ငါ ထပ်သတ်နိုင်တယ်
Vol. 110 Ch. 1645
“ရွှစ်”
အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် မြားမှန်သွားပြီးနောက် သူ့ခန္ဓာကိုယ်က တန်း၍ ပေါက်ကွဲကာ သွေးများက မိုးစက်သဖွယ် ကျဆင်းလာပြီး သေဆုံးသွားလေသည်။
လူတိုင်း ချောက်ချားသွားပြီး ယဲ့ဖန်၏ လက်ထဲမှ နတ်လေးကို အလန့်တကြား ကြည့်လာကြသည်။
*အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို မြားတစ်စင်းက သတ်လိုက်နိုင်တယ်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး လက်ရှိတွင် ကြောက်လန့်နေကြပြီး ယဲ့ဖန်အား ကြောက်စိတ်ဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေကာ တစ်ခုခု မှားနေပြီဟု ခံစားမိလာသည်။
“သေစမ်း၊ ဒီလောက် များတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်တွေ ဝိုင်းတိုက်နေတာတောင် သူ့ကို မဖိနှိပ်နိုင် သေးဘူးလား”
လူတိုင်း သွေးပျက်သွားသည်။ များပြားသော အင်မော်တယ် ဧကရာဇ်အဆင့်များ အတူတူ တိုက်ခိုက်ကြ သော်လည်း ယဲ့ဖန်ကို မဖိနှိပ်နိုင်သည့်အပြင် ဤနတ်ဆိုးက သူတို့ကို ပို၍ အခက်တွေ့အောင် လုပ်နေ၏။
“မျိုးမစစ်ကောင် မင်း ငါ့အစ်ကိုကို သတ်ရဲတယ်ပေါ့လေ”
အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် ဒေါသထွက်လာသည်။ အစောပိုင်းက သေသွားသူက သူ၏ အစ်ကိုပင်။ သူတို့နှစ်ယောက်လုံးက နာမည်ကြီး မိသားစုတစ်ခုမှ ဖြစ်သည်။ ယခုအခါတွင်မူ တစ်ယောက်က မြားတစ်စင်းဖြင့် ပစ်သတ်ခံလိုက်ရသည်။ သူတို့ ယင်းကို ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
ထိုစကားကိုကြားသော် ယဲ့ဖန်က သူ့ဘက်သို့ ချက်ချင်း လှည့်ကြည့်လာပြီး လေးကြိုးကို ဆွဲလိုက်သည်။
ထိုအင်မော်တယ် ဧကရာဇ်အဆင့်သည် ချက်ချင်း လေအေးကို ရှူလိုက်မိသလို ဖြစ်သွားပြီး နောက်လှည့် မကြည့်ဘဲ ထွက်ပြေးလေတောာ့သည်။
“ရွှီး”
တာအိုစွမ်းအင် ပါဝင်နေသော မြားတစ်စင်းက လျင်မြန်စွာ ပျံသန်းလာပြီး တိမ်ကိုခွင်း၍ ထိုအင်မော်တယ် ဧကရာဇ်အဆင့်ထံ ဦးတည်နေသည်။
“မလုပ်နဲ့”
ငယ်သံပါအောင် အော်ဟစ်လိုက်သံက ကောင်းကင်အနှံ့ ပျံ့နှံ့လာ၏။
“ဖောင်း”
သွေးမိုးများ ရွာသွန်းလာပြန်သည်။ ဤသည်ကိုမြင်သော လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။
*သေသွားပြီ*
