တစ်ကိုယ်တည်း တိုက်ခိုက်ခြင်း
Vol. 110 Ch. 1643
သူတို့ ယဲ့ဖန်ကို ကြည့်သောအကြည့်တွင် အစက အထင်သေးဟန်သာ ပါသော်လည်း နောက်ပိုင်းတွင် ထိတ်လန့်ဟန်သို့ ပြောင်းလဲသွားပြီး ယခုအခါတွင် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့ တုန်လှုပ်ဟန်တို့ ပါဝင်နေသည်။
လူတစ်ယောက်က စစ်တပ်ကို ယှဉ်နိုင်နေသည်။ လူတစ်ယောက်တည်းက သိုင်းပညာရှင် အဖွဲ့လိုက်ကို တိုက်ခိုက်သော်လည်း ယခုအထိ ပြိုင်ဘက်ကင်းဆဲပင်။
*ဒါက … ကြောက်ဖို့ကောင်းလွန်းတယ်*
“အား … အား …”
တစ်ခဏကြာသော် ယဲ့ဖန်သည် လူအုပ်ထဲသို့ ခြေချလာပြီး ချိန်ကိုက်ဗုံး သယ်ဆောင်လာသကဲ့သို့ သူ ဖြတ်သွားသော နေရာတိုင်းတွင် ကြီးမားသော အဖျက်စွမ်းအင် ကျရောက်ပျံ့နှံ့လာသည်။
သူ၏အသွင်သည် လောကထဲသို့ သေမင်းနတ်ဘုရား လျှောက်လှမ်းလာသည်နှင့် တူညီလှသည်။ သူ ဖြတ်သွားသည့် မည့်သည်နေရာတွင်ဆို အားလုံး ပြာဖြစ်ကုန်ပြီး လေနှင့်အတူ ပျောက်ကွယ်ကုန်၏။
လူတစ်သောင်း၊ ငါးသောင်း၊ တစ်သိန်း။ တစ်ခဏအတွင်း လူတစ်သိန်းတိတိ လောကထဲမှ ပျောက်ကွယ်သွားသည်။
“ဒါ အလယ်ပိုင်းဒေသက နတ်ဆိုးလား၊ အရမ်း သန်မာလွန်းနေတယ် မဟုတ်လား”
ထိုအခိုက်တွင် တုန်ယင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ခွေးမသား”
ခေါင်းဆောင်များအားလုံးသည် ဒေါသမီးတို့ လောင်မြိုက်လာကြသည်။ ယဲ့ဖန်ကြောင့် သူတို့၏ လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးရသည်ကိုမြင်ပြီး သူတို့ ဒေါသူပုန်ထနေသည်။
“အတူတူ တိုက်ကြမယ်”
ဧကရာဇ်သွမ့်မူက အော်ပြောလိုက်သည်။
ထို့နောက်တွင်မူ ကောင်းကင်ယံမှနေ၍ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ဖွဲ့က အရူးအမူး ခုန်ဆင်း လာကြသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်သုံးဆယ်။ အရေအတွက်က ငါးဆယ်နားသို့ ကပ်လာသည်။ သူတို့သည် နတ်ဘုရားများသဖွယ် ဆင်းသက်လာနေ၏။
သူတို့၏ ထည်ဝါသော အရှိန်အဝါက နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးကို နင်းချေရန် လုံလောက်ပေသည်။ မြေပြင်ပင် အလွန်အမင်း တုန်ခါနေ၏။
ထိုသို့သောအချိန်၌ လူတိုင်း မှင်တက်နေပြီး မျက်နှာတွင် အလွန် ထိတ်လန့်နေဟန် ပေါ်လာသည်။
