နိုင်ငံကို ကာကွယ်ခြင်း
Vol. 110 Ch. 1641
လက်ရှိအချိန်၌ နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ နယ်စပ်တွင် ဖြစ်သည်။
ယွိကျဲ့နယ်မြေမှ မိစ္ဆာများသည် နတ်ဆိုးအငွေ့အသက် အင်ပါယာထဲသို့ ကျူးကျော်၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် ပြင်သော်လည်း လူတစ်ယောက်၏ တားဆီးခြင်း ခံလိုက်ရသည်။
ထိုသူမှာ ဘုရင်ဝမ်ရှန်ဟု ကျော်ကြားသူ ဖြစ်သည်။ ထိုသူသည် လွန်ခဲ့သော သုံးနှစ်က မြေရိုင်းနယ်မြေသို့ ခြေချခဲ့ပြီး သိုင်းကျင့်ကြံခြင်းအဆင့်အတွက် ရှေးဟောင်းသားရဲများကို တိုက်ခိုက်ခဲ့သည်။ မြေရိုင်းမြေ၌ လူသားတစ်ယောက် ခြေချလိုက်ခြင်းက ဝံပုလွေအုပ်ထဲ ပစ်ချခံလိုက်ရသော သိုးတစ်ကောင်လို ဖြစ်သွားပေလိမ့်မည်။
သို့သော် ဤလူသည် မြေရိုင်းမြေ၌ ရှေးဟောင်းသားရဲများကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ အသက် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
တစ်ခါကဆိုလျင် သားရဲတစ်ကောင်၏ အစာဖြစ်လုနီးပါးအထိ ဖြစ်ခဲ့လေသည်။
ဤလူ၏ ခန္ဓာကိုယ်တွင် အကောင်းပကတိ ဖြစ်သော အရေပြားဟူ၍ မရှိတော့ဘဲ အမာရွတ်များနှင့် ပြည့်နေသည်။ ထို့ကြောင့် ဘုရင်ဝမ်ရှန်ဟူသော နာမည်ကို ရလာခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်၌ အမာရွတ်ပေါင်း အနည်းဆုံး အခုတစ်သောင်းမျှ ရှိနေပြီး အားလုံးက မကြာသေးခင်နှစ်များမှ တိုက်ခိုက်မှုများကြောင့် ရလာခြင်း ဖြစ်လေသည်။
တစ်နေ့ တိုက်ပွဲတစ်ပွဲ သို့မဟုတ် တစ်နေ့လျင် တိုက်ပွဲများစွာ ဖြစ်ခြင်းက ပုံမှန်လို ဖြစ်လာသည်။ ယခု သူ၏ ဘယ်ဘက် အင်္ကျီလက်က ဗလာဖြစ်နေ၏။
သူ လက်မောင်းတစ်ဖက် ဆုံးရှုံးလိုက်ရလေပြီ။ ထိုအချိန်က သူသည် ရှေးဟောင်း သားရဲတစ်ကောင်၏ ဝါးမျိုခြင်း ခံရလုနီးပါး ဖြစ်ခဲ့သဖြင့် သူ့လက်တစ်ဖက်ကို ဖြတ်၍ လွတ်အောင် လုပ်ခဲ့ရသောကြောင့် ဤသို့ ဖြစ်လာခြင်းပင်။
ကြိုးစားသမျှ အရာထင်၍ ကံကောင်းပေသည်။ ယခု သူသည် မြေရိုင်းနယ်မြေ တစ်ခုလုံးက ရန်မစရဲသော လူတစ်ယောက် ဖြစ်လာလေပြီ။
သူ့အား ဝံပုလွေဘုရင်ဟု ခေါ်ကြသည်။ ဤလူမှာ တကယ်တမ်းတွင် လောဘအိုး ဝံပုလွေ ဖေးချမ်ပင်တည်း။
ယဲ့ဖန်အတွက် လက်စားချေရန် သူသည် အခြားသူများကဲ့သို့ အလွန် ကြီးမား ပြင်းထန်သော တန်ကြေးကို ပေးဆပ်ခဲ့သည်။
