ကောင်းကင်တာအိုကို ဖြတ်တောက်ခြင်း
Vol. 110 Ch. 1644
“ယဲ့ဘုရင် ပိန်ချည့်သွားစမ်း၊ ယိုယွင်းပျက်စီးသွားစမ်း၊ အော်ဟစ်လိုက်စမ်း၊ ပြီးရင်တော့ … သေလိုက်ပေါ့ကွာ”
ဧကရာဇ်သွမ့်မူက အားပါးတရ ရယ်မောနေပြီး ကောင်းကင်ဘုံ၏ ပြန်လည်ဝင်စားခြင်း စွမ်းအင်အား ယဲ့ဖန်ထံ ပို့လွှတ်နေသည်။
“ဟားဟား …”
ယဲ့ဖန်က သုန်မှုန်စွာ ရယ်၍ ပြောလိုက်သည်။
“ကောင်းကင်ဘုံ တာအိုစွမ်းအင် ဟုတ်လား၊ ငါက ကောင်းကင်ဘုံ၊ ငါက တာအိုစွမ်းအင်ကွ”
ထိုစကားကိုကြားသော် လူတိုင်း အမူအရာ ပြောင်းလဲသွားသည်။
*ကောင်းကင် တာအိုကို မလေးမစား လုပ်တာလား၊ ဒီကောင် မောက်မာလွန်းလှချည်လား*
*ကောင်းကင်ဘုံရဲ့ စွမ်းအင်ကို အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မလွန်ဆန်နိုင်တာ၊ ဒီကောင်က ဒီလို မဆင်မခြင် ပြုမူနေတယ်ဆိုတော့ သေချင်နေတာပဲ”
“ကောင်းကင် တာအိုက ငါ့ကို ဖျက်ဆီးချင်တယ်ဆိုရင် ငါ ကောင်းကင် တာအိုကို ဖြတ်တောက်မယ်”
“ချွင်”
စကြဝဋ္ဌာဓားကို ဝင့်၍ ခုတ်ပိုင်းလိုက်သည်။ အေးစက်စက် အလင်းရောင်က ကိုးပြည်နယ်တွင် တောက်ပလာ၏။ ထိုအလင်းရောင်နှင့်တင် လောကကို စုတ်ဖြဲရန် လုံလောက်ပေသည်။
၎င်းက မိုးကြိုးအလင်းရောင်ထက်ပင် ပို၍ ကြီးမြတ်ပြီး မျက်စိကျိန်းစရာ ကောင်းလှသည်။ အဆုံးအစမဲ့သော ဓားအသိက လှိုင်းအလား ပျံ့နှံ့လာ၏။
ဤမြင်ကွင်းက အင်မော်တယ် ဧကရာဇ်အဆင့်များကို မျက်မှောင်ကြုတ်သွားစေသည်။ ဤသို့သော ကြောက်စရာ ကောင်းသည့် စွမ်းအင်ကို သူတို့ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။
ချွန်မြမှုက သူတို့ တစ်ချက်ကြည့်မိရုံနှင့်တင် သူတို့၏ မျက်လုံးများပင် ဖြတ်တောက်ခံရမည်ဟု ထင်မှတ် မှားရသည်။
ပြောမပြတတ်လောက်အောင် ကြောက်စရာ ကောင်းလှသည်။
သို့သော် ယဲ့ဖန်၏ စကားကိုကြားပြီးနောက် အားလုံးက ဟားတိုက် ရယ်မောကြသည်။
“ဟေ့ ဟေ့ ငါ ဘာကြားလိုက်တာ၊ ဒီကောင်က ကောင်းကင်တာအိုကို ဖြတ်တောက်မယ်လို့ တကယ် ပြောလိုက်တာလား”
“ဟားဟား ကောင်းကင်တာအိုက အရာအားလုံးပဲလေ၊ ဘယ်လိုလုပ် ပျက်စီးမှာလဲ၊ ဒီကောင် လုံးဝ ရူးနေပြီ”
လူတိုင်းက ဟာသကြီးတစ်ပုဒ်ကို ကြားလိုက်ရသည်ဟု သဘောထားကြပြီး အလွန် အထင်သေးသော အမူအရာများ ဖြစ်နေသည်။
ကောင်းကင်ဘုံက အရာအားလုံးပင်ဖြစ်ပြီး သက်ရှိအားလုံး၏ စွမ်းအင်ကို စုစည်းပေးထားလေသည်။
