တစ်လောကလုံးမှ သိုင်းပညာရှင်များ ကြောက်လန့်နေလေပြီ
Vol. 110 Ch. 1647
ထို့နောက်တွင်မူ သူတို့အားလုံး မျက်ရည်လည်ရွဲ ဖြစ်လာပြီး အချို့ဆိုလျင် ကိုယ့်ပါးစပ်ကိုယ်ပင် ပြန်ရိုက်နေကြသည်။
လက်ရှိတွင် သူတို့အားလုံး နောင်တရနေကြသည်။ မှန်ပေသည်။ သူတို့သာ နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ အရင် ကျူးကျော်ပြီး ယဲ့ဖန်ကို ဝိုင်းသတ်ရန် မကြံစည်ခဲ့ပါက ဘယ်လိုလုပ် ဤသို့ အဆုံးသတ်ပါမည်နည်း။
ဤသည်မှာ ဝဋ်လည်ခြင်းပင်။ ကံဆိုးသည်ထက်ပင် ပို၍ ဆိုးသေးသည်။
ယဲ့ဖန်က သူကိုယ်တိုင် သေလမ်းဖောက်ခဲ့ပြီး သန်းချီသော စစ်သည်များကို တမလွန်သို့ လမ်းပြခေါ်ဆောင် သွားပေတော့မည်။
“ယဲ့ဘုရင် သေတော့မှာပါလား”
ထိုစဉ် နတ်ဆိုးမျိုးနွယ်များသည် သတိဝင်လာကြပြီး ရင်ထဲ တဆစ်ဆစ်နာကျင်ကာ ဖန်သားပြင်ထဲမှ အိုမင်း နေသော ရုပ်သွင်ကိုကြည့်ပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျဆင်းလာသည်။
သူတို့အရှေ့မှလူသည် သူတို့ကို ကယ်တင်ရန်အတွက် ဤမျှ သနားစရာကောင်းသော အဘိုးအိုတစ်ယောက်ပုံ ဖြစ်လာပြီး ယင်းက ရင်နာစရာ ကောင်းလှသည်။
“အရှင်မင်းမြတ်၊ ကျွန်တော်တို့က အရှင် လုပ်ပေးတာနဲ့ မထိုက်တန်ပါဘူး”
“အရှင်က ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းပါ၊ ဘာလို့ ကျွန်တော်တို့လို သေမျိုးတွေအတွက် အသေခံရတာလဲ၊ အရှင် သေတာကို ကြည့်ရမယ့်အစား ကျွန်တော်သာ အသေခံလိုက်ချင်ပါတယ်”
နတ်ဆိုးမျိုးနွယ်များ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ကြသည်။ သူတို့၏ စိတ်ထဲတွင် ဝမ်းနည်းစိတ်နှင့် မခံချိမခံသာ ဖြစ်စိတ်တို့က အဆုံးစွန်သို့ ရောက်ရှိနေကာ လူတော်တော်များများသည် သွေးပျက်စိတ်ကြောင့် သတိလစ် ကုန်ကြသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်လာပြီး သူ့ရှပ်အင်္ကျီတစ်ခုလုံး စိုစွတ်ကာ ခန္ဓာကိုယ်က အက်ကွဲစပြုလာသည်။ အသက်ဓာတ်က ကုန်ခမ်းတော့မည့်ပုံပင်။
“ဆရာ”
အဝေးမှ ကုန်းမင်က သူ့ကို လှမ်းအော်ခေါ်နေသည်။ သူ၏ မျက်နှာသေးသေးလေး၌ မျက်ရည်များဖြင့် ပြည့်နေ၏။ လက်ရှိတွင် ယဲ့ဖန်သည် သူ ချစ်ရသည့် တစ်ယောက်တည်းသော အမျိုး ဖြစ်သော်လည်း လက်ရှိတွင် သူ့မျက်စိရှေ့၌ သေရပေတော့မည်။
ဤသည်က သူ့အတွက် ကြီးမားသော ရိုက်ခတ်မှုကြီးပင်။ သူ့ဘဝအား သေသည်ထက် ပို၍ ဆိုးရွားစေသည်။
“ဆရာ ကျွန်တော့်ကို မထားခဲ့ပါနဲ့၊ ကျွန်တော့်ကို မထားခဲ့ပါနဲ့၊ ကျွန်တော့်မှာ ဆရာပဲ ရှိတော့တာပါ”
