← Chapters

ညီအစ်ကိုများ ပြန်လာပြီ

Vol. 110 Ch. 1640

ညီအစ်ကိုများ ပြန်လာပြီ

Vol. 110 Ch. 1640

“ဘယ်သူက သူ့ကို ငါတို့အကူအညီကို ငြင်းဖို့ ပြောလို့လဲ၊ ဒီလောက် ရှေးကျတဲ့ အင်အားစုတွေကို သူ တစ်ယောက်တည်း တိုက်မယ်လို့ တွေးကတည်းက သူ သေသင့်နေပြီ”

အိုးရန်လင်းက ဒေါသတကြီး ပြောလာသည်။

“သေလိုက်ပါလား၊ တကယ်လို့ သူက ကျွန်မတို့ အကူအညီကို ယူမယ်ဆိုရင် ရှင့်အိမ်က ရှင့်အဆင့်အတန်းပေါ် မှီခိုရတော့မှာလေ၊ ရှင် သူတို့အားလုံးကို သူ့ကို စွန့်စားပြီး ကာကွယ်ပေးအောင် နားချနိုင်လား”

လီဟွမ်ဟွမ်က သူ့အား မဲ့ရွဲ့၍ ပြောလိုက်သည်။

“အိုးရန်လင်း ရှင့်ညီအစ်ကိုနှစ်ယောက်မှာ ဘယ်လိုအကျင့်ရှိလဲ ရှင် မတွေးတော့ဘူးလား”

အိုးရန်လင်းက ရုတ်တရက် စီးကရက်တံကို မီးညှိ၍ သောက်နေကာ မျက်နှာက အလွန်အမင်း သုန်မှုန်နေသည်။ သို့သော် သူသည် စိတ်ဓာတ်ကျနေသော အခြေအနေ ဖြစ်သဖြင့် တစ်ခွန်းမျှ မပြောနိုင်ပါ။

“ငါ့အစ်မက သူ့တစ်ဘဝလုံး ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်၊ ဒါပေမဲ့ သူက မွေးလာတဲ့ကလေးက သူ့ထက် ပိုပြီး ဒုက္ခကြီးနေတယ်၊ သူတို့သားအမိက ဘယ်သူ့ကိုများ ရန်လုပ်မိလို့ပါလိမ့်”

လီဟွမ်ဟွမ်က မကျေမချမ်းဖြစ်သော မျက်နှာနှင့် ပြောလာသည်။ သူမစကားကိုကြားသော် အိုးရန်လင်းက ခေါင်းမော့ကြည့်၍ ခပ်မာမာ ပြောလိုက်သည်။

“ကောင်းကင်ဘုံက သူခိုးကြီးလေ”

….

တစ်ချိန်တည်းမှာပင် ငရဲမိစ္ဆာပင်လယ်တွင်း၌ ဖြစ်သည်။ ၎င်းပင်လယ်သည် ကိုးပြည်နယ်အတွင်း၌ ကြောက်စရာ အကောင်းဆုံး ပင်လယ်ပြင် ဧရိယာ ဖြစ်သည်။ ဤနေရာ၌ ရှိသော ပင်လယ်သားရဲများသည် လောကတွင်း၌ အကြမ်းကြုတ်ဆုံး ဖြစ်ပြီး အဖွဲ့လိုက် အမဲလိုက်ကြသည်။ ဤဧရိယာသို့ အင်မော်တယ် ဧကရာဇ်များ ခြေချမိလျင် သေဆုံးနိုင်ပေသည်။

တစ်ခါက ထောင်လွှားတတ်သော အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်သည် သူ့ခွန်အားဖြင့် ငရဲမိစ္ဆာ ပင်လယ်ကို ချုပ်ကိုင်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူသည် ပင်လယ်သားရဲတစ်စု၏ တိုက်ခိုက်ခြင်း ခံရပြီး ထိုနေ့မှာပင် အရှင်လတ်လတ် အစားခံလိုက်ရသည်။