လက်မောင်းတစ်ဖက် ပြတ်သွားပြီး တစ်ကိုယ်လုံး အမာရွတ်များ ပြည့်နေသော်လည်း သူ အရေးမစိုက်ချေ။
လက်ရှိတါင် သူနှင့် သတ်ဖြတ်ခြင်း ဝံပုလွေအပြင် အခြားသူများသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာ ပြီးနောက် ယဲ့ဖန် ပြန်ရှင်သန်လာသည့် သတင်းကို ရခဲ့ပြီး သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
သူ၏ မျက်နှာတွင်လည်း ဖုံးဖိမရသော အပြုံးတစ်ခု ပေါ်လွင်နေသည်။ မြေရိုင်းမြေမှ ပြန်လာသော လမ်းတစ်လျှောက်တွင် ဖေးချမ်သည် ရယ်မြဲရယ်လာပြီး ဘာစကားကိုမှ နားမထောင်ချေ။
ထိုသို့ ပြုမူနေခြင်းက နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ ခြေမချမိခင်အထိသာ။
သူသည် ယဲ့ဖန် ပြန်ရှင်လာသည့်သတင်းကိုသာ ရခဲ့ပြီး နတ်ဆိုးအငွေ့အသက် အင်ပါယာသို့ ပြန်လာခဲ့သည်။ သို့သော် အင်အားကြီးသော ရန်သူများစွာက နတ်ဆိုး အငွေ့အသက် အင်ပါယာအား ဝိုင်းတိုက်နေသည်ကို သိလိုက်ရသောအခါ သူ ဒေါသထွက်သွားပြီး ဤမိစ္ဆာများကို တိုက်ခိုက်ရန် ရောက်လာခြင်း ဖြစ်လေသည်။
“ဘုရင်ဝမ်ရှန် ငါတို့ မင်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး၊ မင်း ဘာလို့ ငါတို့ကို ပြဿနာ ရှာချင်ရတာလဲ”
လူတစ်ယောက်က တည်ငြိမ်လေးနက်သော အမူအရာနှင့် မေးလိုက်သည်။
ဤသည်မှာ အလွန် ကြောက်စရာကောင်းသော ရန်သူ ဖြစ်လေသည်။ မြေရိုင်းနယ်မြေသည် သူတို့တောင်မှ ကြောက်လန့်ပြီး အလွယ်တကူ ခြေမချရဲသော နေရာ ဖြစ်သည်။ သို့သော် ဤလူက ထိုကြောက်စရာကောင်းသော နေရာ၌ တစ်ကိုယ်တိုင်း သတ်ဖြတ်ခဲ့ပြီး လူ့စိတ်နှင့် သားရဲဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
“မင်းတို့ ယဲ့ဖန်ကို သတ်ဖို့ နတ်ဆိုး အငွေ့အသက် အင်ပါယာထဲ ဝင်မှာ မဟုတ်လား”
ဖေးချမ်က အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။ သူသည် လက်တစ်ဖက် ပြတ်နေသော်လည်း ပို၍ ရက်စက် ကြမ်းကြုတ်ပုံ ပေါ်နေသည်။
“အဲ့တော့ ဘာဖြစ်လဲ”
အားလုံး စိတ်လေးလာကြသည်။
*မဟုတ်မှလွဲရော ဒီမကောင်းဆိုးဝါးကလည်း ယဲ့ဘုရင်နဲ့ ပတ်သက်နေတာလား*
“ဟုတ်တယ်ဆိုရင် မင်းတို့ သေဖို့ပဲ ရှိတယ်”
သူက ပခုံးတွန့်လိုက်ပြီး လေသံက အလွန် ခံစားချက်မဲ့ကာ ပေါ့ပါးလွန်းသည်။ သို့သော် ဤပေါ့ပါး၍ အရေးမစိုက်သော နောက်ကွယ်၌ အလွန် အေးစက်သော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ရှိလေသည်။