ကောင်းကင်ဘုံကို ဖြတ်တောက်ခြင်းက လောကတွင်းမှ အရာအားလုံးနှင့် ရန်သူဖြစ်သွားခြင်းနှင့် အတူတူပင်။ သို့သော် သည်လူက တစ်လောကလုံးကို ယှဉ်ပြိုင်နိုင်မည်ဟု တွေးနေသည်က ရယ်ချင်စရာ ကောင်းလှသည်။
သို့သော် ထိုသို့သောအချိန်၌ ကြောက်စရာကောင်းသော အေးစက်စက် အလင်းရောင်တစ်ခုက ဆူနာမီ လှိုင်းအလား တိုးဝင်လာပြီး မိုးကြိုးပစ်သံကဲ့သို့သော အသံ မြည်ဟီးလာကာ အလွန် အရှိန်ပြင်းလှသည်။
ယဲ့ဖန် တိုက်ခိုက်လာလေပြီ။ စကြဋ္ဌာဓားအား ခုတ်ပိုင်းလိုက်သောအခါ ထည်ဝါသော ဓားအသိနှင့် ဓားစွမ်းအင်တို့ ထွက်ပေါ်လာ၏။
ဤဓားချက်က တစ်ဟုန်ထိုး တက်လာသည်။
တာအိုပုံသဏ္ဌာန် ထွက်ပေါ်လာပြီး မူလ တာအိုသင်္ကေတများ တိုးပွားလာကာ ဓားစွမ်းအင်တွင် အဆုံးအစ မဲ့သော နတ်ဘုရားစွမ်းအင် ပါဝင်နေကာ ကောင်းကင်ဘုံ၏ ပြန်လည်ဝင်စားခြင်း စွမ်းအင်ကို တိုက်ထုတ်၍ ဧကရာဇ် သွမ့်မူအပေါ် ကျရောက်လာလေသည်။
ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင် ပွက်ပွက်ဆူနေပြီး ဆံပင်များ လောင်ကျွမ်းလုမတတ် ဖြစ်နေကာ တစ်ကိုယ်လုံး အရောင်အဝါ တောက်ပနေသည်။
“မဖြစ်စလောက် အကွက်လေးနဲ့များ”
ဤသည်ကိုမြင်သော် ဧကရာဇ်သွမ့်မူက လှောင်ရယ်ပြီး အလွန်အမင်း အထင်သေးနေသည်။
ကောင်းကင်ဘုံ၏ ပြန်လည်ဝင်စားခြင်း စွမ်းအင်အောက်၌ အရာအားလုံးက ပုရွက်ဆိတ်သာသာမျှသာ ဖြစ်ပြီး အင်မော်တယ် ဧကရာဇ်အဆင့်သည်လည်း ခြွင်းချက် မဟုတ်ချေ။ အကယ်၍ ယဲ့ဖန်က သူတစ်ယောက်တည်း အားဖြင့် ကောင်းကင်တာအိုကို လှုပ်ခါချင်နေသည်ဆိုလျင် ယင်းက အရူးတစ်ယောက်၏ အိပ်မက်သာ။
ကောင်းကင် တာအို၏ စွမ်းအင်နှင့် ယဲ့ဖန်၏ ဓားစွမ်းအင်တို့ ထိပ်တိုက် တွေ့သွားသည်။ ကောင်းကင်ယံတွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
ထိုသို့ ဖြစ်လာသောအခါ လူတိုင်းက ခေါင်းခါ၍ လှောင်ရယ်ကြသည်။
“မိုးမြေကို ချိုးဖောက်လို့ မရဘူး၊ တာအိုကိုလည်း ပြောင်းပြန်လှန်လို့ မရဘူး၊ ယဲ့ဘုရင်ရဲ့ လမ်းက ဒီမှာတင် အဆုံးသတ်ပြီ”
ထိုစကားသံတွင် ခိုင်မာယုံကြည်မှုတို့ ပြည့်နေ၏။
ဧကရာဇ်သွမ့်မူ၏ မျက်နှာတွင် ထီမထင်ဟန် ပေါ်နေပြီး ခနဲ့စကား ပြောလိုက်သည်။
“ကောင်းကင်တာအိုရဲ့ စွမ်းအင်က ကိုင်လှုပ်လို့ မရနိုင်ဘူး၊ သုံးနှစ်ကလေးတောင် ဒီအမှန်တရားကို သိပင်မယ့် မင်းက မသိပါလား၊ ဟားဟားဟား …. အရူးပဲကွာ”