ဤခရီးစဉ်၌ အင်မော်တယ် ဧကရာဇ်အဆင့်များ ဒါဇင်ချီ၍ လိုက်ပါလာသည်ဟု သူတို့ ထင်မထားမိပါ။
*ဒါကြီးက အရမ်း ကြီးကျယ်လွန်းတယ် မဟုတ်လား*
*ယဲ့ဘုရင်ကို သုတ်သင်ဖို့ အင်မော်တယ် ဧကရာဇ်အဆင့် အယောက် ငါးဆယ်တောင် လွှတ်လိုက်တာလား*
နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ ကြောက်စရာ ကောင်းပုံနှင့် ယဲ့ဘုရင်၏ ကြောက်စရာကောင်းပုံတို့အား ရှစ်နိုင်ငံသာ ကြောက်လန့်သည် မဟုတ်ဘဲ အခြားနိုင်ငံများကလည်း သတိပြုမိပုံရသည်။
ထို့ကြောင့် ဤအလားအလာ ရှိလာမည့် အန္တရာယ်အား အပြီးတိုင် ရှင်းလင်းရန် ဤနေရာသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
“နိုင်ပြီ၊ ငါတို့ နိုင်ပြီကွ၊ ဟားဟားဟား”
“အင်မော်တယ် ဧကရာဇ်အဆင့် အယောက်ငါးဆယ်တဲ့၊ အံ့ဩစရာပဲ၊ ဒီလို အင်အားကို ဒီလောကထဲက ဘယ်သူ ယှဉ်နိုင်လဲ”
“ယဲ့ဘုရင်က ဘယ်လောက် သန်မာနေပါစေ၊ အင်မော်တယ် ဧကရာဇ်အဆင့် အယောက် ငါးဆယ်ကို တစ်ပြိုင်တည်း ယှဉ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး၊ ငါတို့ ဒီစစ်ပွဲကို နိုင်ပြီ”
မဟာမိတ် အင်အားစုများ အလွန် အံ့ဩကာ ကျေနပ်အားရ သွားကြသည်။ ဤတိုက်ပွဲမှာ သေဆုံးရမည့် ကံပါသည့် တိုက်ပွဲသာ။ ဤအင်မော်တယ် ဧကရာဇ်အဆင့် အယောက်ငါးဆယ်၏ အသွင်အပြင်အရ ယဲ့ဖန်၏ အဆုံးသတ်က ပေါ်လွင်နေလေပြီ။
သူ မုချ သေကိုသေရပေမည်။
ထိုအခိုက်တွင် လူတိုင်း၏ မျက်နှာ၌ လူမဆန်သော အပြုံးများ ရှိနေကြပြီး ယဲ့ဖန် နုတ်နုတ်စင်းခံရမည့်အဖြစ်ကို မြင်ယောင်နေကြသည်။
လက်ရှိတွင် ယဲ့ဖန် မျက်မှောင်ကြုတ်နေသည်။ ယခု သူ့ခွန်အားက သူ အထွတ်အထိပ်သို့ ရောက်ချိန်က ခွန်အားအထိ ပြန်မရသေးပေ။ အင်မော်တယ် ဧကရာဇ်အဆင့် အယောက်ငါးဆယ်အား သူ ရုန်းကန်၍ တိုက်ခိုက်ရပေမည်။
“ယဲ့ဘုရင် မင်းမှာ အသက်ရှင်နိုင်မယ့် နည်းလမ်း မရှိတော့ဘူး၊ အခု အညံ့ခံမလား”
“အခု မင်းလည်ပင်းပေါ် ဓားသွားရောက်နေပြီ၊ မင်းကို အလောင်းအပြည့်အစုံ ချန်ထားပေးမယ်လို့ ငါတို့ စဉ်းစားပေးမယ်၊ မင်း ခေါင်းမာရင်တော့ မင်းမျိုးနွယ်တစ်ခုလုံးကို ငါတို့ ဖျက်ဆီးမယ်”
ထိုအင်မော်တယ် ဧကရာဇ်အဆင့်များက ယဲ့ဖန်ကို စဉ်းလဲသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့သည် အလွန် သွေးနားထင်ရောက်နေပြီး ယဲ့ဖန်အား သေလူသဖွယ် ဆက်ဆံနေ၏။
