောင်ရယ်လာသည်။
“ဆိုတော့ မင်းတို့ပြောချင်တာက မင်းတို့ ဘာမှမတတ်နိုင်ပင်မယ့် ငါ့ကို ဆက်ပြီး ဆွဲကျမယ်ပေါ့လေ”
နတ်ဆိုးများအားလုံး ရုတ်တရက် အံ့ဩသွားကြသည်။ ယဲ့ဖန် ဤသို့ ပြောလာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ထိုအခိုက်တွင် အားလုံး၏ အမူအရာက အရှက်ရဟန် ပေါ်လာပြီး အပြစ်ရှိသလို ခံစားနေရသည်။
“အကြိမ်တိုင်း ငါ တစ်ယောက်တည်း တိုက်ခိုက်ရတယ်၊ မင်းတို့တွေက လုံးဝ သုံးမရဘူး၊ မင်းတို့ အသုံးမကျမှုတွေကို သည်းမခံနိုင်တော့ဘူး”
ယဲ့ဖန်က လက်ရှိအခြေအနေကို အရေးမစိုက်ဘဲ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“အရှင်မင်းမြတ် ကျွန်တော်တို့ကို အခွင့်အရေး နောက်တစ်ကြိမ်ပဲ ပေးပါ၊ ဒီတစ်ခါ ကျွန်တော်တို့ အစွမ်းကုန် လုပ်ပါ့မယ်၊ ကျွန်တော်တို့ သေရမယ်ဆိုရင်တောင်မှ သေချာပေါက် ခုနစ်နိုင်ငံရဲ့ မဟာမိတ် အင်အားကို တားနိုင်မှာပါ”
ကျန်းကျန့်ရန်က သေရမည်ကို မကြောက်သည့် ပြတ်သားသော မျက်လုံးများဖြင့် အလေးအနက် ပြောလာသည်။
“ဟုတ်ပါတယ် အရှင်မင်းမြတ် ကျွန်တော်တို့ သေချာပေါက် ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ဆွဲနိုင်မှာပါ၊ ကျွန်တော်တို့ကို အချိန်နည်းနည်းပဲ ပိုပေးပါ”
ထန်မင်လီကလည်း တောင်းပန်လာသည်။ ထိုစကားများကိုကြားသော် ယဲ့ဖန်က ပို၍ လှောင်ရယ်လေသည်။
“မင်းတို့ သေချာပေါက် ပြီးပြည့်စုံတဲ့ အစီအစဉ် ဆွဲပြီးရင် ငါ သေနေလောက်ပြီ”
“အခု ခုနစ်နိုင်ငံ မဟာမိတ်အင်အားစုက နတ်ဆိုးအငွေ့အသက် အင်ပါယာထဲ ဝင်နေပြီ၊ မြို့တော်ကို ရောက်ဖို့ သိပ်မကြာတော့ဘူး၊ မင်းတို့တွေ စဉ်းစားဖို့ အချိန်ရှိသေးတယ်လို့ ထင်နေတာလား”
ထိုအခါ လူတိုင်း၏ မျက်နှာတွင် စိုးရိမ်ဟန်များ ပေါ်လာသည်။ ယဲ့ဖန်၏ မေးခွန်းအောက်၌ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။
“မင်းတို့ သေချင်တယ်ဆိုရင် ငါ မင်းတို့နဲ့အတူ အဖော်မလုပ်ပေးနိုင်ဘူး”
ယဲ့ဖန်က ရုတ်တရက် ထရပ်၍ အပြင်သို့ ထွက်သွားသည်။ သူ့စကားကို ကြားပြီး နလန်ရှောင်နှင့် အခြားသူများ မှင်တက် သွားလေသည်။ ယဲ့ဖန်က သူတို့ကို စွန့်ပစ်ရန် ကြိုးစားနေသလော။
နလန်ရှောင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်ပြီး မျက်ရည်တို့ဖြင့် ပြောလိုက်သည်။
“အရှင်မင်းမြတ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မစွန့်ပစ်ပါနဲ့၊ ကျွန်တော်တို့အားလုံး အရှင့်စကားကို နားထောင် ပါတယ်၊ ပိုသန်မာလာဖို့လည်း အပြင်းအထန် ကြိုးစားနေတာပါ၊ ဒီတစ်ခါ ကျွန်တော်တို့ သေချာပေါက် အရှင့်ကို စိတ်မပျက်စေရပါဘူး”