“ကိုင်လှိုင်လို့ မရနိုင်ဘူးတဲ့လား၊ ခင်ဗျား သေချာလား”
ထိုအခိုက်တွင် ယဲ့ဖန်က အေးတိအေးစက် ပြုံးလာသည်။
ဧကရာဇ်သွမ့်မူ ရုတ်တရက် မျက်နှာပျက်သွားသည်။ ထို့နောက် အခြေအနေက ထူးဆန်းစွာ တိတ်ဆိတ် နေသည်ကို သူ သတိထားမိသွားလေသည်။
လူတိုင်းက သူ့အား ကြောက်စိတ်နှင့် အလန့်တကြား ဖြစ်နေဟန်တို့ဖြင့် ကြည့်နေသည်ကို ဧကရာဇ် သွမ့်မူ သတိပြုမိသွားသည်။
လက်ရှိတွင် လူတိုင်း၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေသည်။ ထိုသို့ ကြည့်နေသဖြင့် ဧကရာဇ် သွမ့်မူ အလွန်အမင်း ထိတ်လန့်သွားသည်။
စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
ဧကရာဇ်သွမ့်မူသည် ၎င်းတို့ ကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်သောအခါ သူ၏ လက်တစ်ဖက်က အစအနမရှိ ပျောက်ကွယ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ ဒဏ်ရာမှ သွေးများ ပန်းထွက်နေ၏။
သူ့လက်မောင်းတစ်ဖက် ပြတ်သွားလေပြီ။
ကောင်းကင်တာအို၏ စွမ်းအင်က သိသိသာသာ လျော့ကျလာလေ၏။
“ကောင်း … ကောင်းကင်တာအိုကို တကယ်ကြီး ဖြတ်တောက်လိုက်တာလား”
“မဖြစ်နိုင်ဘူး၊ ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်၊ ဒီကောင် သူတော်စင်အဆင့်ကိုတောင် မရောက်သေးဘူးလေ၊ သုံးလောကနဲ့ ဘုံခြောက်ဘုံကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တာကို ဘယ်လိုလုပ် ကောင်းကင်တာအိုကို ဖြတ်တောက် နိုင်မှာလဲ”
လူတိုင်း ရုတ်တရက် ကြက်သီးထလာကြသည်။ သူတို့၏ မျက်လုံးတွင်းတွင် ကြောက်စိတ်တို့ စိုးမိုးလာ၏။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသော အဖြစ်ပင်။
ထိုအခိုက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်များတောင်မှ ချောက်ချားနေကြသည်။ သူတော်စင်အဆင့်၏ ခန္ဓာကိုယ် မဟုတ်ဘဲ ကောင်းကင်တာအိုကို ဖြတ်တောက်နိုင်သည်တဲ့လား။
*ဒါက*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မကောင်းဆိုးဝါး၊ ဒီလူက မကောင်းဆိုးဝါးပဲ”
သွေးအရှင်သခင်က အော်ဟစ်လုမတတ် ပြောလာသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး မျက်လုံးအိမ်ထဲမှ ကျွတ်ကျတော့မည်ဟုပင် ထင်မှတ်ရသည်။
“သူ့ကိုသတ်၊ သူ့ကိုသတ်မှ ဖြစ်မယ်၊ ဒီကောင် အသက်ရှင်နေရင် ငါတို့ ကောင်းကောင်းနေရမှာ မဟုတ်ဘူး”