လက်ရှိတွင် ငရဲမိစ္ဆာပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူနေ၏။ ဆူနာမီမုန်တိုင်း တိုက်ခိုက်ကာ သားရဲများ၏ အော်သံက မိုးပွင့်မတတ်ပင်။ ထိန်းမနိုင်သိမ်းမရ ဆူပူအုံကြွနေ၏။

ဧရာမ ပင်လယ်သားရဲများသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ခေါင်းပြူ၍ ပင်လယ်ဘုရင် ကျောက်တန်းပေါ်၌ ထိုင်နေသော လူကို ကြည့်နေကြသည်။

ပင်လယ်ဘုရင်ကျောက်တန်းပေါ်တွင် မည်သူမှ မထိုင်နိုင်သည်မှာ နှစ်တစ်သောင်း ရှိခဲ့လေပြီ။ ၎င်း၌ ထိုင်နိုင်သော သူများသည် ဧကန်မုချ ငရဲမိစ္ဆာပင်လယ်၏ ပင်လယ်ဘုရင် ဖြစ်လာပေမည်။

နှစ်တစ်သောင်းအတွင်း ဤပင်လယ်ဘုရင်ကျောက်တန်း၌ ထိုင်နိုင်ရန် ယှဉ်ပြိုင်ခဲ့ပြီး ပင်လယ်တွင်း၌ နစ်မြုပ်သွားသော ပင်လယ်သားရဲများ ဘယ်လောက်များများ ရှိခဲ့သလဲဆိုတာကိုပင် မရေတွက်နိုင်တော့ပါ။ သို့သော် ယခုအထိ အားလုံးကို အနိုင်ယူနိုင်သူ မရှိသေးပေ။

ထိုအဖြစ်က လွန်ခဲ့သော နှစ်နှစ်မတိုင်ခင်အထိသာ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က လူတစ်ယောက် ရောက်လာခဲ့သည်။

သူသည် ပင်လယ်ဘုရင် ကျောက်တန်းပေါ် တက်ပြီး ပင်လယ်သားရဲများအားလုံး ဒေါသထွက်စေသည့် စကားတစ်ခွန်းကို ပြောခဲ့လေသည်။

သူ ပြောခဲ့သည်မှာ …

“အခုကစပြီး ငါက ပင်လယ်ဘုရင်ပဲ၊ လက်မခံတဲ့သူ … ငါနဲ့ လာချ”

ထိုနှစ်များအတွင်း မရေတွက်နိုင်သော ပင်လယ်သားရဲများ ပင်လယ်ဘုရင် ကျောက်တန်းပေါ် တစ်ကောင်ပြီး တစ်ကောင် တက်၍ ထိုလူနှင့် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အားလုံး ကျဆုံးခဲ့သည်။ သူ၏ ခြေဖဝါးအောက်၌ အလောင်းများ ပုံခဲ့ပြီး ပင်လယ်အောက်သို့ နစ်မြုပ်သွားလေသည်။

ပင်လယ်ဘုရင် ကျောက်တန်းသည် စတုရန်းမီတာ ရာဂဏန်းအချို့မျှသာ ရှိသော်လည်း ယခုအခါ၌ ပင်လယ် သားရဲများ၏ အလောင်းများ ပုံလာသောကြောင့် ဆယ်မိုင်ကျော် ကျယ်ပြန့်ကာ ကျွန်းတစ်ကျွန်းသဖွယ် ဖြစ်နေသည်။

ထို့အတူ ထိုလူသည် ပြင်းထန်သော ဒဏ်ရာများ အကြိမ်ကြိမ် ရရပြီး ခက်ခက်ခဲခဲ အသက်ရှင်ခဲ့သည်။ ထို့နောက်တွင်မူ မည်သည့် ပင်လယ်သားရဲကမှ သူ့ကို စိန်မခေါ်ရဲတော့ချေ။