“ဘာလို့လဲ၊ မင်းနဲ့ ယဲ့ဖန်က ဘယ်လို ပတ်သက်တာလဲ”
အားလုံးက သူ့ကို ကြောက်လန့်တကြား ကြည့်လာသည်။
“ဘာလို့လဲဆိုတော့ ငါက သူ့ညီအစ်ကိုပဲ”
ထိုစကားကိုကြားသော် အားလုံး ကြက်သီးမွေးညင်းထကာ မှင်တက်သွားကြသည်။
*အရမ်းရက်စက်တဲ့ ဒီလူက ယဲ့ဘုရင်၏ ညီအစ်ကို ဖြစ်နေတာလား*
*ဘယ်လိုဖြစ်ရတာလဲ*
*ဒီလို ရက်စက်တဲ့လူကတောင် အညံ့ခံတယ်ဆိုတော့ ယဲ့ဘုရင်က အရမ်း ကြောက်ဖို့ကောင်းတာပဲ*
“အဲ့တော့ မင်းတို့ကို ငါ ဒီမှာ သေခိုင်းလို့ရမလား”
ဖေးချမ်က အပြုံးနှင့် မေးလိုက်သည်။ ယွိကျဲ့နယ်မြေက လူများအားလုံး မျက်နှာ သုန်မှုန်သွားကြသည်။
“သူက တစ်ယောက်တည်းပဲ၊ သူ့ကို သတ်ကြ”
ရုတ်တရက် တစ်စုံတစ်ယောက်က ထအော်လာသည်။ တစ်ဖက်လူက မည်မျှ သန်မာနေပါစေ၊ သူသည် တစ်ယောက်တည်းသာ ဖြစ်ပြီး လက်တစ်ဖက်လည်း ပြတ်နေသေးသည်။ သူတို့ဘက်က လူများသောကြောင့် သူ့အား ယှဉ်နိုင်ပေသည်။
ထို့နောက်တွင် မိစ္ဆာများက ခေါင်းငုံ့၍ တစ်ခဏမျှ စဉ်းစားနေသည်။ ထို့နောက် ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု အားလုံး ခံစားမိပြီး ချက်ချင်း ပြေးတက်ကာ ဖေးချမ်ကို သတ်ရန် ပြင်လေသည်။
ထိုအခါ ဖေးချမ်က ပြုံးလိုက်သည်။
“တစ်ယောက်တည်းတဲ့လား၊ မင်းတို သေချာလား”
“ဒုန်း”
ရုတ်ချည်းဆိုသလိုပင် ကြီးမားသော ပုံရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာပြီး သားရဲများ၏ မာန်ဖီသံက ကောင်းကင် တုန်ခါမတတ် ထွက်ပေါ်လာပြီး ဒေါသစိတ် ပြည့်နှက်နေကာ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ဖိနှိပ်လာလေသည်။
တောင်တစ်လုံးတမျှ ကြီးမားပြီး သွေးရောနှင့် သွေးသန့်များဖြစ်သည့် ရှေးဟောင်းသားရဲများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာပြီး မိစ္ဆာများအား ငုံ့ကြည့်လာကြသည်။
*သားရဲအုပ်ကြီးပါလား*
ဤသည်ကိုမြင်သော် ယွိကျဲ့နယ်မြေမှ မိစ္ဆာများအားလုံး ကြက်သီးတဖြန်းဖြန်း ထကာ ကြောက်လန့် သွားလေသည်။
ချက်ချင်းဆိုသလိုပင် အားလုံး၏ မျက်လုံး၌ ကြောက်စိတ်များ ပြည့်နှက်လာသည်။
*ဒီလူက ရှေးဟောင်းသားရဲအုပ်ကြီးကို တကယ် အညံ့ခံလာအောင် လုပ်နိုင်တာလား*