*နောက်ထပ် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် သေသွားပြီ*
*ဒီလေးက အရမ်း သန်မာလွန်းတယ် မဟုတ်လား*
“ဒီလူက ဒဏ်ရာ အပြင်းအထန် ရထားပြီးတာလေ၊ ဒါတောင် သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင် ခွန်အား ရှိနေသေးတာလား၊ ဒါက အဓိပ္ပာယ် မရှိသလိုပဲ”
“မကောင်းဆိုးဝါး၊ မကောင်းဆိုးဝါးပဲ”
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး အသက်ရှူမဝသလို ခံစားလာရသည်။ သူတို့အရှေ့မှလူက သူတို့အား အလွန်အမင်း စိတ်ဖိစီးလာအောင် လုပ်နိုင်နေ၏။
“ဝေါ့”
ယဲ့ဖန်သည် ခေါင်းငုံ့သွားပြီး သွေးအန်လာ၏။ သူ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် အန်လိုက်သော သွေးထဲတွင် အသားစများပင် ပါနေကာ ကိုယ်တွင်းအင်္ဂါ တော်တော်များများ ပျက်စီးနေသည်။
လက်ရှိအချိန်တွင် ဤမျှ များပြားသော အင်မော်တယ် ဧကရာဇ်အဆင့်များကို တစ်ကိုယ်တည်း ရင်ဆိုင်နေ ရသဖြင့် သူ အလွန် မောပန်းသလို ခံစားလာရသည်။
ယင်းကြောင့်ပင် သူ အတော်လေး ကြောက်စရာကောင်းနေသည်။
သူ ဤသို့ ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ယခုအထိ ကြံ့ကြံ့ခံနိုင်တုန်းပင်။ ရှောင်ချမ်ကဲ့သို့ မသေနိုင်ပုံ ပေါ်နေပြီး အံ့ဩစရာ ကောင်းလှသည်။
ဖန်သားပြင်ရှေ့မှ နတ်ဆိုးများအားလုံး စိုးရိမ်နေကြသည်။ ယဲ့ဖန် ဤသို့ ဒဏ်ရာ ဆိုးဆိုးရွားရွား ရသည်ကို သူတို့ ယခုမှ မြင်ဖူးခြင်းပင်။ သူသည် တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း သွေးအန်နေ၏။
အခြေအနေက သိပ်မကောင်းပေ။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ အမျိုးသမီးများသည် အိပ်မက်မှ နိုးသကဲ့သို့ သတိရလာကြပြီး ယဲ့ဖန် ရှေ့တန်းသို့ တစ်ယောက်တည်း ထွက်သွားသည်ကို သိလိုက်ကြသည်။
သန်းချီသော စစ်သည်တော်များကို တစ်ကိုယ်တည်း ရင်ဆိုင်နေသည်တဲ့လေ။
“အရူး … အရူးကြီး”
ပိုင်ရွှယ်နှင့် အခြားသူများသည် ထိုနေရာသို့ ထွက်လာနေကြရင်းနှင့် ဖုန်းမျက်နှာပြင်ကိုကြည့်ကာ ယဲ့ဖန်အား ဆူပူနေသည်။
ယဲ့ဖန်၏ ဖြူဖွေးနေသော ဆံပင်ကိုမြင်သောအခါ သူတို့ ရင်ကွဲရလေသည်။
“ဒီနေ့ စစ်နတ်ဘုရားအိုကြီးကိုယ်စား ငါ နိုင်ငံကို ကာကွယ်မယ်”
ယဲ့ဖန်၏ ပုံရိပ်က တုန်ယင်နေသော်လည်း မြေကြီးပေါ် လဲမကျသွားစေရန် စကြဝဋ္ဌာဓားကို အားပြု၍ မတ်တပ်ရပ် နေသည်။