“ငါ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်လို့ ငါ ပြောနေဦးမှာပဲ”
ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ပုံစံက ခေါင်းမာ၍ အထင်သေးနေဆဲပင်။
ထိုစကားကိုကြားသောအခါ အင်မော်တယ် ဧကရာဇ်အဆင့်များ၏ အပြုံးများ အေးခဲသွားသည်။ ယခုကဲ့သို့သော အချိန်မှာတောင်မှ တစ်ဖက်လူက သူတို့ကို မထီမဲ့မြင် လုပ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“သတ်ကွာ”
အင်မော်တယ် ဧကရာဇ်အဆင့်များ ပြိုင်တူ ပြေးတက်လာပြီး လေထဲသို့ သူတို့၏ ပုံရိပ်များဖြင့် ပြည့်နှက်လာပြီး ယဲ့ဖန်ကို တိုက်ခိုက်လာသည်။
ထိုအခိုက်တွင် ဧကရာဇ်သွမ့်မူလည်း လှုပ်ရှားလာသည်။ သူ၏ မိစ္ဆာစွမ်းအင်က ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင် တာအိုကဲ့သို့ ထည်ဝါလေးနက်ပြီး မခုခံနိုင်သော သဘာဝတရားရှိကာ အရာအားလုံးကို ဖျက်ဆီးနိုင်လောက်သည်။
ယင်းက ပြန်လည်ဝင်စားခြင်းလိုပင်။ အရာအားလုံးကို ဖျောက်ဖျက်နိုင်၏။
“ဒါ ဘာဥပဒေသလဲ”
ဤသို့သော လူသတ်သိုင်းကွက်အား သွေးအရှင်သခင်နှင့် အခြားသူများတောင်မှ ရင်တုန်လာကြသည်။ ဤလွှမ်းမိုးနိုင်သော ဖိအားသည် လူတို့၏ စိတ်ကို ချိုးဖောက်နိုင်သလိုပင်။
“ဒါ ကောင်းကင် စွမ်းအင်ပဲ၊ ဒါကို ဆန့်ကျင်တာက မိုးကောင်းကင်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ၊ ဘယ်သူ့မှာ ဒီလို အစွမ်းမျိုုး ရှိတာလဲ”
ဧကရာဇ်သွမ့်မူက ကောင်းကင် စွမ်းအင်ကို အသုံးချ၍ ယဲ့ဖန်ကို ဖိနှိပ်ရန် ကြံစည်နေသည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံးသည် ဤအခွင့်အရေးကို အသုံးချ၍ ဧကရာဇ် သွမ့်မူနှင့်အတူ ယဲ့ဖန်ကို တိုက်ခိုက်လေသည်။ အားလုံး၏ မျက်နှာတွင် ကောက်ကျစ် စဉ်းလဲသော အပြုံးများ ရှိနေသည်။
ရည်ရွယ်ချက်မှာ ရှင်းလင်းပါသည်။ ယဲ့ဖန်အား ဝိုင်းတိုက်၍ ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ကာ သတ်ဖြတ်ရန် ဖြစ်လေသည်။
ထိုအခိုက်တွင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းလာပြီး မကြာခင်မှာပင် ဆံပင်များ ဖြူဖွေးနေသော အဘိုးအို တစ်ယောက်ပုံ ဖြစ်လာကာ ခန္ဓာကိုယ်က ပိန်ပါး၍ မျက်လုံးများက မှုန်ရီလာသည်။
သူ့ပုံစံက လေတိုက်လျင် အချိန်မရွေး ငြိမ်းသွားမည့် ဖယောင်းတိုင်လိုပင်။