“အရှင်မင်းမြတ် ကျွန်တော်တို့ကို အခွင့်အရေး ထပ်ပေးပါ၊ ကျွန်တော်တို့ကို အရှင် တကယ် ထပ်မမြင်ချင်တော့ဘူးဆိုရင် ကျွန်တော်တို့ စစ်မြေပြင်မှာ အသေခံပါ့မယ်”
ကင်းမြီးကောက် လူသတ်သမားကလည်း ဒုန်းခနဲ ဒူးထောက်၍ မျက်ရည်များ ဝေ့နေသည်။
“အရှင်မင်းမြတ် ကျွန်တော်တို့အားလုံး အရှင့်အတွက် သေနိုင်ပါတယ်၊ ကျွန်တော်တို့ကို အရှင့်အတွက် သေခွင့်ပေးပါ”
နတ်ဆိုးများ မျက်ရည်ကျနေကြသည်။ လက်ရှိတွင် သူတို့၏ ယုံကြည်ရာ ပျက်စီးသွားလေပြီ။ သူတို့ နတ်ဘုရား၏ စွန့်ပစ်ခြင်းကို သူတို့ ခံလိုက်ရလေပြီ။
ထိုခံစားချက်က ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ အတင်း ဆွဲထုတ်လိုက်သလိုပင်။ သူတို့အား ရှင်သန်ရာ ဦးတည်ချက် ပျောက်ဆုံးစေပြီး သေတာမှ ပိုကောင်းဦးမည်ဟု တွေးထင်သွားစေ၏။
“မင်းတို့က ငါ့အတွက် အသေခံချင်တာလား”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။
“ဟုတ်ပါတယ်”
“ငါကတော့ မင်းတို့အတွက် မသေချင်ဘူး”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“အခုချိန်ကစပြီး နတ်ဆိုးမျိုးနွယ်ကို ဖျက်သိမ်းလိုက်ပြီ”
နောက်ဆုံးစကားက အားလုံး၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။ ထိုအခိုက်တွင် လူတိုင်း ကြက်သေ သေသွားလေသည်။ အကြည့်များက ထိုင်းမှိုင်းလာသည်။
နတ်ဆိုးအားလုံး၏ မျက်နှာတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေပြီး ယဲ့ဖန် ထိုသို့ ပြောလာလိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည်။
*နတ်ဆိုးမျိုးနွယ်ကို ဖျက်သိမ်းလိုက်ပြီလား*
တစ်နည်းပြောရလျင် သူတို့ စွန့်ပစ်ခံလိုက်ရခြင်းပင်။ ယဲ့ဖန်က သူတို့အပေါ် လက်လျှော့သွားလေပြီ။
သူတို့သည် သေရမည်ကိုမကြောက်ပါ။ အသေခံလိုသည့် စိတ်ပင် ရှိပါသည်။ သို့သော် ပြဿနာမှာ ယဲ့ဖန်က သူတို့ကို နည်းနည်းလေးမှ အခွင့်အရေး မပေးခြင်းပင်။
“အရှင်မင်းမြတ် ထပ်စဉ်းစားပေးပါဦး၊ ကျွန်တော်တို့ တကယ် အသုံးဝင်လာမှာပါ၊ ကျေးဇူးပြုပြီးတော့ …”
နလန်ရှောင်က ယဲ့ဖန်ရှေ့၌ နဖူးနှင့် ကြမ်းပြင် တဒုန်းဒုန်းတိုက်၍ တောင်းပန်နေ၏။ တစ်ခဏအတွင်း နဖူး၌ သွေးများ ရွှဲလာသည်။
“အရှင်မင်းမြတ် ကျွန်တော်တို့ကို လက်မခံနိုင်တော့ဘူးဆိုရင်တောင်မှ နောက်ဆုံးထွက်သက်အထိ အရှင့်ကို အဖော် လုပ်ခွင့်ပေးပါ”