အကြည့်များက ခက်ထန်နေဆဲဖြစ်ပြီး သိုင်းပညာရှင်များအား စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ မောက်မာ ထောင်လွှားပြီး ထိန်းရခက်လှသည်။
ဤသည်ကိုမြင်သော် နတ်ဆိုးမျိုးနွယ်များအားလုံး မျက်ရည်လည်ရွဲ ဖြစ်သွားကြသည်။
“ပေါင်လုံ အဖွဲ့သားတွေ လူစုစမ်း”
လုံခွေနှင့် အခြား ပေါင်လုံ အဖွဲ့သားများသည်လည်း ဤမြင်ကွင်းကိုမြင်ပြီးနောက် စကားတစ်ခွန်းမှ ပြောမနေ တော့ဘဲ လက်နက်ကိုဆွဲ၍ သွေးနီ မြေပြန့်လွင်ပြင်သို့ အပြေးနှင်ကြတော့သည်။
ယဲ့ဖန်၏ စကားတစ်ခွန်းကြောင့်နှင့် ယဲ့ဖန်အပေါ် သူတို့၏ မုန်းတီးစိတ်များ ပျောက်ကွယ်ကုန်သည်။ လက်ရှိတွင် ယဲ့ဖန်က သူတို့၏ နည်းပြဆရာ ဖြစ်နေဆဲပင်။
ပေါင်လုံ အဖွဲ့သားများသည် လေးနက်တည်ငြိမ်သော မျက်နှာထားများနှင့် ဖြစ်နေကြပြီး မျက်လုံးတွင် သေရမည်ကို မကြောက်သော အရိပ်အယောင်များ ပြည့်နေ၏။
တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ကြည့်နေသော ပြည်ပနိုင်ငံသားများသည်လည်း ယဲ့ဖန်၏ အပြုအမူကို မြင်သောအခါ မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
“မြတ်စွာဘုရား အဲ့ဒီ စစ်နတ်ဘုရားအိုကြီးဆိုတာက ဘယ်သူလဲ၊ ဒီနတ်ဆိုးအတွက် သူ့အသက်ကို ရင်းပြီး နိုင်ငံကို ကာကွယ်တာက တန်လို့လား”
“ဒါက ယောက်ျားသားချင်းတွေကြားက ကတိစကား ဖြစ်လိမ့်မယ်၊ သူတို့ကြားက ခံစားချက်တွေနဲ့ ယုံကြည်ချက်တွေက ငါတို့ နားလည်နိုင်မှာ မဟုတ်ဘူး”
“နတ်ဆိုးတဲ့လား၊ သူက တကယ် နတ်ဆိုးရော ဟုတ်ရဲ့လား၊ နတ်ဆိုးက သူ့လူမျိုးအတွက် တစ်ယောက်တည်း တိုက်ခိုက်ပြီး သေမှာ မကြောက်ဘဲ နေတတ်လို့လား”
လူတိုင်း အံ့ဩနေကြပြီး သူတို့၏ အတွေးများ ယိမ်းယိုင်စပြုလာသည်။
နတ်ဆိုးသည် လူမဆန်တတ်ပေ။ သို့သော် သူတို့အရှေ့မှ ဤလူသည် သူ့လူမျိုး၏ ငြိမ်းချမ်းရေးအတွက် သူ့အသက်ကိုပင် အမှုမထားဘဲ တိုက်ခိုက်ရန် တုံ့ဆိုင်းခြင်း မရှိပေ။
ဘယ်လိုလုပ် ဒီလိုလူမျိုးက နတ်ဆိုးဖြစ်မှာလဲ။
“ဝုန်း”
ရုတ်တရက် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယဲ့ဖန် မီတာတစ်ရာမျှ လွင့်ထွက်သွားသည်။
အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်က ရတနာစည်းတံဆိပ်တစ်ခုနှင့် ပစ်ခွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် တောက်ပထည်ဝါနေပြီး ကောင်းကင်အစွန်းကိုပင် တုန်ခါစေနိုင်သည်ဟု ထင်မှတ်ရသည်။ ၎င်းက ပစ်လိုက်သည်နှင့် ယဲ့ဖန်ကို ချက်ချင်း အထိနာစေ၏။