“ကောင်းကင်တာအိုရဲ့ ပြန်လည်ဝင်စားခြင်း စွမ်းအင်က တကယ် ကြောက်ဖို့ကောင်းတာပဲ၊ ဒီနတ်ဆိုးကြီးတောင်မှ လွတ်မြောက်ဖို့ ခဲယဉ်းနေပြီ၊ ဥပဒေသရဲ့ ချုပ်နှောင်ချင်း ခံရပြီးတော့ ယိုယွင်းလာပါလား”
“ဒါပေါ့၊ သူ သုံးလောကနဲ့ ဘုံခြောက်ဘုံကနေ မလွတ်မြောက်နိုင်သရွေ့ ကောင်းကင်တာအိုရဲ့ ပြန်လည်ဝင်စားခြင်း စွမ်းအင်ကနေ မလွတ်မြောက်နိုင်ဘူး”
(စကားချပ်။ ။ ဘုံခြောက်ဘုံဆိုသည်မှာ နတ်ဘုံ၊ အသူရကာယ်ဘုံ၊ လူ့ဘုံ၊ တိရစ္ဆာန်ဘုံ၊ နာနာဘာဝဘုံနှင့် ငရဲဘုံတို့ ဖြစ်သည်။ ၎င်းဘုံခြောက်ဘုံသည် သံသရာစက်ဝန်းအား ကိုယ်စားပြုသည်။)
သူတော်စင်အဆင့်သာလျင် သုံးလောကနှင့် ဘုံခြောက်ဘုံမှ လွတ်မြောက်နိုင်ပြီး သံသရာစက်ဝန်းတွင်း မဝင်ရောက်ပေ။
သူတော်စင်အဆင့်သို့ မရောက်ခင်တွင် မိမိက မည်မျှ သန်မာ၍ တစ်မူထူးခြားနေပါစေ ကောင်းကင်ဘုံ၏ ပြန်လည် ဝင်စားခြင်း စွမ်းအင်မှ မလွတ်မြောက်နိုင်ပါ။
ယဲ့ဖန်၏ အရေပြားက တွန့်လိမ်ရှုံ့တွလာပြီး ချက်ချင်း အိုမင်းလာကာ အသက်ဓာတ်ကလည်း လျင်မြန်စွာ ယုတ်လျော့လာ၏။
ဤသည်ကိုမြင်သော် လူတိုင်း စိတ်လှုပ်ရှားလာကြသည်။
*ကောင်းကင်ဘုံရဲ့ စွမ်းအင်ကို မခံနိုင်ဘူးဆိုတော့ ဒီကောင် သေပြီပဲ”
“ယဲ့ဘုရင် မင်းရဲ့ နောက်ဆုံးစကားကို ပြောခဲ့၊ ခဏနေရင် မင်း အဲ့လိုအခွင့်အရေး မရှိတော့ဘူး”
ဧကရာဇ်သွမ့်မူက အားပါးတရ ရယ်မောလေသည်။ အခြားသူများက ယဲ့ဘုရင်ကို မသတ်နိုင်သော်လည်း သူ သတ်နိုင်သည်။ သူသာလျင် အသန်မာဆုံး ဖြစ်ပေ၏။
ဘယ်သူက ယဲ့ဖန်ကို သတ်နိုင်ပြီး ကြောက်စရာကောင်းသောသူ ဖြစ်လာမလဲ ဆိုသည်နှင့် သူ့ခေါင်းကို ဘယ်သူက ရယူနိုင်မလဲဆိုသည်ကို မသိနိုင်ပါ။
လူတိုင်းသည် ယဲ့ဖန်၏ ခေါင်းကို လိုချင်နေကြပြီး ဤသို့သော နတ်ဆိုးကို သတ်နိုင်လျင် အသန်မာဆုံးဟု အခေါ်ခံချင်နေကြသည်။
သူသည်သာ အသန်မာဆုံး ဧကရာဇ် သွမ့်မူ ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် လူတစ်ချို့သည် ကြိုတင်ပြင်ဆင်လာသော ရိုက်ကူးရေး ကိရိယာများကိုထုတ်၍ ကင်မရာအား ယဲ့ဖန်ဘက်သို့ ချိန်ရွယ်ထားကြသည်။
“မင်းတို့ မြင်လား၊ အဲ့ဒါ မင်းတို့ရဲ့ ယဲ့ဘုရင်ပဲ၊ အခု သူ့ခန္ဓာကိုယ်က ယိုယွင်းပြီး အိုမင်းနေပြီ၊ သူ မကြာခင် သေတော့မယ်ကွ၊ ဟားဟားဟား”