အမြဲ တည်ငြိမ်နေခဲ့သော ကျောင်းတော်သငခ်၏ အသံပင် လက်ရှိ၌ တုန်ခါနေ၏။
*ကြောက်စရာကောင်းတယ်*
*ဒီလူက အိပ်မက်ဆိုးပဲ*
သူတို့တောင်မှ ဧကရာဇ်သွမ့်မူ၏ သိုင်းကွက်က ပြိုင်ဘက်ကင်းပြီး ယဲ့ဘုရင်ကို ရှင်းပြီးသည်နှင့် သူတို့အားလုံး ပူးပေါင်း၍ ဧကရာဇ်သွမ့်မူကို ရှင်းပစ်ရမည်ဟုပင် အတွေးဝင်လာခဲ့ရသည်။
ဤသိုင်းကွက်၏ ခြိမ်းခြောက်နိုင်စွမ်းက ကြီးမားလွန်းပြီး သူတို့အားလုံးနီးပါးကို နင်းချေနိုင်ပေသည်။ သို့သော် ယခု ကိုင်လှုပ်၍မရနိုင်သည်ဟု ထင်ရသော ကောင်းကင်တာအို စွမ်းအင်အား သူတို့အရှေ့မှ နတ်ဆိုးက ဖျက်ဆီးပစ် လိုက်လေသည်။
အင်မော်တယ် ဧကရာဇ်အဆင့်များတောင်မှ အံ့အားသင့်နေပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက် လာသည်။
သူတို့ မြင်နေရသောအရာကို မယုံနိုင် ဖြစ်နေကြသည်။
*ထူးဆန်းလိုက်တာ*
*ဒါ လုံးဝ မဖြစ်နိုင်တာကြီးကို*
*သူ့ရုပ်ခန္ဓာက သူတော်စင်အဆင့်နဲ့ ယှဉ်နိုင်နေတာလား*
*ကြောက်ဖို့ကောင်းလိုက်တာ*
အင်မော်တယ် သွမ့်မူသည်လည်း အံ့ဩနေ၏။ သူ၏ ဒဏ်ရာရနေသော လက်မောင်းကိုကြည့်ပြီး သူ ဝေဒနာကိုပင် မေ့ကာ မျက်နှာတွင် အလွန်အမင်း မှင်တက်အံ့ဩဟန် ပေါ်နေသည်။
တစ်စုံတစ်ယောက်က သူ့သိုင်းကွက်ကို ဓားချက်တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်သည်အား သူ မယုံနိုင်သေး သည့်ပုံပင်။
ယဲ့ဖန်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေရာမှ ရပ်တန့်သွားပြီး တဖြည်းဖြည်း မူလ လူငယ်အသွင်အပြင်သို့ ပြန်ရောက်သွားသည်။
ဤမြင်ကွင်းက ဖန်သားပြင်ရှေ့မှ လူများအားလုံးကို ချက်ချင်း အံ့ဩသွားစေသည်။
“ဒီနတ်ဆိုးရဲ့ ခန္ဓာကိုယ်က သူတော်စင်အဆင့်နဲ့ တကယ် ယှဉ်နိုင်နေတာလား”
“လာကြ၊ သူ့ကို့သတ်၊ သူ့ကို သတ်မှကိုဖြစ်မယ်”
လူတိုင်း ကြောက်လန့်နေကြသည်။ ဤသို့သော မကောင်းဆိုးဝါး အသက်ရှင်နေခြင်းက အဟန့်အတား တစ်ခုဖြစ်ပြီး သွေးပျက်ခြင်း အရိပ်အယောင်ပင်။
“သူ့ကို ပြန်ကုသခွင့် မပေးနဲ့၊ အတူတူ တိုက်ကြမယ်”
ကျောင်းတော်သခင်က အရင်ဆုံး သတိဝင်လာပြီး အော်ဟစ်ပြောဆိုလိုက်သည်။ ယခုအချိန်၌ အခွင့်အရေးကို အမိအရ အသုံးချ၍ ယဲ့ဖန်ကို သတ်ပစ်ရမည်။
လက်ရှိတွင် ယဲ့ဖန်၏ ဆံပင်များက နှင်းကဲ့သို့ စွတ်စွတ်ဖြူနေပြီး နဂါးအိုကြီးတစ်ကောင်နှင့် တူနေသော်လည်း မျက်လုံးများက စူးလက်နေကာ ဓားတစ်လက်ကဲ့သို့ ချွန်ထက်နေသည်ဟု ထင်မှတ်ရပြီး အရှိန်အဝါက ရပ်တန့်၍ မရနိုင်ချေ။