ယနေ့တွင် သူသည် ပင်လယ်ဘုရင်ဟူသော ဘွဲ့ကို တရားဝင် ရရှိကာ ကိုးပြည်နယ်အတွင်း၌ ကြောက်စရာ အကောင်းဆုံးနှင့် အကြမ်းတမ်းဆုံး ငရဲမိစ္ဆာပင်လယ်ကို စုစည်းနိုင်ခဲ့လေပြီ။

ထိုသူမှာ နတ်ဆိုးနဂါး ဖုရှန်ပင်တည်း။ ပင်လယ်ဘုရင်တို့၏ မျိုးဆက်သစ် ဘုရင်ပင်။

“အချိန်တန်ပြီ၊ ထွက်သွားဖို့ အချိန်တန်ပြီ”

လက်ရှိတွင် သူသည် မတ်တပ်ရပ်နေပြီး မျက်လုံးများက ခက်ထန်နေသည်။ သူ၏ မျက်ခွံတစ်ခုလုံးကို ဖုံးအုပ်နေသည့် ထိတ်လန့်စရာ အမာရွတ်တစ်ခု ဘယ်အချိန်တုန်းက ရှိလာမှန်း သူ သတိမထားမိပေ။

“ပင်လယ်ဘုရင်၊ ဘယ်သွားမလို့လဲ၊ ကျုပ်တို့ကို တစ်ယောက်တည်း ထားခဲ့ချင်တာလား”

“ပင်လယ်ဘုရင်၊ ငရဲမိစ္ဆာ ပင်လယ်က ခင်ဗျား အုပ်ချုပ်မှာကို စောင့်နေတာပါ၊ ဒီလို ထွက်သွားလို့ မဖြစ်ပါဘူး”

သန်မာသော ပင်လယ်သားရဲများသည် လက်ရှိ၌ တစ်ကောင်ပြီး တစ်ကောင် ပြောဆိုလာကြသည်။ ဤသို့ သန်မာသော ဘုရင်တစ်ပါး ထွက်ပေါ်လာရန် သူတို့အတွက် အလွန် ခက်ခဲပေ၏။ ဘယ်လိုလုပ် သူ့ကို အလွယ်တကူ ထွက်သွားခွင့် ပြုနိုင်ပါမည်နည်း။

သို့သော် နတ်ဆိုးနဂါး ဖုရှန်က ရယ်လိုက်သည်။

“ငါ့မျက်လုံးထဲမှာ ငရဲမိစ္ဆာ ပင်လယ်က နယ်မြေ အပိုင်းအစ တစ်ခုသာသာပဲ ရှိတယ်၊ ငါ့ပန်းတိုင်က ပိုပြီး ကျယ်ပြန်တဲ့ နေရာပဲ”

“မဖြစ်နိုင်ဘူး၊ ဒီလောကမှာ ငရဲမိစ္ဆာပင်လယ်ထက် ပိုကျယ်ပြန့်တဲ့ ပင်လယ်ပြင် ရှိလို့လား”

ပင်လယ်သားရဲများ မယုံသင်္ကာဖြင့် ပြောလာကြသည်။ နတ်ဆိုးနဂါး ဖုရှန်က ခေါင်းမော့၍ ကောင်းကင်ကို ကြည့်၍ ရယ်လေသည်။

“ရှိတာပေါ့၊ အဲ့ဒါက အဆုံးအစမရှိတဲ့ ကြယ်ပင်လယ်ပဲ၊ ငါက ကြယ်ပင်လယ်ရဲ့ ပင်လယ်ဘုရင် ဖြစ်ချင်တာ”

ပင်လယ်သားရဲများ အံ့ဩကုန်သည်။ သူတို့သည် အလွန် ဉာဏ်ကောင်းသော သားရဲများ မဟုတ်သော်လည်း ၎င်းက ရရှိရန် လွယ်ကူသော အရာ မဟုတ်ကြောင်း သိပါသည်။