“နတ်ဆိုး အငွေ့အသက် အင်ပါယာကကောင်တွေ မင်းတို့ ဇာတ်သိမ်းပြီ၊ မင်းတို့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ကြီးက မကြာခင် ယမမင်းနဲ့ တွေ့ရတော့မယ်၊ ပြီးရင် မင်းတို့အလှည့် ရောက်လာတော့မှာ”
“ကျွတ်စ် ကျွတ်စ် မင်းတို့ရဲ့ ယဲ့ဘုရင်ကို ကြည့်ပါဦး၊ အခု သူ ခွေးတစ်ကောင်နဲ့ တူနေမဘူးလား၊ ခွေးတောင်မှ ခွေးအိုကြီးနဲ့ တူနေတာ ဟားဟားဟား”
ခနိုးခနဲ့ အသံများ ထွက်လာသည်။
ဤသည်ကိုမြင်သော် မီးအကျဉ်းထောင် အရှင်သခင်၏ မျက်နှာက ပြာနှမ်းသွားလေသည်။ သို့သော် သွေးအရှင်သခင်နှင့် အခြားသူများ၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးများ ရှိနေကြသည်။ ထိုလူများသည် သူတို့ စီစဉ်ထားသော လူများ ဖြစ်ပေသည်။
သူတို့သည် လောကကြီးအား ဤနတ်ဆိုးကို ဘယ်သူ သတ်လိုက်သလဲဆိုတာကို သိစေချင်ပြီး ဘယ်သူက ကိုးပြည်နယ်၏ ငြိမ်းချမ်းမှုကို ကာကွယ်ပေးခဲ့သလဲ သိစေချင်ကြသည်။ ဤသို့ အလွန် ဂုဏ်ရှိစေသော လုပ်ရပ်ကို တစ်လောကလုံးအား မျက်ဝါးထင်ထင် တွေ့မြင်စေချင်ကြလေသည်။
*ဒါက*
ဤရိုက်ကူးမှုသည် တိုက်ရိုက် ထုတ်လွှင့်မှု ဖြစ်နေသည်။
“ဘာ ... ဒါက ယဲ့ဘုရင်လား၊ ဘာလို့ သူက အရမ်း အိုနေတာလဲ”
“မြတ်စွာဘုရား၊ ဒီနတ်ဆိုးက မီးစာကုန်ပြီး ခမ်းခြောက်တော့မှာပဲ၊ သူ သိုင်းပညာရှင်တွေရဲ့ ဝိုင်းတိုက်ပြီး ဖိနှိပ်တာကို ခံနိုင်တဲ့ပုံ မပေါ်ဘူး”
“အလယ်ပိုင်းဒေသက နတ်ဆိုးကို သတ်ပြီးတာနဲ့ အလယ်ပိုင်း ဒေသကို ဖျက်ဆီးပစ်လိုက်၊ ဒါဆို ကိုးပြည်နယ်က နောင်အနာဂတ်မှာ လုံးဝ ငြိမ်းချမ်းသွားလိမ့်မယ်။ ကိုးပြည်နယ်အတွက် တိုက်ခိုက်ပေးတဲ့ ဒီသူရဲကောင်းတွေကို ကျေးဇူးတင်တယ်”
ယဲ့ဖန်၏ ဆိုးရွားသော အခြေအနေကို မြင်ပီး ကိုးပြည်နယ်တစ်ခုလုံး စိတ်အေးကာ သက်ပြင်းချကြသည်။
မဟာမိတ် အင်အားစုများ ပူးပေါင်းတိုက်မှသာ အနိုင်ရသဖြင့် ယင်းက အလွန်အမင်း မိစ္ဆာဆန်၍ ကြောက်စရာ ကောင်းသော နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်း သိသာလှသည်။
သူ့အား သည်အတိုင်း ထားလိုက်လျင် နောင်တွင် ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
“အဲ့နတ်ဆိုးကို သတ်ပစ်လိုက်၊ ပြီးရင် နတ်ဆိုး အငွေ့အသက် တိုင်းပြည်ကို ရှင်းလင်းပစ်လိုက်၊ ဒီမိစ္ဆာအဖွဲ့တွေကို ဒီလောကကနေ လုံးဝ အမြစ်ဖြုတ်ပစ်မှ ရမယ်”