ဖေးချမ်က ရက်စက်သော အပြုံးမျိုး ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အရှင်ယဲ့ဘုရင်အတွက် သူတို့ကို တစ်စစီ စုတ်ဖြဲကြ”
“အရှင်ယဲ့ဘုရင်အတွက် …”
ဤရှေးဟောင်းသားရဲများသည် ယဲ့ဖန်ကို တစ်ခါမှမြင်ဖူးသော်လည်း ဖေးချမ်၏ ဦးနှောက်ဆေးခြင်း ခံလိုက်ရ ပြီးနောက် ယဲ့ဖန်အား နတ်ဘုရားသဖွယ် သတ်မှတ်လိုက်ကြသည်။
ဖေးချမ်၏ စကားကို ကြားပြီးသည်နှင့် သူတို့သည် ဒေါသတကြီးဖြင့် မိစ္ဆာများထံ ပြေးဝင်ကာ သတ်ဖြတ် လေတော့သည်။
“ဂျွတ် ဂျွတ်”
ဦးခေါင်းများ တစ်လုံးပြီးတစ်လုံး မြေကြီးပေါ်သို့ ဖရဲသီးသဖွယ် လိမ့်ဆင်းလာပြီး သွေးများ ရွှဲရွှဲစိုလာသည်။
ဖေးချမ်သည် မိစ္ဆာဘုရင်တစ်ကောင်၏ ဦးခေါင်းပြတ်ကို လက်ဖြင့်ကိုင်၍ ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်သည်။
“အရူးကောင် ငါတို့ မကြာခင် တွေ့ကြမယ်”
ကြောက်စရာကောင်းသော အင်အားစုသုံးခုက နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ စစ်မြေပြင်သို့ အပြေး ဝင်လာနေ၏။
…
တစ်ချိန်တည်းမှာပင် နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ အကြီးဆုံး မြေပြန့်လွင်ပြင်ဖြစ်သော သွေးနီ မြေပြန့် လွင်ပြင်၌ ခုနစ်နိုင်ငံ၏ မဟာမိတ် အင်အားစုများ စုဝေးနေကြသည်။
သန်းချီသော စစ်သည်များ အတူတူ ချီတက်လာသောကြောင့် ခြေလှမ်းက ငလျင်လှုပ်သကဲ့သို့ တုန်ခါစေပြီး ကြောက်စရာ ကောင်းလှသည်။
လက်ရှိတွင် ယန်နိုင်ငံ၏ မီးအကျဉ်းထောင် အရှင်သခင်၊ ယွိကျဲ့နယ်မြေ၏ ဧကရာဇ်သွမ့်မူ၊ သွေးဝိညာဉ် တာအိုကျောင်းတော်၏ သွေးအရှင်သခင်၊ နတ်နန်းတော်၏ အရှင်သခင် နဉ်ရွှမ်ယွမ်၊ သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်၏ ကျောင်းတော် အရှင်သခင်။
အင်အားစုအားလုံး၏ ခေါင်းဆောင်များ စုဝေးနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါက ပင်လယ်လှိုင်းအလား ကြီးမားလှသည်။
ယခုအချိန်၌ မီးအကျဉ်းထောင် အရှင်သခင်မှလွဲ၍ လူတိုင်း၏ မျက်နှာတွင် ကြမ်းကြုတ်မှုနှင့် အားရဝမ်းသာ နေဟန်တို့ ပေါ်လွင်နေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် ယဲ့ဘုရင် သေဆုံးမည့်နေ့ ဖြစ်သောကြောင့်ပင်။
ယဲ့ဖန်၌ မိခင်ဘုရင်မကို သတ်နိုင်သည့် အရည်အချင်း ရှိသော်လည်း သူတို့အားလုံးသည် မိခင်ဘုရင်မထက် နိမ့်ကျသူများ မဟုတ်ချေ။ သူတို့အားလုံး၏ ခွန်အားကို ပေါင်းလိုက်လျင် မိခင်ဘုရင်မကိုပင် အခါတစ်သောင်းမက သတ်နိုင်ပေသည်။