ကုန်းမင်သည် ရှေ့သို့ ပြေးလာပြီး စွမ်းအင် အကာအရံအား တဘုန်းဘုန်း ရိုက်နေသည်။ သို့သော် သူ လုံးဝ အထဲဝင်၍ မရပါ။ အတွင်းဘက်အား အပြင်နှင့် လုံးဝ ပိုင်းခြားထားလေသည်။
ထိုစဉ် ယဲ့ဖန်ကလည်း တစ်စုံတစ်ရာကို ခံစားမိပုံရပြီး သူ့အား ပြုံးပြလာသည်။
“ငါ့အတွက် ဝမ်းနည်းစရာ မလိုဘူး၊ ဒါ ငါ ရွေးတဲ့လမ်းပဲ၊ ငါ နောင်တ မရဘူး”
ထို့နောက် ယဲ့ဖန်က ရှေ့သို့ ပြန်လှည့်ကြည့်သွားပြီး ခက်ထန်သော အသံဖြင့် ကြွေးကြော်လိုက်သည်။
“ဒီနေ့ ယဲ့ဘုရင်ဆိုတဲ့ငါက တစ်လောကလုံးက လူတွေကို စိန်ခေါ်ရဲတယ်ဆို မင်းတို့ ယုံသလား”
မောက်မာလွန်းလှသည်။ ရဲတင်းလွန်းလှ၏။
ထိုအခိုက်တွင် လူတိုင်းသည် သိုင်းပညာရှင်၏ မာန်မာနက ဘာလဲဆိုသည်ကို ရှင်းလင်းစွာ နားလည်သွားကြသည်။
ကျူးကျော်လာသော ရန်သူများအားလုံး တိတ်ဆိတ်နေ၏။ ဧကရာဇ်သွမ့်မူကဲ့သို့သော အင်မော်တယ် ဧကရာဇ် အဆင့်တောင်မှ မျက်နှာ မည်းမှောင်နေပြီး ဘာမှမပြောနိုင်ပေ။
သူတို့၏ တိတ်ဆိတ်နေသော အမူအရာက သူတို့ ယုံကြည်ကြောင်း ပြသနေ၏။ တစ်ရာ ရာခိုင်နှုန်းအပြည့် ယုံကြည်ပါသည်။
ယင်းကြောင့်ပင် သူတို့၏ စိတ်ထဲ၌ အလွန် အရှက်ရနေကြသည်။ သူတို့ ယဲ့ဖန်ကို လှောင်ရယ်ရဲသည့် သတ္တိ မရှိတော့ပါ။
ကုန်းမင်သည်လည်း မှင်တက် အံ့အားနေ၏။ ယနေ့ သူ့ဆရာသည် အိုမင်းပုံ ပေါ်နေသော်လည်း တစ်လောကလုံးမှ သိုင်းပညာရှင်များကို စိန်ခေါ်နေသော မြင်ကွင်းအား နောင်နှစ်များအထိ သူ့စိတ်ထဲ၌ စွဲထင်နေခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး တစ်လောကလုံး ငေးငိုင်သွားပြီး သူတို့၏ စိတ်ထဲ၌ ကြောက်စိတ်များ တိုးလာသည်။
ဤသို့ အိုမင်းနေသော လူတစ်ယောက်က သိုင်းပညာရှင်များအားလုံးကို ငြိမ်ကျစေပြီး မည်သူမှ ပြန်မပြော ရဲဘူးတဲ့လား။
ကိုးပြည်နယ်၌ သူ့အား ယှဉ်နိုင်သူ ရှိပါသေးသလော။
“သူ့ခန္ဓာကိုယ်က ယိုယွင်းနေပြီ၊ သူ့မှာ အချိန်သိပ်မကျန်တော့ဘူး”
ဧကရာဇ်သွမ့်မူက အံ့ဩနေသော မျက်နှာထားနှင့်အတူ အော်ပြောလိုက်သည်။ ယဲ့ဖန်၏ အသက်ဓာတ် အဆုံးသတ်တော့မည်ကို သူ ခံစားမိနေသည်။
“ငါ့မှာ တကယ် အချိန် သိပ်မကျန်တော့ဘူး၊ ဒါပေမဲ့ မင်းကို သတ်ဖို့တော့ လုံလောက်တယ်”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ရှေ့သို့ လှမ်းလာသည်။ မိုးမြေနှင့် ကြယ်တရာများက သူ့အား ကာကွယ်လာပြီး နဂါးငွေ့တန်းတစ်ခု ပေါ်လာသည်။ ထိုအခိုက်တွင် ကြယ်တာရာများ ကျဆင်းလာလေသည်။