“သတ်၊ သူတို့အားလုံးကို သတ်ပစ်လိုက်”
“သူရဲကောင်းတွေအတွက် ဆုတောင်းပေးနေပါတယ်၊ ဒီနတ်ဆိုးတွေကို သတ်ပစ်လိုက်ပါ”
ရုတ်ချည်းဆိုသလိုပင် ကိုးပြည်နယ်တစ်ခုလုံး ဆူပူအုံကြွလာပြီး လူတိုင်း၏ မျက်နှာတွင် အမုန်းတရားတို့ ပေါ်လွင်နေကာ မဟာမိတ်များ နတ်ဆိုးအားလုံးကို သတ်နိုင်ပါစေဟု ဆုတောင်းနေကြသည်။
သို့ရာတွင် နတ်ဆိုးမျိုးနွယ်ဘက်၌ ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်နေ၏။ သူတို့သည် ယဲ့ဖန် အလွန်အမင်း အိုမင်းနေသည်ကို ကြည့်ပြီး မျက်လုံးများပင် နာကျင်လာရသည်။
ဘယ်လိုလုပ် သူတို့၏ ဘုရင်က ဤသို့ ဖြစ်လာရသနည်း။
“ဘာလို့လဲ၊ ဘာလို့ သူ တစ်ယောက်တည်းလဲ”
“အရှင်မင်းမြတ်က ဘာလို့ ဒီလို ဖြစ်နေရတာလဲ”
“အရှင်မင်းမြတ်က ငါတို့အတွက် တစ်ယောက်တည်း စစ်မြေပြင်ကို ထွက်သွားခဲ့တာ၊ အခုတော့ ဒီလို အဆုံးသတ် ရပြီ၊ ငါတို့ နတ်ဆိုးမျိုးနွယ်တွေ ဘယ်ရောက်နေတာလဲ”
“ယီးပဲ အရှင်မင်းမြတ်ကို တစ်ယောက်တည်း စစ်မြေပြင်ကို သွားခိုင်းတယ်၊ နတ်ဆိုးတွေ … မင်းတို့အားလုံးရဲ့ အသိစိတ်ကို ခွေးစားသွားသလားကွ”
အော်ငေါက်သံများ တစ်သံပြီးတစ်သံ ထွက်လာသလို ဆွဲဆွဲငင်ငင် အော်ဟစ်သံများ၊ အော်ငိုသံများက ရင်ကွဲမတတ် နာကျင်စွာ ထွက်ပေါ်လာသည်။
နတ်ဆိုးများအားလုံး ဒေါသထွက်နေသလို ငိုကြွေးနေသည်။
ဤမြင်ကွင်းက မည်မျှ ဆိုးရွားနာကျင်စွာ ကောင်းလှသနည်း။
လူတစ်ယောက်က မြေပြန်လွင့်ပြင်၌ တစ်ကိုယ်တည်း ရပ်နေပြီး မရေတွက်နိုင်သော စစ်သည်တော်များနှင့် မြင်းစစ်သည်များက သူ့အား ပတ်ပတ်လည်မှ ဝိုင်းထားကြသည်။
ထို့အပြင် သူသည် ပိန်ပါး၍ လေတိုက်လျင် ငြိမ်းသွားမည့် ဖယောင်းတိုင်သဖွယ် အားနည်းနေ၏။
သူတို့၏ ဘုရင်က သူတို့အတွက် ဤသို့ ဖြစ်နေသည်တဲ့လား။
မိမိအသက်ကိုတောင်မှ စတေးနေသည်တဲ့လား။
နတ်ဆိုးမျိုးနွယ်များအားလုံး နှလုံးသားကို ဓားနှင့် မွှေ့ယမ်းခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
“ဒါ သွေးနီမြေပြန့်လွင်ပြင်ပဲ၊ သွားမယ်၊ သွားကြစို့”
“ယီးပဲကွာ၊ အရှင်မင်းမြတ် ကျွန်တော်တို့ကို အရှင် စောင့်နေမှရမယ်၊ ကျွန်တော်တို့ကို စောင့်နေပါ”
ဤအဖြစ်ကိုမြင်ပြီး နတ်ဆိုးများအားလုံး ဒေါသထွက်ကာ ကားသော့များကိုဆွဲ၍ စစ်မြေပြင်သို့ ထွက်လာကြသည်။