“ဝေါ့”
ယဲ့ဖန် သွေးထပ်အန်လာပြီး ဒဏ်ရာများက ပိုပြင်းလာသည်။ ထို့နောက် သူသည် ကြောက်စရာကောင်းသော အကြည့်ဖြင့် ထိုအင်မော်တယ် ဧကရာဇ်အဆင့်အား လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်၏ အကြည့်နှင့် ဆုံသွားသောအခိုက်မှာပင် ထိုလူသည် တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာတစ်ပြင်လုံး ဖြူရော်လာ၏။
ထိုအခိုက်တွင် သူသည် ငရဲသို့ ကျသွားသလို ဖြစ်သွားသည်။ ဝိညာဉ်အား သေမင်းတမန်၏ တံစဉ်းက ရိတ်သိမ်း သွားသလို ခံစားလိုက်ရပြီး ထိုခံစားချက်က အလွန်အမင်း ခံရခက်လှသည်။
“ယဲ့ဘုရင် မင်းခေါင်းကို ငါ ယူမယ်ကွ”
ထိုစဉ် ဒေါသထွက်နေသော ကြွေးကြော်သံတစ်သံ ထွက်လာပြီး အခြား အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်က အခွင့်အရေးကို အသုံးချကာ ယဲ့ဖန်၏ ကျောပြင်ကို အားဖြင့် ရိုက်ချလာသည်။
“အာ…”
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီးနောက် နောက်လှည့်၍ ဓားဖြင့်ခုတ်လိုက်သည်။
“ရွှစ်”
ထိုအင်မော်တယ် ဧကရာဇ်အဆင့်၏ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ၏ လက်နှစ်ဖက်လုံး အရင်းမှ ပြတ်ထွက်သွားသည်။
“အား…”
ထို့နောက်တွင်မူ သူသည် နာကျင်စွာ ဆွဲဆွဲငင်ငင် အော်ဟစ်လာပြီး အနောက်သို့ ဆက်တိုက် ဆုတ်သွားကာ မျက်နှာတွင် ကြောက်စိတ်နှင့် မယုံနိုင်စိတ်တို့ ပြည့်နေ၏။
*ငါ အရှိန်ကို အမြင့်ဆုံးအထိ တင်ထားတာလေ*
*ငါ သူ ဒဏ်ရာရနေတုန်း ဝင်တိုက်တာ၊ ဘယ်လိုလုပ် သူက ပြန်တိုက်နိုင်တာလဲ*
*ဒီလူက သန်မာလွန်းတယ်*
“နတ်ဆိုး အငွေ့အသက် အင်ပါယာထဲကို မင်းတို့လို ပါမွှားတွေက ခြေချချင်တယ်ပေါ့၊ ငါ မင်းလက်ကို ဖြတ်ပစ်တယ်ကွာ”
ယဲ့ဖန်က ဒေါသတကြီး အော်ငေါက်လိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းပြန်သည်။ အေးစက်စက် အလင်းတန်းတစ်ခု ပျံ့နှံ့သွားပြီးနောက် ထိုအင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက် တစ်စစီ ဖြစ်သွားလေ၏။
ထို့နောက်တွင်မူ ယဲ့ဖန်က လက်တစ်ဖက်ကိုဆန့်၍ ရတနာစည်းတံဆိပ်အား လှမ်းဖမ်းကာ ဒေါသတကြီး ဖိချေလိုက်သည်။
“ဂျွတ်”