ကင်းမြီးကောက် လူသတ်သမားက ရှိုက်သံဖြင့် ပြောလာပြီး ယဲ့ဖန်အား ဝမ်းနည်းစွာ ကြည့်လေသည်။
“ထွက်သွားစမ်း”
သို့သော် ယဲ့ဖန်က လူမဆန်စွာဖြင့် အော်ငေါက်လိုက်သောကြောင့် လေပြင်းတိုက်ကာ ကင်းမြီးကောက် လူသတ်သမားနှင့် နလန်ရှောင်တို့ ပြိုင်တူ လွင့်သွားကြသည်။
“ဝေါ့”
“ဝေါ့”
ထို့နောက် နှစ်ယောက်လုံး သွေးအန်လာပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူတို့ ပြန်မထနိုင်တော့ဘဲ ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
“ရှုဖူ၊ ချုံးချီ သွားကြမယ်၊ ဒီသုံးစားမရတဲ့ အမှိုက်ကောင်တွေကို သူတို့ဘာသာ သေပါစေ”
ယဲ့ဖန်က ခနဲ့၍ တန်းတန်းမတ်မတ် ထွက်သွားသည်။ ထိုစကားက ရင်နာစရာ ကောင်းလှသည်။ အခြေအနေက လုံးဝ တိတ်ဆိတ်သွားလေသည်။
လူတိုင်း အူကြောင်ကြောင် ဖြစ်နေပြီး သူတို့ နှလုံးသားထဲမှ ပြိုင်ဘက်ကင်း၍ ကြီးမြတ်သော ပုဂ္ဂိုလ်က သူတို့အား စွန့်ပစ်သွားသည်ကို မယုံနိုင် ဖြစ်နေဆဲပင်။
သူသည် သူတို့ ရုန်းကန်လိုသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာမှ နတ်ဆိုးများအားလုံးသည် ထိုလူအား အဖော်ပြု၍ ကျယ်ပြောသော စကြဝဋ္ဌာအတွင်း၌ ခြေချ၍ အရပ်မျက်နှာအနှံ့ တိုက်ခိုက်ချင်ကြသည်။
သို့သော် ယခုအချိန်၌ သူတို့၏ အိပ်မက်များ ပျက်စီးသွားလေပြီ။
“သွားပြီ၊ အားလုံး ပြီးသွားပြီ”
နတ်ဆိုးမျိုးနွယ်များ ကြမ်းပြင်ပေါ်သို့ ကူကယ်ရာမဲ့စွာ လဲကျသွားပြီး မျက်နှာ ပြာနှမ်းသွားသည်။
“နတ်ဆိုးမျိုးနွယ် ဖျက်သိမ်းလိုက်ပြီ၊ ဟားဟားဟား ဖျက်သိမ်းလိုက်ပြီတဲ့”
နတ်ဆိုးမျိုးနွယ် တစ်ယောက်ပြီး တစ်ယောက်က မျက်ရည်လည်ရွဲဖြင့် ရူးသွားသကဲ့သို့ ဖြစ်သွားလေသည်။ လက်ရှိတွင် သူတို့၏ စိတ်နှလုံးသားသည် ယဲ့ဖန်ကြောင့် တစ်စစီ ကွဲကြေနေ၏။
“သွားမယ်၊ သွားမယ်၊ ငါတို့လို အသုံးမကျတဲ့လူတွေက အရှင်မင်းမြတ်နဲ့ အတူရှိနေဖို့ မထိုက်တန်ဘူး၊ သူ့ကို ဆွဲချသလိုပဲ ဖြစ်စေမှာ၊ ဟားဟားဟား လတ်စသက်တော့ ငါတို့မှာ သူ့အတွက် အသေခံနိုင်မယ့် အခွင့်အရေး တောင် မရှိပါလား”
ကိုယ့်ကိုယ်ကိုယ် ပြစ်တင်သော ရယ်သံ ထွက်ပေါ်လာသည်။ အားလုံး၏ မျက်နှာက ပြာနှမ်းကာ ကြည့်ရဆိုးနေ၏။
“နတ်ဆိုးမျိုးနွယ် ပြီးသွားပြီတဲ့လား၊ ငါတော့ အဲ့လိုမထင်ဘူး”
သို့သော် ထိုအခိုက်တွင် တစ်ဖက်၌ ငြိမ်နေခဲ့သော ထန်မင်လီးက စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်၍ မှုတ်ထုတ်လိုက်သည်။ သူ့အမူအရာ တည်ကြည်လေးနက်နေ၏။
“အဘိုးကြီးထန် အရှင်မင်းမြတ် ပြောသွားတာကို ခင်ဗျား မကြားဘူးလား”