အနည်းဆုံးတော့ သူတို့က ထိုသို့ တွေးထားကြသည်။
“ယဲ့ဘုရင် လာရဲမယ်လို့ မင်းတို့ ထင်လား”
ဧကရာဇ်သွမ့်မူက လှောင်ရယ်လိုက်သည်။ တကယ်တမ်းတွင် ယဲ့ဘုရင် ဤနေရာသို့ လာရဲလိမ့်မည်ဟု သူ မထင်ပါ။ ဤသို့လာလျင် သေတွင်းတူးခြင်းသာ ဖြစ်သည်ကို မည်သူက မသိဘဲ နေမည်နည်း။ ဦးနှောက်မရှိသူ မှသာလျင် လာပေလိမ့်မည်။
“မလာရင် နတ်ဆိုး အငွေ့အသက် အင်ပါယာက ပြာကျသွားမှာ၊ သူ့လူတွေကို သူ စွန့်ပစ်လိမ့်မယ်လို့တော့ ငါ မထင်ဘူး”
သွေးအရှင်သခင်က အေးစက်စွာ ခနဲ့လိုက်သည်။
“အဲ့ဒါက တကယ်တမ်း မှန်တာ မဟုတ်ဘူး၊ သွေးအရှင်သခင် တစ်ကိုင်းတည်းနားတဲ့ ငှက်ဖို၊ ငှက်မတောင် ဘေးအန္တရာယ်နဲ့ တွေ့ရင် တကွဲတပြားစီ ပျံပြေးကြတာပဲ၊ လင်မယားတောင် ဒီလိုဖြစ်နေရင် မျိုးနွယ်ဆို ပြောမနေနဲ့တော့”
နဉ်ရွှမ်ယွမ်က ပျက်ရယ်ပြုသည်။
“သူ ထွက်ပြေးချင်ရင်တောင်မှ အသုံးမဝင်ဘူး၊ ဒီလောကထဲက ဘယ်သူမှ ငါ့သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်ရဲ့ လက်ထဲက လွတ်အောင် မပြေးနိုင်ဘူး၊ သူ ကမ္ဘာအဆုံးထိ ထွက်ပြေးရင် ငါ့လက်နဲ့ သူ့ခေါင်းကို ဖြတ်မယ်”
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်၏ ကျောင်းတောင်အရှင်သခင်က အေးစက်စွာဖြင့် ပြောလေသည်။
ခုနစ်နိုင်ငံ၏ ဘုရင်များသည် လက်ရှိတွင် အားလုံးနီးပါး ငြိမ်နေကြသည်။ သွေးအရှင်သခင်နှင့် အခြားသူများရှေ့၌ ဤဘုရင်များ ပြဿနာ မလုပ်ရဲချေ။
သူတို့ ဤသွေးနီလွင်ပြင်၌ တစ်နေ့နှင့် တစ်ညတိတိ စောင့်နေကြသည်။ မည်သူမျှ လာတိုက်သည်ကို မတွေ့သဖြင့် အားလုံး လှောင်ရယ်လာကြသည်။
“ကြည့်ရတာ ယဲ့ဘုရင် အရှုံးပေးသွားတဲ့ပုံပဲ။ သူ ဒီကို မရောက်လာမှတော့ ငါတို့ မြို့ထဲက လူတွေကို သတ်ပြီး နိုင်ငံကို ဖျက်ဆီးဖို့ အချိန်တန်ပြီ”
နဉ်ရွှမ်ယွမ်က အလောသုံးဆယ် ပြောလေသည်။
မီးအကျဉ်းထောင် အရှင်သခင်သည်လည်း စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ ယဲ့ဘုရင်အား မားမားမတ်မတ် ရပ်တည်နိုင်သော ယောက်ျားတစ်ယောက်ဟု သူ ထင်ထားသော်လည်း မိမိလူမျိုးကိုပင် စွန့်ပစ်သော ငကြောက် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ဟေ့ နတ်ဆိုးအငွေ့အသက် အင်ပါယာထဲက နတ်ဆိုးအားလုံးက ငါ့သွေးမျိုးနွယ်ရဲ့ အစာဖြစ်လာမှာကွ”