ယဲ့ဖန်က လက်ကိုမြှောက်၍ ကြယ်တစ်လုံးကို ကိုင်ကာ ဧကရာဇ်သွမ့်မူထံ ပစ်ပေါက်လိုက်သည်။
“ဝုန်း”
ဘတ်စကတ်ဘောအရွယ် ကြယ်တစ်လုံးက ရုတ်တရက် ကြီးမားလာပြီး ကားတစ်စီး အရွယ်အစားမှ တောင်ကုန်း၊ ထို့နောက် အချင်း မီတာတစ်ရာမျှ ရှိသော ဥက္ကာခဲအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်ကိုမြင်သော် ဧကရာဇ်သွမ့်မူ၏ မျက်နှာ စိမ်းပြာသွားသည်။ သို့သော် သူ့၌ ပြေးချိန်မရသဖြင့် မာန်တင်း၍ လက်သီးဖြင့် ပြန်ထိုးနှက်ကာ ရင်ဆိုင်လိုက်သည်။
“ဂျွတ်”
ချက်ချင်းဆိုသလိုပင် သူ့လက်သီး ကြေမွသွားပြီး သွေးများ တတောက်တောက်ကျကာ အသားများ စုတ်ပြတ်၍ အရိုးများကို အထင်းသား မြင်လာရသည်။
“ခွေးမသား”
ဧကရာဇ်သွမ့်မူ ဒေါသထွက်လွန်း၍ သတိလစ်လုနီးပါး ဖြစ်နေသည်။ ယဲ့ဖန်သည် အစောပိုင်းက သူ့လက်တစ်ဖက်ကို ဖြတ်ခဲ့ပြီး ယခု ကျန်လက်တစ်ဖက်ကို ကြေမွအောင် လုပ်လာသည်။ ဤသည်က လွန်လွန်းအားကြီးသည်။ အနိုင်ကျင့်လွန်း၏။
သို့သော် သူ ပြန်မတိုက်ခိုက်နိုင်ခင်မှာပင် ဒုတိယမြောက် ဥက္ကာခဲဖြင့် ထိမှန်သွားသည်။ တတိယမြောက်၊ စတုတ္ထမြောက်။
ယဲ့ဖန်သည် ကောင်းကင်ယံ၌ မတ်တပ်ရပ်နေပြီး မျက်နှာ၌ ချွေးပြန်နေကာ နဂါးငွေ့တန်းထံ လျှောက်လှမ်းရင်းဖြင့် လက်ထဲမှ ကြယ်တာရာများကို ပစ်ပေါက်နေသည်။ စွမ်းအင်က ကြီးမားလွန်းလှသည်။
ဤသည်မှာ ထာဝရ အမှတ်ရနေမည့် ပုံရိပ်တစ်ခုပင်။ နှစ်ပေါင်း မည်မျှ ထောင်ချီသွားပါစေ မေ့မရသည့် ဖြစ်ရပ် ပင်တည်း။
လူတစ်ယောက်က ကောင်းကင်ယံ၌ ရပ်နေပြီး ကြယ်တာရာများကို ဘတ်စကတ်ဘောသဖွယ် ပစ်ပေါက်နေပုံက အံ့ဩစရာ ကောင်းလှသလို ကြောက်စရာလည်း ကောင်းလှသည်။
“ဝုန်း”
ကြယ်တာရာ ပေါက်ကွဲသွားပြီး ဧကရာဇ်သွမ့်မူသည်လည်း လွင့်ထွက်သွားလေသည်။ သူ၏ ရင်ညွန့်ရိုး ကျိုးကြေသွားသည်။ ထို့နောက် ခြေထောက်များ ကျိုးကာ တစ်ကိုယ်လုံး စုတ်ပြဲလာသည်။
ကြယ်တာရာများ၏ ဖိအားအောက်၌ ဧကရာဇ်သွမ့်မူ အဆက်မပြတ် ဒဏ်ရာရလာပြီး ဒဏ်ရာများက ပိုပိုပြင်း လာသည်။
တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ ကြေမွလုမတတ် ဖြစ်နေသည်။
“ကယ်ပါဦး”
ဧကရာဇ်သွမ့်မူသည် ကြောက်လန့်တကြား အော်ဟစ်၍ သွေးအရှင်သခင်နှင့် အခြားသူများအား အကူအညီ တောင်းလေသည်။
သို့သော် မည်သူမှ သူ့အား ကူညီချင်စိတ် မရှိကြချေ။ လက်ရှိတွင် သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင် ဖြစ်နေပြီး ကိုယ့်ကိစ္စ မဟုတ်သော အရာအား ဝင်ပါချင်စိတ် မရှိပေ။