ထိုအခိုက်တွင် သူ၏ အရှိန်အဝါက စကြဝဋ္ဌာဓားနှင့် ပေါင်းစပ်နေပုံရသည်။ ပြောမပြတတ်လောက်အောင် အင်အားကြီးလှသည်။
ထိုအခိုက်တွင် တစ်လောကလုံး တုန်ခါလာပြီး ကောင်းကင်တာအို ပုံရိပ် သက်ဆင်းလာကာ ၎င်းက အလွန်အမင်း ကြီးစိုးလာပြီး လေဟာနယ်ကို တစ်စစီ စုတ်ဖြဲကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာသည်။
ထိုပုံရိပ်တွင် မရေတွက်နိုင်သော တာအို အငွေ့အသက်များက နဂါးငွေ့တန်းသဖွယ် စီးဆင်းနေပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်အထိ ထည်ဝါလှသည်။
ဤသည်မှာ ကျောင်းတော်သခင်၏ တိုက်ကွက်ဖြစ်ပြီး သူ၏ အစွမ်းထက်သော မှော်လက်နက်ကို အစွမ်းကုန် စတေး၍ ယဲ့ဖန်ကို ရှင်းလင်းရန် နည်းနည်းလေးမှ အားမလျှော့ရဲချေ။
သူ၏ ချောမောဖြူရော်သော မျက်နှာတွင် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေပြီး အံကြိတ်ထားသည်။ လက်ရှိတွင် သူ ဆောက်တည်ရာမရ ဖြစ်နေ၏။
အကယ်၍ သူ အစွမ်းကုန် အားထုတ်၍ မတိုက်လျင် ယဲ့ဖန်က သူ့ကို သတ်ပေလိမ့်မည်။ အားလုံး စိတ်လှုပ်ရှားစွာဖြင့် အာရုံစိုက် ကြည့်နေကြပြီး ယဲ့ဖန်ကို သူ သတ်နိုင်ပါစေဟု မျှော်လင့်နေကြသည်။
သူသည် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်၏ ကျောင်းတော်သခင် ဖြစ်ပြီး လုပ်ကြံရေး၌ အထူးချွန်ဆုံး ဖြစ်ကာ အင်မော်တယ် ဧကရာဇ်အဆင့်များကို သတ်နိုင်သောသူ ဖြစ်လေသည။
“ဝေါ့”
ရုတ်တရက် ယဲ့ဖန် သွေးအန်လာသည်။ ထိုဖိအားက သူ့အား အတွင်းဒဏ်ရာ ရသွားစေသည်။ ပို၍ အရေးကြီးသော ကိစ္စမှာ ၎င်းသည် ရှောင်တိမ်း၍ မရနိုင်ဘဲ အလွန် ဖိအားကြီးနေခြင်းပင်။
“သေစမ်း၊ သူ သေပါစေ၊ ဘုရားသခင် ကောင်းချီးပေးပါစေ၊ ဒီတစ်ခါတော့ ငါတို့ ဒီနတ်ဆိုးကို သတ်နိုင်မှ ဖြစ်မယ်”
လူတိုင်းသည် ဖန်သားပြင်ကိုကြည့်၍ အော်ဟစ်နေပြီး မျက်နှာများ ဖြူရော်နေကာ စိုးရိမ်တုန်လှုပ်နေပြီး အသက်ပင် မရှူနိုင်ချေ။
“ငါ ဒီနေ့ သေကောင်းသေလိမ့်မယ်၊ ဒါပေမဲ့ မင်းတို့ကိုပါ သေချာပေါက် ငါနဲ့အတူ ခေါ်သွားမှာ”
ယဲ့ဖန်က ကြွေးကြော်လိုက်ပြီး စကြဝဋ္ဌာဓားအား အပေါ်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ယံ၌ ဓားအရိပ်က အခုတစ်ရာအထိ ပြောင်းလဲ ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။