သွေးအရှင်သခင်၏ မျက်လုံးများက သွေးဆာမှုကြောင့် ရဲရဲနီနေကာ အလွန် ကြောက်စရာကောင်းနေ၏။
“သွားကြမယ်၊ နတ်ဆိုး အငွေ့အသက် အင်ပါယာထဲ ခြေချမယ်”
“ဒုန်း”
အခြေချထားသော သန်းချီသည့် စစ်သည်များအားလုံး ပြိုင်တူ လှုပ်ရှားလာပြီး သတ်ဖြတ်လိုသော အငွေ့အသက်က ဒီရေအလား တိုးပွားလာသည်။
ထိုသို့သောအချိန်၌ သွေးနီလွင်ပြင်၏ မျက်နှာချင်းဆိုင်ဘက်မှာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ရောက်လာသူသည် အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ထားပြီး မျက်လုံးများက ကြည်လင် ပြတ်သားကာ စီးကရက် တစ်လိပ်ကို ခဲထားပြီး အေးစက်သော မျက်နှာထားက အရေးမစိုက်ဟန် ပြနေသည်။
သူသည် မြေပြန့်လွင်ပြင်ဆီသို့ တစ်လှမ်းချင်း လှမ်းလာနေ၏။
“ရပ်လိုက်”
ထိုအခိုက်တွင် ကြီးမားသော စစ်တပ်ကြီး ရပ်တန့်သွားသည်။ လူတိုင်း အံ့ဩနေကြသည်။ ဤနေရာ၌ ဘယ်လိုလုပ် လူတစ်ယောက် ရောက်လာလဲ သူတို့ မသိပါ။
*ကိုးပြည်နယ်သမိုင်းမှာ အကြီးမားဆုံး စစ်တပ်နဲ့ တွေ့တာတောင် ထွက်မပြေးဘူးလား*
“ယဲ့ဘုရင်”
ရုတ်တရက် နဉ်ရွှမ်ယွမ်က ရက်စက်ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်၍ ဒေါသတကြီး အော်လိုက်သည်။
ထိုလူ၏ အသွင်အပြင်အား သူ ပြာဖြစ်သွားလျင်တောင်မှ မှတ်မိပါသည်။ အားလုံး ကြောက်လန့်သွားပြီး မျက်နှာတွင် ထိတ်လန့်ဟန် ပေါ်လာသည်။
*ဒီကောင်လေးက ယဲ့ဘုရင်လား*
*ပြီးတော့ သူက တစ်ယောက်တည်းနဲ့ သန်းချီတဲ့ စစ်တပ်ကို ခုခံဖို့ ကြံစည်နေတာလား*
*ဒီလူက အတင့်ရဲတာ မဟုတ်ဘဲ ဦးနှောက်မရှိတာပဲ*
*ဒါ သေလမ်းရှာတာတောင် မဟုတ်ဘူး၊ တကယ့် သေခြင်းတရားလေ*
လူအများသည် ထပ်ခါထပ်ခါ လှောင်ရယ်လိုက်ပြီး သရော်တော်တော် မျက်နှာပေးများနှင့် ဖြစ်နေကြသည်။
“ယဲ့ဘုရင် မင်းလက်အောက်ငယ်သားတွေက မင်းနဲ့အတူ လိုက်သေဖို့ စိတ်မပါဘူးနဲ့ တူတယ်”
“ဟားဟားဟား မင်း သူတို့အတွက် အများကြီး လုပ်ပေးခဲ့ပင်မယ့် အဆုံးသတ်ကျတော့ မင်းက တစ်ကိုယ်တည်း ဖြစ်နေဆဲပါလား၊ အဓိပ္ပာယ် မရှိလိုက်တာ၊ ဟားဟားဟား”
“ဒီကို တစ်ယောက်တည်း လာသေးတာလား၊ ဘာလို့လဲ၊ မင်းကံကြမ္မာကို လက်ခံလိုက်တာလား”
သရော်လှောင်ပြောင်မှုတို့ ပြည့်နှက်နေသည့် အေးစက်ခက်ထန်သော စကားများက ယဲ့ဖန်၏ နားထဲသို့ ဝင်ရောက် လာသည်။