“ပြီးတော့ ငါ လူတစ်ယောက်ကို သူနဲ့အတူ စကြဝဋ္ဌာထဲမှာ ခရီးဆက်မယ်လို့ ကတိပေးခဲ့တယ်၊ ငါ ကတိကို မဖျက်နိုင်ဘူး”

“အဲ့လူက ပင်လယ်ဘုရင်ဖြစ်တဲ့ ခင်ဗျားထက် ပိုသန်မာလား”

ပင်လယ်သားရဲတစ်ကောင်က အလန့်တကြား မေးလာသည်။

“ဒါပေါ့၊ သူက ငါ့ထက် အဆတစ်ရာ သန်မာတယ်၊ မဟုတ်ဘူး၊ အဆတစ်ထောင်၊ အဆတစ်သောင်း ဖြစ်မယ်”

ထိုလူအကြောင်း ပြောသောအခါ နတ်ဆိုးနဂါး ဖုရှန် ညင်သာစွာ ပြုံးနေသည်။

ချက်ချင်းဆိုသလိုပင် ပင်လယ်သားရဲများအားလုံး ထိတ်လန့်သွားကြသည်။

*ပင်လယ်ဘုရင်ထက်တောင်မှ သန်မာတယ်တဲ့လား*

*အဲ့လိုလူမျိုး ဒီလောကမှာ တကယ် ရှိလို့လား*

ပင်လယ်ဘုရင်သည် ပင်လယ်သားရဲ တစ်သောင်းနှင့် တိုက်ခိုက်ခဲ့သော အလွန် သန်မာသည့် လူတစ်ယောက် ဖြစ်သည်။ သူ၏ ခွန်အားဖြင့် ပင်လယ်ဘုရင်ဟူသော ပုလ္လင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ၌ သူ့ထက် သန်မာသော တစ်စုံတစ်ယောက် ရှိနေသည်တဲ့လား။ မယုံနိုင်စရာပင်။

“အဲ့လူ သေသွားပြီထင်လို့ ငါ ဒီကို လာခဲ့တာ၊ အခု သူ အသက်ရှင်နေတယ်ဆိုတဲ့ သတင်းကို ငါ ရလိုက်တယ်၊ အဲ့ဒါကြောင့် ငါ သူ့ဆီ သွားမှရမယ်”

နတ်ဆိုးနဂါးဖုရှန်က ထွက်သွားရန် ပြင်လေသည်။ တောင်ကုန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ကြီးမားသော ထောင်သောင်းချီသည့် ပင်လယ်သားရဲများသည် မျှော်လင့်တကြီးဖြင့် ပြိုင်တူ မေးလာကြသည်။

“ပင်လယ်ဘုရင် ကျုပ်တို့လည်း အဲ့လို သန်မာတဲ့လူနောက်ကို လိုက်ချင်တယ်၊ လိုက်လို့ရမလား”

ပင်လယ်ဘုရင်ကဲ့သို့သောလူပင် အညံ့ခံရသောသူသည် ပြိုင်ဘက်ကင်းသောသူ ဖြစ်ကိုဖြစ်ရပေမည်။

“ရတာပေါ့”

နတ်ဆိုးနဂါး ဖုရှန်က ညတာတမျှ မည်းနက်ကြီးမားသည့် ဧရာမ နတ်ဆိုးနဂါးအသွင် ပြောင်းလိုက်ပြီးနောက် ပင်လယ်ပြင်ထဲ ဆင်း၍ ကူးခတ်လေတော့သည်။

“ဟားဟားဟား သွားမယ်ဟေ့”

“လိုက်ကြ၊ နောက်ကလိုက်ကြ”

“ပင်လယ်ဘုရင်တောင်မှ လေးစားရတဲ့သူကို သွားတွေ့ကြမယ်ဟေ့”

ငရဲမိစ္ဆာပင်လယ်တွင်းမှ ထောင်သောင်းချီသော သန်မာသည့် ပင်လယ်သားရဲများက ဝမ်းသာအားရ ကြွေးကြော် ကြပြီးနောက် အလုအယက် ခရီးနှင်ကြလေသည်။

….