သူတို့ထဲမှ တစ်ဝက်ကျော်မျှသည် ကျင့်ကြံခြင်း အခြေခံလေးပင် တစ်စက်မျှ မရှိကြချေ။
သို့သော်လည်း သူတို့ စစ်မြေပြင်သို့ အပြေးလာနေကြသည်။ သူတို့ ရန်သူကို မသတ်နိုင်လျင်တောင်မှ ထိခိုက်မှုကို တားဆီးနိုင်မည့် လူသားဒိုင်းများအဖြစ် အသုံးချခံချင်နေ၏။
ထိုအခိုက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်များ၏ တိုက်ကွက်များလည်း ကျရောက်လာသဖြင့် ယဲ့ဖန် လွင့်ထွက်သွားသည်။
အစပိုင်း၌ ယဲ့ဖန် ရှောင်နိုင်သော်လည်း အရှိန်က တဖြည်းဖြည်း နှေးလာပြီး သူ့ကိုယ်မှ ဒဏ်ရာများက များသထက် များလာသည်။
“ဟားဟားဟား ယဲ့ဘုရင် မောနေပြီ၊ သူ့ကို ငရဲကိုပို့ဖို့ အချိန်တန်ပြီ”
“မဟုတ်ဘူး မဟုတ်ဘူး၊ သူ့ကို ဒီလို သတ်လိုက်တာက မတန်ဘူး၊ သူ့ကို သားရဲတစ်ကောင်အဖြစ် မွေးပြီး ကျေးကျွန်အဖြစ် ထာဝရ သိမ်းထားသင့်တာ”
နဉ်ရွှမ်ယွမ်၏ မျက်လုံးများက ခက်ထန်နေသည်။
“သူ့အသားနဲ့ သွေးက ငါ့အပိုင်ပဲ”
သွေးအရှင်သခင်၏ မျက်လုံးတွင် လောဘတို့ဖြင့် ပြည့်နှက်နေပြီး ဤနတ်ဆိုး၏ သွေးကို သူ တောင့်တနေ လေသည်။
“ယဲ့ဘုရင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်မှာ မင်းခေါင်းအတွက် နေရာတစ်နေရာ လုပ်ထားတယ်၊ မင်းက ငါ စုဆောင်း သိမ်းဆည်းထားတဲ့ ပစ္စည်းတွေထဲမှာ ဂုဏ်အယူရဆုံး ဖြစ်လာမှာကွ”
အင်မော်တယ် ဧကရာဇအဆင့်များကလည်း ယဲ့ဖန်အား အချိန်မရွေး နင်းသတ်နိုင်သော ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
အလွန် ဘဝင်မြင့်၍ ဣန္ဒြေမဆယ်နိုင်ဖြစ်ကာ ထောင်လွှားနေလေ၏။
“မြန်မြန် မြန်မြန်သွား”
ထိုသို့သောအချိန်၌ ထန်မင်လီနှင့် အခြားသူများသည် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို မြင်ပြီး အသည်းအသန် စစ်မြေပြင်သို့ ထွက်လာနေကြသည်။
“ဒါ အမြန်ဆုံး ဖြစ်နေပြီ”
ကားမောင်းသူ အကျပ်ရိုက်သော အမူအရာနှင့် ပြောလာသည်။
“ယီးပဲ”
နလန်ရှောင်၏ မျက်နှာက သုန်မှုန်နေပြီး အံကြိတ်ထားသဖြင့် သွားပင် ကျိုးမတတ် ဖြစ်နေသည်။ သူ့ရင်ထဲမှ အမုန်းတရားက ပိုပိုတိုးလာသည်။
*တကယ် ဖြစ်နေတာပဲ*
*ကိစ္စတွေက ထန်မင်လီ ခန့်မှန်းထားသလို ဖြစ်နေပြီ၊ အဲ့လူက စစ်မြေပြင်ကို တကယ် တစ်ယောက်တည်း သွားတာပါလား*