ယဲ့ဖန်က စီးကရက်ကို မြေကြီးပေါ် ပစ်ချ၍ ဖိနပ်ဖြင့် နင်းလိုက်သည်။ ထို့နောက် သူက ခေါင်းမော့၍ အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ့မျက်လုံးထဲမှာ မင်းတို့လို အမှိုက်တွေကို ငါတစ်ယောက်တည်း သတ်နိုင်လို့ပဲ”
ထိုစကားကို ကြားသောအခါ နဉ်ရွှမ်ယွမ်နှင့် အခြားသူများအားလုံး ဒေါသထွက်သွားသည်။
*ဒီလူက ငါတို့ကို အထင်သေးရဲတာလား*
*သန်းချီတဲ့ ငါတို့ရဲ့ စစ်သည်တော်တွေနဲ့ တွေ့တာတောင် ဘယ်လိုတောင် မောက်မာရဲတာလဲ*
*ခွင့်မလွှတ်နိုင်ဘူး*
*ဒီကောင် ကြောက်စရာကောင်းတဲ့ တန်ကြေးနဲ့ ပေးဆပ်ရမယ်*
*သူ့ကို အခါတစ်သောင်း သတ်ရင်တောင် မလုံလောက်ဘူး*
နဉ်ရွှမ်ယွမ်က ယဲ့ဖန်အား ခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
“ခွေးကောင် မင်းက ငါ့သားကို သတ်ရဲတယ်ပေါ့လေ၊ ငါ မင်းအသက်ကို ပြန်နုတ်ယူမယ်ကွ”
ယဲ့ဘုရင် ဒီနေ့ မင်းအသက်ကို သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်က ယူမယ်ကွ”
ကျောင်းတော် အရှင်သခင်ကလည်း ရှေ့တိုးလာသည်။
“နတ်ဆိုး အငွေ့အသက် အင်ပါယာက သက်ရှိအားလုံးနဲ့ ဝိညာဉ်အားလုံးက မင်းတစ်ယောက်တည်းကြောင့် ဆိုးဆိုးရွားရွား သေဆုံးရတော့မယ်၊ ငါတို့ သွေးမျိုးနွယ်က သူတို့ရဲ့ သွေးကို စားသုံးမှာကွ”
သွေးအရှင်သခင်ကလည်း ရှေ့သို့ တိုးလာ၏။
“ယွိကျဲ့နယ်မြေကလည်း အရှက်ကွဲမခံဘူးကွ၊ ယဲ့ဘုရင် မင်း ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ”
ဧကရာဇ် သွမ့်မူကလည်း အနောက်မှ ထွက်လာသည်။
ထိုအခိုက်တွင် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန်ကို လွှမ်းခြုံလာလေသည်။
“သတ်ကြ”
ရုတ်ချည်းဆိုသလိုပင် သန်းချီသော ခြေလျင် စစ်သည်တော်များနှင့် မြင်းစစ်သည်တော်များက ညာသံပေး၍ ယဲ့ဖန်ထံ ချီတက်လာသည်။ လူသတ်လိုသော အငွေ့အသက်ကလည်း အလွန် များပြားလွန်းလှသည်။
သို့သော် ယဲ့ဖန်က ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် စကြဝဋ္ဌာဓားအား ချွင်ခနဲ ဆွဲထုတ်လိုက်ပြီး ကြောက်စရာကောင်းသော အေးစက်သည့် ဓားရောင်က ကောင်းကင်ယံကို တုန်ခါသွားစေသည်။
“ဒီနေ့ ယဲ့ဘုရင်က စစ်နတ်ဘုရားအိုကြီး ကိုယ်စား နိုင်ငံကို ကာကွယ်မယ်”
“ဘယ်သူလာလာ လာတဲ့လူတိုင်း သေရမယ်ကွ”