အသူရာနယ်မြေ၊ ကိုးပြည်နယ်တစ်ခုလုံး၌ ကြောက်စရာအကောင်းဆုံးသော နယ်မြေ။ တစ်ချိန်တည်းမှာပင် သိုင်းပညာများအတွက် မြင့်မြတ်သော နေရာတစ်ခုလည်း ဖြစ်သည်။

ကိုးပြည်နယ်တစ်ခွင်လုံးမှ သိုင်းပညာရှင်များသည် ဤနယ်မြေအတွင်း၌ ရှိနေသော သိုင်းပညာရှင်များနှင့် သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်၍ သူတို့၏ ခွန်အားကို သက်သေပြရန် လာကြသည်။

အဘယ်ကြောင့်ဆိုသော် အသူရာနယ်မြေသို့ လာရဲသည့် သိုင်းပညာရှင်များကို “အသန်မာဆုံး” ဟူသည့် ဘွဲ့ကို ပေးကြသောကြောင့်ပင်တည်း။

နိုင်ပွဲတိုင်းက သူတို့ကို အတောမသတ်နိုင်သော ဂုဏ်သိက္ခာကို ရရှိစေသည်။

အသူရာနယ်မြေ၏ အဖျားပိုင်း၌ မရေတွက်နိုင်သော ဦးခွံများဖြင့် တည်ဆောက်ထားသော မြို့တံတိုင်းတစ်ခု ရှိသည်။ ဤဦးခေါင်းခွံများ၏ ပိုင်ရှင်များသည် တစ်ချိန်က ကြောက်စရာကောင်းသော လူများ ဖြစ်ခဲ့ကြသည်။

သူတို့သည် အင်မော်တယ် ဧကရာဇ်များ၊ နတ်ဘုရင်များ၊ သူတော်စင်သခင်များ စသည့် သိုင်းအဆင့်များ ရှိသော လူများ ဖြစ်လေသည်။

အသူရာနယ်မြေတွင်း၌ ပြိုင်ပွဲတစ်ရာအတွင်း ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းနိုင်သော သိုင်းပညာရှင်သည် အလွန် ကြောက်စရာကောင်းပြီး အသန်မာဆုံးဟူသော ဘွဲ့ကို ရရှိလေသည်။

လွန်ခဲ့သော သုံးနှစ်က ဤနေရာသို့ လူတစ်ယောက် ခြေချလာသည်။ အစပိုင်း၌ သူသည် ဆယ်ပွဲဆက်တိုက် ရှုံးပြီး၊ နောက်ပိုင်းတွင် ငါးပွဲနိုင်၊ ငါးပွဲရှုံး ဖြစ်ခဲ့ပြီး ယနေ့သို့ ရောက်သောအခါ ပွဲပေါင်းတစ်သောင်းတိတိ ရှုံးပွဲမရှိ ဖြစ်သွားလေသည်။

သုံးနှစ်တည်းနှင့် သူ ထိုသို့လုပ်နိုင်ခဲ့သည်။ ပွဲပေါင်း တစ်သောင်းတိတိ ပြိုင်ဘက်ကင်းပြီး အသူရာနယ်မြေတွင်း၌ ယခုအထိ အသန်မာဆုံး ဖြစ်သည်။

သူ့အား အသူရာနယ်မြေတစ်ခုလုံးက အသူရာဘုရင်ဟု ခေါ်ကြပြီး အားလုံးက လေးစားက အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ သူ့ခြေဖဝါးအောက်၌ အညံ့ခံရသည်။

ယခုအခါတွင် သူသည် ခန္ဓာကိုယ် အပေါ်ပိုင်းက ဗလာကျင်းနေပြီး ဘုရင့်ပုလ္လင်ပေါ်တွင် ထိုင်နေပြီး တစ်ကိုယ်လုံး သွေးများ ရွှဲရွှဲစိုနေကာ လက်ထဲတွင် ငွေရောင် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားပြီး အားပါးတရ သောက်နေသည်။ သူ့မျက်နှာက‌ ကြောက်စရာ ကောင်းလှသည်။