ဟွမ်ထျန်းချန်က ခါးသီးသော မျက်နှာနှင့် မေးလိုက်သည်။ ထန်မင်လီက ရယ်လေသည်။
“ငါ ကြားတယ်လေ၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ၊ အရှင် ငါတို့ကို ဘာပြောခဲ့ဖူးသလဲ ဆိုတာကို မင်းတို့ မေ့နေပြီလား၊ လူတစ်ယောက် ဘာပြောသလဲ နားမထောင်နဲ့၊ သူ ဘာလုပ်သလဲဆိုတာကိုပဲ ကြည့်တဲ့လေ”
“မင်းတို့အမြင်မှာ ငါတို့ ယဲ့ဘုရင်က ငကြောက်တစ်ယောက် ဖြစ်နေသလား”
ထန်မင်လီ မေးလိုက်သည်။ လူတိုင်း ပြိုင်တူ ခေါင်းခါကြသည်။ ယဲ့ဘုရင်သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ နတ်ဆိုးက ကြောက်တတ်ပါမည်လော။
“ဒါဆို သူ ခုနစ်နိုင်ငံ မဟာမိတ် အင်အားစုကို ကြောက်လို့ ငါတို့ကို စွန့်ပစ်တယ်လို့ မင်း ထင်လား”
ထန်မင်လီက ထပ်မေးလိုက်သည်။
“ဒါဆို အရှင်မင်းမြတ်က ဘာလို့ ဒီလိုစကားမျိုး ပြောသလဲ”
လူတိုင်းက ထန်မင်လီကို တအံ့တဩ ကြည့်နေပြီး သူ့စကားကို စောင့်နေကြသည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း၊ အရှင်မင်းမြတ်က ငါတို့အတွက် နည်းနည်းလေးပဲ ပေးဆပ် ခဲ့သလား၊ သူ့အသက်ကိုတောင် သူ ဥပေက္ခာပြုနိုင်ရင် ဘယ်လိုလုပ် ငါတို့ရဲ့ အားနည်းချက်ကြောင့် သူ ငါတို့ကို စွန့်ပစ်မှာလဲ”
ချက်ချင်းဆိုသလိုပင် နတ်ဆိုးတိုင်း၏ မျက်လုံးများက မီးတောက်လာပြီး အသက်ပြန်ဝင်လာသကဲ့သို့ ကြောက်ရွံ့၍ ဝမ်းသာနေကြသည်။
“ငါ နားလည်ပြီ၊ အရှင်မင်းမြတ်က ငါတို့ကို အလကားသက်သက် မစတေးစေချင်တာပဲ၊ အဲ့ဒါကြောင့် သူက လူယုတ်မာလို ဟန်ဆောင်သွားတာ”
နလန်ရှောင်က လူအုပ်ကြီးကို တွန်းတိုက်၍ အနားသို့ လျှောက်လာသည်။ ထန်မင်လီက သူ့ကို လက်မထောင် ပြလိုက်သည်။
“ဉာဏ်ကောင်းတယ်”
ထို့နောက် ထန်မင်လီက ဆက်ပြောလေသည်။
“ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် အရှင်မင်းမြတ်က စစ်မြေပြင်ကို သွားတဲ့လမ်းကို ရောက်နေလောက်ပြီ ဟုတ်တယ် မလား”
“နတ်ဆိုး အငွေ့အသက် အင်ပါယာအတွက် သူ အများကြီး လုပ်ပေးခဲ့ပြီးပြီ၊ စိတ်မကောင်းပါဘူး၊ ငါ အဲ့လူကို အရာအားလုံး ထမ်းပိုးခွင့် မပြုနိုင်ဘူး”
ထန်မင်လီက စီးကရက်ကို ပစ်ချ၍ ငြှိမ်းလိုက်ပြီးနောက် သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။
“အိုမင်းနေတဲ့ ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင်မှပေါ့”
လူတိုင်း ထိတ်လန့်သွားပြီး ရုတ်တရက် မျက်နှာ ပြာနှမ်းလာကာ ဒေါသစိတ်တို့ တောက်လောင်လာ၏။
ထိုလူသည် အပြင်လူများ၏ အမြင်တွင် နတ်ဆိုးသဖွယ် ရက်စက်ကြမ်းကြုတ်ပြီး လူ့သဘာဝကို ဖျက်ဆီးသူ ဖြစ်သည်။