တာအိုစွမ်းအင် ဖိနှိပ်ခံလိုက်ရပြီး ဥပဒေသများ လှုပ်ခါလာသည်။
ထိုအခိုက်တွင် ထည်ဝါပြင်းထန်သော တာအိုစွမ်းအင် နှစ်ခုက စစ်သားနှစ်ယောက် ယှဉ်တိုက်သကဲ့သို့ အချင်းချင်း ထိပ်တိုက် တွေ့လာသည်။
ထိုအခါ နှလုံးကွဲကြေမတတ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“မြတ်စွာဘုရား နောက်ထပ် ဓားချက်တစ်ချက်ကြောင့် ပျက်စီးသွားပါလား၊ ဒီနတ်ဓားရဲ့ ဇစ်မြစ်က ဘာလဲ၊ ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ နောက်ခံ ရှိနေတာလဲ”
“ဒီနတ်ဓားက တော်တော် အစွမ်းထက်တာပဲ၊ ကောင်းကင်တာအိုကိုတောင် ဖြတ်တောက်နိုင်တယ်၊ အဲ့ဒါ မခုခံနိုင်တာ ဘာရှိသေးလဲ”
လူတိုင်း တအံ့တဩ ပြောလာပြီး သွေးပျက်နေကြသည်။
*ဒီနတ်ဆိုးနဲ့ ဒီနတ်ဆိုးဓား … တကယ်ကို ကြံရာမရစေတာပဲ*
“အင်မော်တယ် ဧကရာဇ်တောင် မတားနိုင်ဘူးလား၊ မဟုတ်မှလွဲရော ဒီဓားက ပင်ကိုမှော်လက်နက်လား”
တစ်စုံတစ်ယောက်က တအံ့တဩ ရေရွတ်လာသည်။
*ပင်ကိုမှော်လက်နက်လား*
ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် လူတိုင်း ချက်ချင်း လောဘတက်လာသည်။ ၎င်းသည် ရှာ၍မတွေ့နိုင်သော ရတနာတစ်ပါးပင်။
သူတော်စင်အဆင့်တောင်မှ မပြုလုပ်နိုင်သော လက်နက်ဖြစ်ပြီး ၎င်းတို့အားလုံးနီးပါးသည် တာအို၏ အရှိန်အဝါကို စုစည်း၍ ဖန်တီးထားခြင်း ဖြစ်ပြီး စွမ်းအားက မတွေးဝံ့စရာပင်တည်း။
ကျောင်းတော်သခင်၏ နှုတ်ခမ်းထောင့်က မဲ့ရွဲ့နေပြီး စိတ်ဓာတ်ကျလွန်း၍ သေချင်စိတ်ပင် ပေါက်နေကာ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုသလို ခံစားနေရသည်။
တာအိုစွမ်းအင်ကိုသုံး၍ ယဲ့ဖန်အား ဒဏ်ရာ နောက်တစ်ခု ရသွားအောင် လုပ်လိုက်ခြင်းက ထိုက်တန်ရဲ့လား သူ မသိပါ။
“မီးအကျဉ်းထောင် အရှင်သခင်၊ ခင်ဗျား ဘာလုပ်နေသေးတာလဲ”
ဧကရာဇ်သွမ့်မူက မီးအကျဉ်းထောင် အရှင်သခင်အား အော်ပြောလိုက်သည်။ သူတို့သည် ယခု ဒဏ်ရာရသူရကာ ရှုံးသူက ရှုံးနေသော်လည်း မီးအကျဉ်းထောင် အရှင်သခင်က ကျားနှစ်ကောင် ချနေသည်ကို ကြည့်သကဲ့သို့ ထိုင်ကြည့်နေဆဲပင်။
မီးအကျဉ်းထောင် အရှင်သခင်က ဧကရာဇ်သွမ့်မူကို တစ်ချက်ကြည့်၍ မျက်နှာပြောင်နှင့် ပြောလိုက်သည်။
“ငါ အများနဲ့ အနိုင်ကျင့်ရတာကို မကြိုက်ဘူး”
“မင်း”