ထိုရတနာ စည်းတံဆိပ် ကွဲအက်ပျက်စီးသွားသည်။ ဤသည်ကိုမြင်သော် ထိုစည်းတံဆိပ် ပိုင်ရှင်သည် မျက်နျာ ပြာနှမ်းသွားသည်။ သူ သေချာထပ်ကြည့်လိုက်သောအခါ နတ်ဆိုးက သူ့အား အချိန်အတော်ကြာစဉ်ကတည်းက ကြည့်နေကြောင်း တွေ့လိုက်ရသည်။
“ဂလု”
ထို အင်မော်တယ် ဧကရာဇ်အဆင့်သည် တံတွေးကို မနည်းမျိုချလိုက်ပြီး အမူအရာက တောင့်တင်းကာ မူမမှန်တော့ချေ။
*ထွက်ပြေးရမယ်*
ထိုသို့တွေးမိသော်လည်း အတွေးအတိုင်း လိုက်လုပ်ချိန်မရလိုက်ချေ။ လောကကြီး တစ်ပတ်လည်သွားသည်ဟု သူ ခံစားလိုက်ရသည်။
တကယ်တမ်းတွင် သူ့ဦးခေါင်းက လည်ပင်းမှ ပြတ်ထွက်သွားပြီး သုံးရာ့ခြောက်ဆယ် ဒီဂရီလည်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခြင်း ဖြစ်လေသည်။ သွေးများက ရေပန်းသဖွယ် ပန်းထွက်လာ၏။
ဘေးပတ်လည်မှလူများအားလုံး ကြက်သေသေသွားပြီး လည်ချောင်းများ ခြောက်သွေ့လာကာ ဘာအသံမှ မထွက်နိုင်တော့ချေ။
*သေသွားပြီ*
*အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်က စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရပြီ*
*ဒီလူက သောက်ရမ်း သန်လွန်းတယ်*
ထိုစဉ် ယဲ့ဖန်က ဓားသွားပေါ်မှ သွေးကိုသာ ကြည့်နေပြီးနောက် သူ့ရှေ့မှ အင်မော်တယ် ဧကရာဇ်အဆင့်များကို ကြည့်လိုက်သည်။
“ငါ ထပ်သတ်နိုင်သေးတယ်”
ထိုစကားက အင်မော်တယ် ဧကရာဇ်အဆင့်များအား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန် ပြောလိုက်သောစကားက ငါ ထပ်တိုက်နိုင်သေးတယ် မဟုတ်ဘဲ ထပ်သတ်နိုင်သေးတယ် ဟု ပြောလိုက်သည်ကို အသေအချာ ကြားလိုက်ရသောကြောင့်ပင်တည်း။
*သူ့အတွက် ငါတို့အားလုံးက အသတ်ခံရမယ့် သိုးတွေ ဖြစ်နေတာလား*
သူတို့၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာ၏။
“ယီးပဲ၊ မင်းရဲ့ မောက်မာမှုအတွက် ပြန်ပေးဆပ်ရမယ်ကွ”
အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်က သတ်တော့ဖြတ်တော့မည့်ဟန်ဖြင့် ဒေါသတကြီး ကြုံးဝါး လာသည်။
“ရွှစ်”
ထိုစဉ် သူသည် ယဲ့ဖန်ကြောင့် မြားဖြင့် ပစ်ခွင်းခံလိုက်ရသည်။
*ဟာ*
လူတိုင်း တုန်လှုပ်ချောက်ချားသွားသည်။
*ဒီလိုကြီး လူသတ်နေမှာလား*
အင်မော်တယ် ဧကရာဇ်အဆင့်များတောင်မှ ချောက်ချားသွားလေသည်။
*မျိုးမစစ်ကောင် ဒါက အင်မော်တယ် ဧကရာဇ်အဆင့်လေ၊ တစ်ယောက်ပြီး တစ်ယောက်ကို မြားနဲ့ ပစ်သတ်နေတာ၊ စော်ကားရာ ရောက်မနေဘူးလား*