ဧကရာဇ်သွမ့်မူလို လူမျိုးတောင်မှ ယဲ့ဖန်၏ လက်ထဲ၌ သေရလိမ့်မည်ဟု သူတို့ ခန့်မှန်းမထားမိပါ။
“မင်းတို့ … မင်းတို့ကို ငါ တစ်သက်လုံး ကျိန်စာတိုက်တယ်ကွ”
ဧကရာဇ်သွမ့်မူသည် အလွန် မုန်းတီး၍ အငြိုးထားသော မျက်လုံးများဖြင့် အော်ငေါက်လာသည်။ ထို့နောက်တွင်မူ ကြယ်တာရာ၏ ပစ်ခွင်းခြင်း ခံရကာ သွေးများ ပန်းထွက်၍ သေဆုံးသွားလေသည်။
ရုတ်တရက် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက် ပေါ်လာပြီး ယဲ့ဖန်၏ အနောက်၌ လူတစ်ယောက် ဖျတ်ခနဲ ပေါ်လာသည်။ သူသည် လျှပ်စီးသဖွယ် လျင်မြန်လှပြီး လေဟာနယ်ကို ချိုးဖောက်၍ ဖြတ်သန်းလာပြီး သူမတူသော ဓားသဖွယ် တိုက်ခိုက်လလေသည်။
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်၏ ကျောင်းတော်သခင်က သူ့ဘဝ၏ အစွမ်းအထက်ဆုံး လုပ်ကြံရေး သိုင်းကွက်ကို သုံး၍ တစ်ကိုယ်လုံးအား ဖျက်ဆီးမရနိုင်သော ဓားအသွင် ပြောင်းပြီး ယဲ့ဖန်၏ နောက်ကျောအား ထိုးစိုက်လိုက်သည်။
ထိုအချိန်တွင် လေဟာနယ် အက်ကွဲလာသည်။ ကျောင်းတော်သခင်၏ တိုက်ပွဲဝင်ခွန်အားက ကြီးမားပြီး လုပ်ကြံရေး သိုင်းကွက်ကလည်း တစ်မူထူးလွန်းသည်။
လူတိုင်း အံ့အားသင့်နေကြသည်။ ကျောင်းတော်သခင်သည် တကယ်ပင် ရဲတင်းသော သိုင်းပညာရှင်ပင်။ လူတိုင်းက ရှောင်တိမ်းနေချိန်တွင် သူက မတူသော လမ်းကို ရွေး၍ အရင်တိုက်ခိုက်ရန် ရွေးချယ်လေသည်။
“အရှင်မင်းမြတ် သတိထားပါ”
“ဆရာ အနောက်မှာ”
ယဲ့ဖန်၏ အနောက်ဘက်ရှိ ရှုဖူနှင့် ကုန်းမင်တို့က အလွန် စိုးရိမ်သော မျက်နှာနှင့် ပြိုင်တူ အော်ဟစ်၍ သတိပေးလာသည်။
ယဲ့ဖန်သည် တည်ငြိမ်နေဆဲပင်။ သူ၏အသွင်အပြင်က အိုမင်းနေသော်လည်း သူ နောက်လှည့်ကြည့် လိုက်သည့်အခိုက်တွင် အိုမင်းနေသော ခြင်္သေ့တစ်ကောင်၏ အသွင်နှင့် တူနေသည်။ သူ၏ မျက်လုံးတွင်းမှ သတ်ဖြတ်ချင်စိတ်ကလည်း မြင့်တက်နေ၏။
ထို့နောက်တွင်မူ သူ့အနောက်၌ ထောင်ချီသော ကြယ်တာရာများ စုစည်းလာသော နဂါးတိုင်လုံးကဲ့သို့သော သိပ်သည်းသော တာအိုစွမ်းအင်အဖြစ် ပေါင်းစပ်ကာ ပြန်လည် တိုက်ခိုက်လေသည်။
“ဒုန်း”
မိုးမြေ တုန်ခါသွားသည်။ ဤစွမ်းအင်ကို မိုးမြေပင် မခံနိုင်ဘဲ ပြင်းထန်သော စွမ်းအင်က ဆူနာမီ မုန်တိုင်း တိုက်သကဲ့သို့ အားလုံးကို ဖျက်ဆီးသွားသည်။
“ဟူး…”
ထူးဆန်းသော အသံတစ်သံနှင့်အတူ ကျောင်းတော်သခင်၏ ပုံရိပ်က ကောင်းကင်မှ ပျောက်ကွယ်သွားပြီး ဘယ်သောအခါကမှ မရှိခဲ့သလိုပင်။
တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