ထိုစကားက ဧကရာဇ်သွမ့်မူအား ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်သွားစေပြီး ချက်ချင်း ပြန်အော်လာသည်။
“မင်း အဲ့ကောင်ရဲ့ ခွန်အားကို မမြင်ဘူးလား၊ နှစ်ယောက်တည်း ထိပ်တိုက်တွေ့ရင် နိုင်နိုင်ချေ မရှိဘူးကွ၊ မင်း သေချင်နေတာလား”
“အဲ့လိုဖြစ်မယ်ဆိုရင်တောင်မှ ငါ မျှမျှတတပဲ တိုက်ချင်တယ်”
မီးအကျဉ်းထောင် အရှင်သခင်က တိုက်ခိုက်လိုစိတ် တောက်ပနေသော အကြည့်များဖြင့် အေးအေးလူလူ ပြောလာသည်။
ဤသို့ သန်မာသော လူတစ်ယောက်နှင့်သာ သူ တိုက်ခိုက်ရမည်ဆိုလျင် သူ နိုင်နိုင်၊ ရှုံးရှုံး နောင်တမရပါ။
သူ့လူမျိုးများ လက်တုံ့ပြန်ခံရမည်ကိုသာ မစိုးရိမ်မိလျင် သူ ယဲ့ဖန်ကို ကူညီပြီး ဤအရှက်မဲ့သော သူများကို သတ်မိလောက်သည်။
“အရူးကောင်”
အင်မော်တယ် ဧကရာဇ်အဆင့်များ ဒေါသထွက်သွားကြသည်။
*ဒီမီးအကျဉ်းထောင် အရှင်သခင်က အရူးပဲ*
“သူ ဒဏ်ရာရထားပြီးသား၊ သူ ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး၊ မင်းတို့ တတ်နိုင်တဲ့ ဘယ်နည်းလမ်းမဆို ထုတ်သုံးကြ”
သွေးအရှင်သခင်က လောဆော်လာ၏။
ရုတ်တရက် အရောင်စုံ အလင်းများက လေပြင်းသဖွယ် တိုက်ခတ်ပျံ့နှံ့လာပြီး တာအိုစွမ်းအင်များက အရူးအမူး ထိုးတက်လာသည်။
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံးက သူတို့၏ နောက်ဆုံး သိုင်းကွက်များကို ထုတ်သုံးနေကြပြီး နည်းနည်းလေးမျှ အရှေ့တွင် မနေရဲချေ။ အားလုံးသော သိုင်းကွက်များက ယဲ့ဖန်ထံ အပြင်းအထန် ကျရောက်လာ လေသည်။
ယဲ့ဖန်က ပါးစပ်ထောင့်မှ သွေးကိုသုတ်၍ ထီမထင်စွာ ပြောလိုက်သည်။
“ငါ ဒဏ်ရာ အပြင်းအထန် ရနေရင်တောင်မှ မင်းတို့ကို ခွေးကိုသတ်သလို သတ်နိုင်တယ်ကွ”
ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တောက်ပလာပြီး စွမ်းအင်ကလည်း တိုးမြင့်လာကာ တစ်ကိုယ်လုံး အလင်းရောင်တို့ဖြင့် ပြည့်နှက်နေပြီး ရှေးခေတ် ဧကရာဇ်တစ်ပါး ဆင်းသက်လာသည်ဟုပင် ထင်မှတ်ရသည်။
သူ့လက်ထဲတွင် ဘယ်အချိန်ထဲက ရောက်နေမှန်းမသိသော ရွှေရောင် လေးတစ်လက် ရှိနေပြီး လေးကြိုးကို ဆွဲလာသည်။
အရပ်ဆယ်မျက်နှာမှ စွမ်းအင်များက သူ့ထံ စုဝေးလာပြီး လေဟာနယ် တုန်ခါလာကာ ထိုစွမ်းအင်အလယ်၌ သူက ထည်ဝါစွာ မတ်တပ်ရပ်နေလေသည်။
“ရွှီး”
အရင်း၌ မီးတောက်နေသော မြားတစ်စင်းက ဒုံးပျံသဖွယ် လေကိုခွင်း၍ ပျံသန်းလာ၏။