သူ့ခြေဖဝါးအောက်၌ အလောင်းတစ်လောင်းကို နင်းထားသည်။ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်၏ အလောင်းပင်။

နောက်ထပ် စိန်ခေါ်သူတစ်ယောက်၊ နောက်ထပ် သားကောင်တစ်ယောက် အသူရာဘုရင်၏ ခြေတော်အောက်၌ ကျဆုံးသွားပြန်လေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံးက ရက်စက်ခက်ထန်ပြီး ကျောချမ်းဖွယ် အငွေ့အသက် ပြည့်နှက်နေပြီး လေထုထဲတွင် သွေးညှီနံ့များ လှိုင်လှိုင်ထနေ၏။

သွေးညှီနံ့ ပြင်းလေ၊ ဘေးလူများ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လေပင်။ သူတို့၏ မျက်နှာတွင် အလွန် လေးစားဟန်များ ပြည့်နေပြီး အဆက်မပြတ် ကြွေးကြော်နေကြသည်။

“အသူရာဘုရင်”

“အသူရာဘုရင်”

“အသူရာဘုရင်”

“ဒုန်း”

သို့သော် ထိုအချိန်၌ ထိုလူသည် စားပွဲကို ဗြန်းခနဲ ရိုက်ချလိုက်ပြီး ခက်ထန်သော အမူအရာနှင့် ပြောလာသည်။

“ငါက အသူရာဘုရင် မဟုတ်ဘူး၊ ငါ့နာမည်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်”

အားလုံး အုံအုံကြွကြွဖြစ်ကာ သွေးဆာလာပြီး မိစ္ဆာအငွေ့အသက်တို့ ပြည့်လာသည်။

သူသည် ပိုသန်မာလာစေရန် အလို့ငှာ၊ ယဲ့ဖန်အတွက် လက်စားချေရန် အလို့ငှာ သန်မာသူ ဖြစ်မလာလျင် အသက် အသေခံမည်ဟု ဆုံးဖြတ်ချက်နှင့် သူ့အသက်ကို ရင်း၍ ဤအသူရာ နယ်မြေသို့ ခြေချခဲ့သည်။

နောက်ဆုံးတွင် သူသည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။

“ဘာ … သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တဲ့လား”

လူတိုင်း မျက်လုံးပြူးသွားကြသည်။

*ဒါဆို ဒါက အသူရာဘုရင်ရဲ့ နောက်ခံ အစစ်လား*

“သတ်ဖြတ်ခြ်င်း နတ်ဆိုးသခင်လား၊ ကျုပ် မှတ်မိသလောက်ဆို အဲ့လူက ယဲ့ဘုရင်ရဲ့လူ ထင်တယ်၊ မဟုတ်မှလွဲရော ခင်ဗျားက ...”

“ဟုတ်တယ် ငါက ယဲ့ဘုရင်ရဲ့ လက်အောက်ငယ်သားပဲ၊ ငါ ဒီကို လာလေ့ကျင့်ရတဲ့ အကြောင်းရင်းက သူ့အတွက် လက်စားချေမလို့၊ အခု ငါ ထွက်သွားတော့မယ်”

*ဘာ*

*ဒီနေရာကို လက်စားချေဖို့အတွက် လေ့ကျင့်ဖို့ လာတာ ဟုတ်လား၊ ဒီလူ ဘာတွေ တွေးနေတာလဲ၊ သူ ရူးနေပြီလား*

*သူ သတိမထားရင် ဒီမှာ သေသွားမှာကို မစိုးရိမ်ဘူးလား*

“ယဲ့ဘုရင်၊ သူက ဘယ်လိုလူစားမျိုးလဲ”

တစ်ယောက်က မေးလာသည်။ သူတို့အများစုသည် ယဲ့ဖန်အကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မိမိမျက်လုံးဖြင့် တပ်အပ် မမြင်ဖူးကြပါ။