“သတ်၊ သတ်၊ သတ်၊ အတူတူ သတ်ကြမယ်”
ဧကရာဇ်သွမ့်မူက ကြွေးကြော်လိုက်သည်။ လက်ရှိတွင် သူသည်လည်း အလွန် ကြောက်ရွံ့နေပြီး ယဲ့ဖန်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲသည့် သတ္တိ မရှိတော့ပေ။
သွေးအရှင်သခင်နှင့် အခြားသူများအားလုံးသည်လည်း မျက်နှာထားများ သုန်မှုန်နေကြသည်။ သူတို့သည် ဧကရာဇ်သွမ့်မူ၏ စကားအတိုင်း ပြိုင်တူ ဟစ်အော်၍ ယဲ့ဖန်အား သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။
“သူ့ကို အရေခွံခွာပြီး ရိုက်ချိုးပစ်စမ်း”
“သူ့ကို နုတ်နုတ်စင်းမယ်”
“ယဲ့ဘုရင် ဒူးထောက်စမ်း”
“ယဲ့ဘုရင် သေပေတော့”
ထိုအခိုက်တွင် ဤသည်ကိုမြင်ပြီး နတ်ဆိုးများအားလုံး အော်ဟစ်လာကြသည်။
“အရှင်မင်းမြတ်”
“စောင့်နေပေးပါ၊ ကျွန်တော်မျိုးတို့ကို စောင့်နေပေးပါ”
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ အမျိုးသမီးများအားလုံး မျက်ရည်လည်ရွဲ ဖြစ်နေကာ မျက်နှာတွင် ဝမ်းနည်းစိတ်နှင့် ယူကြုံးမရဟန်တို့ ပြည့်နေ၏။
“ယဲ့ဖန် မသေပါနဲ့၊ ရှင် သေလို့မဖြစ်ဘူး”
“ရှင် ကျွန်မကို လက်ထပ်ချင်တယ်လို့ ရှင်ပဲ ပြောခဲ့တာလေ၊ ရှင် ကတိမတည်တော့ဘူးလား”
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ရူးသွပ်နေကြပြီး ယဲ့ဖန်ကြောင့် ကြောက်လန့်နေလေသည်။ အစက သူတို့က တစ်ကိုယ်တော် ရပ်တည်၍ ယဲ့ဖန်အား တစ်လှည့်စီ တိုက်ခိုက်ချင်ခဲ့ကြသည်။
သို့သော် သူတို့ အံ့ဩစွာ သိလိုက်ရသည်က သူတို့ တစ်ယောက်တည်း မနိုင်နိုင်ခြင်းပင်။
သူတို့ အတူတူ မတိုက်ပါက ဤနတ်ဆိုးကို လုံးဝ မသတ်နိုင်ပါ။ ထိုမျှနှင့် ရပ်မသွားချေ။
အင်မော်တယ် ဧကရာဇ်အဆင့်များ တိုက်ခိုက်လာပြီးနောက် သန်းချီသော စစ်သည်တော်များကလည်း သူတို့နှင့်အတူ ယဲ့ဖန်ထံ ပြေးတက်လာပြီး သည်းကြီးမည်းကြီး သတ်ချင်နေကြသည်။
နတ်ဘုရင်အဆင့်၊ သူတော်စင်သခင်အဆင့်၊ ဘုရင်အဆင့်များ ရေတွက်၍ပင် မကုန်နိုင်ပါ။
ဤသည်ကိုမြငသော် ယဲ့ဖန်က အေးစက်မာကြောသော အပြုံးမျိုး ပြုံးလိုက်ပြီး ဟစ်အော်လိုက်သည်။
“ရှုဖူ”
ကြီးမားပြင်းထန်သော ယန်စွမ်းအင်တစ်ခုက မြေကြီးထဲမှ ထိုးတက်လာပြီး ထည်ဝါသော နဂါးအသွင်အဖြစ် ကောင်းကင်ယံသို့ တိုင်များသဖွယ် မြင့်တက်လာ၏။