သို့သော် သူ ဘယ်လောက်များများ ထမ်းပိုးထားရသလဲကို မည်သူမှ မသိနိုင်ပါ။ သန်မာသည်၊ လွှမ်းမိုးနိုင်သည်က အပြင်ပန်း အသွင်အပြင်သာ ဖြစ်သည်။ ထိုလူသည် စိတ်သောက ရောက်နေသော လူတစ်ယောက်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆုံးသတ်၌ သူသည် သူ့ကိုယ်သူသာ အားကိုးရသောကြောင့်ပင်တည်း။ သူ့ကိုယ်သူသာ မှီခိုအားကိုး၍ အခြားသူများကို ကယ်ခဲ့ရသည်။ မည်သူမှ သူ့ကို မကယ်နိုင်ပါ။
ဤသည်ကို တွေးမိပြီးနောက် ထန်မင်လီသည် ဓားနှင့်အထိုးခံရသကဲ့သို့ မခံစားဘဲ မနေနိုင်ချေ။ နလန်ရှောင်နှင့် အခြားသူများလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လာကြသည်။
ထန်မင်လီသည် ပင့်သက်ရှိုက်လိုက်ပြီးနောက် တစ်ဖက်လှည့်၍ ယဲ့ဖန် ထွက်သွားသောဘက်သို့ လိုက်သွား လေသည်။
နလန်ရှောင်နှင့် အခြားသူများသည်လည်း အချင်းချင်း ပြတ်သားသော မျက်နှာထားများနှင့် ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ အနောက်မှ လိုက်သွားကြသည်။
ထိုအချိန်တွင် နဂါးကိုးကောင် မီးလင်းဖိုအတွင်းမှ လီဟွမ်ဟွမ်သည် အားလုံးကိုကြားပြီး ငိုယိုလေတော့သည်။
“ခက်ခဲလိုက်တာ၊ ဒီကလေးရဲ့ ဘဝက ခက်ခဲလိုက်တာ”
ယဲ့ဖန် ဘာတွေကိုများ ကြုံတွေ့ခဲ့ရ၍ အခြားသူများအပေါ် ယုံကြည်မှုကင်းမဲ့ပြီး သူ့ကိုယ်သူသာ ယုံကြည် အားထားနေရသလဲ သူမ မတွေးတတ်တော့ပါ။
တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်နေပြီး ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းရွက်ထားရသည်။
အိုးရန်ချင်ရွှယ်က မာနကြီးပြီး အစပိုင်း၌ ရန်သူများစွာကို ရန်စမိခဲ့သော်လည်း သူမအနောက်ဘဲ သူမကို ကူညီပေးမည့် အိုးရန်မိသားစု ရှိနေမြဲပင်။
သို့သော် ယဲ့ဖန်မှာတော့ ဘာမှမရှိချေ။ အဆုံးသတ်၌ သူ့ဘေးတွင် မည်သူမှ မကျန်ရစ်ပေ။
ဤသည်က ယဲ့ဖန်အတွက် အလွန် ရက်စက်လွန်းသည် မဟုတ်ပါလော။
သူ ဘာလို့ ဤအရာအားလုံးကို ကျိတ်မှိတ် ခံစားနေရနည်း။
လူတစ်ယောက်က သန်းချီသော စစ်တပ်အား တစ်ကိုယ်တည်းအင်အားဖြင့် ရင်ဆိုင်ရမည်က မည်မျှ ကူကယ်ရာမဲ့ လှသနည်း။
သူမ မတွေးနိုင်တော့ပါ။
တကယ်တမ်းတွင် ယဲ့ဖန်သည် ထွက်ပြေးနိုင်၏။ အရာအားလုံးကို စွန့်ပစ်၍ အဝေးဆုံးသို့ ထွက်ပြေးနိုင်ပါသည်။ သို့သော် သူသည် နတ်ဆိုး အငွေ့အသက် အင်ပါယာအတွက် နိုင်ငံရှေ့၌ မားမားမတ်မတ် ရပ်တည်နေဆဲပင်။
အကြောင်းပြချက်မှာ သူ ပြောခဲ့သကဲ့သို့ ရိုးစင်းပါ၏။
“ကိုယ့်ပြဿနာကို ကိုယ်သာလျင် ရင်ဆိုင်ရမည်”