သူက ဘယ်လိုလူစားလဲ ဆိုသည်ကို သူတို့ တကယ် သိချင်ကြသည်။ သတ်ဖြတ်ခြင်းနတ်ဆိုးသခင်၏ လေးစားခြင်း ခံရလောက်အောင် ထိုက်တန်လေသလား သိချင်နေ၏။

အစက သူတို့သည် သတ်ဖြတ်ခြင်းနတ်ဆိုးသခင်ကဲ့သို့သော သန်မာ၍ မာနကြီးသောသူကို မည်သူမှ အညံ့ခံအောင် မလုပ်နိုင်ဟု သူတို့ ထင်ခဲ့ကြသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကဲ့သို့သောလူ၌ အသက်ကိုရင်း၍ အမှုထမ်းနေသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။

ထိုမေးခွန်းကို ကြားသော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပြုံးလိုက်သည်။

“သူက ငါ့ရင်ထဲက နတ်ဘုရားပဲ”

ထိုစကားက အားလုံးကို မှင်တက်သွားစေသည်။

*သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကတောင်မှ သူ့ကို နတ်ဘုရားလို သဘောထားတာလား*

*အဲ့ဒီလူက ဘယ်လိုလုပ် အဲ့လောက် အဆင့်အတန်း မြင့်မားနေရတာလဲ*

ထိုအခိုက်တွင် သူတို့သည် ယဲ့ဘုရင်က ဘယ်လိုလူမျိုးလဲ သိနေကြလေသည်။

“အသူရာဘုရင် တကယ်လို့ ခင်ဗျား ယဲ့ဘုရင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်သူက ပိုသန်မာပြီး ဘယ်သူက အားနည်းတာလဲ”

တစ်ယောက်က မေးလာသည်။

အသူရာနယ်မြေကဲ့သို့သော နေရာမှ သိုင်းပညာရှင်များသည် မိမိထက် သန်မာသူများကိုသာလျင် အညံ့ခံ ကြသည်။ ထို့အပြင် ယဲ့ဘုရင်၌ ခေါင်းသုံးလက်နှင့် လက်ခြောက်ဖက် ရှိလျင်တောင်မှ သူတို့က အထင်မကြီးပါ။

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပြုံးနေပြီး အံ့ဩလောက်သော စကားကို ပြောလာသည်။

“ငါ အရင်တုန်းက တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုပင်မယ့် အခုတော့ အကွက်တစ်ရာအတွင်း ငါ သေချာပေါက် ရှုံးမှာပဲ”

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြပြီး မျက်လုံးတွင် မယုံနိုင်လောက်အောင် သွေးပျက်ကြောက်ရွံ့ဟန်များ ပေါ်လာလေသည်။

*အကွက်တစ်ရာအတွင်း ရှုံးမယ်ဟုတ်လား*

*အသူရာနယ်မြေ၌ ပြိုင်ပွဲပေါင်း တစ်သောင်းတိတိ အနိုင်ယူခဲ့တဲ့ ဒီလူက အကွက်တစ်ရာအတွင်းတောင် မခံနိုင်ဘူးတဲ့လား*

ထိုအခိုက်တွင် သူတို့၏ ခြေထောက်များ တုန်နေကြသည်။

*အဲ့လူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေမလဲ*

*မတွေးဝံ့စရာပဲ*

ထိုအခိုက်တွင် သူတို့ နားလည်သွားကြလေသည်။

*အဲ့လူဆီမှာ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်လို ကြောက်စရာကောင်းတဲ့လူတောင် ကျေးကျွန်အဖြစ် အမှုထမ်း နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ*

လက်ရှိတွင် သူတို့အားလုံး၏ စိတ်ထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်လာသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ထက်ပင် ပိုတော်သော ထိုလူအား သူတို့၏ မျက်လုံးဖြင့် သေချာ တွေ့မြင်ချင်နေ၏။

All Chapters