ရှေးဟောင်း မဟာ အစီအရင်တစ်ခု ပေါ်လာလေပြီ။ ၎င်းက ကောင်းကင်တစ်ခုလုံးကို အုပ်မိုးနေပြီး အရာအားလုံးကို ဖျက်ဆီးနေ၏။ ဤနေရာက မြေပြန့်လွင်ပြင်သာ ဖြစ်မနေလျင် အားလုံး ပြိုလဲပျက်စီး လောက်သည်။
တာအိုစွမ်းအင်ကလည်း ပြည့်နှက်နေ၏။ မရဏ အငွေ့အသက်က မှန်း၍ပင် မရနိုင်ပါ။
“ရှေးခေတ် မရဏ အစီအရင်လား”
ဤသည်ကိုမြင်သော် ဧကရာဇ်သွမ့်မူနှင့် အခြားသူများ မျက်လုံးများ ပြူးကျယ်လာပြီး အံ့ဩရိပ်တို့ စွန်းထင်း လာသည်။
သူတို့ ဝိညာဉ်လွင့်ကာ နှလုံး ကွဲကြေမတတ် ကြောက်ရွံ့လာ၏။ ၎င်းသည် ရှေးဟောင်း သားရဲတစ်ကောင် နိုးထလာသကဲ့သို့ အရာအားလုံးကို ဝါးမျိုရန် ကြိုးစားနေ၏။
*တွက်ချက်ထားတာပဲ*
*ဒီလူက တစ်ယောက်တည်း လာတာ မဟုတ်ဘူး*
အစက ဧကရာဇ်သွမ့်မူနှင် အခြားသူများသည် သူတို့ ယဲ့ဖန်ကို ဝါးမျိုနိုင်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း၌ ယဲ့ဖန်ကသာ သူတို့ကို ဝါးမျိုနေသည်။
လက်ရှိတွင် သူတို့သည် ဒဏ်ရာရသူရ၊ လက်ပြတ်သူပြတ်နှင့် သေသူသေသွားကြသည်။ အရေးအကြီးဆုံး အချက်မှာ သူတို့၏ စိတ်သဘောထားပါ ထိခိုက်၍ ယိမ်းယိုင်နေခြင်းပင်။ ဤရှေးဟောင်း မဟာအစီအရင်ကို သူတို့ ဘယ်လိုလုပ် ရင်ဆိုင်နိုင်ပါမည်နည်း။
“အားလုံးပဲ၊ အရှင်မင်းမြတ်က မင်းတို့အတွက် တမလွန်လမ်းလေး ပြင်ဆင်ပေးထားတယ်၊ အခု အဲ့လမ်း ပွင့်သွားပြီ၊ မင်းတို့အားလုံး … ကောင်းကောင်း သွားကြ”
ရှုဖူသည် ကောင်းကင်ယံ၌ ဂုဏ်ယူစွာ ရပ်နေပြီး လက်ကိုနောက်ပစ်ထားသည်။ သူ့ပုံစံက အထက်စီးဆန်ကာ ဝင့်ကြွားလှသည်။ သို့သော် သူ့မျက်နှာတွင် စဉ်းလဲသော အပြုံးတစ်ခု ရှိနေ၏။
မြေပြင် တုန်ခါလာပြီး ပတ်ဝန်းကျင်က မြူဆိုင်းလာကာ မမြင်ရသော မရဏ အငွေ့အသက်များ ပျံ့လွင့်လာပြီး လောကငယ်တစ်ခုသဖွယ် သီးသန့်ဖြစ်လာကာ ယင်းလောကထဲသို့ နတ်ဆိုးတစ်ကောင် ဆင်းလာသည်ဟု ထင်မှတ်မှား လာရသည်။
ယဲ့ဖန်သည် ဤလောကငယ်၏ တစ်ဦးတည်းသော အစစ်အမှန် နတ်ဘုရား ဖြစ်လာကာ လောကကို ဖန်တီးနိုင်သလို ဖျက်လည်း ဖျက်ဆိးနိုင်၏။
မြင်ကွင်းတစ်ခု ပေါ်လာသည်။ ယင်းမြင်ကွင်းမှာ မီးနှင့် သွေးပင်လယ်တစ်ခု ဖြစ်ပြီး အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်နေကာ နေရာတိုင်း၌ ဖျက်ဆီးခြင်းနှင့် သေခြင်းတရားတို့ ပြည့်နေသော မြင်ကွင်းပင်တည်း။
“ငရဲ သဘာဝမြင်ကွင်း”