*ဒါက စိတ်ညစ်ဖို့ကောင်းလိုက်တာ*
*သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းတော်သခင်က လုပ်ကြံရေး နတ်ဘုရားလေ*
*သူက ဒီနတ်ဆိုးကြောင့် တစ်ခါတည်း ရှင်းလင်းခံလိုက်ရပြီးတော့ လောကထဲက ပျောက်သွားတယ်တဲ့လား*
*ဒီမြင်ကွင်းက အိပ်မက်ဆန်လွန်းတယ်*
မျက်လုံးများစွာတွင် ထိတ်လန့်၍ နားမလည်နိုင်ဟန်တို့ ပြည့်နေကာ ခေါင်းစခြေဆုံး အေးစက်သလို ခံစားနေ ရသည်။
*ဒီကောင်က အသက်ဓာတ် ကုန်နေပြီ မဟုတ်ဘူးလား၊ ဒါတောင် ဒီလိုကြောက်ဖို့ကောင်းတဲ့ စွမ်းအင် ကျန်နေသေးတာလား*
*အံ့ဩစရာပဲ*
*ဒါ လူမှဟုတ်သေးရဲ့လား*
*မကောင်းဆိုးဝါးပဲ*
“ကြောက်ဖို့ကောင်းလွန်းတယ်၊ သူ ဒဏ်ရာအကြီးအကျယ် ရနေတာတောင် အခုထိ ဒီလို ခွန်အားမျိုး ကျန်နေသေးတယ်၊ နောက်ဆုံးချိန်အထိ သူက အရမ်း အန္တရာယ်များတာပဲ”
“မဟုတ်သေးဘူး၊ ဘာလို့ သူ သေရင်တောင်မှ ကြောက်ဖို့ကောင်းနေဦးမယ်လို့ ငါ ခံစားနေရတာလဲ”
အားလုံး၏ အမူအရာက ရီဝေလာပြီး ကြောက်လန့်နေကြလေသည်။
“အချိန်ဖြုန်းမနေနဲ့၊ အတူတူ တက်လာခဲ့”
ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး အင်မော်တယ် ဧကရာဇ်အဆင့်များအား ထီမထင်ဟန်ဖြင့် ကြည့်နေသည်။
အထက်စီးဆန်လွန်းသည်။ ကြမ်းကြုတ်လွန်းသည်။
ထိုစကားက လူတိုင်းကို ထိတ်လန့်သွားစေ၏။
*တစ်ယောက်တည်းက ဒါဇင်ချီတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်တွေကို ယှဉ်မလို့လား၊ တော်တော် ယုံကြည်မှု ကြီးတာပဲ*
သို့သော် မည်သူမှ မတိုက်ရဲပေ။ သွေးအရှင်သခင်နှင့် အခြားသူများအားလုံးသည် ကြည့်ရဆိုးသော မျက်နှာထားများ ဖြစ်နေ၏။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူတို့ဘက်က လူများသော်လည်း တစ်ဖက်လူအား ကြောက်လန့်နေကြရသည်။
မျက်နှာပျက်စရာပင်။ မည်သူမှ ရှေ့ထွက်၍ မတိုက်ရဲပေ။
“မင်းတို့ မလာရင် ငါ လာမယ်”
ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ချက်ချင်း မီတာတစ်ရာမျှ ရွေ့လာပြီး သွေးအရှင်သခင် အနားသို့ ရောက်လာသည်။
သွေးအရှင်သခင် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ၌ ပို၍ တုန်လှုပ်သွားသည်။ သူ့စိတ်ထဲ၌ ကျိတ်၍ ရေရွတ်လိုက်မိသည်။
*ကံဆိုးတာပဲ*
ဤမကောင်းဆိုးဝါး၏ ရွေးချယ်ခြင်း ခံလိုက်ရသူက သူ ဖြစ်နေသည်။ ယဲ့ဖန်၏ လက်သီးချက်က သူ့ရင်ဘတ်သို့ တန်းတန်းမတ်မတ် ဝင်ရောက်ာသည်။
သွေးအရှင်သခင် ချွေးပြန်သွားပြီး ကျိတ်၍ အော်ဟစ်ကာ အလျင်အမြန် ကိုယ်ကို ယိမ်း၍ ယဲ့ဖန်အား လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
လက်သီးချင်း ထိပ်တိုက်တွေ့သွားလေသည်။ သို့သော် သွေးအရှင်သခင် အရိုးကျိုးသွားပြီး နောက်သို့ ပြန်လွင့်သွားကာ ခွေးသေတစ်ကောင်သကဲ့သို့ မြေကြီးပေါ် ပြုတ်ကျလေသည်။ လုံးဝ အနိုင်ပိုင်း ခံလိုက်ရလေပြီ။
“မင်းတို့ ဘာလုပ်နေတာလဲ၊ ငါတို့ တစ်ယောက်ချင်းစီကို သတ်လာမှာကို စောင့်နေမလို့လား”
သွေးအရှင်သခင်က ခေါင်းထောင်၍ ရပ်ကြည့်နေသော အင်မော်တယ် ဧကရာဇ်အဆင့်များအား အော်လိုက်သည်။
“အတူတူ တိုက်ရင် အသက်ရှင်နိုင်ချေ ရှိသေးတယ်၊ တစ်ယောက်တည်း တိုက်မှ သေပွဲဝင်ရမှာ”
နဉ်ရွှမ်ယွမ်နှင့် အခြားသူများ တွေဝေနေသော်လည်း နောက်ဆုံး၌ ယဲ့ဖန်ကို အတူတူ သတ်ရန် ဆုံးဖြတ်လိုက် လေသည်။
ထိုအခိုက်တွင် ဧရာမ လက်မည်းတစ်ဖက်က ကောင်းကင်ကို အုပ်မိုးလာပြီး နေကိုကွယ်သွားကာ ယဲ့ဖန်ထံသို့ သတ်ဖြတ်လိုသည့် အငွေ့အသက်ဖြင့် ကျဆင်းလာသည်။
ယဲ့ဖန်က တစ်ချက်မော့ကြည့်၍ ဓားဖြင့် တာအိုစွမ်းအင်ကို ဖြတ်တောက်သကဲ့သို့ ဖြတ်တောက်လိုက်သည်။
ချက်ချင်းဆိုသလို ကောင်းကင် တုန်ခါသွားပြီး ထိုလက်သည်လည်း အစအနမရှိ ပျောက်ကွယ်သွားပြီး သွေးများသာ ကျန်ခဲ့လေသည်။
“အား…”
ထိုအခိုက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် အော်ဟစ်လာသည်။ သူ၏ လက်ကောက်ဝတ် တစ်ခုလုံး ပြတ်သွားပြီး ယဲ့ဖန်အား မယုံနိုင်လောက်အောင် ကြောက်လန့်ဟန်ဖြင့် ကြည့်လေသည်။
ထိုအခါ သူ ပို၍ ကြောက်လန့်သွားသည်။ ယဲ့ဖန်မှာ သူ့အရှေ့သို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိလောက်အောင် ရောက်နေပြီး ကြောက်စရာကောင်းသော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။ ထိုအကြည့်က လူသေကို ကြည့်နေသလိုပင်။
“မင်း …”
သူ စကားပြောရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က သူ့လည်ပင်းကိုညှစ်ကာ ဓားဖြင့် သူ့ခေါင်းကို ဖြတ်၍ ခေါင်းပြတ်အား မြေကြီးပေါ် ပစ်ချလိုက်သည်။
တစ်ချက်တည်းဖြင့် ရှင်းလိုက်ခြင်းပင်။ ရက်စက်လှပေ၏။
“ငါ ခိုးကြောင်ခိုးဝှက် တိုက်တာကို အမုန်းဆုံးပဲ”
ယဲ့ဖန်သည် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို သတ်လိုက်သော်လည်း မျက်နှာက ခံစားချက် ကင်းမဲ့ပုံ ပေါ်ကာ အေးစက်နေသည်။
“တကယ်လား … ဒါဆို ငါ မင်းနဲ့ မျှမျှတတ တိုက်မယ်”
ယဲ့ဖန်၏ အနောက်ဘက်မှနေ၍ အသံတစ်သံ ထွက်လာသည်။